Sunday, May 3, 2020

#အနှောင်အဖွဲ့

ကိုယ်ချစ်နေတဲ့သူဆီက ကိုယ့်ကို အသိအမှတ်ပြုတယ် ဆိုတဲ့ လုပ်ဆောင်မှုတစ်ခုခုကို ရတဲ့အခါ ပျော်သွားတတ်တာ သဘာဝပဲလား...

မင်းရော ကိုယ့်ရဲ့ချစ်ခြင်းတွေအပေါ် အသိအမှတ်ပြုခဲ့ပါရဲ့လား... မသေချာဘူး...


ဘဝမှာ သေချာခဲ့တယ်လို့ ယူဆခဲ့မိတဲ့ ချစ်ခြင်းထဲမှာ မင်းက အဦးဆုံးပဲ... နေထွက်တဲ့အရပ်ကို မျက်နှာမူပြီး မင်းရှိတဲ့အရပ်ဆီကို မျှော်တွေးမိတဲ့အခါ မင်းက နီးနီးလေးကပ်ရပ်နေပေမဲ့ ကိုယ်တို့ စိတ်ချင်း ဝေးနေတုန်းပဲ...

“အချစ်ဆိုတာ မပါဘဲ ကျွန်တော်တို့ ဒီအတိုင်း ပျော်ရွှင်နေတာပဲ" ကိုယ့်ရဲ့ရှေ့မှာ ရပ်နေတဲ့ မင်းက အချိန်တိုင်း ဒီစကားကိုပဲ ပြောခဲ့တာ.. ကိုယ့်ကို ချစ်တယ်လို့ ဖွင့်မပြောခဲ့တာ.. ကိုယ့်အချစ်တွေကိုတော့ ချစ်မှန်း သိနေပေမဲ့ မသိချင်ယောင်ဆောင်တတ်ခဲ့တာ... ကိုယ့်ကို ရုပ်ပိုင်းဆိုင်ရာ ကြင်နာမှုပေးခဲ့ပေမဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ ထပ်တလဲလဲ ပေးခဲ့တာ.. သံသရာလည်နေသလိုပါပဲ...

“ဘဝမှာ ထပ်ချစ်ဖို့ ထပ်အသည်းကွဲဖို့ ကျွန်တော့်မှာ နာကျင်စရာ အသည်းနှလုံးမရှိတော့ဘူး.. ဒါတွေ “မ” လဲ အသိပဲလေ” ချစ်ခြင်းကို ကြောက်ရွံ့နေတဲ့ ကောင်လေး.. ဘဝမှာ ပျော်ရွှင်စရာတွေကို ဖယ်ပြီး တစ်ကိုယ်တည်း အထီးကျန်နေချင်တဲ့ ကောင်လေးကိုမှ ကိုယ်က ချစ်မိခဲ့တာ....

သီချင်းတွေ ချစ်တဲ့... ဂီတသံစဉ်တွေကို မြတ်နိုးတဲ့... ဘဝမှာ အောင်မြင်မှုကို မလိုလားတဲ့,, ကိုယ့်စိတ်နှလုံးအတိုင်း သော့ခတ်ပြီး သီးခြားနေချင်တဲ့ သူ့မှာ ပျော်စရာဆိုတာ ကိုယ်တစ်ယောက်တည်းပဲ ရှိခဲ့တာတဲ့... “ပြောရင် ယုံနိုင်မှာ မဟုတ်ပေမဲ့ ကျွန်တော်က မ ဘေးမှာ ရှိရင် ပျော်တယ်”

ချစ်ခြင်းဟာ ပေးဆပ်ခြင်းသပ်သပ်ရယ်လား.. ကိုယ့်မှာ ဝေခွဲမရသေးခင် အချိန်လေးမှာတင် ကိုယ်လည်း သူ့ဘေးမှာရှိရင် ပျော်ရွှင်ခဲ့တယ်.. ပျော်ရွှင်နေဆဲ.. ပျော်ရွှင်အောင် ကြံဆောင်နေဆဲပဲ..

