စတွေးတွေးချင်းမှာကို… ပြုံးမိတယ်.. ပြောဖြစ်တဲ့ စကားလုံးက… မမြစိမ်းတော့ အသိုက်ပြောင်းရပြီ...
ကျမ ဒီကိုစရောက်စက ကျောပိုးအိတ်တစ်လုံးနဲ့ ဟိုသွားလိုက် ဒီသွားလိုက်.. မမဆုရဲ့ အခန်းကလေးက ကျမအတွက် တစ်ထောက်နားခိုရာ....
ကျမ အစဦးဆုံးနေရတဲ့ အခန်းကလေးက ခုတင်ရယ် ဗီရိုတစ်လုံးရယ် ဒါပဲ… ကျမရဲ့ ခုတင်ဘေးက ပြတင်းပေါက်ကနေ ကြည့်လိုက်ရင် ကောင်းကင်က လကွေးကွေးလေးကို မြင်ရတတ်တယ်.. ချစ်စရာ အခန်းကလေး.. အတူတူ နေရတဲ့ သူငယ်ချင်းလေးက ချစ်ဖို့ကောင်းလှတယ်.. သူမ ပြန်သွားတဲ့အခါ ကျမ တစ်ယောက်တည်း နေခဲ့ရတယ်.. ဒီအခန်းက ညဦးမှာသာ လရောင်နဲ့ နွေးထွေးသလောက်.. မနက်ခင်းပိုင်းတွေမှာတော့ ပြူတင်းပေါက်က ဝင်လာတဲ့နေရောင်က ကျောကို မီးစနဲ့ထိုးနေသလိုကို ပူပြင်းတယ်.. ဒါပေမဲ့ ကျမအတွက်ကတော့ အေးဆေးပါ.. ခုတင်ပေါ် နေရောင်ထိုးလာရင် ကိုယ်ကို စောင်နဲ့ပတ်ပီး ခုတင်အောက်ကို လှိမ့်ချလိုက်တယ်.. အောက်မှာ ဆက်အိပ်… အောက်က ကြမ်းပြင်က လျှာထိုးကြမ်းခင်း..
အဲ့ဒီ အစပထမဦး အခန်းကလေးမှာ ကျမ မိုးရာသီနဲ့ ဆောင်းရာသီ နေခဲ့တယ်.. နွေရာသီအစဦးမှာတုန်းကတော့ အဲ့ဒီ အခန်းကလေးက နေချင့်စရာ… နောက်တော့ တစ်စတစ်စ ပူပြင်းလာတဲ့ နွေရာသီက မုန်းစရာကောင်းလောက်အောင် သွေ့ခြောက်လာခဲ့တယ်.. အဲ့ဒီအခန်းကလေးမှာ ရာသီတစ်စက်ဝန်းလောက် ပျော်ပျော်ရွှင်ရွှင်နေခဲ့တယ်.. အဲ့ဒီအခန်းကလေးအကြောင်း ပြန်တွေးတိုင်း သတိရမိတာက ကျမရဲ့ အချစ်ဆုံးသူငယ်ချင်းလေး G ရယ် ကျမရဲ့အချစ်ဆုံးသူ N ရယ်ပေါ့.. ဘယ်တော့မှ မမေ့တော့မယ့် ချစ်ရသူနှစ်ယောက်.. နောက်တော့ အဲ့ဒီအခန်းကလေးကနေ ပြောင်းခဲ့တယ်….
ကျမ ခရီးသွားတိုင်း ကျမ အမြဲတည်းရတဲ့ အခန်းကလေးအကြောင်းကလဲ ထားခဲ့လို့ မရ.. အဲ့ဒီအခန်းက ဘာသိဘာသာ ရှိလှတယ်.. ကျမကို နွေးနွေးထွေးထွေး မကြိုဆိုတတ်.... အိပ်တဲ့အချိန် တစ်ခုသာ ကျမက အခန်းကလေးထဲ ဝင်တယ်… အဲ့ဒီအခန်းရဲ့ ပန်ကာသံက ညဘက်တွေဆို တဒီးဒီးနဲ့ မုန်းစရာ.. မဖွင့်ထားပြန်ရန်ရင်လဲ ပေါင်းအိုးထဲ ထည့်ပြုတ်ထားသလို ပူပူလောင်လောင်.. နွေးထွေးတယ်လို့ မခံစားရတဲ့ အခန်းကလေး.. အဲ့ဒီကိုရောက်ရင် ကျမ ပြန်ရဖို့ကိုပဲ ရက်ကို ရေတွက်နေမိတဲ့အထိ..
အခန်းကို မချစ်ခင်သလောက် အဲ့ဒီနေရာက လူတွေကိုတော့ ကျမ ချစ်တယ်.. ကျမ စိတ်ကြိုက်ဟင်းတွေကို ချက်ကျွေးတတ်တဲ့ ကျမရဲ့ အမ TD ရယ်.. ကျမ ဆိုးသမျှ ခံရတဲ့ ကျမ အကိုတွေရယ်.. ကျမရဲ့ သောက်ဖော်သောက်ဖက်တွေရယ်.. အဲ့ဒီမှာ နေရတဲ့ရက်တွေမှာ ကျမ စားချင်တဲ့ မြန်မာအစားအစာတွေ စားရသလို.. ကျမ အရမ်းကြိုက်တဲ့ လက်ဖက်ရည်ချိုစိမ့် သောက်ခွင့်လဲရတယ်.. ဒါပေမဲ့ ကျမကတော့ ပြန်ရပီဆိုတာနဲ့ ကျောပိုးအိတ်ကို ကောက်လွယ် .. လက်နှစ်ဘက်ကို နောက်ပြန်လွှဲပီး နှုတ်ဆက်.. ကမန်းကတန်း ခပ်သုတ်သုတ် ပြန်လေ့ရှိတယ်..
ဧည့်သည်ဆိုတဲ့ စိမ်းသက်တဲ့ ခံစားချက်ကို တခါတလေပေးလေ့ရှိတဲ့ အဲ့ဒီ အခန်းငယ်ကလေးကလဲ ကျမနဲ့ အခုအထိ ခွဲလို့ မရသေး...
