Sunday, August 9, 2009

ကျိုက်ထီးရိုးတစ်ခွင် ပြဲပြဲစင်



ခရီးထွက်ဖြစ်ဖို့ဆို တော်တန်ရုံ စိတ်ကူးခွင့်မရခဲ့ပါဘူး. ဘာလို့ဆိုတော့ ကျမ မိဘတွေက သူတို့ကိုယ်တိုင်လဲ လိုက်မပို့နိုင် (ငွေရေးကြေးရေးအရပါ) သူများနဲ့ထည့်လိုက်ဖို့ကလဲ စိတ်မချနဲ့မို့ အသက် ၂၀ ရောက်တဲ့အထိ အိမ်ကနေ ညအိပ်ညနေ ခရီးတောင် မသွားဖူးပါဘူး.

၂၁ နှစ်အရွယ်က စပီး အလုပ်စဝင်တော့မှ ကျမက အိမ်ကို အမှန်အတိုင်းပြောပီးကို ရန်ကုန်တစ်ခွင်နဲ့ လက်လှမ်းမီရာ သန်လျင် ကျောက်တန်း ပဲခူး ထောက်ကြံ့ စသဖြင့် ခြေဆန့်ပါတော့တယ်.

အခုတော့ ရေခြားမြေခြားမှာ ကျမ တစ်ယောက်တည်း နေရဲနေပါပီ ဟိုဟိုသည်သည် သွားတာက အစ ခရီးသွားတာ အဆုံး တစ်ယောက်တည်း ကျောပိုးအိတ်တစ်လုံးလွယ်ပီး စကားပြောမပေါက်တဲ့ လူတွေကို လက်ဟန်ခြေဟန် ဘရုတ်ကန်းအင်းဂလိပ်နဲ့ (အမှန်တော့ ကိုယ်ပြောတာကို နားကို မလည်ကြတာပါ) ပြောဖြစ်ပါတယ်. တော်ရုံလဲ ကျမက လူသိပ်မကြောက်ပါဘူး.

မမေ့နိုင်စရာ လက်ချိုးရေလို့ရတဲ့ ခရီးတွေထဲမှာ အလုပ်ထဲက စိတ်ပင်ပန်းမှုတွေ ပြေပျောက်အောင် သွားဖြစ်ခဲ့တဲ့ ၃ ညအိပ် ၄ ရက် ခရီး ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်လဲ တစ်ခု အပါအဝင်ပါ. သူများတွေ အတွက်တော့ အထူးအဆန်းမဟုတ်ပေမဲ့ ကျမတို့အတွက်ကတော့ အခက်အခဲတွေကြားက ခက်ခက်ခဲခဲ သွားခဲ့ရတဲ့ခရီးလေးမို့ ပြန်တွေးတိုင်း ကြည်နူးရ ပျော်ရွှင်ရတဲ့ အဲ့ဒီခရီးစဉ်လေးကို မေ့မရခဲ့ပါဘူး.

၂၀၀၂ ခုနှစ် ကျမ စီးပွားရေးတက္ကသိုလ် ဒုတိယနှစ် (အဝေးသင်) ပါ တက်နေတုန်းက ကျောင်းတက်ရင်း တစ်ဖက် ထီးစက်ရုံတစ်ခုမှာ စာရင်းကိုင် အလုပ်ဝင်လုပ်ခဲ့ပါတယ်. အဲ့ဒီ စက်ရုံက ကျမရဲ့ သူငယ်ချင်းလေးတွေက အခြေခံလူတန်းစားတွေများပေမဲ့ စိတ်ရင်း ဖြူစင်ကြတယ် ရိုင်းပင်းကူညီတတ်တဲ့စိတ်တွေရှိတယ်. ကြင်နာသနားတတ်တယ်. ဖော်ရွေတယ်. မရှိအတူ ရှိအတူ မျှဝေခံစားတတ်တဲ့စိတ်တွေရှိတယ်. သူတို့က ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်းနဲ့ ဟောဟော ဒိုင်းဒိုင်းသမားတွေပါ. ကျမ သိပ်ချစ်ပါတယ်. အခုအချိန်အထိ ကျမတို့ အဆက်အသွယ် အမြဲရှိတုန်းပါပဲ.

ကျမတို့ အလုပ်က ဒီဇင်ဘာလမတိုင်မီ အလုပ်ပိတ်ရက်နဲ့ အမျိုးသားနေ့ ကြားရက်ခံတော့ ၃ ရက် ပိတ်ပါတယ်. အဲ့သုံးရက်ကို ကျိုက်ထီးရိုးဘုရားဖူးသွားကြမယ်လို့ စိတ်ကူးမိတဲ့အတိုင်း အကောင်အထည် ဖော်ကြပါတယ်. ကျမကပဲ ဦးဆောင်ပီး မန်နေဂျာကိုပြောပါတယ်. ကျမတို့ကို အလုပ်ပိတ်ရက် မတိုင်ခင် ရှေ့တစ်ရက်ရဲ့ ညနေ ငါးနာရီမှ အလုပ်ဆင်းပေမဲ့ ၄း၃၀ လောက်ကို ကားဂိတ်ဆင်းပီး လက်မှတ်သွားဝယ်ခွင့်ပေးပါဆိုတော့. ပေးရင် ရပေမဲ့ သူက ကျမတို့ကို ညစ်ပါတယ်.

အမှန်လဲ အလုပ်ပိတ်လို့ သွားလို့ရပေမဲ့ ကျမတို့ကို ပေးမသွားချင်ဘူး. နင်တို့ သွားတော့ အလုပ်က ဘယ်ပီးမလဲ မရဘူးနဲ့ ညစ်ပါလေရော. နာရီဝက်လောက်လေးကို ပေးပါ မနက်ကို ၁ နာရီ အလုပ်စော လာလုပ်ပါ့မယ်ဆိုတော့ ဒီလိုလုပ်လို့ ဘယ်ရမလဲတဲ့.

အေး ရတယ် မရဘူးထင်ရင် ရအောင် လုပ်ပြမယ် မပေးလဲ ကိစ္စမရှိဘူးလို့ ကျမက ပြောလိုက်တယ်. ခွင့်လဲ ယူခဲပီး အလုပ်ပါးချိန်ကို ကျမတို့ကို ရစ်တော့ ကျမ တကယ် စိတ်ဆိုးသွားမှန်း သိပါတယ်. ကျမက စိတ်ဆိုးခဲပါတယ်. စိတ်ဆိုးရင်လဲ သိပ်ရုပ်ဆိုးပါတယ်. စိတ်ဆိုးမှန်း သိသာတဲ့ ရုပ်မျိုးပါ. နောက်တော့ သူက လာချော့ပီး နင်တို့ ဒီညနေ ကားလက်မှတ်ဝယ်မလား လက်မှတ်ရရင် မနက်ဖြန်သွားကြတဲ့ ကဲကြည့်ဦး

အိုကေ လာထားပေါ့. ကျမက အဲ့လို စိန်ခေါ်တာကို သိပ်ကြိုက်ပါတယ်. မဖြစ်ဖြစ်အောင်လဲ လုပ်တတ်တဲ့အကျင့်ရှိတယ်. မလုပ်ရဲဘူး မဟုတ်လားဆို လုပ်ပြလိုက်ပါတယ်. မချစ်ဘူး မဟုတ်လား သိပါတယ် မချစ်မှန်း အဲ့လိုပြောရင် ဒေါသက ထွက်လာပီး ဘာ မချစ်ဘူး ဟုတ်လား ချစ်တယ် ချစ်တယ်ဟဲ့ အဲ့လိုမျိုးပါ. ဟီးဟီး အနိုင်မခံ အရှုံးမပေးတဲ့ သဘောပါ.

ကျမတို့ သွားဖို့အတွက် ပိုက်ဆံက နဂိုကတည်းက ကြိုစုထားတာပါ. အဲ့တော့ ညနေ အလုပ်ဆင်းတာနဲ့ ဆင်မလိုက် အဝေးပြေးမှာ ကားလက်မှတ်သွားဝယ်ပစ်လိုက်ပါတယ်. ဟဲဟဲ အဲ့တုန်းက ကျိုက်ထိုလိုင်းကားပါ ဘုရားဖူးကား မဟုတ်တော့ ကားခလဲ သက်သာပါတယ်. သူက ကင်ပွန်းစခန်းအထိ ပို့ပေးပါတယ်. မနက် ၁၁ နာရီ ဝင်း အဝေးပြေးကားနဲ့သွားတာပါ. လက်မှတ်ကို ဝယ်ပီး နောက်နေ့ အထုပ်တွေအပိုးတွေနဲ့ မန်နေဂျာဆီ ဖုန်းဆက်လိုက်ပါတယ် ကျမတို့ သွားပီပေါ့ သူဖျားသွားပါတယ်. နောက်တော့ သူ့မှာ တာဝန်ရှိတယ်ဆိုပီး သူက ကျမတို့ကိစ္စကို ဖုံးဖိပေးပါတယ်. ပြန်လာတော့ ကျမကို နည်းနည်းတော့ ဆူပါတယ်. ဟဲဟဲ တော်သေးရဲ့ အလုပ်မပြုတ်လို့.

ကျမရဲ့ မမ မမဆုမွန်ရယ် မောင်ကလေးရယ် ကျမရဲ့ မမရဲ့ သူငယ်ချင်း ပူစီအပျိုကြီးမမ တစ်ယောက်လဲ ပါပါတယ်. ကျမရဲ့ သူငယ်ချင်းက ငါးယောက်ပါ. အားလုံးပေါင်း ကိုးယောက်တိတိပါ. လမ်းခရီးကို ကိုးယောက်မသွားကောင်းတာ မသိကြပါဘူး. ကိုးယောက် အထုပ်တွေ အပိုးတွေနဲ့ ကားဂိတ်ကို စရောက်လာပါပီ. တော်သေးတာက ကျမတို့ သိပ်ချစ်တဲ့ ဦးလေးက ဘုရားဖူးသွားဖို့ မုန့်ဖိုးလာပေးတာပါ. ကံကော်တာပေါ့လေ.

