Showing posts with label ကဗျာ၊ မျှော်လင့်ချက်. Show all posts
Showing posts with label ကဗျာ၊ မျှော်လင့်ချက်. Show all posts

Tuesday, January 4, 2011

ကြိုလင့်ရာ

နှစ်ဟောင်းက သူ့အချိန်ကျ ထွက်ခွာသွားတဲ့အခါ
နှစ်သစ်က အစားထိုးဝင်ရောက်လာတယ်
လတွေရယ် .. ရက်တွေနဲ့ နာရီတွေရယ်
ဒီလိုနဲ့ တိတ်တဆိတ်ထွက်ခွာသွားကြမှာပဲ

နွေ မိုး ဆောင်းတဲ့
ရာသီတွေပြောင်းလဲသွားတိုင်း
မယိုင်လဲသွားတဲ့ ယုံကြည်ချက်တွေကြား
မရပ်သေးတဲ့ နှလုံးခုန်သံတွေ ရှင်သန်နေတုန်းပဲ

ဘဝတွေတဲ့
နယ်ခြားမျဉ်းရဲ့ တစ်ဖက်ကမ်းမှာ ရှိသလား
မတူညီတဲ့ ဘာသာစကားတွေကြားမှာရှိသလား
ဘယ်အရာမှ မယုံရဲဘူး.

သွေးက ရေထက်ပျစ်သတဲ့
ကျမတို့ သွေးလိုချစ်ခဲ့ကြသလား
ရေလို ချစ်ခဲ့ကြတာလား
ပြန်တွေးကြည့်တိုင်း မကျိန်းသေဘူး

ဒီဇာတ်လမ်းမှာတော့
ဒီအခန်းပီးရင် ဒီလမ်းကိုရွေးရမှာပဲ
သွားနှင့်တော့ ၂၀၁၀
လိုက်လာခဲ့မယ် မဝေးတော့မယ့် ၂၀၁၂ ဆီ


ပြည့်စုံ
(၁-၄-၂၀၁၁၊ ၁၀း၅၃ pm)

Wednesday, February 10, 2010

ကံပစ်ချတဲ့ ဘ၀တွေ

သူတို့ရဲ့ မျက်ရေးကြောင်းတွေက
ဘဝကို ဒုံးခံပီး ရင်ဆိုင်မယ့် သတ္တိအပြည့်ရှိကြတယ်
သူတို့တွေရဲ့ စိတ်ဓာတ်အရင်းခံကလဲ ရိုးသားကြတယ်
သူတို့မှာ ဆန်းပြားတဲ့ အတွေးတွေလဲ သိပ်မရှိဘူး

သူတို့မှာ လျှောက်ရမယ့်လမ်းတွေကလဲ ရွေးစရာ သိပ်မများဘူး
သူတို့ရဲ့လိုဘတွေကလဲ အခြေခံလိုအပ်ချက် ပြည့်စုံဖို့ပဲ
သူတို့ရဲ့ မျက်နှာတွေမှာ အားမာန်တော့ အပြည့်ရှိကြတယ်
သူတို့က အရာရာကို ကံကိုပဲ ပုံချ
ငတ်ရတာကိုက ရှေးကံမကောင်းခဲ့လို့တဲ့
သွားမရှိတော့တဲ့ အဘွားအိုက ခွက်ကလေးတလုံး လက်ဆွဲပီး ပြောရှာတယ်

"ဘယ်သူ့ကိုများ အပြစ်တင်ရမလဲကွယ်
ဘဝတွေကိုက ဆိုးလွန်းပါတယ်
ရင်ထဲက မချိတာတွေအတွက်
သူတပါးကိုတောင် အပြစ်မတင်ရက်ရှာဘူး"


သူတို့ရဲ့ အနာဂတ်အိပ်မက်မှာ
ဇိမ်ခံစည်းစိမ်တွေ မပါဝင်ဘူး
ကိုယ့်မိသားစု ကိုယ့်တဲကလေးနဲ့
မိသားစုတွေ ထမင်းဝိုင်း
အပိုအသိုင်းအဝိုင်း မပါတောင်
ထမင်းကြမ်းခဲကလေးကို ပဲကလေး ဆီဆမ်းစားရတာကိုက
လောကနိဗ္ဗာန်တဲ့လေ