အခု ကျမ နေနေတဲ့ ရုံးရဲ့ အခန်းကလေးကတော့ ဟိတ်ဟန်ကြီးလှတယ်.. ပီးတော့ စတွေ့တွေ့ချင်းတုန်းကဆို သူစိမ်းတစ်ယောက်လို ဟန်ပန်ကလဲ များလှသေး.. အခန်းကလေးရဲ့ ပြီးပြည့်စုံမှုက ကျမကို သူစိမ်းဆန်ဆန်.. ဒါပေမဲ့ ဘယ်တုန်းကမှ ကျမကို အေးအေးစက်စက် မကြိုဆိုဖူးခဲ့တာကို တွေးမိတိုင်း ဒီအခန်းကလေးကို ချစ်လှတယ်.. ဘေးဘက်မှာက သံပန်းတွေ ကာထားတဲ့ ဝရန်တာရှိတယ်.. အဲ့ဒီဝရန်တာကနေ ငေးကြည့်ရင် ဘေးကအိမ်ရဲ့ ပန်းပင်တွေကို ကြည့်လို့ရတယ်.. ပီးတော့ ရှားရှားပါးပါး ဝရန်တာလေးကနေ ကြည့်ရင် တော်တော်ဝေးဝေးအထိ အထပ်မြင့်တိုက်တွေ ရှိမနေတဲ့အတွက် ကောင်းကင်ပြင်ကို မလွတ်မလပ်သံပန်းကြားက ငေးကြည့်ခွင့်ရတယ်…
မနက် ရုံးတက်ရုံးဆင်းကို မုန်းလှတာမို့ ရုံးက အခန်းကလေးမှာပဲ နေလေ့ရှိတာကနေ မမဆုရဲ့ အခန်းဆီကို မပြန်ဖြစ်.. ရံဖန်ရံခါမှသာ မမဆုဆီ သွားနေတတ်တယ်.. မုန့်ချက်ထားတဲ့အချိန်ရယ် ထမင်းနဲ့ဟင်းနဲ့ ကောင်းကောင်းချက်တဲ့အချိန်တွေရယ်ပါ.. သူမဆီ ရောက်ပီးရင်လဲ အချိန်တန်ရင် အခန်းကလေးဆီသာ ပြန်ချင်နေတော့တာ.. ဒီအခန်းကလေးကသာ ကျမအတွက် သီးသန့် အခန်းကလေးကိုး..
အခန်းကလေးက ကျမတစ်ယောက်စာထက်မက ကျယ်ကျယ်လွင့်လွင့်.. တကယ်တော့ အခန်းကြီးကြီးပါ.. ပီးတော့ လုံလုံခြုံခြုံ .. တစ်ယောက်တည်းနေရတာဆိုပေမဲ့ နွေးနွေးထွေးထွေး.. ကျမနဲ့ တစ်သားတည်း .. သူလဲ တစ်ယောက်တည်း အထီးကျန်.. ကျမလဲ အထီးကျန်.. အေးစက်စက် ဖြစ်မနေခဲ့တဲ့ အခန်းလေး.. ခရီးသွားပီး ပြန်လာလို့ ရည်နည်းနည်းကြာသွားရင် အနည်းငယ် စိတ်ကောက်ချင်သယောင် အခန်းကို ပူလောင်လောင်ဖြစ်အောင် လုပ်ထားတတ်သေးတယ်..
ကျမ အခန်းကလေးက ကျမ ရှိမနေရင် ဘယ်သူမှ နေလို့ မရတတ်.. သူများတွေ အပြောအရတော့ အနည်းငယ်စိုးရွံ့စရာ ဘာမှန်းမသိတဲ့ အရာတစ်ခုခုရှိနေသတဲ့.. ဒီလိုအပြောနဲ့ပဲ ကျမအခန်းမှာ ကျမ ရှိမနေရင် ဘယ်သူမှမနေရဲကြ.. ကျမကတော့ နှုတ်ခမ်းအစုံကို တွန့်ကွေးပြီးကို ပြုံးလိုက်မိတယ်.. အို အဲ့ဒီတစ်ခုခုရှိနေလို့ ကျမ မကြောက်တာပေါ့လို့.. ကျမအတွက်ကတော့ တစ်ယောက်တည်းဖြစ်နေတာ ရုပ်ပိုင်းဆိုင်ရာ အရပေါ့.. မကြောက်ပါဘူး.. ဒါပေမဲ့ စိတ်အတွင်းပိုင်းမှာ အထီးကျန်ဖြစ်လာမှာကိုသာ အရမ်းကြောက်မိတယ်.. တစ်ကောင်တည်းကွ ဒါပေမဲ့ ကြွက်.. :P
ကျမရဲ့အခန်းကလေးထဲက ဘာမှန်းမသိတဲ့ပုဂ္ဂိုလ်က ခုတင်ပေါ်မှာအိပ်နေတဲ့သူတွေကို ဂုတ်ခွစီးတတ်သတဲ့.. ရင်ဘတ်ကို ဖိထားပီး ဒီမှာ မအိပ်နဲ့လို့လဲ မောင်းထုတ်တတ်သတဲ့.. ကျမအခန်းမှာ ခနနားနေတဲ့ အဖော် ကောင်မလေးက ကျမ အပြင်က ပြန်လာတဲ့အချိန်မှာ သူမ မျက်နှာမှာ သွေးမရှိတော့.. သူမ အိပ်နေတာကို လည်ပင်းညှစ်ပီး သူမကိုထွက်သွားလို့ မောင်းထုတ်သတဲ့လေ.. မကြောက်ပါနဲ့ ငါတော့ ဘာမှ မဖြစ်ပါဘူးပြောတော့ သူမက တွေတွေဝေဝေ.. နှလုံးအားနည်းလို့ ဖြစ်မှာပါ.. ဒီတစ်ခါ ငါ မရှိရင် အခန်းထဲ ဝင်မအိပ်နဲ့ ငါပြန်လာမှ အိပ်ပေါ့…
ဒီကိစ္စက ဒီနေရာမှာတင် အဆုံးမသတ်ခဲ့.. ဒီကို ခနအလည်လာတဲ့ ဧည့်သည်က မိန်းခလေးမို့ ကျမအခန်းမှာ ခန လာနေတဲ့အချိန်.. သူမက မိန်းခလေးပီပီ နူးနူးညံ့ညံ့.. မအိပ်ခင် ဘုရားရှိခိုး အမျှဝေ မေတ္တာပို့.. သူမက အရင်အိပ်ပီး ကျမကတော့ ထုံးစံအတိုင်း မီးမှိတ်ပေးထားပေမဲ့ ကွန်ပျူတာနဲ့ ကျမနဲ့က တဂျောက်ဂျောက် တဂျက်ဂျက်.. အိပ်တော့မယ်ဆိုပီး ခုတင်ပေါ်လှဲတဲ့အချိန်မှာပဲ ဧည့်သည် မိန်းခလေးက ဝူးဝူးဝါးဝါး ထအော်တော့ ကျမ လန့်သွားတယ်.. သူမကို လှုပ်နှိုးတော့ သူမက အလန့်တကြားနိုးလာခဲ့တယ်.. ရေတိုက်ဖို့ အိမ်အောက်ထပ်ကို ဆင်းဖို့တောင် သူမက ကျမလက်ကို အားကိုးတကြီးဆွဲကိုင်ထားခဲ့တယ်… သူမကို လည်ပင်းညှစ်သတဲ့.. ဘုရားရေ.. မကြောက်နဲ့ဆိုပီး ကျမက သူမကို နေရာလဲပေးလိုက်ပီး သူမနေရာမှာ ကျမ အသာလှဲပီး အိပ်လိုက်တယ်.. ငါ့ကိုတော့ လည်ပင်းညှစ်ရင် အလန့်တကြားတော့ မလုပ်နဲ့ အသေသာ ညှစ်လို့ စိတ်ထဲက စနောက်လိုက်မိသေးတယ်.. ဘာမှမဖြစ်..