ကားက ဘယ်ကားမှန်း မသိသေးဘူး. တက်တက် ဒီကားဆိုတော့ ကားက တော်တော်လေးကို စုတ်ပါတယ်. ဆရာမကြီး ကျမလဲ မျက်နှာငယ်နဲ့ပါ. အေးဆေးပေါ့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကားလဲ စထွက်လို့ စော်ဘွားကြီးကုန်းအဝေးပြေးကို ဝင်ပီး နည်းနည်းလဲ ကျော်ရော မြို့ပြင်တောင် မထွက်သေးပါဘူး မုန့်ဟင်းခါးစားလေးကြွပါဦးဆိုပီး ကားကို ဆင်းတွန်းရပါတယ်. မမက ရယ်လိုက်တာ သူ့သူငယ်ချင်းကလဲ စကတည်းက ပူစီကိုက်ပါတော့တယ်. သူက အိတ်စပရက်ကားနဲ့ သွားချင်တယ်ဆိုပဲ. ဒီမှာက သွားချင်တာကို ပိုက်ဆံစုပီး ချွေတာ သွားရတာကို နားမလည်ဘူး. မသွားနိုင်လို့ပေါ့ သွားနိုင်ရင် ကိုယ်ပိုင်တောင် စင်းလုံးငှားလိုက်ချင်သေးလေ နော့် ဟုတ်ဘူးလား.

ဒီလိုနဲ့ ပျော်စရာ တစ်လမ်းလုံး သီချင်းတွေဆို ပီးတော့ ကောင်မလေးတွေချည်းပဲ ရှစ်ယောက် မောင်ကလေးက တစ်ယောက်ဆိုတော့ ဘယ်ပြောကောင်းမလဲ ကားပေါ်မှာ စန်းပွင့်ချက်ပေါ့ ဟိဟိ.

ကျမတို့ သူငယ်ချင်းတွေကလဲ ဂျီးမများကြပါဘူး နောက်ပီး သိပ်လဲ ကရိကထခံတဲ့သူမရှိတော့ အေးဆေးပါပဲ. ၁၁ နာရီ ဆင်မလိုက်က ထွက်ပီး အဲ့ဒီကို ရောက်တော့ ညနေ ၆ နာရီ ထိုးခါနီးနေပါပီ. ကင်ပွန်းစခန်းရောက်တော့ မမက ကားနဲ့တက်ကြမယ်တဲ့. အိုကေပေါ့ ကားခက အဲ့တုန်းက တစ်ယောက် ၃၅၀ ပါ. နောက်ဆုံးကားနဲ့ တက်ပါတယ်. ကားကို လူအပြည့်တင်ပါတယ်. ကျောက်သယ်တဲ့ကားလိုမျိုးလေ အနောက်က ပက်လက်လုပ်ထားတဲ့ ကားမျိုးပါ. ကျမက ချောက်ဘက် ဘေးအစွန်မှာထိုင်ပါတယ်. သတ္တိခဲပေါ့လေ. ဟဲဟဲ.

တောင်တက်ခရီးစပါပီ. စတုန်းကတော့ တောင်က နိမ့်နိမ့်လေးဆိုတော့ အိုကေပေါ့. သိပ်မကြာပါဘူး ရိုလာကိုစတာ စီးရသလိုပဲ ကားက ဝေါဝေါဝူးဝူးနဲ့ ကျမတို့ဆိုတာ အော်လိုက်တာ နားက နဖားချေးခြောက်တောင် အတောင့်လိုက်ပြန်ထွက်ပါတယ်. ကျမက ချောက်ကို မြင်နေရတော့ ကျမကပဲ စစ အော်တာပါ. အော်သံကတော့ အစုံပါပဲ. ကားပေါ်က လူတွေက ပထမတော့ အူကြောင်ကြောင် ကြည့်ကြပီး. ကျမတို့ အော်တာ ပျော်စရာကောင်းတယ် ဆိုတော့ သူတို့လဲ ပျော်ပီး လိုက်အော်ကြပါတယ်. အရှေ့က လူကြီးကြီးစုံတွဲကဆို ကျမတို့ကို အရမ်းသဘောကျနေတာပါ.

ရသေ့တောင် အရောက်မှာတော့ ကျမတို့ အော်လွန်းလို့ အသံတောင် မထွက်တော့ပါဘူး. ကားပေါ်ကနေ ခုန်ဆင်းကြပီး အထုပ်တွေဆွဲပေါ့ အဲ့အချိန်မှာ ပြန်ဆင်းမယ့်ကားပေါ်က လူတွေက တောင်ဝှေးတွေ ပေးသွားကြတာ ကိုးချောင်းတိတိပါ. အဲ့ဒီကနေ စပီး ထူးဆန်းတဲ့ အခြင်းအရာတွေ စတော့တာပဲရှင့်.

ကျမတို့က ရသေ့တောင်ကနေ ကျိုက်ထီးရိုးဘုရားအထိ ခြေကျင်တက်ကြပါတယ်. တောင်တက်ရတဲ့ အတွေ့အကြုံမရှိတဲ့အပြင် လမ်းလဲ အဲ့ဒီလောက် ဝေးဝေးလံလံ မလျှောက်ဖူးပါဘူး. နောက်ပီး လမ်းပြေပြေမဟုတ်တော့ သိပ်မောပါတယ်. ဒါပေမဲ့ ကျမတို့ လျှောက်နိုင်ကြပါတယ်.

တောင်ပေါ် ရောက်တဲ့အချိန်မှာ ည ၈ နာရီပါ. ရုတ်တရက် တောင်ပေါ်တက်တက်ချင်းမှာပဲ အမေ ရွှေနန်းကျင်နန်းဆောင်နားကနေ ရပ်ကြည့်လိုက်တာ တစ်တောင်လုံး မြူတွေဝိုင်းနေတာ စွန်းဝူခုံးဇာတ်ကားထဲက နတ်ပြည်ကျနေတာပါပဲ. ကျမတို့ အမောပြေသွားကြတာ တော်တော် အံ့သြဖို့ကောင်းပါတယ်. လူတွေက တိတ်တဆိတ်ရွေ့လျားနေကြတာ အသက်မဲ့ ၀ိညာဉ်တွေလိုပါပဲ နှင်းမှုန်တွေကြားထဲမှာ အဖြူရောင် အရိပ်တွေ လေထဲ လွင့်နေသလိုပေါ့.

နောက်တော့ တည်းမယ့်နေရာကို အရင်ရှာကြပါတယ်.သွားမယ်ဆိုကတည်းက တည်းမယ်ဆိုရင်တော့ ဘုန်းကြီးကျောင်းမှာပဲ တည်းမယ်ဆိုတဲ့ အသိရှိကြပါတယ်. တည်းခိုခန်းခ မတတ်နိုင်လို့ပါ ဟိဟိ.

ရင်ပြင်အဆင်းနားက ဘုန်းကြီးကျောင်းကို ရောက်တော့ ဘုရားဖူးတွေနဲ့ ပြည့်ကျပ်နေပါတယ်. ဘုန်းကြီးကို သွားကန်တော့ကြပီး မျက်နှာငယ်လေးတွေနဲ့ လှေကားရင်းလဲ ရပါတယ်ဘုရား. ပေးတည်းပါဆိုပီး ကန်တော့ကြတော့ ဘုန်းကြီးက သနားပီး. အစစ အရာရာ အကုန်ထုတ်ပေးပါတယ်. လူတွေကို နည်းနည်းဖယ်ခိုင်းပီး ကျမတို့ကို လှေကားထစ်တွေနားမှာ ချပေးပါတယ်. အိပ်ဖို့လဲ ဘာမှမပါပါဘူး. ဘုန်းကြီးကပဲ တာလပတ်စပေးပါတယ်. ခေါင်းအုံး ၂ လုံးပေးပါတယ်. ရေနွေးဓာတ်ဘူးပေးပါတယ်. အဲ့ဘုန်းကြီးကို ထိုင်ထိုင်ကန်တော့ကြတော့ ဘုန်းကြီးက ပိုပိုသနားသွားပါတယ် ဟဲဟဲ. အဲ့လိုမျိုးပါ.

နောက်တော့ အိပ်ကြမယ်ပေါ့ တော်တော်လဲ မောနေကြတော့ ပိုးလိုးပက်လက် လှန်ကြတာပေါ့. ကျမရဲ့ သူငယ်ချင်းထဲမှာ အူကြောင်ကြောင်လေးတွေ ပါပါတယ်. အဲ့အထဲမှာ တစ်ယောက်က သူ့ကို ချစ်စနိုးနဲ့ အပြူးလို့ပဲ ခေါ်ပါတယ်. သူ့မျက်လုံးလေးက ပြူးပြူးလေးပါ. သိပ်လဲ စိတ်ရင်းကောင်းတယ်. သိပ်ချစ်ဖို့ကောင်းတာ တစ်ခုက သူက ဟာသကို ဟာသမှန်း မသိတာပါ. သူက အေးဆေးပါပဲ သူ့ရဲ့ ခရီးဆောင်အိတ်ကြီးကို ကျမတို့ အိပ်နေတဲ့အပေါ်ကို ပစ်တင်လိုက်ပါတယ်. သူ့ပုံစံက ပစ်လိုက်တာ ဘယ်ပေါ်ရောက်လဲ သိကို မသိတဲ့ပုံပါ. ပီးတော့ အိပ်ပါတယ်. ကျမတို့က လှဲနေတုန်း အထုပ်ကြီး အပေါ်ကို ဗုန်းဆိုရောက်လာတော့ ထပီး ဖယ်ရပါတယ်. အပြူးကတော့ အေးဆေးပါ. အဲ့လိုမျိုးလေ. ကျမတို့ ရယ်တော့ ဘာရယ်လဲ ထမေးပါတယ်. အဲ့တော့ ပိုရယ်ရပါတယ်.

