Friday, August 28, 2009

မယ်ခွေ သို့မဟုတ် ချစ်လှစွာသော မမ ဆုမွန်

ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ချစ်လှစွာသော မမ ဆုမွန်

သြဂုတ်လ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ မမကြီးရဲ့ အသက် ၃၁ နှစ်မြောက်မွေးနေ့မှာ စိတ်အေးချမ်းပါစေ သူ့ပခုံးပေါ်မှာ တင်နေတဲ့ တာဝန် ဝန်ထုပ်ဝန်ပိုး ကြီးကြီးတွေ လျော့ကျပါစေ...သူမ အစဉ်အမြဲ ပျော်ရွှင်ပါစေလို့ ကျမ အမြဲဆုတောင်းပေးပါတယ်.

ကျမရဲ့ အမဟာ ငယ်ငယ်လေးကတည်းက ကျမအတွက်တော့ ဟီးရိုးပင်. ပိန်ညော်ညော် လက်မောင်းရိုးကလေးတွေနဲ့ ကျမ အမဟာ တကယ့်ကို ပိန်တာရိုးလေးပါ. အဲ့ဒီ အရိုးပိန်ပိန်လေးထဲမှာ ပုန်ကန်ချင်တဲ့စိတ်တွေ မတရားမှုကို ငုံ့မခံချင်တဲ့စိတ် လူလူချင်းဖိနှိပ်မှုကို လက်မခံနိုင်တဲ့စိတ် လူတွေကို လူလူချင်း တန်ဖိုးထားကာ အရာရာ သူ့ခန္ဓာလေးနဲ့ မလိုက်ဖက်အောင် လုပ်ပေးချင်တဲ့စိတ်တွေ အပြည့်အဝ ရှိပါတယ်. သူ့ခန္ဓာ ပိန်ပိန်လေးနဲ့ မလိုက်ဖက်လိုက်အောင် စိတ်ကလဲ ကြီးလှသေးတယ်.

ငယ်စဉ်ကတည်းက ကျမလက်ကို ဆွဲပီး အမေ မလွှတ်တဲ့ လမ်းဘေးက ပိတ်ကားထောင်ပြတဲ့ ရုပ်ရှင်ကိုကြည့်ချင်လို့ အရိုက်ခံပီး သွားရဲတဲ့ အမ. သူ့ရဲ့ ပေါင်ပိန်ပိန်လေးပေါ်မှာ မောင်နှမတွေ လှဲအိပ်ရင်း ပုံပြင်ပေါင်းစုံပြောပြပီး ညသိပ်ခဲ့တဲ့ အမ. တခုခုအမှားလုပ်လို့ အရိုက်ခံရရင် အံကြိတ်ခံတတ်တဲ့ အမ. ကျမတို့အတွက် အရှေ့ကနေ ဦးဆောင်လမ်းပြ ဆော့နည်းမျိုးစုံနဲ့ ကစားတတ်တဲ့ အမ. မတရားတာ မှန်သမျှ ပြန်ခံပြောရဲတဲ့ အမ. ကျမတို့ မောင်နှမတွေအတွက်တော့ ကျမ အမဟာ သူရဲကောင်းပါ. အခုတော့ အမဟာ ကျမတို့ တစ်မိသားစုလုံးအတွက် ဦးစီးဦးဆောင် ပြုနေတဲ့သူပါ. ကျေးဇူးရှင်ပါ.

အမေက မမကြီးကို မာသာထရီစာလို့ အမြဲခေါ်ပါတယ်. သူမရဲ့ အရိုးပိန်လေးနဲ့ မလိုက်ဖက်လောက် အောင်ကို သူတစ်ပါးကို ကူညီချင်တဲ့စိတ်ပြင်းတဲ့သူ. သူများအရေးကို သူ့အရေးလုပ်ပီး ဝမ်းနည်းစရာ ရှိရင် အတူတူငိုပီး. ဝမ်းသာစရာရှိရင် သူတစ်ထူးထက် ပိုဝမ်းသာပေးတတ်တဲ့ အမ. သူငယ်ချင်းတွေ ဆို အိမ်က လူတွေထက်တောင် ပိုခင်မင်တဲ့ အမဟာ အခုတော့ အဲ့ဒီစိတ်ဓာတ်တွေ တစ်ဝက်လောက် လျော့ကျနေပီဆိုရင်တောင်မှ မမကြီးမှာ သူများအရေးကို တို့အရေးလုပ်ချင်စိတ် ရှိနေတုန်းပါပဲ.

အဲ့လို စိတ်ထားတွေကြောင့်လဲ တခါတလေ ပြင်းပြင်းထန်ထန် သူ့စေတနာကို အစော်ကားခံရတဲ့ အခါတွေတိုင်း သူများတကာထက် သူက ပိုပီး ထိခိုက်ရှလွယ်ပြန်ရော. ဒါပေမဲ့ သိပ်မကြာခင် အချိန်ကလေးအတွင်းမှာလဲ ပြန်ပီး ဝမ်းနည်းတတ်ပြန်ရော. ကျမ အမဟာ ပါးစပ်ကသာ မာကျောသယောင် သူပြောတတ်ပေမဲ့ သူ့ရဲ့ အတွင်းစိတ်က သိပ်ပီး နူးညံ့ သိမ်မွေ့တတ်တယ်.

