Sunday, May 6, 2012

ပြတ်တောက်သွားတဲ့ သံယောဇဉ် ကြိုးတမျှင်


မတည်မြဲခြင်းတရားတွေ ဖျတ်ခနဲ ပေါ်လာ ဖျတ်ခနဲ ပျောက်သွားလောက်အောင် အချိန်တွေ ဒလဟော မြန်ဆန်နေတဲ့ ခေတ်ဆိုးခေတ်ပျက်ကြီးမှာမှ ကျမတို့တွေ လူအဖြစ်ကို ရခဲ့ကြတာကိုပဲ တရား မရနိုင်သေးဘဲ လက်ရှိ ပစ္စုပ္ပန်လေးတွေမှာ ကုပ်ကတ် ပျော်မွေ့ရင်း ဒုက္ခတွေကို သုခ အချိုရည်လေး ကပ်ကပ်ပြီး မျိုချနေခဲ့ရင်းနဲ့ အသက်ဓာတ်လေးတွေကို ရှင်သန်အောင် အဆင်ပြေအောင် ကြိုးစား မွေးမြူနေခဲ့မိတယ်..

ကျမ အကိုအငယ်ဆုံးကို နောက်ဆုံးမြင်တွေ့လိုက်ရတဲ့ ခုနှစ်နဲ့ အချိန်တွေက လွန်ခဲ့ပြီးသော နှစ် တစ်နှစ်စာ ရက်ပေါင်း ၃၆၅ ရက်ကျော်ကျော်..

ကျမ အိမ်ကနေ ထွက်သွားဖို့ အဆင်သင့်မဖြစ်ခင် အချိန်တုန်းကတော့ အကိုအလတ်ကို သူ့အသက် ၃၃ နှစ်မှာ ဆုံးရှုံးလိုက်ရတာ.. အခု အကို အငယ်ဆုံးကိုတော့ သူ့အသက် ၃၆ နှစ် ကျမ အိမ်ကို ပြန်ဖို့ အဆင်သင့်မဖြစ်ခင်အချိန်မှာပဲ ထပ်မံ ဆုံးရှုံးလိုက်ရပြီ..

သွေးသားရင်း အကို ၂ ယောက် ဆုံးရှုံးပြီးနောက်မှာတော့ ကျမတို့ မိသားစုလေးမှာ အားကိုးအားထားစရာ ထပ်မံ ဆုံးရှုံးစရာ အဖိုးမဖြတ်နိုင်တဲ့ အဖေ အမေနဲ့ ကျမတို့ အဝေးတနေရာမှာ ကျဲပြန့်ပြီး ရောက်နေတဲ့ မောင်နှမ လေးယောက်သာ ကျန်ရစ်ခဲ့တော့တယ်.

အိုမင်းမစွမ်းတဲ့ အဖေနဲ့ အမေရဲ့ အနီးအနားမှာ ဘယ်သူမှ မကျန်ရစ်ခဲ့တော့.. အဖေ အမေ လိုအပ်တာ မေတ္တာတရားနဲ့ အနီးကပ် ပြုစုနိုင်မယ့် သားသမီးတွေ ဆိုတာကို သိနေရက်နဲ့ ကျမတို့တွေ အိမ်ကိုပြန်ဖို့ ခြေလှမ်းတွန့်နေဆဲ.. အိမ်ကိုပြန်ဖို့အတွက် အဆင်သင့်မဖြစ်နိုင်သေးတဲ့ ရုပ်ဝတ္ထု၊ ပစ္စည်း၊ ငွေကြေး စတာတွေကို စဉ်းစားနေမိရင်းနဲ့ အခုတော့ ဆုံးဖြတ်မထားခဲ့လည်း ဆုံးဖြတ်ချက် တခုကို ပိုင်ပိုင်နိုင်နိုင် ချမှတ်နိုင်ခဲ့ပါပြီ..