ခနပဲ လှဲကြပီး ရင်ပြင်ကို ပြန်ထွက်ကြပါတယ်. အဲ့ကျမှ ဘုရားကို သေချာဖူးကြပါတယ်. အေးလို့ဆိုပီး စောင်တွေ ပြန်ယူကြပီး စောင်တွေ ခြုံပီး ရင်ပြင်မှာ စုထိုင်နေကြတုန်း ရင်ပြင်ပေါ်က ကလေးတွေက မီးချောင်းတွေအောက်မှာ ကျနေတဲ့ ပုရစ်တွေကို ကောက်ပီး ရေသန့်ဘူးထဲ ထည့်နေကြပါတယ်. ကျမတို့လဲ သဘောကျလို့ လိုက်ကောက်ကြပါတယ်. အကုသိုလ်မှန်း မသိဘူးလေ. နောက်တော့ မမက စပီး စောင်ကို အတောင်ပံလိုလုပ်ပီး ရင်ပြင် ဟိုဘက် သည်ဘက် ပြေးပါတယ်. လေကတိုက်နေတော့ တကယ့်အတောင်ပံလိုပါပဲ. နောက်တော့ ပုရစ်ဘူးတွေကို ဘောလုံးကန်ကြပါတယ်. ကျမတို့ ဆော့နေကြတုန်း ဘုရားရဲရောက်လာပီး ဝမ်နင်ပေးပါတယ်. ရင်ပြင်ပေါ်မှာဆော့ရင် ဖမ်းမယ်ဆိုလို့ ပြန်ငြိမ်ကုပ်ကြပီး တန်ဆောင်းထဲ ဝင်ပီး တရားထိုင်ကြပါတယ်. ဟိဟိ

နောက်တော့ မနက် အာရုဏ်တက် ထမယ်ဆိုပီး အိပ်ကြပါတယ်. အိပ်တော့ပဲ ၁ နာရီထိုးနေပါပီ. မောလွန်းတဲ့အပြင် ဆော့ထားတော့ ပိုပင်ပန်းပါတယ်. အိပ်မလို့ မှေးနေတုန်းရှိသေး အပြူးက ထပီး ကျွတ်ကျွတ်အိတ်တွေကို ထကိုင်ပါတယ်. တကျွတ်ကျွတ်နဲ့ အကုန်နိုးပီး ဘာလုပ်လဲမေးတော့ မနက်အတွက် သွားတိုက်ဆေး ထထည့်နေတာတဲ့လေ. ဝိုင်းပီး ဆဲဆိုကြိမ်းမောင်းကြတော့ မျက်နှာငယ်နဲ့ အိပ်မရလို့ပါတဲ့လေ. မရဘူး အိပ်ဆိုပီး အိပ်ခိုင်းတော့မှ အိပ်ပါတယ်.


မနက် အာရုဏ်တက်တော့ ကျမတို့ ဘုရားရှိခိုးပီးပေမဲ့ အပြူးတစ်ယောက် မပီးသေးပါဘူး. ပရိတ်ကြီး ၁၁ သုတ် စာအုပ်ကြီးကိုင်ပီး သူကပ်ထားတဲ့ အာရုဏ်ဆွမ်းကို စွန့်သွားမှာစိုးလို့ မျက်လုံးကြီးဖွင့် ဘုရားစာ ဆိုပါတယ်. ရယ်ရပါသေးတယ်. ကျမတို့လဲ သူ့ကိုစောင့်နေရင်းနဲ့ ဘုရားရှိခိုးကြပါတယ်. နောက်တော့ ကျိုက်ထီးရိုးဘုရားကို ရွှေသင်္ကန်းကပ်ဖို့ရာ ကိုးယောက်တိတိ ဘုရားဖူးသွားတာ ကျမ မောင်လေးတစ်ယောက်ပဲ ဘုရားကို ကိုယ်တိုင်ကိုယ်ကျ လက်နဲ့ထိကိုင် ပူဇော်ခွင့်ရခဲ့ပါတယ်. အဲ့ဒါကို ကြည့်ပီး မိန်းခလေးဖြစ်ခွင့်ရတာကို ပထမဆုံးအကြိမ် စိတ်မကောင်းဖြစ်ရပါတယ်.

ကျမတို့ ပြန်ရောက်တော့ ဘုန်းကြီးက ဘယ်ကိုသွားမလဲတဲ့ လာမေးတယ်. အဲ့ဘုန်းဘုန်းက တော်တော်လေးကို ကျမတို့ကို ဂရုစိုက်ပါတယ်. ဆန်တောင်ချက်စားဖို့ ပြောပါတယ်. ကျမတို့က သည်နားက တောင်တွေကို အကုန်သွားမယ်လို့ပြောတော့ ဘုန်းဘုန်းက သဘောကျပီး ဘုန်းကြီးကျောင်းသားလေး ၂ ယောက် လမ်းပြအနေနဲ့ ထည့်ပေးလိုက်ပါတယ်.

ပထမဆုံး ကျမတို့ ရေတံခွန်ကို ဆင်းကြပါတယ်.

ရေတံခွန် အဆင်းခရီး စတင်ပါပီ.

မနက် ၈ နာရီကနေ စထွက်ကြပါတယ်. ရေတံခွန်က အဆင်းက အရမ်းပဲ မက်စောက်ပီး တချို့ နေရာတွေက ဖင်နဲ့ လျှော ဆင်းရပါတယ်. နောက်တော့ ကျမတို့ ဆင်းလာလိုက်ကြတာ ပိတ်ရက်ခံပေမဲ့ တချို့ဘုရားဖူးတွေက ပြန်ဆင်းနေကြပီဖြစ်လို့ လူက တော်တော်လေး ရှင်းပါတယ်. နောက် ဒီဇင်ဘာလပွဲတော်လကို မရောက်သေးတာကြောင့်လဲ ပါပါတယ်. လမ်းမှာ ဆိုင်လေးတွေ ဆောက်လက်စပဲ ရှိပါသေးတယ်. ကျမတို့ ဆင်းပီး ရေတံခွန် မရောက်ခင်မှာ အောင်သဒ္ဓိ ဘုန်းကြီးကျောင်းကို ဖြတ်ရပါတယ်. အဲ့ဘုန်းကြီးကျောင်းမှာ သတ်သတ်လွတ် ထမင်းကျွေးပါတယ်. ကျမတို့က ဘုန်းကြီးကို ဝင်ကန်တော့ကြပီး ပြန်လာမှ စားမယ်လို့ စရန်သတ်သွားကြပါတယ်.

ပီးတော့ ထပ်ဆင်းလာကြတာ ရေတံခွန်ကို မတွေ့ရသေးပေမဲ့ ရေကျသံ တဝေါဝေါကို စကြားရပါပီ. နောက်တော့ ရေတိမ်တိမ်လေးတွေကို အမြင်မှာပဲ ရန်ကုန်သူ ကျမတို့က ရေဆို မြောင်းရေတောင် ဆော့နေကြဆိုတော့ ရေတံခွန်လား ဘာလား မသိပဲ ရေထဲ ဆင်းဆော့ကြပါတယ် အဲ့ဒီနားမှာ ကျောက်တုံးအကြီးကြီး ရှိပါတယ်. ကျောက်တုံးပေါ် ကျောခင်းပီး ဆော့နေတုန်း အောက်ကို ငုံ့ကြည့်လိုက်တော့မှ အားပါးပါး ကျမတို့က ရေတံခွန်ထိပ်တည့်တည့်ကို ရောက်နေတာပါ. ကျောက်ကြားကို ကျောပေးပြီး ရေသံကြားမှာ အသာလေး ငဲ့ကြည့်တော့ လားလား အောက်မှာ နက်ရိုင်းနေတဲ့ ရေတံခွန်ကြီးရဲ့ ကျောက်ချပ်ကြား အပေါ်ဆုံးထိပ်တည့်တည့်ကို ရောက်နေတာပဲ. သတိမမူမိပဲ အသာလေး လျောဆင်းလိုက်ရင် သွားပြီ. ကျောတခြား ရင်တခြား အရိုးအသား တစ်စစီ ဖြစ်သွားမှာသေချာတယ်. သူတော်ကောင်း နတ်ကောင်းမတယ် ပြောရမယ်. မတော် ပြုတ်ကျလို့ကတော့ သေပီပဲလေ.

ကျမတို့ အော်ကြဟစ်ကြပီး အောက်ကို ထပ်ဆင်းတော့မှ ရေတံခွန်အောက်ဘက်ကို ရောက်ပါတော့တယ်. ရေတံခွန်က သိပ်လှပါတယ်. ရေကလဲ အေးစိမ့်ပီး ကြည်လင်နေတာပဲလေ. တောကြီးမျက်မည်းထဲမှာ ကျမတို့ မကြောက်မရွံ့ ရေဆင်းကူးကြတာပေါ့. အခုတော့ ဆိုင်တွေ ဆောက်လိုက်လို့ ရေတံခွန်က မလှတော့ဘူးလို့ ပြောပါတယ်.

ဆော့လို့ကောင်းလိုက်တာ. နောက်တော့ ကျမတို့ ကိုးယောက် ပါလာတဲ့ လမ်းပြ ကောင်လေး ၂ ယောက်အပြင် အတွဲ ၂ တွဲ ထပ်ရောက်လာပါတယ်. သူတို့လဲ ဆော့ ကျမတို့လဲ ဘာပြောကောင်းမလဲ ဆော့ကြတာပေါ့. ရေတော်တော်ဝမှ အပေါ်ကို ပြန်တက်ကြတဲ့အချိန်မှာ ဗိုက်ဆာမှုက ဗုံးတစ်လုံးပေါက်ကွဲတော့မလိုပါပဲ. ကျမတို့ ရေတံခွန် အပေါ်ကို ပြန်တက်ပီး ဘုန်းကြီးကျောင်းဆီ ဒုန်းစိုင်းပြေးကြပါတယ်.

ဘုန်းကြီးကျောင်းရောက်တော့ ထမင်းမစားခင် ဘုန်းကြီး မေးတာကို ကျမတို့ ပြန်ဖြေကြတော့ အဲ့ဒီက ကျောင်းထိုင်ဘုန်းကြီးက ဓမ္မမဂ္ဂဇင်းတွေမှာ ဗဟုသုတဟင်းလေးအိုး ကလောင်နာမည်နဲ့ စာရေးတယ် ဆိုတာ သိရပါတယ်. ကျမ မမကလဲ အဲ့ဒီအချိန်မှာ စာရေးနေတော့ မမနဲ့ ဘုန်းဘုန်းနဲ့ စကားစမြည်ပြောနေတဲ့အချိန်မှာ ကျမတို့နဲ့ ရေဆင်းကူးတဲ့ အတွဲ ၂ တွဲရယ် ကျမတို့ရယ် ဗိုက်အူလိမ်နေအောင်ကို ဆာနေပါပီ. ဘုန်းကြီး ချကျွေးတဲ့ ထန်းလျက်တွေ ရေနွေးကြမ်းတွေ ကုန်တဲ့အပြင် ဆေးအဖြစ် ချထားတဲ့ သွေးဆေးတွေပါ အကုန်ကြိတ်နေကြတော့ ဘုန်းကြီးက သတိမူလာပီး ကျမတို့ကို ထမင်းကျွေးပါတယ်.