သူတို့ကပဲ အကြောက်ပိုသလား.. ကျမကပဲ အကြောက်လိုနေသလား မသိပါ.. ကျမရဲ့ အခန်းကလေးနဲ့ ကျမကတော့ အတွဲညီနေဆဲ..
အဲ့ဒီနေ့ကပေါ့.. အဲ့ဒီပုဂ္ဂိုလ်လေးက သူရှိနေကြောင်း ကျမကို အသိပေးတဲ့နေ့ပေါ့.. ကျမက စာဖတ်ရင်ပဲဖြစ်ဖြစ် ရုပ်ရှင်ကြည့်ရင်ပဲဖြစ်ဖြစ် စိတ်ဝင်တစား ငြိမ်ငြိမ်ဆိတ်ဆိတ် ကြည့်တတ်တယ်.. အွန်လိုင်းကနေ ကိုရီးယား ဒရာမာကားကို ငြိမ်ငြိမ်ဆိတ်ဆိတ်ကြည့်နေမိတယ်… ဇာတ်ကားထဲက သရုပ်ဆောင်တွေက အပိုအလိုမရှိ ကွက်တိ သရုပ်ဆောင်နေခဲ့တယ်.. သုံးပွင့်ဆိုင်ဇာတ်လမ်းလေး.. ချစ်ခွင့်နဲ့ ဝေးခဲ့ပေမဲ့ ချစ်ခြင်းတွေ ပြည့်လျှံနေတဲ့ မိန်းခလေးရဲ့ အနစ်နာခံ စွန့်လွှတ်မှုတွေကို အသက်မရှုစတမ်း ကြည့်နေရင်း နားထဲမှာ အသက်ရှုသံပြင်းပြင်းတစ်ခု.. ပီးတော့ နွေးနွေးထွေးထွေး.. ကျမရဲ့ လည်ကုပ်နားလောက်ဆီက..
ရုတ်တရက် ကြားလိုက်ရတဲ့ အသံကို ကျမက ကိုယ့်အသက်ရှုသံ အောက်မေ့နေခဲ့တယ်.. ဒါပေမဲ့ ကျမရဲ့ အသက်ရှုသံက တိုးလှတယ်.. ပီးတော့ အသက်ပြင်းပြင်းရှုရင် အသက်ရှုကျပ်လာပီး ဘယ်ဘက်နှလုံးက ထိုးအောင့်တတ်တယ်.. ဒီတော့ ဒီအသက်ရှုသံက ကျမဆီက မဟုတ်ဘူး.. ဒါဆို ဘယ်သူ့ဆီကလဲ.. မျက်နှာက ချက်ချင်းပြုံးစိစိဖြစ်သွားပီး ဇာတ်လမ်းကို အသံခန တိတ်ထားလိုက်တယ်.. လှုပ်လှုပ်ရှားရှားလုပ်လိုက်တော့ အသက်ရှုသံ မကြားရတော့ဘူး.. ဒါပေမဲ့ ခနချင်းမှာကို အဲ့ဒီအသက်ရှုသံက ကျမဘေးမှာ.. ကျမ သိလိုက်ပီ.. ကျမဘေးမှာ တစ်ယောက်ယောက် ရှိနေခဲ့ပီ.. စိတ်ထဲမှာ မကြောက်သွားဘဲ.. ကျမက မော်နီတာရှေ့ကနေ ဘေးကို နည်းနည်း ဖယ်ပေးလိုက်တယ်.. ပီးတော့ လှမ်းပြောလိုက်သေးတယ်.. မြင်ရလား မမြင်ရလဲ ငါ့ဘက်တိုးကြည့်ဟေ့.. သူ ရုပ်ရှင်တူတူ လာကြည့်နေတာလေ..