NO Number နဲ့ ပေါ်လာတတ်တဲ့ အင်တာနက်ကနေ ခေါ်ဆိုတဲ့ ဖုန်းတွေထဲမှာ ၂၀၁၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ ည ၈း၁၆ မိနစ်အချိန်မှာ ပေါ်လာတဲ့ ဖုန်းခေါ်ဆိုမှုက ကျမရင်ကို တင်းတင်း ဆို့နင့်သွားစေမိသည်အထိ. လိုင်းမကောင်းတဲ့ကြားက အမေက ဟိုဘက် ဖုန်းလိုင်းကနေ ကျမဆီကို သတင်းပို့ခဲ့တယ်.. အောင်ကြီး ဆုံးပြီတဲ့. ဒီနေ့ ညနေ ၆ နာရီက ဆုံးတယ် သမီး ဆိုတဲ့ အသံနောက်မှာ.. နေမကောင်းဖြစ်နေတယ်ဆိုတဲ့ သတင်းလဲ မကြားရ.. အဆင်မပြေဖြစ်တယ်ဆိုတဲ့ သတင်းစကားလဲ မသိရဘဲ ကျမရဲ့ သွေးသားရင်း အကိုတယောက် ဆုံးရှုံးခဲ့ပြီ..

ပူပြင်းလောင်မြိုက်လှတဲ့ နွေရာသီရဲ့ အပူလှိုင်းဖြတ်မှုနောက်မှာ အခုတော့ အကိုအငယ်ဟာ သူ့အသက်ဓာတ်ကိုပါ ဖြတ်တောက်ပြီး နွေရာသီရဲ့ အပူလှိုင်းတွေ နောက် လိုက်သွားခဲ့ပါပြီ..

အဝေးမြေမှာ ရောက်ရှိနေခဲ့တဲ့ လေးနှစ်တာ အတွင်း အိမ်ကို ပထမဆုံးအကြိမ် ပြန်ဖြစ်တဲ့အချိန်မှာ အဖေ အမေရဲ့ အနီးအနားမှာ အကိုအငယ် တယောက်သာ ရှိနေခဲ့တယ်. အဖေနဲ့ အမေရယ် မြေးကလေး ၂ ယောက် နောက် အကိုအငယ်ရယ်သာ.. အကိုအငယ်က အိမ်သားတွေထဲမှာ စကားအနည်းဆုံး.. လူငယ်ဘဝ အနာဂတ်ပျောက်နေတဲ့ လူတွေကြားထဲမှာ သူတို့တွေရဲ့ လူငယ်ဘဝတွေကို စွန့်ပစ်ခြေမွခံခဲ့ရတဲ့ လူငယ်တယောက်.. အပေါင်းအသင်း မင်ပြီး လူတိုင်းကို ကူညီတတ်တဲ့ အကိုအငယ်ကို လူတိုင်းက ချစ်ခင်ကြတယ်..

တအိမ်လုံး ဘယ်သူနဲ့မှ မတူဘဲ အသားဖြူဖြူ ဆံပင်ကောက်ကောက် အကိုအငယ်ဟာ သူ့လိုပဲ ချစ်စရာကောင်းတဲ့ သမီးကလေးတယောက်ကို အမေ့ဆီမှာ အမွေပြန်ပေးခဲ့တယ်.. မိန်းမ ရပြီး ကလေးတယောက် ရချိန်အထိ အမေ့ကို ကလေးတယောက်လို မုန့်ဖိုးကပ်တောင်းနေတုန်း. အမေနဲ့ တကြိတ်ကြိတ် ရန်ဖြစ် ဆူပူနေဆဲ အကိုအငယ်ဟာ ရုတ်တရက် ဖျတ်ခနဲ အသက်ဓာတ် ပျောက်သွားခဲ့ပါပြီ.. ဘယ်လိုဖြေတွေးတွေး ကျမတို့အတွက်တော့ စိတ်ထိခိုက်စရာချည်းပါပဲ...

၂၀၁၁ ခုနှစ် ပထမဆုံး အကြိမ် ကျမ အိမ်ပြန်ဖြစ်တဲ့အချိန်မှာ ကျမလက်ကို ဆွဲပြီး ဒါ ငါ့ညီမလေးလေ.. ကျောင်းတက်နေတာပေါ့.. တလမ်းလုံး ကြွားဝါလာခဲ့တာ.. ကိုကြီးတို့အိမ်ကို လိုက်ခဲ့ပါဦး.. ဟိုမှာ နင့်အမနဲ့ မိတ်ဆက်ပေးချင်လို့တဲ့.. ကျမ မမြင်ဖူးတဲ့ ကျမ ယောင်းမကို မြင်ရဖို့ သူတို့အိမ်ကို လိုက်သွားခဲ့တယ်. ဖိနပ်ချွတ်မှာ ကျမ စီးလာတဲ့ဖိနပ်ကို ချွတ်လိုက်ပြီး အိမ်ပေါ်ကို ခပ်ဖွဖွ နင်းတက်လိုက်တော့.. ဖိနပ်ကို အကိုအငယ်က ကောက်ကိုင်ပြီး အိမ်ပေါ်ဆင့်ကို လှမ်းတင်လိုက်တယ်..အောက်မှာပဲ ဖိနပ်ကို ထားပါ.. ဘာလို့လဲ ဆိုတော့.. ဖုန်ပေမှာစိုးလို့တဲ့..