သူတို့ရဲ့ နေ့စဉ်ဝတ္တရားတွေကလဲ
အစဉ်အလာအတိုင်းပဲ လှုပ်ရှားကြတယ်
သူတို့က နိုင်ငံရေးဆိုတာ ဘာလဲ မသိကြဘူး
သူတို့က လူ့အခွင့်အရေး ဘာလဲ မသိကြဘူး
သူတို့က သူတို့ရပိုင်ခွင့်ကိုတောင် ဘယ်သူဆီက တောင်းရမှန်း မသိကြဘူး….

ပြည့်စုံ (၂-၅-၂၀၀၉၊ ၂း၃၅ am)

(နာဂစ်နှစ်ပတ်လည်အတွက် ရေးစပ်ထားတဲ့ တင်ပီးသား ပို့စ်အဟောင်းလေးပါ.. လှိုင်သာယာစက်မှုဇုန်က လစာငွေတစ်သောင်းကျပ်လေးတိုးပေးဖို့အရေး လက်နက်ကိုင်လူသတ်သမားတွေရဲ့ ရှေ့မှာ လည်စင်းပေးနေရရှာတဲ့ တိုက်ပွဲဝင် ရဲမေတွေရဲ့ မျှော်လင့်ချက်မဲ့မျက်လုံးတွေအတွက် ဒီကဗျာလေးကို ပြန်တင်လိုက်တာပါရှင်..)

Monday, February 1, 2010

မိုးတိမ်ထဲဝယ်

နေရာဌာနေ အတည်တကျ မရှိခဲ့ပါဘူး
ဒီလိုနဲ့ပဲ လေနှင်ရာ မျောလွင့်ခဲ့
ဖမ်းဆုပ်မရတဲ့ တိမ်လွှာစိုင်သက်သက်ပါပဲ
ကိုယ့်အပူရှိန်နဲ့ကိုယ် ငွေ့ရည်ဖွဲ့ခဲ့ရတယ်
လေးလံလာတဲ့ ကိုယ့်ရင်ငွေ့တွေကြောင့်
တောင်တန်းတွေရဲ့တစ်ဖက်ကိုရောက်တော့
မိုးရေအဖြစ်နဲ့ ရွာချခဲ့တယ်

မိုးခါးရေတော့ မဟုတ်ခဲ့ပါဘူး
ရွာကျတဲ့ မိုးရေနဲ့ပဲ ဘဝဟာ စိုစွတ်ခဲ့ရတယ်
တစ်ကိုယ်စာလုံတဲ့ ထီးရှာပေးပါ
တစ်ဘဝစာအတွက်တော့ ဒီအတိုင်းက ဒီအတိုင်း
စိတ်ကူးတွေ မရိုင်းခဲ့ပါဘူး
စိတ်ရိုင်းတွေတော့ တစ်ခါတစ်ခါ ပေါက်မိတယ်
လူရိုင်းတစ်ယောက်ဖြစ်ခဲ့ရင်လဲ အကောင်းသား
ရခဲ့တဲ့နောင်တတွေက အရောင်တွေပြယ်လို့
ဒါနဲ့တောင် နက္ခတ်တွေ လွဲခဲ့သေးတယ်

ဇာတ်လမ်းထဲက စကားလုံးတွေနဲ့ပါ
ပြုံးစေချင်မိတယ် ပျော်စေချင်တာ တစ်ခုတည်းနဲ့ပဲ
ငါလဲ အရူးအမူးကျရှုံးခဲ့
ဇာတ်သိမ်းမှာ ရှုံးနိမ့်ကျန်ခဲ့ရမယ်မှန်း သိခဲ့ရက်နဲ့
ရူးရူးမိုက်မိုက် သရုပ်ဆောင်နေမိခဲ့တယ်
ဇာတ်ညွှန်းတွေ အခါခါ ပြောင်းလဲ
ဇာတ်သိမ်းတော့ မပြောင်းခဲ့တာ သေချာတယ်
မရေရာတဲ့ အတွေးတွေနဲ့ပဲ
ဇာတ်ညွှန်းဆရာကို မျက်နှာချိုသွေးနေမိတယ်