နားမလည်နိုင်တဲ့ သူငယ်ချင်းတွေကြားမှာ ကိုယ့်အဖြစ်ဟာ မုန်းတီးချင်စရာ.. သူတို့ထွက်သမျှ ဒေါသတွေ ကိုယ့်အပေါ်ပဲ ပုံချပါစေတော့ရယ်လို့.. ဒီလို ကိုယ့်ဘက်က စတေးရမှုတွေ များလာပေမဲ့ သူကတော့ မထုံတက်တေး.. အသိအမှတ်ပြုဖို့ ဝေးနေဆဲ....

“မိုးရွာရင် ပျော်ဖို့ကောင်းတယ်.. မိုးရေထဲ မျက်ရည်တွေ မိုးနဲ့ရောသွားတာ ဘယ်သူသိနိုင်မှာလဲနော်” သူထွက်လာနေပြီလို့ ပြောတဲ့အချိန်ကတည်းက ဒီနေရာမှာ ရပ်စောင့်နေခဲ့တာ.. သူ ပြောတဲ့အချိန်ထက် ကိုယ်စောင့်နေရတဲ့အချိန်က ပိုကြာနေသလိုပဲ...

ကောင်းကင်ကြီးက မှုန်မှိုင်း.. မိုးစက်တွေ တအုန်းအုန်း တဒိုင်းဒိုင်း ရွာနေတဲ့ကြားက ကိုယ့်ရဲ့ထီးအနီရောင်လေးကို သူရှာတွေ့နိုင်ပါ့မလား.. “ဘယ်နေရာပဲရောက်နေနေ ကျွန်တော်က “မ” ကို တွေ့အောင် ရှာနိုင်တယ်” တဲ့ အဲ့ဒီနေ့က ကိုယ့်ကို သူမတွေ့ခင် သူ့ကို ကိုယ်အရင်တွေ့ခဲ့တာ ကိုယ်တို့ ကံဆိုးကြတာပဲ....

အဝါရောင်ထီးအောက်ကနေ သူ လက်ကိုခေါင်းပေါ်တင်ပြီး ပြေးထွက်လာတဲ့အချိန်မှာ ထီးအဝါရောင်အောက်မှာ ကျွန်မ အသေအချာမှတ်မိနေတဲ့ အဲ့ဒီမိန်းကလေးရဲ့မျက်နှာကို တွေ့လိုက်ရတာ...

“ဘာမှမဆိုင်ဘူး... ဒီအတိုင်း သူငယ်ချင်းလေ.. “မ” လိုပဲ တဲ့” ကျွန်မတို့က နှိုင်းယှဉ်စရာ ပြယုဂ်တွေ ဖြစ်သွားပါရောလား...

မိုးရေထဲမှာ အကြီးအကျယ် ရန်ဖြစ်နေတဲ့သူ နှစ်ယောက်ကို ဘေးပတ်ဝန်းကျင်က သတိမထားမိတဲ့အတွက် မိုးရေကို ကျေးဇူးတင်မိတယ်.. “မိုးရေထဲ မျက်ရည်တွေရောတော့ ကိုယ်ရော သူရော စိုရွှဲကုန်တာပေါ့” ထီးအနီရောင်ကို သူ့လက်ထဲ ထည့်ပေးပြီး မိုးရေထဲ ဒီအတိုင်း လမ်းလျှောက်ပြန်လာတဲ့ ကျွန်မ အနောက်မှာ သူလိုက်လာသလား မလိုက်လာဘူးလား သိချင်စရာ မရှိတော့တာ...

တစ်ပတ်လောက် အိပ်ယာထဲ အဖျားနဲ့လဲနေတဲ့ အချိန်ထဲ ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ဘဲ ဖြတ်တောက်ခဲ့တာ.. သူခေါ်တဲ့ဖုန်းတွေကို မကိုင်တာ.. ဖုန်းကို စက်ပိတ်ထားတာနဲ့.. အိမ်ကို သူ အရဲစွန့်ရောက်လာတာတောင် ထွက်မတွေ့ခဲ့တာ.. အလုပ်ကိုသွားဖို့တောင် မနည်း အားယူခဲ့ရတာ...
အိပ်မက်ဆိုးတွေထဲ ထီးအဝါရောင်နဲ့ သူတို့နှစ်ယောက်ရဲ့ အပြုံးတွေကိုပဲ မြင်ယောင်နေခဲ့တာ...