ဘာစားချင်လဲဆိုပြီး တတွတ်တွတ် မေးနေခဲ့ပြီး ငါ့ညီမလေး ပြန်ရင် ဆိတ်သားခြောက် ကြော်ပေးမယ်... ချဉ်ပေါင်ကြော်ရော ယူဦးမလား.. ငါကိုယ်တိုင် ကြော်မှာပါဟ တဲ့.. သူ့မိန်းမကတော့ အိမ်ကို အလည်လာတာ အအေး သွားဝယ်လိုက်လေ.. ညီမကို တိုက်ရအောင် ဆိုတော့ မလိမ္မာတဲ့ ကျမက နေ နေ.. သမီး မြို့ထဲသွားပြီး သူငယ်ချင်းတွေနဲ့သွားတွေ့မလို့.. မတိုက်နဲ့ဆိုတော့.. အကိုက စိတ်မကောင်းဘူး.. အေး ဟုတ်ပါတယ်.. မြို့ထဲကျမှပဲ အအေးသောက်တော့ ဟိုက အအေးတွေက ပိုကောင်းတယ်တဲ့.. ကောင်းခြင်း မကောင်းခြင်းထက် သူတို့ အလုပ်ရှုပ်မှာစိုးတဲ့စိတ်နဲ့ အကိုအငယ် တိုက်တဲ့ အအေးကို ကျမ မသောက်ဖြစ်ခဲ့ဘူး.. ဆိတ်သားတွေလဲ အများကြီး မကြော်နဲ့နော်.. ဟိုမှာက အစစ ရတယ်..အဆင်ပြေတယ်လို့ ပြန်ပြောခဲ့တာ.. တကယ်တော့ မေတ္တာတရားသပ်သပ်နဲ့သာ ကျမကို စားစေချင်တဲ့ စားစရာကို ကျမက အလုပ်ရှုပ်နေမှာစိုးတဲ့စိတ်နဲ့ ငြင်းဆိုခဲ့တာ..

အေးပါဟာ.. ယူတော့ ယူသွားမယ် မဟုတ်လား.. ကြော်ပြီး မနက်ဖြန် ယူလာပေးခဲ့မယ် တဲ့..

သူတို့အိမ်မှာ ဖင်ပူအောင် မထိုင်ဖြစ်ဘဲ သူငယ်ချင်းတွေနဲ့တွေ့ဖို့ နောက်ကျမှာစိုးတဲ့စိတ်နဲ့ ကမန်းကတန်း ပြန်ထွက်လာခဲ့တာ.. လိုင်းကားစီးဖို့ သွားတော့ ကားပေါ်အထိ လိုက်တင်ပေးခဲ့တာ.. ကားအောက်ကနေ လှမ်းပြီး သတိထားစီးဦး ခါးပိုက်နှိုက် သတိထားလို့.. စိုးရိမ်တကြီးပြောတော့.. ကျမက ခေါင်းသာ အသာညိတ်ပြခဲ့တာ.. ဘယ်သိခဲ့မလဲနော်.. ဒီလိုသာ ကျမတို့ အသက်မမှီနိုင်လောက်အောင် သေကွဲ ကွဲရမယ်ဆိုတာ သိရင် ကျမ အကိုကို ဆိတ်သားတွေ အများကြီး ကြော်ခိုင်းမှာ.. နင်ကြော်ပေးတဲ့ ချဉ်ပေါင်ကြော်က စားကောင်းတယ် ဆိုပြီး ခန ခန ပြောပြမိမှာ.. နောင်တတွေပါပဲ..