ရခဲတဲ့လူ့ဘဝတစ်ခုအနေနဲ့ပေါ့
ကောင်းကင်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်းအကြား
ဗြဟ္မာကြီးလေးဦးနဲ့ အာဒမ် ဧဝ
တူနှစ်ဖြာပေါင်းစပ်မှုတဲ့
သုခကမ္ဘာချည်းထင်ထားခဲ့သမျှ
ဓားသွားထက်က ပျားရည်စက်ကို မျှော်တပ်မက်မိနေတုန်း
အဆုံးမှာတော့ ဖမ်းဆုပ်ခဲ့စရာ မြက်ပင်လေးကို
ချောက်ကမ်းပါးဘေးမှာ ပေါက်စေချင်မိသူပါ

ဒီလိုနဲ့ပဲ တစ်ဖန် မျောလွင့်ခဲ့ပြန်တယ်….

ပြည့်စုံ
(၃၁-၁-၂၀၁၀၊ ၁၁း၂၁ pm)

Sunday, August 16, 2009

မျှော်လင့်ခြင်းကောင်းကင်

ငါရောက်နေတဲ့ညရဲ့ ကောင်းကင်မှာ
လမသာဘူး
လေမတိုက်ဘူး
ကြယ်မရှိဘူး
ယုတ်စွအဆုံးကွယ်
တိမ်တောင် မရှိဘူး

အနက်မှောင် ပြောင်ပြင်ပြင် ကောင်းကင်ကြီးထဲ
မော့ကြည့်လိုက်ရင်
စိမ်းသက်ခြင်းတွေရှိတယ်
အထီးကျန်ခြင်းတွေရှိတယ်
အလွမ်းတွေရှိတယ်

ငါရောက်ချင်တဲ့ညရဲ့ ကောင်းကင်မှာ
အမြဲတမ်း လပြည့်ညဖြစ်တယ်
လေညင်းလေးက အေးမြမြတိုက်ခတ်ရဲ့
ကြယ်အစုံကလဲ လင်းလက်တောက်ပလွန်းတယ်
ယုတ်စွအဆုံးကွယ်
တိမ်တစ်အုပ်ကတောင် ကခုန်နေလေရဲ့

ပြာလဲ့လဲ့ အလင်းရောင်တောက်နေတဲ့ ကောင်းကင်ကြီးထဲ
မော့ကြည့်လိုက်ရင်
နှစ်လိုဖွယ် အကြင်နာတွေရှိတယ်
နွေးထွေးမှုတွေရှိတယ်
အချစ်တွေရှိတယ်

သီချင်းအတူတူ အော်ဆိုနေတဲ့ မောင်နှမတစ်စုရှိတယ်
မုန့်တစ်ခုကို ဝေမျှစားနေတဲ့ မောင်နှမတစ်စုရှိတယ်
အရာရာကို ရယ်စရာဟာသအသွင် သဘောထားတဲ့ မောင်နှမတစ်စုရှိတယ်
လောကဓံကို ကြံ့ကြံ့ခံနိုင်တဲ့ အားအင်တွေရှိတယ်
မမေ့ဖျောက်နိုင်တဲ့ မေတ္တာတွေရှိတယ်
ပြန်ဆုံရင် ပျော်ရွှင်ရမယ့် မောင်နှမတစ်စုရှိတယ်
ငါမျှော်လင့်တဲ့ကောင်းကင်ဟာ အမြဲပဲလှတယ်.....