ထမင်းက သတ်သတ်လွတ်ပါ မျှစ်အစိမ်းတွေကို ပဲနဲ့ချက်ထားပီး ပဲပုပ်ကို ငပိချက် ချက်ထားတဲ့ဟင်းကို ကျမတို့ စားလိုက်ကြတာ တစ်ယောက်ကို သုံးပန်းကန်လောက်စီကုန်ပါတယ်. ဘုန်းဘုန်းက ဝမ်းသာအားရနဲ့ ကြည့်နေပေမဲ့ ဟင်းလိုက်ပေးတဲ့ ဘုန်းကြီးကျောင်းသားလေးတွေကတော့ မစားသာပါ ဘူး. နောက်တော့ သူတို့ပြောတယ် ဒူးတွေတောင် ညောင်းတယ်တဲ့လေ. စားပီးသောက်ပီး ဘုန်းဘုန်းကို ကန်တော့ပီး အလှုငွေ လှုကြပါတယ်. လှုတိုင်း လှုတိုင်း ကိုးယောက်ပေါင်း ၉၀၀ ၁၈၀၀ အဲ့လို လှုကြပါတယ်. ကိုးနဝင်းကျေပေါ့. အေးဆေးနေတော့ ဘုန်းဘုန်းကို ကျမတို့ နောက်ထပ် ထပ်သွားမယ်ပြောတော့ ဘုန်းဘုန်းက မေတ္တာ ပို့ပေးမယ်. လမ်းမှာ ဘာအသီးအရွက်မှ မခူးဖို့ နောက်ပြောင်မပြောဖို့ အသေအချာ မှာလိုက်ပါတယ်. ပီးတော့ ဆေးတွေလဲ ထပ်ကျွေးလိုက်ပါတယ်. အတွဲ ၂ တွဲကတော့ ညနေ ပြန်မှာဆိုတော့ ကျိုက်ထီးရိုးတောင်ပေါ် ပြန်တက်သွားကြပါတယ်.

ကျမတို့ရဲ့ စွန့်စားခန်း စတင်ပါပီ.

လမ်းပြကောင်လေး ၂ ယောက်ရဲ့ ကောင်းမှုနဲ့ မုဆိုးတွေသွားတဲ့လမ်းကို သွားကြမယ်တဲ့. ဖြတ်လမ်းတဲ့. လုပ်လိုက်လေ ကြာသလားလို့ပေါ့.

ကျမတို့ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းကနေ ဝိဇ္ဇာတောင်၊ စမ တောင်၊ အတွင်းမြစိမ်း၊ အပြင်မြစိမ်း၊ အဲ့ဒီကနေပီး စွန်တောင်ကို ဆက်သွားကြပါတယ်. လမ်းမှာ လမ်းရယ်လို့တောင် ပီပီပြင်ပြင် မရှိပါဘူး ဝါးရုံပင်တွေ အောက်ကနေ ကုန်းကုန်းကွကွ သွားကြတယ်. ပီးတော့ ချောက်လိုမျိုး နေရာကို ခုန်ကျော်ကြတယ်. အဲ့ဒီအချိန်မှာ မိုးရွာပါတယ်. ထူးဆန်းတာက ကျမတို့ တောင်တစ်တောင်ပေါ် တက်နေချိန်မှာ ကျန်တဲ့တောင်မှာ မိုးရွာပါတယ်. ကျမတို့ ရောက်သွားတဲ့အချိန်မှာတော့ မိုးတိတ်နေပါပီ. အဲ့လိုမျိုးပါ. ရေတံခွန်သေးသေးလေးတွေကို ဖြတ်ရပါတယ်.

ကျမတို့ ဝိဇ္ဇာတောင်ကို ရောက်တော့ အဲ့ဒီမှာ ဘုန်းဘုန်းတစ်ပါးပဲ ရှိတဲ့ ဘုန်းကြီးကျောင်းရှိပါတယ်. အဲ့ဘုန်းဘုန်းက ခေတ်မီပါတယ်. သူ့မှာ နေနာရီ လေနာရီတွေရှိပါတယ်. ပီးတော့ လေဒလက်ကြီးကြီးလဲ ရှိပါတယ်. အဲ့ဘုန်းဘုန်းက သူ့မှာရှိတာတွေ ကျမတို့ကို ချကျွေးပါတယ်. ကျမတို့လဲ ကလေးပီပီ ကြိတ်ကြပါတယ်. ကျမတို့ကို ဘယ်ဆက်သွားမလဲမေးပီး မေတ္တာပို့ပေးမယ်လို့ ပြောပါတယ်. ကျမတို့ကို သွားမယ့်နေရာတိုင်းက ဘုန်းကြီးတွေက မေတ္တာပို့ပေးမယ်လို့ပဲ ပြောပါတယ်.

ကျမတို့ ဝိဇ္ဇာတောင် ဘုရားကို ဖူးအပြီးမှာတော့ ရှေ့ဆက်ကြပြန်ပါတယ်. အဲ့ဒီမှာပဲ ကျမတို့ ဝါးပင်တွေအောက်ကနေ လေးဘက်ထောက်တွားရတဲ့နေရာကို အရောက်မှာတော့ မမကို ကျွတ်တွယ်ပါတယ်. မမက မသိပါဘူး. ခါးပြန်မတ်လို့ရတဲ့နေရာကို ရောက်တော့မှ ပေါင်မှာ ရွစိစိ ကြည့်လိုက်တော့မှ ကျွတ် ဖြစ်နေပါတယ်. မမရဲ့ အော်သံက ငယ်သံတောင် ပါပါတယ်.
အမငီး ကျွတ် ကျွတ် ဆိုတော့ ရန်ကုန်သူ ကျမတို့လဲ ကျွတ် ကျွတ် လို့ လိုက်အော်ကြတာပေါ့. အဲ့မှာ ကျွတ်ဆိုတာ တော်တော်နဲ့ဖြုတ်လို့မရဘူးဆိုပေမဲ့ ကျွန်မတို့ အော်သံကြောင့် ကျွတ်ကလေး က မမပေါင်ပေါ်ကနေ ဖြူတ်ဆို ပြုတ်ကျလာတော့ လမ်းပြကောင်လေးက ဟယ် ကျွတ်နားစည်ကွဲပြီး သေသွားပြီထင်တယ်လို့ ပြောလို့ အူတက်မတက် ရယ်ရပါသေးတယ်.

ကျမတို့ အူယားပီးအော်နေကြတာ မရပ်တော့ လမ်းပြကလေးတွေက မျက်စိမျက်နှာပျက်ပီး မအော်နဲ့ အမတို့ အဲ့လိုမအော်နဲ့ ပြောနေပေမဲ့ ကျမ သူငယ်ချင်း တစ်ယောက် အပေါ် ကျွတ်တစ်ကောင် ပြုတ်ကျလာပါတယ်. အဲ့တော့မှ ပိုဆိုးပါတယ်.

ကျမတို့ အော်သံ တွေ ဘယ်လောက်များ ကျယ်သလဲဆိုရင် ကျန်ခဲ့တဲ့ ဝိဇ္ဇာတောင်က ဘုန်းဘုန်းက အပြင်ထွက်လာပီး အုန်းမောင်းခေါက်ပါတော့တယ်. နောက်တော့ အုန်းမောင်းခေါက်သံတွေ ဆူညံလာတော့မှ ကျမတို့ ကိုယ့်အသံကို တိုးလိုက်ကြပါတယ်. လမ်းပြကောင်လေးတွေက အမတို့ တောထဲ အဲ့လို မအော်ရဘူး နောက်ထပ် ကျွတ်တွေ ထပ်ရောက်လာလိမ့်မယ် ဒီနေရာက မြန်မြန်သွားကြမှ ဆိုမှ ကျမတို့ ပြေးကြပါတယ်.

နောက်တော့ ဘုန်းကြီးကျောင်း တစ်ကျောင်းကို ရောက်တော့မှ အဲ့ဘုန်းကြီးက ကျမတို့ကို ရေမန်းတွေ တိုက်ပါတယ်. ပီးတော့ မုန့်တွေ ချကျွေးပါတယ်. ဆူတော့ မဆူပါဘူး. လူကြီးပါသလားမေးတော့ မမက သူလူကြီးဆိုတော့ ဘုန်းကြီးက အောချပါတယ်. ကလေးတွေချည်းပဲ လူကြီးလဲ မပါဘူး ဒုက္ခပါပဲ လို့ ဘုရားတရှာတယ်. ဟိဟိ

နောက်တော့ ကျမတို့ကို အထပ်ထပ် ဆုတောင်းပေးပီး ဆက်လွှတ်လိုက်ပါတယ်. ကျမတို့လဲ အတွေ့အကြုံရှိသွားပီဆိုတော့ မအော်ကြတော့ဘူး.

နာက်တော့ အတွင်းမြစိမ်း အပြင်မြစိမ်း တောင်ပေါ်ရောက်ပါတော့တယ်. အဲ့ဒီမှာ ကြက်သီးထစရာက တစ်တောင်လုံး နဂါးတွေချည်းပါပဲ. အစိမ်းရောင်တောက်တောက် နဂါးတွေကို ကြည့်ရတာ အရမ်း ရင်ခုန်ပါတယ်. မမနဲ့ အပြူးနဲ့က ဘုရားရှိခိုးရင်း ဘာတွေပြောမှန်း မသိ ပါးစပ်ကနေ တတွတ်တွတ်ပြောပီး ငိုပါတော့တယ်. ကျမတို့လဲ လန့်လွန်းလို့ ဘုရားစာတွေ ရွတ်ပေါ့. မမကိုလဲ လက်နဲ့လှုပ်ရတယ်. မမက ခေါင်းမူးပီး ဘာဖြစ်မှန်း မသိဘူးပြောလို့ ဒုတ်ခပဲ ငါ့ကိုကြောက်အောင် မလုပ်ပါနဲ့ဟယ်ဆိုပီး ပြောရတယ်.
အဲ့ဒီတောင်ပေါ်မှာ သတိပေးစာတမ်းတွေ ထိုးထားပါတယ်. မည်သည့် အသီး အရွက်မှ မခူးရ. စကားတိုးတိုးပြောပါ စသဖြင့် တော်တော်များပါတယ်.