ငယ်ငယ်ကတော့ မောင်နှမတွေ တကျက်ကျက်နဲ့ ရန် ခန ခန ဖြစ်ကြတာပါပဲ.. အရုပ်လုတဲ့ အမှု၊ စကားလုပြောတဲ့ အမှု၊ အမေ မသိအောင် ထွက်ထွက်ဆော့တဲ့ အမှုတွေနဲ့ မောင်နှမတတွေ ခန ခန အရိုက်ခံခဲ့ရဖူးတယ်.. အပေါ်က အကိုအကြီးဆုံး သုံးယောက်၊ နောက်တော့ ကျမတို့ ညီအမ ၂ ယောက်၊ အောက်မှာ မောင်အငယ်ဆုံးလေး ၁ ယောက်နဲ့ အားလုံး စုစုပေါင်း မောင်နှမ ၆ ယောက်ထဲမှာ အကိုအငယ်က ကျမတို့ကို အလိုအလိုက်ဆုံးပါပဲ.. အမေ့ကို ထမင်းဟင်း ကူချက်ပေးပြီး ကျမတို့ စားချင်တဲ့ အသုပ်စုံတွေကို ဘာလေးသုပ်စားမလား၊ နယ်ဖတ်စားမလားနဲ့ လုပ်ကျွေးတတ်တဲ့သူ.. ခရမ်းချဉ်သီးငပိချက် ကြိုက်တဲ့ အကိုအငယ်ဟာ ထမင်းစားတော့မယ်ဆို.. ဟိုလူစားပြီးပလား၊ ဒီလူ စားပြီးပလား မေးပြီး ဟင်းကျန်အိုးကျန်နဲ့ လူးဖတ်ပြီး စားတတ်တဲ့ အကိုအငယ်ဟာ ဟင်းချေးမများပေမဲ့ အမေ့အတွက်တော့ ချစ်လဲ ချစ် ဆိုးလဲ ဆိုးတဲ့ သားမိုက်တယောက်သာ..

အခုတော့ အဲ့ဒီ သားမိုက်တယောက်ဟာ အမှည့်တဝင်းဝင်း အသီးတွေ ဖြစ်တဲ့ အဖေ အမေ မလွန်ခင်မှာတင် အသီးကင်းဖြစ်တဲ့ သူတို့တွေ တဖြုတ်ဖြုတ်နဲ့ ကြွေကျရစ်ခဲ့ပြီ.. ကိုယ်တွင်း အပူရှိန် ၁၀၆ ဒီဂရီမှာ ပူလွန်းလို့ ရင်ဘတ်တွေကို ရေလောင်းစွတ်ခဲ့တဲ့ အကိုအငယ်ဟာ နေအေးသွားတဲ့အချိန် ညနေစောင်း ၆ နာရီအချိန်မှာတော့ နောက်ဆုံး လက်ကျန် ကိုယ်အပူရှိန်နောက်ကို ပေါက်ထွက်သွားတဲ့ ဦးနှောက်သွေးကြောမျှင်တွေနဲ့ အတူ ကမူးရှုးထိုး လိုက်သွားခဲ့ပါပြီ.. နေအေးတဲ့အချိန်မှာမှ အသက်ဓာတ်ပျောက်ခဲ့တယ်ဆိုတော့ အေးချမ်းသွားမှာပါလို့ .. ဒီလိုသာ စိတ်ကို ဖြေသိမ့်ထားခဲ့လဲ အကိုအငယ်ကို မျက်စိရှေ့မှောက်မှာ မြင်နေတုန်းပါပဲ..

ဝတ်ထားစားထားရင် မင်းသားရှုံးတယ်လို့ အဖေက ပြောတတ်တဲ့ အမြဲ ရှိုးစမိုးကျအောင် ဝတ်တတ်တဲ့ အကိုအငယ်တယောက် သေတဲ့အချိန်မှာတော့ သက်ပျောက်အင်္ကျီ စွပ်ကျယ်လေးနဲ့ ပုဆိုးပိုင်းလေးကိုသာ ဝတ်ဆင်ခဲ့ပြီး မရဏမင်းနောက်ကို လိုက်သွားခဲ့ရတာပါပဲ..