မနက်ကျတော့ ကျမရဲ့ သူငယ်ချင်းတွေကို ပြောပြလိုက်တယ်.. ငါ့ဘေးမှာ အသက်ရှုသံ ကြားရတယ်ဟေ့ ဆိုတော့ သရဲခြောက်ပါတယ်ဆိုတာက အတည်ဖြစ်သွားတော့တယ်.. ဒါပေမဲ့ ငါ မကြောက်ဘူးကွလို့.. တကယ်လဲ ကျမ မကြောက်လှပါ.. ညဘက် ကျမ အပြင်ထွက်ပီး ပြန်လာရင် အိမ်တစ်အိမ်လုံးက တိတ်ဆိတ် ခြောက်ကပ်.. ကမန်းကတန်း တံခါးတွေ သော့ခတ်ပီးရင် ကျမရဲ့ အခန်းလေးထဲ မြန်မြန်ဝင်ရတယ်.. ပီးရင် တီဗီကို အကျယ်ကြီးဖွင့်ထားပီး.. အွန်လိုင်းပေါ်တက် ဂိမ်းဆော့ အာရိုက် ပွား တဂျောက်ဂျောက် ကီးဘုတ်ရိုက်သံနဲ့ ကျမနဲ့သာ ရှိနေခဲ့တယ်.. ပီးတော့ ဘာမှန်းမသိတဲ့ အရာတစ်ခုနဲ့…
ကျမက ညဘက်တွေ အိပ်ရင် မျက်စိနှစ်လုံး မဖွင့်နိုင်တော့တဲ့ အချိန်ကျမှသာ ကွန်ပျူတာကိုပိတ်ပီး အိပ်လေ့ရှိတော့ တချိုးတည်းအိပ်ပျော်သွားလေ့ရှိတယ်.. တချွတ်ချွတ် တဂျစ်ဂျစ် တရှပ်ရှပ်အသံတွေ ကြားလေ့ကြားထမရှိ.. ညကြီးမင်းကြီး တစ်ရေးနိုးလေ့မရှိ.. အိပ်မပျော်ရင်သာ မိုးအလင်းပေါက်ထိုင်ပီး ရုပ်ရှင်ထိုင်ကြည့်တတ်တာ.. အိပ်ရာပေါ်မှာ လှဲနေတဲ့တစ်ချိန်က ရှားရှားပါးပါး စာအုပ်ကလေးများ ရလာလို့ ဇိမ်နဲ့လှဲလျောင်းပီး ဖတ်တဲ့အခါမှသာ.. အိပ်မပျော်ဘဲ လှဲမနေတတ်တော့ အဲ့ဒီအသံတွေ ကြားရဖို့ အခွင့်မသာတာ ဖြစ်ပါလိမ့်မယ်.. ကြားရတော့လဲ ကျမက မကြောက်တတ်.. ကြည့်ဖူးတဲ့ ရုပ်ရှင်ကားထဲကလို ခြောက်တဲ့သရဲ သောက်ရှက်သာ ကွဲသွားမယ် ကျမကတော့ မကြောက်… ကျမ အခန်းကလေးနဲ့ ကျမက အကြောက်တရားတွေနဲ့ အတူတူရှိမနေခဲ့…
တစ်ညသားပေါ့.. ကျမ အခန်းရဲ့ဘေးဝရံတာနဲ့ဆက်ထားတဲ့ အခန်းတံခါးကို တဂျစ်ဂျစ်ကုတ်နေတဲ့ အသံကို ကျမ ကြားမိတယ်.. အိပ်မယ့်ဆဲဆဲ မီးတွေလဲ ပိတ်ပီးပီ.. စိတ်ထဲ ရုတ်တရက် တွေးလိုက်မိတယ် တကယ်လို့များ အဲ့ဒီ တဂျစ်ဂျစ်က သရဲဖြစ်နေရင်.. အဲ့သရဲက ငါ့ကို မျက်လုံးကြီး ပြူးပြ လျှာကြီးများထုတ်ပြလိုက်ရင်.. စိတ်ထဲမှာ တစ်ခုခုဆို လက်က ချက်ချင်းလုပ်တတ်တဲ့အကျင့်အရ လူက အိပ်ရာထဲကနေ ဆတ်ခနဲထပီး အခန်းတံခါးကို ဆွဲဖွင့်လိုက်တယ်..
ဗြုန်းဆို ဝုန်းခနဲ ထွက်ပြေးသွားတာက ကြောင်သုံးကောင်.. ခွီးခနဲ အော်သွားကြသေးတယ်.. အဲ့ဒီဝရံတာမှာ ကြောင်တွေ လာလာပီး စည်းဝေးတတ်ကြတယ်.. ဒါပေမဲ့ သူတို့က အသံတိတ်ဆွေးနွေးပွဲပဲ လုပ်လေ့ရှိတော့ ကြောင်သံမကြားရ.. မတော်တဆများ ကြောင်က ထွက်လဲ မပြေးဘူး အသံလဲ မထွက်ဘူးဆို.. စဉ်းစားကြည့်ပေါ့.. ညကြီးမှောင်မှောင် အမှောင်ထုထဲ ကိုယ့်ကို မျက်လုံးနီနီကြီး နှစ်လုံးက စိုက်ကြည့်နေ….တွေးရင်းတောင် ကျောချမ်းစရာ.. မကြောက်ရေးချ မကြောက်…
အလေ့အကျင့်တစ်ခုက အိမ်သာဝင်တိုင်း စာအုပ်ဖတ်လေ့ရှိတယ်.. ဇိမ်လေးနဲ့ စာအုပ်ဖတ်နေရင်း ရေချိုးကန်ထဲက ရေပန်းကနေ ရေတွေ တတောက်တောက်နဲ့ ကျလာလို့ မျက်စောင်း ထိုးပေးလိုက်တယ်..အေးအေးဆေးဆေး ငါ့ဘာသာ အိမ်သာမဝင်ရဘူး..နေရာတကာ ပါတယ်လို့လေ..
ကျမကို တစ်ယောက်တည်း မကြောက်ဘူးလား မေးရင် .. နည်းနည်းတော့ တွေဝေသွားပါတယ်.. ဟင့်အင်း မကြောက်ပါဘူး.. ညဘက်တွေ တစ်ယောက်တည်း အခန်းလေးကို ပြန်လာရတိုင်းလဲ ဘောင်းဘီအိတ်ထဲ လက်နှိုက်ပီး နီယွန်မီးတွေအောက်ကနေ ခပ်ဖြေးဖြေး လမ်းလျှောက်လာတတ်တာပါပဲ.. သီချင်းတောင် တိုးတိုးဆိုလိုက်သေးတယ်.. ဗလနဲ့တင် သရဲရော လူရော ကြောက်နေတယ် ထင်ရတာပါပဲ..
ပြောချင်တာကတော့ ကျမရယ် အခန်းကလေးရယ် အခန်းလေးထဲက ဘာမှန်း မသိတဲ့ အရာရယ် အခုတော့ ခွဲရပါတော့မယ်..ဒီအခန်းလေးကနေ ပြောင်းရပါတော့မယ်.. ပီးတော့ ရုံးတက်ရုံးဆင်း ကျောင်းတက်ကျောင်းဆင်း ပြန်လုပ်ရမှာ စိတ်ပျက်စရာ..
စိတ်ပျက်စရာတွေ တွေးမိပီး စိတ်ထဲမှာ ဝမ်းနည်းမိတာကတော့ ကျမရဲ့ဘေးမှာ အမြဲရှိနေပေးခဲ့တဲ့ ကျမကို ဒုက္ခမပေး ကြောက်စိတ်လဲ မပေးခဲ့ဖူးတဲ့ ကျမရဲ့ အခန်းကလေးနဲ့ ဝေးရမှာကိုပါပဲ.. ကဲ မမြစိမ်းတော့ ဒီလကုန် အသိုက်ပြောင်းရပါတော့မယ်.. ဘာပဲပြောပြော ညီအစ်မနှစ်ယောက် ချစ်သူတွေလို ချိန်းချိန်းတွေ့နေရတာကနေ အခုတော့ အတူတူ ပြန်နေရပါတော့မယ်..
