Tuesday, August 11, 2009

ရွက်ကြွေကလေးရဲ့ ဒဏ္ဍာရီ


လေနှင်ရာ မျောလွင့်တဲ့ ရွက်ကြွေကလေး
သစ်ပင်ပေါ်မှာ နေမရလို့
ကြွေကျ မြေခရှာလေရဲ့...........

လေနှင်ရာ မျောလွင့်သွားတဲ့ ရွက်ကြွေကလေးတွေကို သူ ငေးကြည့်နေခဲ့မိဖူးတယ်.

သစ်ရွက်စိမ်းကလေးဘဝ သစ်ပင်ပေါ်မှာတုန်းက သူဟာ ကြွားကြွားဝင့်ဝင့် မားမားစွင့်စွင့် ရှိနေပါလိမ့်မယ်. အခုတော့ လေနှင်ရာပြေး သစ်ပင်ရဲ့နံဘေးမှာ မနေနိုင်တော့ဘူးလေ.

ရွက်ခြောက်ကလေးဘဝ လေတိုက်ရာ ရှောတိုက်နေရင်း ဘဝတူ သစ်ပင်ပေါ်က သစ်ရွက်ကလေးတွေကို ပြန်ငေးကြည့်မိတယ်. မင်းတို့ကတော့ လှလှပပ ပင်ယံထက်မှာ ကြွကြွရွရွ ရှိနေတုန်းပဲပေါ့.

ဟော ဖြုတ်ဆို သုတ်ခနဲ လေအဝှေ့ မာန်ကြွနေရှာတဲ့ ခေါင်ထိပ်က သစ်ရွက်ကလေး လေအနော့မှာ ကြွေကျသွားပါလေရောလား. သစ်ရွက်ခြောက်ကလေးက ခပ်တိုးတိုးအရယ်မှာပဲ သူ့အပေါ် နင်းခြေမွမယ့် ခြေသံတစ်စုံ တိုးဖွဖွလေး နီးကပ်လာနေတယ်.

ကတ္တီပါသဲကြိုးအနက်ကလေးရဲ့ စိုထင်းမှုကို အံ့သြတကြီး ကြည့်အနေမှာပဲ ရက်စက်တဲ့ ကံကြမ္မာက သူ့ကို သက်ဆိုးရှည်ခွင့်မပေးခဲ့ပြန်ဘူးလေ.

ဖိနပ်ပါးကလေးနင်းချေသွားတဲ့ ခြေလှမ်းတိုင်းမှာ ကံကုန်သွားတဲ့ သစ်ရွက်ခြောက်လေးတွေ များစွာ ရှိပါလိမ့်မယ်. သူလဲ တစ်ရွက် အပါအဝင်ပေါ့.

ဒီလိုအတွေးမှာပဲ လေညင်းရဲ့သယ်ဆောင်ရာ ဖိနပ်ပါးကလေးအောက် သစ်ရွက်ခြောက်ကလေး ရောက်သွားရှာလေရဲ့.
…………………………………………….

9 comments:

  1. နွေဦးရွက်ကြွေလေးတွေရဲ့ ပျောက်ကွယ်ချိန်လေးတွေက လွမ်းစရာလေးတွေလို့ ခံစားရတယ်။
    ချမ်းလင်းနေ

    ReplyDelete
  2. ကြံကြံဖန်ဖန်ပဲ သစ်ခြောက်ရွက်ခြောက်ကိုလည်း စာတစ်စောင်
    ပေတစ်ဖွဲ့ရေးတတ်တယ်
    ဘာပဲပြောပြောအရေးအတွေးကောင်းတော့ ဖတ်ရတာအရသာရှိတယ် သစ်ရွက်ခြောက်လေးရေ
    အမျှ...အမျှ..... :)