ဘာတွေများ ကျမတို့အတွက် အပူတပြင်း လိုအပ်ခဲ့သလဲ.. မသေခင်မှာ လောဘ ဒေါသ မောဟတွေနဲ့ ပူပြင်းလောင်မြိုက်ပြီး ရှာဖွေ စုဆောင်းခဲ့ရသလောက်.. သေပြီး အအေးခန်းထဲ ဝင်ဖို့အတွက် ကိုယ်နဲ့အတူ အသက်ဓာတ်ပျောက်ခဲ့ရတဲ့ သက်ပျောက်အင်္ကျီနဲ့ လုံချည် တစုံသာ ကိုယ့်နောက်ကို ပါသွားခဲ့ရမှာပါပဲ.. အဲ့ဒီလို တွေးမိတဲ့ခနမှာပဲ မျက်ရည်တွေက ဒလဟော ကျဆင်းလာခဲ့ရမိတယ်.. ဘယ်မှာလဲ အေးမြခြင်း.. ဘယ်မှာလဲ အလုံးစုံ ပြီးပြည့်စုံခြင်း.. ဘယ်မှာလဲ ဘဝအတွက် အာမခံချက်..

မီးသဂြိုလ်စက်ထဲ သွင်းဖို့ အခေါင်းဖုံးကို လှပ်ပြတဲ့အချိန်မှာ ငယ်ရုပ်အတိုင်း အိပ်နေတဲ့ အကိုအငယ် မျက်နှာကို မြင်တော့မှ ကျမ လန့်ငိုဖို့ သတိရသွားမိတယ်.. မီးသဂြိုလ်ခါနီးမှပဲ မျက်နှာကို ပြန်မြင်ရတော့တယ်.. မမကြီးနဲ့ မောင်အငယ်လေးရယ်၊ အကိုအကြီးဆုံးရယ်ကို သတိရတယ်.. အကိုအငယ်ရဲ့ နောက်ဆုံးခရီးကို သူတို့ လိုက်ပါ ပို့ဆောင်ခွင့် မရတော့ဘူး.. နောက်တဖန် ပြန်မဆုံနိုင်တော့ပါဘူး.. အေးအေးချမ်းချမ်းသာ ဘဝကူး ကောင်းပါစေလို့ နောက်ဆုံး ဆုတောင်းပေးပြီးတဲ့နောက် ကျန်းမာရေး မကောင်းတဲ့ အဖေ့ကိုပဲ လူအုပ်ကြားက ဆွဲထုတ်ခဲ့တယ်.. မီးသဂြိုလ်စက် ခေါင်းတိုင်က ထွက်လာတဲ့ မီးခိုးငွေ့တွေကြားမှာ ငါတို့ကို စိတ်ချသွားပါလို့ ခပ်တိုးတိုး ကတိစကား ဆိုခဲ့ပါတယ်..

ကျန်ရစ်တဲ့ အကိုအငယ်ရဲ့ သမီးကလေးကတော့ သူ့အဖေက သူ့အတွက် ပီကေ သွားဝယ်နေတယ်လို့ ယုံကြည်နေတယ်.. အသုဘအိမ်ဆိုတော့ လူရှုပ်ရှုပ်ကြားမှာ သူပျော်နေတယ်.. ဘယ်သူမေးမေး အောင်ကြီးက ပီကေ သွားဝယ်တာလို့ ကျမ အမေ ခေါ်တဲ့အတိုင်း သူ့အဖေကို အောင်ကြီးလို့ ခေါ်တယ်.. တခါတလေတော့လဲ သူစဉ်းစားမိမှာပေါ့နော်.. ငါ့အဖေ ဒီတခါ ပီကေသွားဝယ်တာ ကြာလှချည်လားလို့လေ.. သူမလေးရဲ့ အသက် ၂ နှစ်နဲ့ ၇ လ ဆိုတော့ အသက်ကြီးလာတဲ့အချိန် သူ့အဖေကို သူ ပြန်မှတ်မိပါ့မလား.. ဘယ်အရာမှ မကျိန်းသေပါဘူး.. သူ့အဖေရဲ့ အသုဘအခေါင်းထဲကို သူ့ရဲ့ ကိုယ်တိုင်း အပ်ချည်မျှင်လေး ထည့်ပေးလိုက်တော့ သူ့အဖေလဲ သူ့သမီးကလေးကို စွဲလမ်း မသွားပါဘူးလို့ ယုံကြည်မိတယ်.. သူ့မိန်းမထက် စာရင် အမေ့ကိုပဲ စိတ်ချလို့ သူ့သမီးကလေးကို အမေ့ဆီမှာပဲ စိတ်ချ ယုံကြည်စွာ ထားသွားခဲ့ပြီ နေမှာပါ..

