Monday, August 31, 2009

သဘာဝ

ရယ်မပြချင်လို့
ပြုံးပြလိုက်ရတဲ့အဖြစ်တွေ
သိပ်ကို များတယ် အမေ

ရှင်းမပြချင်လို့
မေ့ပစ်လိုက်ရတဲ့အဖြစ်တွေ
သိပ်ကို များတယ် အမေ

ငိုမပြချင်လို့
ညည်းချင်းချရတဲ့အဖြစ်တွေ
သိပ်ကို များတယ် အမေ

ဖွင့်ဟခွင့်မရလို့
မျိုသိပ်လိုက်ရတဲ့အဖြစ်တွေ
သိပ်ကို များတယ် အမေ

ထိုင်နေရင်းနဲ့
အမှုတွဲ အဆွဲခံရတဲ့အဖြစ်တွေ
သိပ်ကို များတယ် အမေ

ခေါင်းခါခွင့် မရလိုက်လို့
ခေါင်းညိတ်လိုက်ရတဲ့အဖြစ်တွေ
သိပ်ကို များတယ် အမေ

ငယ်ငယ်က တွေးမိတယ် အမေ
လူကြီးတွေ ဘာလို့ ညာတတ်သလဲ
အခုတော့ သိပီ အမေ
ညာတတ်ရုံတင် မက
လိုအပ်ရင်
ဟန်ဆောင်တတ်ရတယ်ဆိုတာလေ

ပြည့်စုံ (၃၁-၈-၂၀၀၉၊ ၂း၁၂ pm)

14 comments:

  1. အနော်ရေ ကဗျာလေး ဘာဖတ်တယ် ဘဝ ဆိုတာလေးကို
    မြင်သွားတယ် ..... သီချင်းတစ်ပုဒ်သွားသတိရတယ်
    “ငို ချင်ရက်နဲ့ ဇာတ်ကွက်ကိုစွန့် ရယ်လိုက်ရတယ်
    လွမ်းတစ်သက်သက် ငိုချင်ရက်နဲ့ ကွယ် ခိုင်းစေချက်
    ညီမျှရန်တကယ် ရယ်ရပြန်တယ် ”ဆိုတာလေ .....
    ဘဝဆိုတာ ဒီလိုပါပဲ သယ်ချင်းရာ တစ်ခါတစ်လေ
    ကိုယ်တောင် ဘာမှန်းမသိလိုက်ဘူး ရယ်လို့ လည်း
    မရတော့ ငိုလို့ လည်း မရတော့တာတွေကရှိသေး
    ကဗျာလေး အရမ်းကောင်းတယ်
    အေးမြသာယာပါစေ
    ရန်ကုန် :D

    ReplyDelete
  2. သဘာဝဆိုတာ အဲ့လိုပါပဲကွယ်..

    ReplyDelete
  3. မှန်လိုက်လေ အနော်ရယ်... ကိုယ်လဲ အနော့်အတွေးပုံရိပ်နဲ့ ထပ်တူထပ်မျှပဲ ဟန်ဆောင်ထားတဲ့စကားသံတွေ ဟန်ဆောင်ထားတဲ့မျက်နှာတွေကို စိတ်ကုန်လာတယ်.. ပျော်ရွှင်ပါစေ သူငယ်ချင်း.. ကျန်းမာရေးကို ဂရုစိုက်နော်..

    ReplyDelete
  4. မှန်၏ညီမငယ်..
း)
    တော်ဒယ်..

    ReplyDelete
  5. လိုအပ်ခဲ့လို့ ဟန်ဆောင်ခဲ့ရတာလား...

    သဘာဝလောကကြီးက တရားရဲ့လား...