    ReplyDelete
  3. အနော်ခင်ဗျား... ရိုသေစွာဖြင့် စာရေးလိုက်ပါသည်။ အနော်၏ စာကို
    ကျွန်တော်ဖတ်မိသည့် အခါတိုင်း ရင်ဘတ်ကြီးတစ်ခုလုံးပြည့် ကျပ်
    လာပြီးနံရိုးတွေပါတဖြစ်ဖြစ်မည်၍ကွဲထွက်တော့ မတတ်၊နုလုံးတွေပါ
    တစ်စစီကြွေကြတော့ မတတ်ဖြစ်ဖြစ်လာရပါသည်။ဒူးတွေတောင်မခိုင်
    ချင်တော့ ။မကုန်သေးဘူးလားဗျာကုန်ကြမ်းတွေ၊အတွေးတွေကလတ်
    ဆတ်လန်းဆန်းတုံးပါလား။ နောက်တာနော်.. စိတ်မဆိုးကြေး...
    သစ်ရွက်ခြောက်ဆိုမှတော့ ဆွေးဘို့ ကြွေဘို့ ပဲရှိတော့ မှာပေါ့ နော်...

    ReplyDelete
  4. မန့် ကြည့် တယ်မပေါ်ဘူး။ရွက်ကြွေတို့ ကြေတာထက်ပိုဆိုးတဲ့ ခံစား
    မှုဖြစ်ရတယ်။ကိုယ်ရေးတာမမြင်ရလို့ ။

    ReplyDelete
  5. ဖိနပ်ပိုင်ရှင်ရယ်.... အောက်က သစ်ရွက်ခြောက်ကို မနင်းပါနဲ့ဗျာ။
    သူ့ ခမျာလဲ ခံစားတတ်လို့ ပါ။
    နော်လေးရေ.... တော်တော်ကောင်းတဲ့ အတွေးလေးပါ။
    အော်။။ ဖြစ်တတ်၊ ပျက်တတ်၊တဲ့ လောကကြီးပဲနော်။ ဘာအတွက်မှ မာန်မတက်မိအောင်ကြိုးစားရမယ်။ သစ်ရွက်ခြောက်လေးဖြစ်မှ လွင့်ကျရုံတင်မက အနင်းပါခံရဦးမယ်လေနော်။
    အနိစ္စ၊ ဒုက္ခ၊ အနတ္တ။
    အများကြီးတွေးသွားတယ် အနော်ရေ....

    ReplyDelete
  6. အနော်ရဲ့ ..
    ချစ်သောအမကကျတော့ အဲလို နင်းလိုက်ရင် ဂျွတ်ကနဲ မြည်တဲ့ အသံနဲ့ အရသာကို တအားကြိုက်တာ။ သစ်ရွက်ခြောက်လေ နင်းလို့ကောင်းလေပဲ။
    ဟီး..ရက်စက်တတ်သူဂျီးများ ဖြစ်နေပီလား ဟင်င်င်င်
    :)

    ReplyDelete
  7. အနော် အဲ့သစ်ရွက်ကလေးရဲ့နေရာမှာ အချစ်ကြောင့် ညှိုးနွမ်းခြောက်သွေ့နေတဲ့ နှလုံးသားတွေကို အစားထိုးကြည့်ချင်လိုက်တာ
    တက်နင်းလိုက်မိတဲ့အချိန်မှာ
    သစ်ရွက်ခြောက်ကလေးတွေက ဂျွတ်ခနဲမြည်ပီး ကျိုးကြေ ကြေမွသွားရင်
    အသည်းနှလုံးလေးတွေဆိုရင် ဘယ်လို အသံများထွက်မလဲ မသိ :(
    စဉ်းစားမိတာလေး ပြောကြည့်တာပါရှင့်

    ReplyDelete
  8. ကဲကြည့် လူသွားလမ်းက မလျှောက်တော့ တက်နင်းမိပြီ..
    စည်ပင်သာယာကလူတွေကလဲ အမှိုက်မသိမ်းဘူးထင်တယ်.. ဟဲဟဲ...
    စိတ်ကူးဆန်းဆန်းနဲ့ အနော်.. ပျော်ရွှင်ပါစေ..

    ReplyDelete
  9. ရေးတတ်လိုက်တာနော်... သူများတွေများ... အားကျသွားတယ်အရေးအသားကို

    ReplyDelete