ပြည့်စုံ (၁၆-၈-၂၀၀၉၊ ၃း၂၈ pm)

Tuesday, July 14, 2009

စောင့်ဆိုင်းရခြင်းတွေမှာ

စောင့်ဆိုင်းရခြင်းတွေမှာ

ငါတို့အတွက်တော့ စောင့်ဆိုင်းရခြင်းတွေမှာ အသားကျနေကြပြီ

လူ့လောကထဲရောက်ဖို့ ကိုးလ စောင့်ရတယ်
စကားပြောတတ်ဖို့ တနှစ်ခွဲလောက် စောင့်ရတယ်

စာသင်ကျောင်းရောက်ဖို့ ငါးနှစ် စောင့်ရတယ်
ကြီးကောင်ဝင်ဖို့ 14 နှစ်လောက် စောင့်ရတယ်

အဆင့်မြင့်တက္ကသိုလ်ဆိုတာ တက်ရဖို့ ဆယ်တန်းအောင်တဲ့အထိ စောင့်ရတယ်
ကံကောင်းရင်ပေါ့လေ ဘွဲ့ရဖို့ 3 နှစ်လောက်တော့ စောင့်ရမယ်

အလုပ်ရဖို့ဆိုလဲ ခန့်မယ့်သူကိုစောင့်ရသေးတယ်
သွားလိုရာရောက်ဖို့ ကျောက်ချထားတဲ့လိုင်းကားပေါ်မှာ ထိုင်စောင့်ရတယ်

အီးမေးတခါပို့ဖို့ ကော်နက်ရှင်ကောင်းတာကို စောင့်ရတယ်
သတင်းဆိုက်တခု ဖတ်ရဖို့ ဆိုင်ကလူအလစ်ကို စောင့်ရတယ်

လက်ဖက်ရည်ဆိုင်ထိုင်ရင်တောင် စားပွဲထိုး လာအမေးကို စောင့်ရတယ်
ချစ်သူရဖို့တောင် သူ့အဖြေကို ရင်ခုန်စွာ စောင့်နေရသေးတာပဲ

ဟုတ်တယ်
ဒါဟာ ပုံသေကားချပ်ပဲ
စောင့်ရမယ်

ပြောင်းလဲဖို့အတွက်ဆို အပြောင်းအလဲကို စောင့်ကိုစောင့်ရမယ်
စနစ်ဆိုးတခုကလွတ်မြောက်ဖို့ မျိုးဆက်တွေတခုစာမက စောင့်နေရဆဲပဲ

အချင်းချင်းညီညွတ်ဖို့တဲ့
တွေ့ဆုံဆွေးနွေးပွဲတွေ တခုပြီး တခု စောင့်ရသေးတာပဲကွယ်

ဒီမိုကရေစီရဖို့အတွက်ဆိုရင်တော့ စောင့်ကို စောင့်ရမှာပေါ့
ဟော ယုံကြည်မှုတခုအတွက်တဲ့ 65 နှစ်စာ စောင့်ရပြန်ဦးမယ်

ငါတို့အတွက်ကတော့ စောင့်ဆိုင်းရခြင်းတွေမှာ အသားကျနေကြပြီပဲလေ……..။
ပြည့်စုံ (19-11-2007, 12:00 PM)

ကံပစ်ချတဲ့ ဘ၀တွေ

သူတို့ရဲ့ မျက်ရေးကြောင်းတွေက
ဘဝကို ဒုံးခံပီး ရင်ဆိုင်မယ့် သတ္တိအပြည့်ရှိကြတယ်
သူတို့တွေရဲ့ စိတ်ဓာတ်အရင်းခံကလဲ ရိုးသားကြတယ်
သူတို့မှာ ဆန်းပြားတဲ့ အတွေးတွေလဲ သိပ်မရှိဘူး

သူတို့မှာ လျှောက်ရမယ့်လမ်းတွေကလဲ ရွေးစရာ သိပ်မများဘူး
သူတို့ရဲ့လိုဘတွေကလဲ အခြေခံလိုအပ်ချက် ပြည့်စုံဖို့ပဲ
သူတို့ရဲ့ မျက်နှာတွေမှာ အားမာန်တော့ အပြည့်ရှိကြတယ်
သူတို့က အရာရာကို ကံကိုပဲ ပုံချ
ငတ်ရတာကိုက ရှေးကံမကောင်းခဲ့လို့တဲ့
သွားမရှိတော့တဲ့ အဘွားအိုက ခွက်ကလေးတလုံး လက်ဆွဲပီး ပြောရှာတယ်