အရင်ကဆို ရုံးက အဲ့ဒီအခန်းလေးမှာပဲ နေပီး မမဆုအခန်းကို ရံဖန်ရံခါမှ ပြန်ပါတယ်.. မမဆုဆီ သွားတဲ့အချိန်ကတော့ သူ ထမင်းနဲ့ဟင်းနဲ့ တူတူတန်တန် ချက်တဲ့အချိန်ရယ် မုန့်ချက်စားတဲ့အချိန်ပါ.. ဒါမှမဟုတ် ကိုယ်က အော်ဒါပေးပီး မှာတဲ့ အချိန်ပါ.. အသုပ်စားချင်တယ်.. မုန့်တီချက်ပါ.. မနက်ဖြန် မုန့်ဟင်းခါးချက်ထားပါ ဆိုတာမျိုးပေါ့.. အခုတော့ အတူတူနေပီး နေ့တိုင်း သူချက်ကျွေးတာချည်းပဲ စားရပါတော့မယ် .. ပီးတော့ ခန ခန ပွစိပွစိ စကားများရပါတော့မယ်.... ချစ်ရင်လဲ တဟီဟီနဲ့ချစ်နေကြပြီး.. ရန်ဖြစ်ရင် သူက ပွစိပွစိ.. ကျမက မြုံစိစိ.. ပီးတော့ သူကပဲ အလျှော့ပြန်ပေးရပါတော့မယ်..
ဒီလကုန်ရင်တော့ မမြစိမ်း အသိုက်ပြောင်းရပါတော့မယ်..
အသိုက်မပြောင်းခင် ကျမရဲ့ အခန်းကလေးထဲက မမြင်ရတဲ့ ပုဂ္ဂိုလ်ကို သံယောဇဉ်ဖြစ်နေမိတာလေး သူသိအောင် ပြောပြချင်မိတယ်.. ဘာပဲပြောပြော ကျမကို အနှောင့်အယှက်မပေးဘဲ စောင့်ရှောက်ပေးခဲ့တာ ကျေးဇူးတင်တဲ့အကြောင်းလေးပါ.. မတော် သူက ရုပ်ပြလိုက်ရင်တော့ သေပီဆရာပါပဲ.. မျက်လုံးက နီနီ လျှာက တစ်တောင်လောက်များ ထုတ်ပြလိုက်ရင် ခုနက ချစ်နေတာလေးပျောက်ရုံမက ကျမ အသက်ပါ ပျောက်သွားမယ် ထင်တာပါပဲ.. အကောင်အထည်လိုက်တော့ ကျမလဲ ကြောက်တတ်ပါတယ်....
ပြည့်စုံ
(၁၅-၅-၂၀၁၀၊ ၉း၀၂ pm)
Saturday, May 15, 2010
Tuesday, May 11, 2010
ဖြောင့်ချက်
ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ဘဝပဲ ...
မျက်ရည်တွေကို ချူချခွင့်မရှိဘူး..
ရဲဝံ့တဲ့အပြုံးနဲ့သာ အားတင်းရှေ့ဆက်..
ဒါ ကိုယ်ပိုင်မယ့်ဘဝအတွက်...
ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ဘဝပါပဲ.. အခုမှ အသိတရားဝင်လာမိတဲ့အတွက် တောင်းပန်ပါတယ်.. သူလိုကိုယ်လို အလွမ်းဇာတ်တွေထဲမှာ ကိုယ်လဲပဲ ဇာတ်ကောင်တစ်ကောင် ဖြစ်ချင်တာနဲ့ ဇွတ်မှိတ်လွမ်းပစ်ခဲ့မိပါတယ်.. ဇာတ်သိမ်းပိုင်းမှာ ကိုယ်က ဘုရားလောင်းလုပ်ချင်ခဲ့မိတာလေးပါပဲ.. ကိုယ်တိုင်ထွင်တဲ့ ဇာတ်လမ်းမှာ မျက်ရည်တွေနဲ့ငင်ထားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေထဲ ကိုယ့်ကိုယ်ကို သနားစရာ ဇာတ်ကောင်အသွင်….
တကယ်တော့ သနားစရာမရှိတဲ့ဘဝပါ.. မှားခဲ့တာလဲ မရှိဘူး.. ထားခဲ့စရာလဲ ဘာမှ မရှိခဲ့ပါဘူး.. ပေးဆပ်စရာလဲ မရှိခဲ့သလို.. ပြန်ရခဲ့စရာလဲ မရှိသင့်ဘူး.. ဟော့ဒီလူမိုက်ကလေ.. တွယ်တာစရာ မနှောင်ငင်သင့်တဲ့ အိပ်မက်ထဲ အခြားသူတစ်ယောက်ရဲ့စိတ်နှလုံးကို သိမ်းပိုက်ဖို့ ကြိုးစားမိခဲ့တယ်.. ကိုယ့်ဘေးဝန်းကျင်က မျက်ရည်တွေကို ချူငင်ချင်တဲ့ လူမိုက်တစ်ယောက်လေ.. အဆုံးသတ်မှာ မိုက်ရူးရဲ ဆန်တဲ့ အတွေးတွေကို ရက်ရက်စက်စက် တွေးတောပစ်လိုက်တယ်..
ကိုယ့်အမှားတွေပါ.. ကိုယ့်ရဲ့အမှားတွေပါပဲ..
ထားလိုက်ပါလေ.. မေ့လိုက်ပါတော့..
အားလုံးဟာ ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ဘဝတွေပဲ… အဲ့ဒီအတွက် တောင်းပန်ချင်လဲ မှားမိပါတယ် ဆိုတဲ့ စကားက ရင်ဝကို ဓားနဲ့ထိုးတာထက် ပိုခံစားရမယ်မှန်း သိနေခဲ့တယ်.. ပေးခဲ့ဖူးတဲ့အချစ်နဲ့ ထားခဲ့ဖူးတဲ့ အိပ်မက်တွေအတွက် ကိုယ်မှားခဲ့ပါတယ်ဆိုတာကလွဲလို့ ပေးစရာ ဖြောင့်ချက်မရှိတော့.. သည်လို လူမိုက်လေ ကြိုးစင်ပေါ်တင်ပီး အခါခါသတ်လဲ မမက်ခဲ့တဲ့အိပ်မက်အတွက်တော့ ဝန်ခံချက် မပေးနိုင်ခဲ့တာ တစ်ခုပါပဲ..
မိုက်မဲလှတဲ့ လူမိုက်တစ်ယောက်ပါ.. အိပ်မက်တွေချည်း မက်ချင်နေခဲ့ပီး လက်တွေ့ကျမယ့် ဘဝအတွက်တော့ နောက်ဆုတ်ခြေတွန့် လေလွင့်ချင်နေခဲ့တယ်.. ဘာကိုများ မျှော်လင့်ပီး ဘာအတွက်များ ရည်မှန်းချက် ထားခဲ့ပါသလဲ.. ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ဘဝအတွင်းမှာကို လမ်းခွဲတစ်ခုကို ရှာဖွေဖို့အတွက်ပဲ စိတ်တွေက ရည်စူးနေခဲ့… မေ့လိုက်ပါလေ.. မေ့လိုက်ပါတော့.. ကိုယ်ဟာ အချစ်နဲ့မထိုက်တန်ပါဘူး.. တွေဝေ နောက်တွန့် သတ္တိမရှိတဲ့ လူမိုက်တစ်ယောက်ပါ..