ကျမတို့ ဆက်သွားတော့ ပါးစပ်ပုံပြင်အရ မြွေကို ချက်စားမိလို့ တောင်ပြိုပီး ရွာ၂ ရွာ ပျောက်သွားတဲ့ နေရာကိုရောက်ပါတယ်. တောင်က တခြမ်းကြီးပြိုနေတာပါ. ကျမတို့လဲ မောမောနဲ့ ခြုံကြီးကြီး တစ်ခြုံရဲ့ ဘေးမှာ ပစ်ထိုင်ချလိုက်ပါတယ်. အဲ့အနားက လေတဖြူးဖြူးနဲ့အေးလွန်းလို့လေ. လမ်းပြ ကလေး ၂ ယောက် ငယ်သံပါအောင် အော်တော့မှ နောက်က ဖင်တရွှေ့တောင် မရှိတဲ့ နေရာက ချောက်ကြီး လေ. ကျမတို့လဲလန့်ပီး ရယ်ရပါသေးတယ်. မတော် လှဲအိပ်ချလို့ကတော့ အရိုး အသား ရှာရမှာ မဟုတ်ပါ.

စွန်တောင်ကို ရောက်တဲ့အချိန်မှာ ဘုန်းဘုန်းတွေက ထွက်ကို စောင့်နေကြပါတယ်. ကျမတို့ လာနေတာကို ကြိုသိလို့ ထမင်းတောင် ချက်ထားတယ်တဲ့. စွန်တောင် ဘုန်းဘုန်းက ကျမတို့ကို သေသေချာချာ စေ့စေ့စပ်စပ်ကြည့်ပီး လူကြီးရောတဲ့. ထုံးစံအတိုင်း မမက အရှေ့ကိုထွက်လာတော့ ဘုန်းဘုန်းက ရယ်ပါတယ်. ကျမတို့ ကျွတ်တွယ်လို့ အော်သံကြားကတည်းက ဘုန်းဘုန်းက စောင့်နေတာတဲ့. မေတ္တာလဲ ပို့ပေးတယ်တဲ့လေ. ကျမတို့ မသိတဲ့ ဘုန်းဘုန်းတွေရဲ့ ကရုဏာနဲ့ မေတ္တာရဲ့ အစွမ်းတွေကြောင့် ကျမတို့ ဘာဘေးအန္တရာယ်မှ မတွေ့ရတာပါ.

အဲ့ဒီမှာ ထမင်းကျက်အောင်စောင့်ပါဆိုပေမဲ့ ကျမတို့ မနေနိုင်တော့ပါဘူး တနေ့ခင်းလုံး လမ်းလျှောက်ရတာကြောင့် ဗိုက်တော်တော်လေး ဆာနေကြပါပီ. အဲ့ဒီမှာလဲ ပဲဟင်းနဲ့ ပဲပုပ်ချက်ပါပဲ. သတ်သတ်လွတ် ဟင်းလျာတွေပါ. သိပ်စားကောင်းပါတယ်. ဆာဆာနဲ့ စားလိုက်ကြတာ ဘာမှတောင် မကျန်တဲ့အထိပါပဲ.

နောက်တော့ စွန်တောင်က ဘုရားကို ဖူးကြပါတယ်. ဘုရားက တကယ့်ကို တောင်ထိပ်မှာ တည်ထားတာပါ. အောက်မှာ ချောက်ပါ. ထူးဆန်းတာက ဒီလို တောထဲ တောင်ထဲမှာ ခက်ခက်ခဲခဲ ဘုရားတည်နိုင်တာကိုပါ. ကျမတို့ ရောက်တဲ့ အချိန်မှာ ဘုရား ၂ ဆူကို ထုံးသင်္ကန်းနဲ့ ရွှေသင်္ကန်းကပ်မယ်ဆိုတော့ ကျမတို့ အလှု လှုကြပါတယ်. ကိုးယောက် ၄၅၀၀ ကျပ်ပါ. ဘုန်းကြီးက ဆုတောင်းပေးရင်း မေတ္တာပို့ရင်း ကျမတို့ တစ်ယောက်ချင်းစီကို ဗေဒင်လို ဟောပါတယ်. လက်ညှိုးထိုးပီး ဟောတာပါ. သိပ်မှန်ပါတယ်.

ကျမတို့ စွန်တောင်က ဆင်းတော့ ရသေ့တောင်ကို ပြန်ရောက်ပါတယ် ဖိုးပြန်တောင်မှာ ကျမ ပြန်ချင်သွားပါတယ်. လှေကားထစ်တွေကို မတက်နိုင်တော့လို့လေ. အဲ့ညက တောင်ပေါ် ပြန်ရောက်တဲ့ အချိန်က ည ၉ ကိုးနာရီပါ. ကျမတို့ သွားခဲ့တဲ့ အဲ့ဒီဘုရားတွေက ကျိုက်ထီးရိုးရင်ပြင်ပေါ်ကနေ မှန်ဘီလူးနဲ့ကြည့်မှ မြင်ရတဲ့ ခပ်ရေးရေး ဘုရားတွေပါ. တော်ရုံ ဇွဲနဲ့ဆို မရောက်နိုင်ပါဘူး. ဘုန်းဘုန်းက ကျမတို့ကို စိတ်ပူနေပါတယ်. ဘုန်းဘုန်းကို ဦးခိုက်ပီး ရောက်တဲ့နေရာတွေ အကြောင်းတွေကို ပြောပြတော့ ဘုန်းဘုန်းက သဘောတွေ ကျနေတယ်. နောက်နေ့ကို ကျောက်ထပ်ကြီးဘက်သွားဖို့ ပြောပါတယ်. အဲ့ညက ထမင်းစားလို့ မြိန်ပါတယ်. အဲ့ညက နည်းနည်းလဲ အေးတာနဲ့ စောစောအိပ်ကြပါတယ်.

မနက်မိုးလင်းတော့ ကျမတို့ မှောင်မှောင်မည်းမည်းထဲမှာ အလှပြင်ကြပါတယ်. မီးချောင်းပျက်နေလို့လေ. ရတဲ့ အလင်းရောင်ကြားထဲ မိတ်ကပ်တွေလိမ်း နှုတ်ခမ်းနီတွေဆိုးပေါ့. ဟိဟိ ဘုန်းဘုန်းက မီးချောင်းလဲလာပြင်ပေးရော ဘေးက လူတွေ လန့်သွားပါတယ်. ခပ်နောက်နောက် လူငယ်တစ်ဦးက ဟ ဇာတ်ထွက်မလို့လားတဲ့ ဘီလူးဇာတ်ဖြစ်မယ်ထင်တယ်ပြောလို့ မျက်စောင်းအကြီးကြီး ရှစ်ယောက် ဝိုင်းထိုးလိုက်ကြပါတယ်. ဟွန့်

ကျောက်ထပ်ကြီး ခရီးစဉ် စပါပီ.

ဘုန်းဘုန်းက ကြိုပြောလိုက်ပါတယ်. အလှုခံတွေကို မလှုရင်လဲရတယ်. ကလေးတွေ ဘေးအန္တရာယ် ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်. ကျမတို့ ထွက်လာတော့ မနက်စာလဲ မစားရသေးပါဘူး. မုဆိုးတောင်နားကိုရောက်တော့ တည်းခိုခန်းတွေ တန်းစီနေပါတယ်. တည်းခိုခန်းတွေက ကျမတို့ကို ခေါ်ပေမဲ့ ကျမတို့က ခပ်တည်တည်နဲ့ လမ်းဘေးက အသုပ်ဆိုင်မှာ ဝင်ကြိတ်ကြပါတယ်. တောဝက်သားကို ဝက်သားတုတ်ထိုး လုပ်ထားတာပါ. တောဝက်သားက အခေါက်ပဲရှိပီး အဆီမရှိလို့ စားလို့ကောင်းပါတယ်. ကျမတို့ စားပီး ဆက်ထွက်လာကြပါတယ်. အဲ့ဒီမှာ အလှုခံတွေက အလှုခံပေမဲ့ ကျမတို့ကို ပေစုတ်စုတ်လေးတွေမို့ သိပ်တော့ မဆွဲဆောင်ကြပါဘူး.

အဲ့ဒီကနေ သွားလိုက်တာ နောက်ဆုံး ကျောက်ထပ်ကြီးကို ရောက်ပါတယ်. ကျောက်ထပ်ကြီး ဟိုဘက် အလွန်မှာ ပျားစွဲတောင်ရှိပါတယ်. ကျမတို့ သွားတော့ မိုးက ခပ်ဖွဲဖွဲလဲ ရွာနေပါတယ်. ကျမတို့ကို မေးပါတယ်. ဘယ်ဆက်သွားမလဲဆိုတော့ ပျားစွဲတောင် သွားချင်တယ်ဆိုတော့ သူတို့မျက်နှာတွေက တစ်မျိုးပါ. လူအုပ်တောင့်သားပဲ သွားချင်သွားကြပေါ့လို့ ပြောပါတယ်. အဲ့ဒီနားမှာက လက်နက်ကိုင်နဲ့ လူတွေကို တွေ့ရပါတယ်. ဘာတွေမှန်း မသိတော့ မမက ဆက်မသွားရင် ကောင်းမယ် ထင်တယ်နော် ဆိုတော့ အားလုံးက သိပ်တော့ မကျေနပ်ကြပေမဲ့ ဆက်မသွားဘဲ လှည့်ပြန်ကြပါတယ်.