ကျမ မောင်လေး ဆယ်တန်းဖြေပြီးစ အချိန် သူတို့ ညီအကိုတွေ ဂစ်တာတီးချင်လို့ သူများဆီက ဂစ်တာကို ခန ခန သွားသွားငှားပြီး တီးရတော့.. အကိုအငယ်က မောင်လေးကို ငါ့ညီလေးကို ငါအလုပ်လုပ်လို့ရတဲ့ ငွေနဲ့ ဂစ်တာ ဝယ်ပေးမယ်လို့ ပြောခဲ့တယ်.. အကိုအငယ် အလုပ်ကနေ ပိုက်ဆံထုတ်လာတော့ သူတို့ ညီအကို နှစ်ယောက် ဂစ်တာ အဟောင်းလေး တလက်ကို သွားဝယ်လာကြတယ်.. အဲ့ဒီ ဂစ်တာလေးကို ဆေးပြန်သုတ်ကြတယ်.. ဂစ်တာကြိုးတွေလဲ အသစ်ပြန်လဲတယ်.. ကြိုးတွေ သေချာညှိတယ်.. ဂစ်တာတီးဖို့ ကနုကမာ လက်ခတ်ကလေးကိုတောင် ကြိုးလေးနဲ့သီလို့.. သေချာ ကျကျနန သူတို့ ဂစ်တာ တလက်ကို အနုစိတ် ခြယ်မှုန်းနေကြတာ.. ကျမကတောင် ကျမ သိမ်းထားတဲ့ သီချင်းစာအုပ်တွေ ထုတ်ပေးထားခဲ့တာ.. အားလုံး ပြင်ဆင်ပြီးချိန်မှာတော့ ဂစ်တာလေးကို ဆေးခြောက်အောင် လှမ်းဖို့ နဂိုကတည်းက ပါလာတဲ့ ဂစ်တာက အထိန်းကြိုးလေးကို နံရံပေါ်က သံငုတ်မှာ ချိတ်လိုက်ကြတယ်..

မှားယွင်းတဲ့ လုပ်ရပ်ဆိုတာကို ခနချင်းတွင်းမှာပဲ သိလိုက်တယ်.. အားလုံး ပြင်ဆင်ပြီးခဲ့ပေမဲ့ ဂစ်တာ အထိန်းကြိုးလေးကို အသစ်ပြန် မပြင်ဆင်မိခဲ့ဖူးလေ.. ဟောင်းနွမ်းနေတဲ့ ဂစ်တာ အထိန်းကြိုးလေး ပြတ်ကျတော့.. ဟိုးအမြင့်ပေါ်က သံငုတ်ကနေ လွတ်ကျလာတဲ့ ဂစ်တာလေးကို ဘယ်သူကမှ လှမ်းမဖမ်းလိုက်နိုင်ဘူး.. နာကျင်စဖွယ် အသံအကျယ်ကြီး မြည်ဟည်းသွားပြီး အောက်ကို နာနာကျင်ကျင် ပြုတ်ကျသွားတဲ့ ဂစ်တာလေးမှာ ကျမတို့တွေရဲ့ မျှော်လင့်ချက်တွေ တသီတသန်းကြီး ပါသွားခဲ့တော့တယ်..

အဲ့ဒီလိုပါပဲ.. ကျမတို့ စဉ်းစားမျှော်လင့်ထားတဲ့ အရာတိုင်းဟာ ပြင်ဆင်မှု အနည်းငယ် လိုအပ်ရုံနဲ့ ပြီးပြည့်စုံတဲ့ အောင်မြင်မှုတွေ မဖြစ်ခဲ့ဘူးဆိုတာကို သိရက်နဲ့ပဲ.. အသက်ဓာတ်လေးတွေ ဘဝနဲ့ အတူ မပျောက်ပျက်သွားအောင်နဲ့ ဘဝမှာ ဖြစ်ချင်တာလေးတွေ လုပ်ဖို့ လုပ်သင့်တာလေးတွေ လက်စသတ်ဖို့ လိုအပ်နေကြောင်း သိရတဲ့အခါ မလိုအပ်တဲ့ ပကာသနတွေကို မုန်းတီးစက်ဆုပ်လာမိတော့တာပါပဲ....

ပြည့်စုံ

၃း၁၁ pm, ၆-၅-၂၀၁၂