အချစ်တွေသာ ပေးချင်ခဲ့ပီး အချစ်တွေ ရယူဖို့ကျတော့ နောက်တွန့်နေခဲ့တယ်..
လွဲမှားခဲ့တဲ့ အချိန်ရယ် နေရာရယ်အတွက် ဝမ်းနည်းရမယ်ဆိုလဲ ကိုယ်ကသာ ပိုဆသာအောင် ခံစားပစ်လိုက်ချင်တယ်.. ဒါပေမဲ့ လူနှစ်ယောက် ဘဝတစ်ခု အချစ်တစ်စုံတစ်ရာအတွက် ဘက်နှစ်ဘက်က မမျှမတ ခံစားရမှာ အသေအချာ… ဒါမှမဟုတ် ဆတူ….. နာကျင်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်ဆိုတဲ့ စကားကိုတောင် ပြောမထွက်ရက်ပါ.. တွေဝေမိုက်မဲ ရူးသွပ် မဝေခွဲတတ်တဲ့ ဆုံးဖြတ်ချက် အမှားတွေနဲ့လူပါ.. မေ့လိုက်ပါ…
(မေ ၁၀၊ ၂၀၁၀၊ ၁၂း၂၅ pm)

Thursday, May 6, 2010
ပြန်လမ်းပျောက်ခဲ့သူ
သူပြန်မလာနိုင်တော့ဘူး တဲ့..
ဒီလောက်သေချာနေတဲ့ စကားလုံးတွေကြားမှာ ပြန်မလာနိုင်တော့ဘူး ဆိုတဲ့ စကားလုံးက မပြန်လာတော့ဘူး ဆိုတဲ့ စကားထက် ပိုနာကျင်ဖွယ် ကောင်းလှတယ်..
သူ ပြန်မလာနိုင်တော့ဘူး.. အဲ့ဒီနေရာလေးမှာပဲ .. အထီးကျန်စွာ... နောက်ပီး နာကျင်စွာ.. ပီးတော့ ယောင်ယမ်းပီးလဲ ကိုယ့်နာမည်ကို တမ်းတနေမလား.. သေချာတာကတော့ သူ အိမ်ကိုပြန်ချင်နေခဲ့မှာ….
သူ ပြန်မလာနိုင်တော့ဘူး.. သူ ပြန်မလာနိုင်တော့ဘူးဆိုရင် ကိုယ်လိုက်သွားရမှာပေါ့… ဒါပေမဲ့ သူ ပြန်မလာနိုင်တော့လောက်အောင် သူရှိနေတဲ့ အရပ်က ကိုယ်လိုက်သွားလို့ရမယ့် အရပ် ဖြစ်နိုင်ပါရဲ့လား…
ကိုယ်ကတော့ ဆုံးဖြတ်ချက် ချခဲ့လိုက်တယ်.. သူ ပြန်မလာနိုင်ဘူးဆိုရင် ကိုယ်က လိုက်သွားရမှာပေါ့..
‘သူ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး.. အမှန်တရားကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ ယုံကြည်ချက်တွေကို ဆုပ်ကိုင်ပီး သူ ဘယ်တော့မှ လက်မြှောက်အရှုံးမပေးခဲ့ဘူးတဲ့.. ဒါကိုသိစေချင်ရုံပဲ.. ဒါပေမဲ့ နင့်ကိုတော့ မလိုက်လာစေချင်ဘူး’
အနီရောင်မျက်လုံးရယ်.. မှိုင်းညို့နေတဲ့မျက်နှာသွင်ပြင်နဲ့ သူ့ရဲ့သူငယ်ချင်းကို မျက်လုံး အကြောင်သားနဲ့ ကြည့်နေမိတယ်.. သူ ပြန်မလာနိုင်တော့တာ ကျိန်းသေနေတာတောင် မလိုက်လာခဲ့နဲ့လို့ ပြောထွက်ရက်တဲ့ သူ့ကို နာကျည်းရမလား.. ကိုယ့်ကို သတင်းစကားလာပေးခဲ့တဲ့ သူ့ သူငယ်ချင်းကိုပဲ နာကျည်းပစ်လိုက်ရမလား.. အဆုံးမှာတော့ နှုတ်ခမ်းအစုံကိုသာ ပြတ်ထွက်လုမတတ် ကိုက်ခဲပစ်လိုက်တယ်…..
နင်ရက်စက်လိုက်တာလို့ ငါက စွပ်စွဲရမလားဟင်… နင် သွားမယ်လို့ ရည်စူးခဲ့တဲ့အချိန်မှာတောင် ငါ့ကို ပေးမသိခဲ့ဘူး.. နင် တစ်ခဏ ပြန်လာခဲ့တဲ့ အချိန်တုန်းကလဲ ငါတို့ မျက်နှာချင်း မဆိုင်ခဲ့လိုက်ရဘူး.. အခု နင် ပြန်မလာနိုင်တော့ဘူး ဆိုတဲ့ စကားကျမှ ငါ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် သတင်းစကားလာပို့ခိုင်းတယ်ဆိုတော့ နင့်လောက် ရက်စက်တတ်တဲ့သူ ရှိနိုင်ပါဦးမလား ဟင်…
ငါတို့တွေ ပျော်ရွှင်မြူးခဲ့ရတဲ့ အချိန်တွေလေ.. တက္ကသိုလ်ကျောင်းမှာ နင့်လက်ကိုဆွဲလို့ နင့်ဘေးမှာ တကောက်ကောက်လိုက်ပါခဲ့ရတဲ့ အချိန်တွေ.. နင်က ရှပ်အင်္ကျီအဖြူလေးနဲ့ ကချင်ပုဆိုး အကွက်စိပ်ကို ဝတ်.. လက်ထဲမှာ စာရွက်စာတမ်းတွေကိုင်ပီး ငါ နားမလည်နိုင်တဲ့ စကားလုံးတွေ ပြောနေတဲ့ အချိန်တုန်းကတောင် နင်နဲ့ငါ ဝေးရမယ်လို့ ငါ မစဉ်းစားခဲ့မိဘူး..