    ReplyDelete
  6. ဝေးးးး
    ဒီကဗျာလေးသိပ်ကြိုက်တယ်ဟ
    အမေကိုတိုင်တည်ထားတာလေး
    ဟန်ဆောင်ပြုံးရလွန်းလို့လည်းမျက်နှာတွေညောင်းညာကိုက်
    ခဲနေပါပြီ ရှင်းပြခွင့်မရှိခဲ့လို့လည်းအထင်အမြင်မှားယွင်းမှုတွေ
    ခံခဲ့ရပေါင်းများပေါ့ ငိုမပြချင်ခဲ့လို့လည်းမျိုသိပ်ခဲ့ရတာတွေ
    ပြဿနာက အောက်လင်းမီးကြီးထွန်းပြီး ကိုယ့်ဆီတန်းတန်းမတ်မတ်ရောက်လာတတ်တာတွေ
    ရွေးချယ်ခွင့်မရှိလို့ ခေါင်းညိတ်ပေးခဲ့ရတာတွေ အို..ကိုယ့်အဖြစ်နဲ့ထပ်တူပါပဲလေ
    ကိုယ်တစ်ယောက်တည်းတောင်မကပါဘူး
    အားလုံးလည်းဒီလိုပဲနေမှာပါပဲ
    ခုတော့လည်းလူကြီးဖြစ်လာလို့ ကလေးလေးတစ်ယောက်ရဲ့
    ဖြူစင်ရိုးသားမှုတွေ အရောင်လျှော့ပါးသွားခဲ့တာကြာပေါ့
    ဒါကြောင့်လည်းဟန်ဆောင်အကောင်းဆုံးသတ္တဝါထဲမှာ
    လူကိုထည့်ထားရတာပေါ့
    တကယ်တော့ လောကကြီးဟာ အလိမ်အညာလောကကြီးပါပဲလေ...။

    ReplyDelete
  7. တော်တော်မှန်တာပဲ အနော်ရာ။။။
    လိုအပ်ရင် ဟန်ဆောင်တတ်ရသေးတယ်။ လူတွေအားလုံးဟာ လိမ်ညာ ဟန်ဆောင်နေရတာပါ။ ကိုယ်လဲ အပါအ၀င်ပေါ့။ တစ်ခါတခါ အလိမ်အညာလောကကြီးကနေ တကယ်ကို ရုန်းထွက်ချင်မိပါတယ်။
    ပျော်ရွှင်ပါစေ အနော်ရေ.............

    ReplyDelete
  8. ဟုတ်ပညီမလေးရေ... တကယ့်ဘဝမှာ ဒါတွေတကယ် ရှိတယ်

    ReplyDelete
  9. စိတ်ထဲကမပါပေမယ့်လည်း လုပ်လိုက်ရတာတွေ ခေါင်းညိတ် ခေါင်းခါ လိုက်ရ တာတွေ အများကြီးပါပဲ..။ဒါကိုက ဘ၀ရဲ့ လူနေမှု ပုံစံများလားမသိဘူး။

    ReplyDelete
  10. ဇာတ်ဆရာအလိုကျ ဆိုရကရ ကျွန်မဘ၀ပါရှင်...

    ReplyDelete
  11. ညာတတ်ရုံမက
    လိုအပ်ရင်
    ဟန်ဆောင်တတ်ရတယ်တဲ့လား။
    သိပ်မှန်တာပဲ အနော်ရေ

    ReplyDelete
  12. ကဗျာလေးက တော်တော်ကိုကောင်းတယ်
    အားလုံးရင်ဘတ်ထဲကို တဖြောင့်တည်းစီးဆင်းသွားတယ်..
    တကယ်ဟုတ်တယ်နော..
    ပျော်ပါစေခင်ဗျာ

    ReplyDelete
  13. အဲ ... ညာတတ်၊ ဟန်ဆောင်တတ်ရင်တော့ လူကြီးဖြစ်ပြီပေါ့။ (ဟီး ပေါက်ကရ ပြောတော့မယ်)
    ကဗျာလေး တော်တော်ကောင်းတယ်ဗျ။ ကဗျာရေးကောင်းပြီးသားမို့ထူးပြီး ချီးကျူးစရာတော့ မလိုပါဘူး။ သဘာဝ ဆိုတဲ့ နာမည်နဲ့ လိုက်အောင် တကယ့် သဘာဝတွေကို ဖေါ်ကျူးထားတယ်။

    ReplyDelete
  14. အခုထိ ဟန်ဆောင်မကောင်းသေးဝူး :(

    ReplyDelete