အပြန်လမ်းမှာ ဝါးကပ်ကာထားတဲ့နေရာလေးဘေးမှာ မစော ထမင်းဆိုင် ဆိုတဲ့  ဆိုင်းဘုတ်လေးကို တွေ့တာနဲ့ ကျမတို့ ထမင်းဝင်စားမယ်ဆိုပီး ဝင်လာကြတယ်. အဲ့ဒီဆိုင်လေးမှာ ထမင်းရယ် ဟင်းရယ် မှာပီး စားမယ်လုပ်တော့ ဟင်းက ကျမတို့ လာမှ ချက်ပေးပါတယ်. ကျမတို့လဲ မောမောနဲ့ ထိုင်နားနေတာပေါ့. အဲ့ဒီက ကရင်လူမျိုး မစောက ရေချိုးလို့လဲရတယ် သနပ်ခါးတုံးနဲ့ကျောက်ပျဉ်လဲ ရှိတယ် ရေချိုးကြပါဆိုတော့ ဘာပြောကောင်းမလဲ ချိုးမယ်ပေါ့ ထမင်းစားပီးမှ ချိုးမယ်ဆိုပီး ကျမက တော့ ဝါးအခင်းလေးပေါ် ခြေထောက်လေးချပီး ထိုင်နေတုန်း ဘေးနားမှာ တရှုးရှုးနဲ့ အသံကြားလို့ လှည့်ကြည့်လိုက်တော့ အမငီး ဝက်ကြီး အကြီးကြီးဗျာ. နည်းတာကြီး မဟုတ်ဘူး တရှုးရှုးနဲ့ ပြေးလဲ လာရော ကျမလဲ အော်လိုက်တာ ငယ်သံတောင် ပါတယ်. ဝါးအခင်းပေါ်ကို ခြေထောက် ၂ ချောင်းနဲ့ ဘယ်လိုခုန်တက်မိသလဲတောင် မသိတော့ဘူး. မစောတို့လဲ ဝိုင်းရယ်ကြတာပေါ့. သူတို့ကတော့ ရိုးနေတာကိုး. အိမ်မွေးဝက်ကြီးတဲ့ ဝက်က မနည်းဘူး အကြီးကြီးလေ.

ကျမတို့ ရေအရင်ချိုးရပါတယ်. ဟင်းက ကြာမယ်ဆိုလို့လေ. ရေအရင်ချိုးနေတုန်း ကျမတို့ ရယ်စရာတွေပြောပီး ရယ်နေတုန်း. ကျမတို့နဲ့ ဝါးထရံလေးသာ ကာထားတဲ့ ဟိုဘက်အနားမှာ စစ်သားတွေလား မသိဘူး သေနတ်တွေနဲ့ လူတွေ ဆံပင်ညှပ်နေတဲ့လူတွေကို တွေ့ရတယ်. သူတို့က ကျမတို့ကို ကြည့်တောင် မကြည့်ပါဘူး. သူတို့ဘာသာ နေနေကြတယ်. မစောရဲ့ စေတနာက ဟင်းက တော်တော်လေး စားကောင်းပါတယ်. ရှိတဲ့ ငါးသေတ္တာကို ခရမ်းချဉ်သီးနဲ့ချက်တယ်. တောင်ယာသခွားတဲ့ အကြီးကြီးပဲ ချိုလိုက်တာ မပြောနဲ့တော့. ငါးပိချက်ရယ်နဲ့ စားကြပါတယ်. အရှေ့မှာ စားနေတဲ့ စစ်ဗိုလ်မိသားစုက သူတို့မှာပါတဲ့ ပဲဟင်းရယ် ဟင်းတွေရယ်ကို ကျမတို့စားဖို့ ပေးပါတယ်. ပြန်တော့ ကျမတို့ မစောတို့ သားအမိကို ဓာတ်ပုံရိုက်ပေးခဲ့ပါတယ်. ရိုးသားပီး ချစ်စရာကောင်းတဲ့ မစောရဲ့ ထမင်းဆိုင်လေးကို အမြဲ အမှတ်ရနေမိပါတယ်.

ကျမတို့ ငါးမျိုးငါးကောင်ပေါင်း ဘာကောင်မှန်း မသိတဲ့ဟာကြီးကို စိတ်ဝင်စားပေမဲ့ မကြည့်ဖြစ်ပါဘူး. နောက်တော့ အချိန်ရသေးတာနဲ့ ကျီးကန်းပါးစပ်ကို ဆင်းကြည့်ပါတယ်. ကျီးကန်းပါးစပ်ရဲ့ လိုဏ်ထဲ ကို ဝင်ကြည့်တဲ့အခါ ကျမရဲ့ သူငယ်ချင်းမတစ်ယောက်က တော်တော်လေး ဝပါတယ်. သူ့ကို ပြောတယ်. ဆံ့မယ် မထင်ဘူးဆိုတော့. သူက အထဲက ဘုရားကို ဝင်ဖူးချင်တယ်ဆိုလို့ သူ့ကို အနောက်ကနေ ကူတွန်းပေးတော့ ဝင်သွားတယ်တော့. အဲ့တာနဲ့ အထဲမှာ ဘုရားကို ဝင်ဖူးတယ်.

ပီးတော့ ကျမတို့ ကျီးကန်းပါးစပ်ထဲကို အကြွေစေ့တွေ အဓိဌာန်နဲ့ ပစ်ထည့်ကြပါတယ်. တခုမှ မဝင်ပါဘူး. အဲ့လို လက်တည့်ပါတယ်. ကျမရဲ့ခြေထောက်က လမ်းလျှောက်ထားတဲ့ ဒဏ်ရယ် သွေးကျတာရယ်ပေါင်းပီး ဖူးဖူးယောင်နေတာ ဖိနပ်တောင် စွပ်လို့မရပါဘူး. လမ်းလဲ ဘယ်လိုမှ မလျှောက်နိုင်တော့ဘူးလေ. အဲ့ဒီတော့ ကျီးကန်းပါးစပ်ကိုဆင်းတော့ လိုက်ကလဲ လိုက်ချင်. ခြေထောက်ကလဲ နာဆိုတော့ ဘေးက အတန်းတွေကို လက်နဲ့ကိုင်ပီး ဆင်းရပါတယ်. စကားလဲ မပြောနိုင်ပါဘူး နာလွန်းလို့်လေ. ဘုရားဖူးတွေကို ကျမကို သနားတဲ့အကြည့်နဲ့ ကြည့်တော့ မမက မျက်နှာငယ်နဲ့ ကျမ ညီမလေးက ခြေထောက် သိပ်မသန်ပေမဲ့ ဘုရားဖူးချင်တယ် ဆိုလို့ ခေါ်လာတာလို့ ပြောတာကို ပြန်မပြောနိုင်ပါဘူး. လူတွေက ယုံကြတယ်ရှင့်. အဲ့လို ချစ်ဖို့ ကောင်းတဲ့ မမပါ.

နောက် ရယ်စရာတစ်ခုက ကျိုက်ထီးရိုးဘုရားမှာ အိမ်သာ သုံးရတာပါ. အိမ်သာက ကန်ထရိုက်ယူထားတာဆိုတော့ ပိုက်ဆံပေးရပါတယ်. ရေခွက် အသေးက တစ်ဆယ်ကျပ်၊ ရေပုံးသေးသေးလေးက ၂၀ ကျပ်ပါ. အပြူးကတော့ သိကို မသိလို့ ပုံးကို ယူယူပီး အိမ်သာထဲ ဝင်ဝင်သွားပါတယ်. အေးဆေးပါပဲ. သူ့ကိုလဲ ခပ်တည်တည် ရုပ်ဆိုတော့ ပိုက်ဆံ ကောက်တဲ့သူက ပေးပီးပီပဲ ထင်တာလေ. နောက်တော့ အိမ်သာရေဖိုးပေးရတယ် လို့ ကားပေါ်ရောက်မှ ရယ်စရာပြောတော့ သူက ပေးရလို့လားတဲ့လေ. ပြောပြောပီးရယ်ရပါတယ်.


နောက်တော့ ကျမတို့ ရင်ပြင်ပေါ်မှာ အေးအေး ဆေးဆေး တညနေလုံး ထိုင်ပီး ကျိုက်ထီးရိုးတောင်ပေါ် ကနေ နေဝင်တဲ့ အလှကို ထိုင်ကြည့်ကြပါတယ်. သိပ်လှပါတယ်. ဘယ်လို နေရာမှာမှ မရနိုင်တဲ့ နေဝင်ဆည်းဆာ အလှမျိုးပေါ့.

မနက်ဖြန် မနက် အစောကြီး ပြန်ဆင်းမယ်ဆိုတော့ ကျမတို့ ဓာတ်ပုံတွေလဲ ရိုက်ကြတယ် အမှတ်တရပေါ့. ညစာ ထမင်းစားတော့ ထမင်းထုပ်ဝယ်ပီး ကျန်တဲ့ဟင်းတွေနဲ့စားကြပါတယ်. နောက်နေ့ ပြန်မယ်ဆိုတော့ ဘုန်းဘုန်းကို ဝတ်ပြုကြပါတယ် မနက်ပြန်မယ်ဆိုတော့ ဘုန်းဘုန်းက စိတ်မကောင်းဘူး. ထပ်နေစေချင်သေးတယ် ဘုန်းဘုန်းက တော်တော့ကို စိတ်သဘောထားကောင်းတဲ့ ဘုန်းဘုန်းပါပဲ. ကျမတို့ စုပီး အလှုငွေ လှုပါတယ်. ဘုန်းဘုန်းက သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်.

ပြန်တော့မယ်ဆိုတော့ အပြန်လက်ဆောင်လေးတွေ ဝယ်ကြတယ်. ကျမတို့ကတော့ မောင်နှမ သုံးယောက် လာတဲ့အပြင် ပိုက်ဆံကလဲ စုထားတာရော မုန့်ဖိုးပေးလိုက်တာပါ တွက်ချက်ပီး အပြန် ကားခကိုဖယ်လိုက်ရင် ပိုက်ဆံသိပ်မကျန်တော့လို့ ဘာမှတောင် သိပ်မဝယ် လိုက်နိုင်ပါဘူး. ဘုရားမှာ ရွှေသင်္ကန်းပဲ များများကပ်လိုက်ပါတယ်. အဖေနဲ့ အမေ့နာမည်နဲ့ပါ. လက်ဆောင်ကတော့ သူများ ဝယ်တာတွေပဲ လိုက်ငေးပီး နေရပါတယ်.

အဲ့ဒီမှာ ပြသနာက စတော့တာပဲ. လူတွေ အကြောင်း သိချင်ရင် ခရီးရှည်သွားမှ သိရတယ် ဆိုတာ သိပ်မှန်တာပဲ. ကျမတို့ သွားမယ် ဆိုကတည်းက ခြိုးခြံပီး သွားရလို့ စားစရာ သောက်စရာ အစုံ အကုန်ပါကြပါတယ်. နောက်ပီး ကျမတို့က သူငယ်ချင်း အချင်းချင်း ရှိတာလေးတွေ အမြဲ ဝေစား ကြပါတယ်. ကျမ မမ သူငယ်ချင်း ပူစီမမကြီးက သူ့မှာ ဘာမှ မပါတဲ့အပြင် ကျမတို့ကို သူက စက်ရုံအလုပ်သမလေးတွေ ဆိုပီး အထင်သေးတဲ့ သဘောရှိပုံ ရပါတယ်. ပီးတော့ စကားပြောရင် အထက်စီးလေသံနဲ့. ရယ်ချင်စရာလေ. ကျမတို့ကို ဘုရားဖူး ရွယ်တူ ယောက်ျားလေးတွေက စရင် နောက်ရင် သူကပဲ ဆရာမကြီးလိုလို ဆုံးမသေးတယ်လေ. ကျမတို့က အေးဆေးပါ. ဘာမှကို မပြောတာပါ.