"ဘယ်သူ့ကိုများ အပြစ်တင်ရမလဲကွယ်
ဘဝတွေကိုက ဆိုးလွန်းပါတယ်
ရင်ထဲက မချိတာတွေအတွက်
သူတပါးကိုတောင် အပြစ်မတင်ရက်ရှာဘူး"

သူတို့ရဲ့ အနာဂတ်အိပ်မက်မှာ
ဇိမ်ခံစည်းစိမ်တွေ မပါဝင်ဘူး
ကိုယ့်မိသားစု ကိုယ့်တဲကလေးနဲ့
မိသားစုတွေ ထမင်းဝိုင်း
အပိုအသိုင်းအဝိုင်း မပါတောင်
ထမင်းကြမ်းခဲကလေးကို ပဲကလေး ဆီဆမ်းစားရတာကိုက
လောကနိဗ္ဗာန်တဲ့လေ

သူတို့ရဲ့ နေ့စဉ်ဝတ္တရားတွေကလဲ
အစဉ်အလာအတိုင်းပဲ လှုပ်ရှားကြတယ်
သူတို့က နိုင်ငံရေးဆိုတာ ဘာလဲ မသိကြဘူး
သူတို့က လူ့အခွင့်အရေး ဘာလဲ မသိကြဘူး
သူတို့က သူတို့ရပိုင်ခွင့်ကိုတောင် ဘယ်သူဆီက တောင်းရမှန်း မသိကြဘူး….

ပြည့်စုံ (၂-၅-၂၀၀၉၊ ၂း၃၅ am)

(နာဂစ်နှစ်ပတ်လည် တစ်နှစ်ပြည့်မြောက်တဲ့နေ့မှာ ရင်ထဲက ခံစားချက်တချို့ကို ဖောက်ထုတ် မိလိုက်တာပါ။)

နိစ္စဓူဝ

တမိုးသောက်ပီတဲ့
ဒီနေပဲ ဝင်လိုက်ထွက်လိုက် အလုပ်ရှုပ်လို့
နေအဟောင်းကြီးပဲ
အသစ်လဲ မလဲသေးဘူး
သူလဲ ပင်ပန်းလုပီ

ထွက်သက်ကို မှုတ်ထုတ်လိုက်တယ်
ဒီလေပဲ ခုနက ရှုတာလဲ ဒီလေပဲ
မှုတ်ထုတ်တော့လဲ ဒီလေပဲ
လေက မသစ်တာကြာပေါ့

မိုးစက်တွေတဲ့
မိုးခါးရေထက်တောင် ဆိုးသေးတယ်
မနှစ်က မိုးအဟောင်းပဲ ဒီနှစ် ပြန်ရွာတယ်

ဒီလူပဲ ဒီလူပဲ
မြင်ရသမျှ ဒီလူတွေပဲ
လူအဟောင်းတွေပေါ့
မသစ်ပုံများ အဟောင်းပုံထဲက ရွေးထုတ်ထားတဲ့အတိုင်းပဲ

ဒီအမြင်ပဲ ဒီအမြင်ပဲ
ဟိုးတုန်းကလဲ ဒီမြင်ကွင်းပဲ
မြင်ကွင်းတွေ မသစ်ဆန်းတော့ပုံများ
ရေညှိတောင် တက်လို့…

ပြည့်စုံ (၂၁-၃-၂၀၀၉၊ ၁၁း၀၀ pm)

Monday, July 13, 2009

ဘာမှ အရေးမကြီးပါဘူး

ဘာမှ အရေးမကြီးပါဘူး
ဒီလှေကို စီးပီးသွားကြမယ်
ဘယ်ခရီးပဲရောက်ရောက်
လှေမမှောက်ဖို့က အရေးကြီးတယ် မဟုတ်လား

ဘာမှ အရေးမကြီးပါဘူး
ဒီမြစ်ကို ဆန်တက်ရမှာပဲ
ဘယ်သူတွေပဲ လှော်ခတ်ပါစေ
လှေဝမ်းမပေါက်ဖို့က အရေးကြီးတယ် မဟုတ်လား