နင် ငါ့ဘေးမှာ ရှိမနေနိုင်တဲ့အချိန်တွေ များလာခဲ့တယ်.. ပီးတော့ နင် အလုပ်တွေ အရမ်းရှုပ်နေခဲ့တယ်.. အမြဲ နဖူးကြောကြီးကို ရှုံ့လို့… နင့်လက်ထဲမှာ စာအုပ်တစ်အုပ်ကို အမြဲတမ်း ကိုင်ထားခဲ့တယ်.. ဒါမှမဟုတ် တစ်ခုခုကို အမြဲ ရေးချွတ်လို့….
နင့်ဘေးမှာ ငါနေလို့ မရတော့ဘူး.. နင့်ဘေးမှာ ငါမသိတဲ့ နင်နဲ့ အရောင်တူ ရွယ်တူ လူငယ်တွေ များလာခဲ့တယ်.. နင်တို့ တီးတိုး တီးတိုး သဖန်းပိုးလုပ်နေတဲ့အချိန်တွေ ပိုများလာခဲ့တယ်.. အခန်းတံခါးကို ပိတ်ထားခဲ့တယ်.. ငါ့ကို မသိစေချင်တာတွေ ပိုများလာတယ်.. လက်ဖက်ရည်ဆိုင် ထိုင်ချိန်တွေ များလာပီး စကားပြောနေတဲ့ အချိန်တွေ ပိုနည်းလာခဲ့တယ်… နင်တို့ ပိုပီး လျှို့ဝှက်လာကြတယ်.. နင့်အခန်းထဲမှာ ဘာစာရွက်စာတမ်းတွေမှ မရှိတော့ဘူး… နင့်အခန်းကို ဘယ်သူ့ကိုမှလဲ ပေးမဝင်တော့ဘူး.. အဓိက ကတော့ နင် ငါ့ကို မခင်တွယ်တော့ဘူး..
အဲ့ဒီနေ့ညက နင် ငါတို့ အိမ်ကို ရောက်လာခဲ့တယ်.. အိမ်ရှေ့မှာ ခနရပ်တယ် ပီးတော့ ငါ့ရဲ့အခန်းကို နင်လှမ်းကြည့်နေခဲ့တယ်.. ပီးတော့ နင်လှည့်ထွက်သွားခဲ့တယ်.. နင့်ဘေးမှာ လွယ်ထားတဲ့ လွယ်အိတ်လေးကမှ နင့်ဘေးမှာ လိုက်ပါခွင့်ရခဲ့တယ်.. နောက်တော့ နင်ပျောက်သွားခဲ့တယ်.. နင်တို့အိမ်ကို လူအဝင်အထွက် များလာခဲ့တယ်.. နင့်အဖေ ရာထူးက အနားယူလိုက်ရတယ်.. နင့်အမေကတော့ ပိုအိုစာသွားခဲ့တယ်.. တစ်ဦးတည်းသော သားလေးကို လွမ်းရလွန်းလို့ နင့်အမေ အိပ်ရာထဲ လဲခဲ့တယ်.. ငါဘေးမှာရှိနေပေးပေမဲ့ နင့်အမေ လိုချင်တာက သူမရဲ့သားကလေးပေါ့.. ငါ့အတွက်ရောပဲ.. နင် ပြန်ရောက်မလာခဲ့ဘူး….
နင့်အမေရဲ့ ဈာပနအခမ်းအနားကို နင်ရောက်လာခဲ့တယ်.. သုဿန်ဝင်းထဲမှာ နင့်အမေရဲ့ အလောင်းစင်နားမှာ နင်ရပ်နေတယ်.. ငါသိတာပေါ့.. နင်ဘယ်လောက် ရုပ်ဖျက်ထား ရုပ်ဖျက်ထား နင့်ရဲ့ ဆံခြည်တစ်မျှင်က အစ ငါ မှတ်မိနေခဲ့တာ.. နောက်တော့ နင်လှည့်ထွက်သွားခဲ့တယ်.. နင့်အမေကို နင်မကန်တော့သွားခဲ့ဘူး.. နင့်နောက်က ငါ အပြေးတစ်ပိုင်းလိုက်လာခဲ့မိတယ်.. နင့်အမေရဲ့ နောက်ဆုံးခရီးမှာ နင့်ကို ဘယ်လောက်တမ်းတသွားတယ်ဆိုတဲ့ အကြောင်းလေး နင့်ကို ပြောပြချင်ရုံပါပဲ..…
နောက်တော့ နှစ်တွေ အကြာကြီး နင်ရောက်မလာခဲ့ဘူး..
နင့်သတင်းကို စကြားရတဲ့အချိန်မှာ နင်က လေးဘက်လေးတန် နံရံတွေကြားမှာတဲ့.. ပီးတော့ ငါတို့မြို့လေးနဲ့ မိုင်ရာချီဝေးလို့.. ရက်စက် ကြမ်းကြုတ်လွန်းတဲ့ နေရာတဲ့.. လူဆိုးလူမိုက်တွေကို လိမ္မာလာအောင် လေ့ကျင့်ပေးတဲ့ နေရာတဲ့.. ဘဝရဲ့ ငရဲဘုံ.. လူ့ငရဲဘုံမှာတဲ့လေ…
နင်ဘယ်လိုများနေရှာမလဲ ဒီလိုအတွေးတွေနဲ့ ငါ ဆောက်တည်ရာ မရခဲ့ဘူး.. တုံတုံချိချိ နင့်အဖေက နင့်သတင်းစကားနဲ့တင် သွေးတွေ တက်လို့.. နင့်အမကတော့ မျက်ရည်တွေတွေကျပေမဲ့ နင်ရှိတဲ့နေရာကို ရောက်အောင် သွားမယ်တဲ့လေ.. အဲ့ဒီခရီးလမ်းက ဘယ်လောက်ပဲ ခက်ခဲပါစေ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ.. နင်ရှိနေတယ်ဆိုတဲ့ အတွေးနဲ့တင် ငါအရောက်လာခဲ့မယ်လေ..
နင် ကျန်းမာရေး အရမ်းဆိုးရွားသွားခဲ့ပီ.. နံရံတွေကြားထဲမှာနေရင်း နံရိုးကြားက သွေးယိုစိမ့်မှု.. အတွင်းထဲက ကလီစာတွေရဲ့ နာကျင်မှုကြောင့်တဲ့.. ဆေးရုံကို ပို့လိုက်ရတယ်ဆိုတဲ့ သတင်းစကားနောက်မှာတင် ငါတို့မက်ခဲ့တဲ့ အိပ်မက်တွေ ကျိုးကြေကုန်ခဲ့ရဲ့.. ယုံကြည်မှုတွေ ရပ်တည်ချက်တွေ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေ အမှန်တရားကို ချစ်မြတ်နိုးတဲ့စိတ်တွေ ဒါတွေနဲ့ နင် အသက်ရှင်ရပ်တည်နိုင်ခဲ့သလို အသက်စွန့် ရပ်တည်ပြခဲ့မယ်တဲ့လေ..