မနက် ပြန်ဆင်းမယ်ဆိုတော့ သူက အထုပ်တွေ မသယ်နိုင်လို့ အထမ်းနဲ့ဆင်းမယ်တဲ့. အဲ့ဒီမှာ အူကြောင်ကြောင် အပြူးကလေးကလဲ သူလဲ အထုပ်ကို အထမ်းနဲ့ ဆင်းခိုင်းလိုက်မယ်ဆိုတော့ အတူတူငှားကြပေါ့. ကျမတို့ကတော့ ဘာမှလဲ သိပ်မပါတော့ မမက အထုပ်အကြီးကြီးသယ်ပီး ကျန်တာကို မောင်လေးက သယ်ပါတယ်. ကျမကတော့ ကိုယ့်ခြေထောက်ကိုပဲ ကိုယ်သယ်နိုင်ပါတယ်. ခြေထောက်က မထောက်နိုင်တော့ဘူးလေ. အထမ်းငှားတာကို အပြူးက ဈေးကြီးတယ် ထင်တယ်နော် ပြောတာကို သူက မပီးနိုင် မစီးနိုင် ဒေါသလှိုင်နေတယ်လေ. အားလုံးက သိပ်မပြောချင်တော့ အပြူးကလေးနဲ့ ကျမ သူငယ်ချင်း ၂ ယောက်က အရင်ဆင်းသွားကြပါတယ်. ကျမရယ် ကျမ သူငယ်ချင်းတယောက်ရယ် မမရယ် သူရယ် မောင်ကလေးရယ်က အတူတူဆင်းကြတယ်.

အဲ့တာ မပီးဘူး စကားကြောရှည်နေတော့ ကျမက ခြေထောက်က နာရတဲ့အထဲ နားညည်းရင် ဘယ်လိုမှ သည်းမခံနိုင်ပါဘူး. စိတ်ဆိုးလာတာ သွေးတောင်တိုးလာတယ်. သူက စကားပြောနေရင်း ကျမ မျက်နှာကိုမြင်တော့ အခြေမလှမှန်း ရိပ်မိသွားတယ်. ကျမက စကားနောက်တစ်ခွန်းပြော တောင်စောင်းကနေ တွန်းချဖို့ ကြံစည်နေတာလေ. ဟိဟိ အဲ့လို စိတ်ကြီးပါတယ်. လန့်ပီး တစ်ယောက်တည်း ဆင်းသွားပါတယ်. အမှန်တော့ လမ်းခရီးက လူမညီရင် တော်တော်လေး စိတ်ညစ်ရပါတယ်. သူ့ဘာသာ လိုက်လာပီး ပူစီကိုက်တဲ့ အဲ့ဒီအမကို တော်တော်လေး သည်းခံပေမဲ့ ကျမက စိတ်ဆတ်ပါတယ်.

နောက်တော့ ကျမတို့ ဆင်းလာလိုက်တာ ယိုစုံဆိုင်လေးတွေကို ရောက်ပါတယ်. ဗိုက်ဆာဆာနဲ့ အမြည်းတွေကို စားပစ်လိုက်တာ ကျမတို့ ဗိုက်နည်းနည်း အဆာပြေသွားပါတယ်. ဟိဟိ. အတူတူ ဆင်းလာတဲ့ လိပ်ဥကလေးတွေပေါ့လေ ကောင်ကလေးအုပ်စု ငါးယောက်လောက်က ကျမတို့ကို လက်ဖျားခါသွားပါတယ်. စားဖို့ ဝယ်တာလား ဝယ်ဖို့ စားတာလားတဲ့လေ. ဟိဟိ. အမှန်တော့ အမြည်းစားတာပါနော့်.

အပြန်ခရီးက တော်တော်လေးမြန်ပါတယ် အောက်ကို ၃ နာရီတောင် မကြာဘဲ ရောက်သွားပါတယ်. ကျမတို့ နေ့လယ် ၁၂ နာရီကားလက်မှတ် ဖြတ်ပီး ရန်ကုန်ကို အပြန်ခရီးစတင်ခဲ့ပါတယ်. လမ်းမှာတော့ ပဲခူးမှာ ညစာစားဖို့ ရပ်ပေးတာတောင် ဝယ်မစားနိုင်တော့ပါဘူး. ကျမတို့ဘာသာ ရှိတာလေးတွေ မျှတ စားပေမဲ့ အဲ့ပူစီမမကတော့ တစ်ယောက်တည်းဆင်းပီး ထမင်းဆင်းစားပါတယ်. စိတ်ကုန်လွန်းလို့ မမကို နောက် ပူစီတွေ ဇယားတွေ အရှုပ်မခံနဲ့လို့ ကြိမ်းမောင်းထားပါတယ်. သူလဲ သူ့သူငယ်ချင်း ဆိုတော့ ကျမ သူငယ်ချင်းတွေကို ကြားထဲက အားနာနေတယ်လေ.

ဘာပဲပြောပြော အဲ့ဒီသွားခဲ့တဲ့ ၃ ည ခရီးတိုလေးက ဘယ်လို အခက်အခဲတွေ အဆင်မပြေမှုတွေ ကြုံခဲ့ရပါစေ အမြဲ ပြန်ပြောတိုင်း အမှတ်ရစရာတွေ ပျော်ရွှင်စရာတွေ အပြည့်နဲ့ပါပဲ. ကျမအတွက် ပျော်ရွှင်စရာ အိပ်မက်လေးတွေကို ဖန်တီးပေးခဲ့တဲ့ အချိန်လေးတွေဟာ အမြဲ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်နေတယ်လေ. ကျမအတွက်ကတော့ သူငယ်ချင်းတွေကို ပိုတန်ဖိုးထားသလို ပိုလဲ ချစ်ပါတယ်.

ကျိုက်ထီးရိုးဘုရားဖူး ခရီးစဉ်ဟာ ခရီးစဉ်က တိုပေမဲ့ အပန်းလဲဖြေ ဘုရားလဲ ဖူး ပီးတော့ တောင်တက်ရတဲ့ အတွေ့အကြုံနဲ့ စိတ်လက်ပေါ့ပါးမှုကို ခံစားရလို့ ကျမကတော့ ထပ်ပီး သွားချင်ပါသေးတယ်. သွားခွင့်လဲ ရဦးမယ်လို့ ထင်ပါတယ်. ဒီတစ်ခါတော့ အရင်က သူငယ်ချင်းတွေနဲ့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်. ဒါပေမဲ့ သွားမယ်ဆိုရင်လဲ အဖော်အပေါင်း သူငယ်ချင်းကောင်းတွေနဲ့ပဲ သွားချင်ပါတယ်ရှင်……………..

(၂၀၀၂ ခုနှစ် အမျိုးသားနေ့ အမှတ်တရ ကျိုက်ထီးရိုး ဘုရားဖူး ခရီးစဉ်)

14 comments:

  1. အယ် သွားပြန်ပြီ
    မဖတ်ပဲ တစ် လာလုတာ
    ဟီး~~ ရှက်ရှက်


    နောက်တခေါက် ကြ blogger မောင်နှမတွေသွားမယ်လေတူတူ

    အရင် လိုခြေကျင် တက်ရမှ

    ReplyDelete
  2. ညီမလေးရေ..ချဉ်ပေါင်ကြော်စားတာသတိတရရှိလို့ကျေးဇူးတင်ပါတယ်။
    စိတ်ထဲကမှန်းပြီးစားလိုက်ပြီနော်။ကျိုက်ထီးရိုးခရီးဖတ်သွားပါတယ်။
    အရေးကောင်းလို့ကျိုက်ထီးရိုးတစ်ခေါက်ပြန်ရောက်သွားသလိုပါပဲ။
    ခရီးသွားလို့လူမညီရင်စိတ်အနှောက်အရှက်ဖြစ်ရပါတယ်။ဆက်လက်အားပေး
    နေပါတယ်။

    ReplyDelete
  3. အနော်ရေ ကိုလည်း ၂၀၀၅အစောပိုင်းလောက် က အနော် ရောက်ခဲ့ တဲ့ နေရာတိုင်းကိုရောက်ခဲ့ပါတယ် ရေတံခွန် ကျောင်း က သတ်သတ်လွတ်ပဲဟင်းကို ဒီနေ့ ထိ သတိရနေ တုန်း စိမ့်အေးနေတဲ့ ရေတံခွန်ရယ် အဲဒီမှာ ပိတ်ဆောက်ထား တဲ့  ဆိုင်က မျောက်ရယ်(ကိုတို့ သယ်ချင်းပေါ့ :D) စာအရေး ကောင်း လို့ လား မပြောတတ်ဘူး ကျိုက်ထီးရိုးဘုရား တစ် ခေါက် ပြန် ဖူးလိုက်ရသလိုပဲ သိပ်ပျော်သွားမိတယ် (တကယ် တော့ ဘုရား လည်ထွက်တာ ဟဟ :D ကိုတို့ ပြောပါတယ် အဲဒီတုန်းက အမှတ်တရ ဖြစ်ခဲ့တာကတော့ ရင်ပြင် တော်ပေါ် က ဆေးခန်းမှာပါ နောက်မှ အဲဒီအကြောင်း ရေးပါဦးမယ် အနော့်လိုတော့ ဟာသတွေ နှောပြီး ရေးတတ် မယ်မထင်ဘူး ........ အိမ်ပြန်ရောက်ရင် တစ်ခေါက် သွား ဖြစ် အောင်သွား ဦးမယ် ....... အဲဒီတုန်းက တောင်ပေါ်ကဆင်း တာတောင် (ပျင်းချက်ပြောပါတယ် :).....) ကားနဲ့ ဆင်းတာ ... ပျော်လိုက် သည့်ဖြစ်ခြင်း ခြေတွေကတော့ တိုလိုက်သည့် ဖြစ်ခြင်း ......... ဟဲဟဲ အနော့်လိုပဲ ဒုတိယ အကြိမ်မှ သယ်ချင်း တွေနဲ့  တက် ဖြစ်တာ .... အပျော်ဆုံးပဲ ( မျောက် ရှုံး အောင်လည်း ဆော့ခဲ့ တယ် .......)