ဘာမှ အရေးမကြီးပါဘူး
ဒီလမ်းကို ငါတို့လျှောက်ကြမယ်
ဘယ်သူတွေပဲ ဖောက်ခဲ့ပါစေ
လမ်းမပျောက်ဖို့က အရေးကြီးတယ် မဟုတ်လား

ဘာမှ အရေးမကြီးပါဘူး
ဒီတောင်ကို ငါတို့ကျော်ကြမယ်
ဘယ်သူတွေ လက်တွဲမကူပါစေ
ဖဝါးအောက်ရောက်ဖို့သာ အရေးကြီးတယ်မဟုတ်လား

ဘာမှ အရေးမကြီးပါဘူး
ဒီခရီးနီးသလား

ဘာမှ အရေးမကြီးပါဘူး
ဒီ………

ဘာမှ အရေးမကြီးပါဘူး
…….
ဘာမှ အရေးမကြီးပါဘူး…..
တကယ်တော့လေ…..ဘာမှ အရေးမကြီးပါဘူး….။

ပြည့်စုံ (၅-၅-၂၀၀၉၊ ၂း၅၅ pm)

ယုံကြည်မှု

အအိပ်ခက်လို့ အိပ်ပျက်တဲ့ညတွေထဲ
စိတ်ရှုပ်လို့ အလုပ်တွေချည်းဖိလုပ်တော့
စခရင်က မှိတ်တုတ်
ဘေးနားမှာတော့ မီးခိုးငွေ့တွေချည်းငုတ်တုတ်
အမြဲရှုပ်နေတတ်တဲ့ အခန်းကလဲ
မင်းမရှိတော့ ရှင်းလင်း
ဟင်းလင်းပွင့်နေတဲ့ ရင်ခွင်လိုပဲ
ချဉ်ခြင်းတပ်မှုတွေလဲ ရှိလာတယ်

စက်ရုပ်လို မပြုံးမရယ်
ဖုံးကွယ်ထားတဲ့ အပြုံးတုအောက်မှာတော့
နွမ်းနယ်နေတဲ့ ဦးနှောက်တစုံရှိတယ်
ခေါက်ရိုးကျိုးနေတဲ့ အသားကျစိတ်ဓာတ်တခုလဲရှိတယ်
ကွဲကြေနေတဲ့ နှလုံးသားတစုံလဲ ရှိပြန်ရဲ့

တမိုးချုပ်တိုင်း မက်ခဲ့တဲ့ အိပ်မက်တွေထဲမှာတော့
လူသားအားလုံး ငြိမ်းချမ်းရမယ်ဆိုတဲ့ ကမ္ဘာနဲ့ချီတဲ့ စိတ်ကူးတွေရှိတယ်
နံရံတွေခြားနေတဲ့ အတွေးအမြင်တွေလဲ ရှိခဲ့ဖူးတယ်
ဘဝတွေ ခြားစေခဲ့တဲ့ မျှော်လင့်ချက်တွေလဲ ရှိနေတယ်
မိုင်တွေထောင်ချီပြီး ဝေးသွားခဲ့တဲ့ ဘဝတခုလဲ ရှိခဲ့ဖူးတယ်

အဆုံးမတော့ ပြုံးပြနေရတဲ့လူတွေပဲ များလာတယ်
ဖုံးဖိနေရတဲ့ စိတ်ခံစားချက်တွေပဲ များလာတယ်
ရုန်းမထွက်နိုင်တဲ့ စည်းဘောင်တွေကလဲ တင်းလာတယ်
မုန်းမေ့သွားတဲ့ ချစ်ရတဲ့သူတွေလဲ တိုးလာတယ်
အရှိုးရာတွေလို အသည်းမှာ ထပ်ပိုးလာတဲ့ ဒဏ်ရာတွေလဲ တိုးလာတယ်
ဒါပေမဲ့လဲလေ မပြောင်းလဲတာတခု
ရင်ထဲကယုံကြည်မှုကတော့ ခိုင်မတ်နေတုန်းပါပဲ။

ပြည့်စုံ (17-11-2008, 7:05 pm)