နင် ထားခဲ့တဲ့ အချိန်တုန်းက ငါနေခဲ့တယ်လေ.. နင် ငါ့အနားမှာ ရှိမနေနိုင်တဲ့ အချိန်တွေမှာ နင်ထားခဲ့တဲ့နေရာလေးမှာပဲ ငါရပ်နေတုန်း.. နင်ပြန်လာရင် ငါ့ကို ရှာနေရမှာစိုးတဲ့စိတ်နဲ့.. ဒါပေမဲ့ အခုတော့ အခြေအနေတွေက ပြောင်းပြန်လေ.. နင်က ငါရှိတဲ့နေရာဆီ ပြန်မလာနိုင်တော့ဘူး.. အဲ့ဒီတော့ နင်ရှိတဲ့နေရာကို ငါလိုက်လာရမှာပေါ့.. ငါ့ကို အဲ့ဒီအခွင့်အရေးလေးတော့ ပေးပါ…
မယုံနိုင်လောက်အောင်ပဲ.. အဲ့ဒီအခန်းကျဉ်းလေးထဲမှာ.. အိပ်ရာခင်းအဖြူနဲ့အပြိုင် နင့်မျက်နှာက ဖွေးဖွေးဖြူလို့.. နင့်မျက်နှာမှာ ငါအမြဲမြင်နေခဲ့ရတဲ့ ပါးချိုင့်လေး မရှိတော့ဘူး.. အဲ့ဒီနေရာမှာ ကြောက်စရာ ပါးရိုးငေါငေါကြီး.. ပီးတော့ နင့်ရဲ့ အသားအရေတွေ ဖွစုတ်စုတ် ပီးတော့ ညစ်ထေးထေး.. နင့်ရဲ့ အမြဲ ကြည်လင်နေတဲ့မျက်လုံးတွေက အခုတော့ ချိုင့်ခွက်ဝင်လို့.. ငါတို့ကိုတောင် မျက်လုံးဖွင့်မကြည့်နိုင်တော့ဘူး.. ငါတို့ကို နှုတ်ခွန်းဆက်စကား မဆိုနိုင်ဘူး.. နင့်ရဲ့ ပါးစပ်ပေါ်မှာ အသက်ရှုကိရိယာကို တပ်လို့.. အသက်ကို ပင်ပန်းကြီးစွာ ရှုနေရတဲ့ နင့်ရဲ့ ရင်ဘတ်ကတော့ တင်းထားတုန်း.. မာန်ပါနေတုန်း…
ငါ့ကိုလိုက်မလာစေချင်တဲ့အကြောင်း အခုတော့ ငါသိပီ.. နင့်ရဲ့ ဒီလိုအဖြစ်အပျက်တွေ ငါ့ကို မမြင်စေချင်လို့လားဟင်.. ငါပါလာတယ်ဆိုတာကို နင်သိလို့ နင့်မျက်လုံးကို ဖွင့်မကြည့်တာလားဟင်.. နင်လိုက်မလာစေချင်တဲ့ ငါ့ကို လိုက်လာခဲ့လို့ နင် စိတ်များ ဆိုးနေခဲ့တာလားဟင်.. ငါ့ကို တစ်ချက်လောက်တော့ မျက်လုံးလေးဖွင့်ကြည့်ပါဦးဟာ…
သူ့ရဲ့လက်တွေက လေထဲမှာ ဝှေ့ယမ်းနေခဲ့တယ်.. အသက်ရှုသံက တဖြည်းဖြည်းကျယ်လောင်လို့.. မဟုတ်ဘူး ရင်ဘတ်ထဲက အသံတွေ.. မဟုတ်ဘူး.. သူ နှုတ်ဆက်နေတာလား.. သူ့ရဲ့လက်ကို အတင်းဆုပ်ကိုင်ထားမိတယ်.. ငါ့ရဲ့လက်ကို မလွှတ်လိုက်ပါနဲ့.. ငါ့လက်ကို နင်လွှတ်လိုက်ရင် အဲ့ဒီအဝေးကြီးကို နင်ထပ်ပီး ပြေးသွားဦးမှာ..
မသွားလိုက်ပါနဲ့ မသွားလိုက်ပါနဲ့နော်.. ငါ့လက်ကို ကိုင်ထားပါဦး.. ဟင့်အင်း.. သူ့ရဲ့ရင်ဘတ်က ပေါက်ကွဲထွက်တော့မယ် ဖားဖိုလို.. သူ့ရဲ့ မျက်လုံးအိမ်ဘေးမှာ မျက်ရည်စီးကြောင်းတစ်ခု.. ဟင့်အင်းနော်.. ငါ့အတွက်တော့ မျက်ရည်မကျပါနဲ့.. မသွားပါနဲ့ ချစ်သူရယ်…..
လူတွေ လူတွေ ကျမကို အတင်းကြီး တွန်းဖယ်ပစ်လိုက်တယ်.. ပီးတော့ သူ့ကို အတင်းဖိ အတင်းရိုက်.. နံရံဘေးမှာ ရပ်နေရင်း မျက်ရည်ကျဖို့လောက်တောင် အားအင်မရှိတော့.. ထူးဆန်းဖို့ ကောင်းလိုက်တာ.. သူ့လက်ကိုဆုပ်ကိုင်ထားတဲ့လက်ရဲ့ နွေးထွေးမှုက အခုအချိန်အထိ ကျန်နေတုန်း.. ပီးတော့ ဆုပ်ညှစ်ခံထားရတဲ့အတွက် စူးရှရှ စပ်ရှိန်းရှိန်း.. ပီးတော့ နာကျင်မှု.. ဒီလက်ကို သူလဲ တအားဆွဲကိုင်ထားခဲ့တာ.. နောက်ဆုံးတော့ လွတ်မြောက်ထွက်သွားခဲ့ပီ…
သူ ပြန်မလာနိုင်တော့ဘူး .. တဲ့.. ကိစ္စမရှိပါဘူး… သူရှိတဲ့ နေရာကို ကျမ လိုက်သွားရမှာပေါ့…………….
ပြည့်စုံ
(၆-၆-၂၀၁၀၊ ၁၁း၂၅ pm)

Subscribe to:
Posts (Atom)