    စာတွေ အများကြီးရေးနိုင်ပါစေ ........ (ရန်ကုန်)

    ReplyDelete
  4. သုံးခေါက်ရောက်ရင်သူဋ္ဌေးဖြစ်တယ်ဆိုပဲ
    ဘယ်လိုသုံးခေါက်လဲတော့မသိဘူး
    မိန်းကလေးဖြစ်ရတာစိတ်မကောင်းမဖြစ်ပါနဲ့
    “မာတုဂါမ”ဆိုတာ မြင့်မြတ်တဲ့မိခင်ရဲ့အမျိုးအနွယ်ပါ
    ဒီကမ္ဘာကြီးကိုပဲကြည့်လိုက်ရင်မိန်းကလေးတွေဟာ ယောင်္ကျားတွေ
    ထက်အသက်ပိုရှည်တာတွေ့ရမယ်
    နတ်ပြည်ကိုကြည့်လိုက်ရင်လည်း နတ်သမီးတွေကပိုများသတဲ့
    ဒါကိုကြည့်ခြင်းအားဖြင့် ယောင်္ကျားတွေဟာ ကိုယ့်ဘာသာကို မာန်တွေတက်ပြီး ဟော့ရမ်းလွန်းအားကြီးလို့ စောစောစီးစီး
    ငရဲထဲ ဒိုင်ဗင်ပစ်နေကြရတာသေချာတယ်
    (ဟီးးးး ယောင်္ကျားဖြစ်ပြီး ယောင်္ကျားတွေဘက်မရပ်ဘူးလို့တော့မပြောကြနဲ့ဗျာ :P)
    ဘုရားရဲကလည်းအပွင့်နဲ့ပဲလား? ဒါဆိုရင်တော့ကြောက်စရာနေမှာပဲ ကံကောင်းလို့ရေတံခွန်ပေါ်ကမပြုတ်ကျတာ အဆော့မက်တာမက်ပေါ့ ပတ်ဝန်းကျင်တော့လေ့လာရမယ်
    ဘုန်းကြီးချပေးတဲ့သွေးဆေးကိုဆာဆာနဲ့ကြိတ်နေကြတာကို
    မြင်ချင်တယ် အဟ :P တစ်ယောက်သုံးပန်းကန်တောင်တီးတယ်ဆိုတော့
    ဘာပဲပြောပြော လန့်တယ် အဟီးးးး
    နေနာရီမြင်ဖူးပေမယ့် လေနာရီတော့မမြင်ဖူးသေးဘူး
    အပုံရှိရင်ကောင်းမယ် ဗဟုသုတပေါ့
    ကျွတ်တွယ်တာဆိုရင် ကျနော်လည်းကြောက်တာပါပဲ
    နဂါးတွေတွေ့တယ်ဆိုတာ အရုပ်နဂါးတွေလား?
    မြွေသားတော့ မစားဘူးဗျ မြွေကိုယ်ပေါ်ကအကွက်အကွက်တွေ
    မြင်ရင် အသည်းယားတယ် အန်လည်းအန်ချင်တယ်
    သေနေတဲ့မြွေတောင် ကျနော်မထိရဲပါဘူးဆို
    မစောထမင်းဆိုင်ကခုထိရှိသေးလား? ရောက်ဖြစ်ရင်ဝင်စားဦးမှ
    ကျိုက်ထီးရိုးဘုရားရဲ့ အမှောင်ပျို့ပျို့ဓါတ်ပုံလေးက ကြည်ညိုစရာကောင်းပြီးအရမ်းလည်းလှတယ်
    မှန်ပါတယ် လူတွေအကြောင်းသိချင်ရင်ခရီးရှည်သွားကြည့်ဆိုတာ

    ReplyDelete
  5. မောလိုက်တာ .. ဟောဟဲ ဟောဟဲ ..
    ခရီးတူတူသွားလိုက်ရသလိုပါပဲ ညလေးရေ..
    နောက်တခါသွားရင်ခေါ်..
    အဲမရှင်းတာက ကျွတ်တွေအပေါ်က ကျလာတဲ့ကိစ္စပဲ.. :)

    ReplyDelete
  6. ဟားဟားဟား တင်စားချက်က နှဖာခြေးခြောက် အတောင့်လိုက်ထွက်တယ်လို့ ဘယ့်နှယ် ဥပမာကြီးက ဟားဟား ... မိန်းမလည်း လူ ယောက်ျားလည်းလူ ဘုရားလည်း လူပါပဲဟယ်.. တန်ဖိုးရှိမရှိက အလုပ်ပေါ်မူတည်ပြီးကွဲသွားတာ မိန်းမမှန်သမျှ ယောက်ျားဖြစ်ပါစေဆုတောင်းရင် ကမ္ဘာပျက်ပြီ...ဟိဟိ

    ReplyDelete
  7. ကောင်းလိုက်တဲ့ ခရီးပဲအနော်ရေ.. ဖြူ ကျိုက်ထီးရိုးရောက်တိုင်း အဲ့လိုမသွားဖြစ်ခဲ့ဘူး.. ရေတံခွန်ကိုတောင် သူငယ်ချင်းတွေနဲ့သွားတဲ့တစ်ခေါက်ပဲရောက်ဖူးတာ.. နောက်တစ်ခါသွားရင်ဖြူ့ခေါ်နော်..
    (ဒုတိယမိ ပြန်မန့်ခြင်း.. )

    ReplyDelete
  8. ကြောင့်ကြမဲ့ စိတ်လွတ်ကိုယ်လွတ်နဲ့ နောက်ထပ် ပျော်စရာခရီးတွေ အများကြီးသွားနိုင်ပါစေနော်။

    ReplyDelete
  9. ကျွန်တော်တို့သူငယ်ချင်းတွေလည်း ကိုးတန်းကျောင်းသားဘ၀ထဲက ကျိုက်ထီးရိုးဘုရားဖူးထွက်ကြတာပဲ...။လူကြီးတွေမပါပဲ ကိုယ်ကိုတိုင်ပဲ လူကြီးလုပ်သွားကြရတာလေ..။နှစ်တိုင်း ဒီဇင်ဘာ ၃၀ ဆို ဘုရားပေါ်ကို ရောက်နေကြပြီလေ..။ဘုရားပေါ်မှာပဲ နှစ်သစ်ကူးလိုက်တာပဲ...။
    ပထမဆုံးသွားတုန်းကလည်း မပြည့်မစုံနဲ့ဆိုတော့ သူငယ်ချင်းတွေ တအိမ်ကို ဟင်းတမျိုးထည့်လာကြတာပါပဲ..။ချဉ်ပေါင်ကြော် ငါးခြောက်ကြော် ကြက်သားကြော် တွေနဲ့ တက်ရတာပါပဲ...။
    ကျွန်တော်တို့ဘုရားပေါ်ရောက်ရင် အရမ်းပျော်တာပဲ ..ဘာကြောင့်ဆိုတော့
    ဒီဇင်ဘာလဆန်းထဲက သူငယ်ချင်းတွေမှာ ငွေစုရ တိုင်ပင်ရနဲ့ ရင်ခုန်နေကြတာလေ...။တနေ့နေ့တော့အဲဒီအကြောင်းလေးတွေ စာရေးပါအုံးမယ်...။
    အခုတော့ အဲဒီအချိန်တွေကို ပြန်လွမ်းသွားမိတယ်...။

    ReplyDelete
  10. ဘယ်ရမလဲ နောက်တစ်ခေါက်ပြန်လာတာ.. ဒီပို့စ်ကို ဖတ်နေတဲ့အချိန် ပါးစပ်ထဲ ယင်ကောင်ဝင်မှာတောင် ကြောက်ရတယ်.. ပူစီတွေနဲ့တွေ့ရင်ပြော
    အကို့သူငယ်ချင်းတွေထဲမှာ ကြောင်သားအသေကြိုက်တဲ့ကောင်တွေပါတယ်
    သတ်စားကြမှာ မျက်စောင်းအကြီးကြီး ရှစ်ခုထိုးလိုက်တယ် ဟွန့်တဲ့ ဟားဟား

    ReplyDelete
  11. အကိုလည်း ရေတံခွန်ကျောင်းဆရာတော်ဆီရောက်ဖူးတယ်။ အတော်လေးလှမ်းတဲ့နေရာလေးပဲ။လမ်းမှာတောင် မြွေတွေရှိတဲ့ ကျောင်းတောင် ရှိသေးတယ်။ဆရာတော်ဆီက သက်သက်လွတ်ပဲဟင်းက ဗိုက်တွေဆာလို့လား၊ လတ်ဆတ်လို့ပဲလားမသိ စားကောင်းလိုက်တာ။အရင် အကိုက ပဲဟင်းသိပ်မစားဘူး။မကြိုက်လို့။ညီမ ဒီအကြောင်းတွေရေးတော့ ငယ်သူငယ်ချင်းတွေ နဲ့ ဘဝကို သတိရစေတယ်။ ဒိုင်ယာရီရေးထားသလား အတော်ကို နာမည်တွေက အစ စုံလင်ပါတယ်။

    ReplyDelete
  12. အနော်ရေ သွားချင်တဲ့နေရာလေးကို မရရအောင်သွားပြီး သူငယ်ချင်းတွေနဲ့ စိတ်လွတ်လက်လွတ် ပျော်ခဲ့တာလေးတွေက စာထဲက ကြွတက်နေပါတယ်။ ဖတ်တဲ့သူကိုတောင် အပျော်တွေ ကူးစက်သွားတယ်... ကျိုက်ထီးရိုးရဲ့ ကျက်သရေရှိတဲ့ မနက်ခင်းစောစောကိုလည်း လွမ်းသွားတယ်...

    ReplyDelete
  13. ကျိုက်ထီးရိုး-ဘယ်တော့မှ မရိုးတဲ့ နေရာတခုပဲ
    ကျွန်တော်ရဲ့ ကျိုက်ထီးရိုးခရီးစဉ်ကိုလည်း လာလည်ဖို့ ဖိတ်ပါတယ်

    ReplyDelete