“မ သာ ကျွန်တော့်ကို စွန့်ခွာသွားရင် ကျွန်တော် ရူးသွားလိမ့်မယ်” သူ ပြောတော့ ကိုယ့်မှာ နာကျင်လွန်းလို့ ပြုံးပြဖို့တောင် အားမရှိခဲ့.. နောက်ဒီလိုမဖြစ်စေရပါဘူးတဲ့.. ဘာတွေကို ကတိပေးပြီး ဘယ်လိုတွေ ကိုယ့်ဘေးနား သူပိုတိုးကပ်ခဲ့တာတွေကို မသိစိတ်က ပျော်ရွှင်ခဲ့ပေမဲ့ သိစိတ်က သူ ကိုယ့်ကို တစ်ချိန်ချိန်မှာ ပစ်ခွာထားခဲ့ဦးမှာ ဆိုတာ သိနေခဲ့တာ...

Extrovert ဆိုတဲ့ ပွင့်ပွင့်လင်းလင်းသမားနဲ့ Introvert အတွင်းစိတ်မှာ ပျော်ရွှင်တဲ့သူရဲ့ အချစ်ဇာတ်လမ်းတဲ့.. ဝဘ်ဆိုက်တစ်ခုမှာ ဖတ်မိတဲ့အချိန်မှာ ကိုယ်ဟာ ကိုယ်တို့အဖြစ်ကို ပိုသဘောပေါက်သွားတော့တာပဲ..

ဒီအတိုင်းလေးနေမယ်ဆိုရင် ကိုယ်တို့ အမြဲလက်တွဲနေနိုင်မှာပဲ.. ဒါမှမဟုတ် ကိုယ့်ဘက်က ဖြစ်ဖြစ် ရှေ့တစ်လှမ်းဆက်တိုးရင် သူ့ဘက်က ကျိန်းသေ နောက်ကို တစ်လှမ်းမက နောက်ဆုတ်သွားမယ် ဆိုတာ သိနေခဲ့တာ... သူ့ရဲ့ စိတ္တဇကို မဖြေဖျောက်နိုင်သရွေ့ ကိုယ့်ဘက်က ပေးဆပ်ရခြင်းသပ်သပ်သာ သူ့အတွက် ရှိနေပေးရမှာ...

ကိုယ်က လောဘကြီးပါရဲ့,, မင်းအတွက် သပ်သပ်လို့ ကိုယ့်ဘက်က သေချာတဲ့ နှလုံးသားစည်းချက်တွေ အတွက် မင်းဘက်က အဆင်သင့်ဖြစ်မနေတာ ဝမ်းနည်းလှချည်ရဲ့ကွယ်...

အခုတော့ လမ်းဆုံမျဉ်းရဲ့ အလယ်ဘက်မှာ ကိုယ်ရပ်နေတယ်... ဒီဘက်မှာ မင်းရှိနေသလို.. ဟိုဘက်မှာ ကိုယ့်အတွက် အနာဂတ်ဆိုတာ ရှိနေသင့်တယ် မဟုတ်လား....

.............

“ဘယ်လိုအကြောင်းအရာမျိုးနဲ့မှ
နှောင်ဖွဲ့ထားလို့ မရနိုင်တော့တဲ့အဖြစ်လေ
အချစ်တဲ့လား.....
ကြားခဲ့ဖူးပါတယ်..
အရာအားလုံး ပြီးဆုံးသွားခဲ့မယ်ဆိုရင်တော့
ငါတို့နှစ်ယောက်ရဲ့ကြား တမ်းတစရာ အဖြစ်အပျက်တချို့
လက်တို့ချန်ထားခဲ့သလိုမျိုး....
တမ်းတမ်းတတ သတိရနေမှာပါ....”

ပြည့်စုံ
(၀၃-၀၅-၂၀၂၀၊ ၁၆း၃၀ ညနေ)