ငယ်စဉ်ကတည်းက မိသားစုအရေးကို ဈေးဗန်းခေါင်းရွက်ပီး ကူညီဖြေရှင်းတတ်တဲ့ အမဟာ တက္ကသိုလ်တက်နေစဉ်အချိန်တုန်းကလဲ အစားဆင်းရဲ အနေဆင်းရဲခံပီး တက္ကသိုလ်ကျောင်းကို ကော်ဖီတစ်ခွက်ထဲ သောက်ပီး တက်ခဲ့တဲ့ အမပါ.

၁၉၉၆ ကျောင်းသားအရေးတော်ပုံ စတင်တဲ့အချိန်မှာ အမက လက်မောင်းပိန်ပိန်လေးကို မကာ မကာနဲ့ တို့အရေးဆိုခဲ့လို့ ထောင်ထဲရောက်နေတဲ့အချိန်မှာတောင် အိမ်ကို ဒုက္ခပေးဖို့ သူ အများကြီး စဉ်းစားခဲ့တယ်.. ဘယ်လောက်ပဲ အခက်အခဲတွေ့တွေ့ တစ်ယောက်တည်း ကြိတ်မှိတ်ခံခဲ့တတ်တဲ့ အမဟာ သူ တစ်နယ်တစ်ကျေးမှာ တစ်ယောက်တည်း နေရစဉ်တုန်းကလဲ ဂျီတော့ကနေ စကားပြောတိုင်း စိတ်ဆင်းရဲစရာ စိတ်အနှောင့်အယှက် ဖြစ်စရာ စကားတစ်ခွန်းမှ သူမပြောခဲ့ဘူး. ဒုက္ခတွေ မှန်သမျှ သူ တစ်ယောက်တည်း ကြိတ်မှိတ်ခံခဲ့တတ်တဲ့ အမဟာ အခုအချိန်အထိတော့ သူ စိတ်မအေးနိုင်သေးပါဘူး.

သူ သတင်းထောက်လုပ်နေစဉ်အချိန်တုန်းကလဲ တစ်နေကုန် လမ်းပေါ်မှာ နေပီး ရှပ်အင်္ကျီ ရှည်ရှည်ဖားဖားကြီးကို ဝတ် ဘေးမှာ ကချင်လွယ်အိတ်ကို တရွတ်ဆွဲလွယ်ပီး တစ်နေကုန် တစ်နေခမ်း လမ်းဘေးက မုန့်တီတစ်ခွက် လက်ဖက်ရည် အခွက်ပေါင်းများစွာနဲ့ ဘဝကို တရွတ်ဆွဲ ကျော်ဖြတ်ခဲ့ဖူးတယ်.

ညကြီးမိုးချုပ်တဲ့အထိ လမ်းပေါ်မှာရှိနေတဲ့ အမကို အမေရော အဖေရော မအိပ်နိုင်ဘဲ အိမ်ရှေ့လမ်းမပေါ်ကနေ မျှော်ငေးခဲ့ရဖူးတဲ့ နေ့တွေ မရေနိုင်ပေမဲ့ အခုအချိန်အထိ အမေရော အဖေပါ အိမ်ရှေ့ပြတင်းပေါက်ကနေ ဟိုးအဝေးကို လှမ်းမျှော်ငေးပီး အဝေးရောက် သမီးတစ်ယောက် ရပ်ဝေးမြေခြားမှာ ဘယ်လိုများ နေရှာမလဲ ပူပင်ရှာလေရဲ့.

အမြီးရှည်သလိုမျိုး လမ်းရှည်တဲ့ အမကို အမေနဲ့ ကျမက တညီတညွတ်တည်း ပေးခဲ့တဲ့ နာမည်က မယ်ခွေ ပါ. အမ အပြန်မိုးချုပ်တဲ့ ညနေတိုင်း အမေက အိမ်ရှေ့ကနေ ထွက်မျှော်နေတတ်ပီး မယ်ခွေ တစ်ယောက်တော့ ဘယ်ခြေဆန့်နေလဲ မသိဘူး..

ပြန်လာပါပီ ကုန်းကုန်းကိုင်းကိုင်းနဲ့... မျက်မှန်နဲ့ဆိုတော့ လမ်းက ဂလု ဂလက်တွေကို မမြင်ရလို့ ကုန်းပီး လျှောက်လာတာပါ. လွယ်အိတ်နဲ့ လူနဲ့ တစ်လမ်းလုံးအပြည့် ခြေချနင်းလာတဲ့အမကို မြင်မှ အမေက အိမ်ထဲ ဝင်ပီး... အိမ်ထဲ လှမ်းဝင်လာတဲ့ အမကို ဆူဆူပူပူ မျက်နှာထားနဲ့ ကြည့်တတ်တယ်. ခုနက စိတ်ပူပင်နေတဲ့ အမေဟာ အမမျက်နှာကို မြင်လိုက်တာနဲ့ အော်တိုမစ်တစ် ပြောင်းလဲသွားတာပါ.

ဘာဟင်းချက်လဲ လို့ မေးတတ်တဲ့ အမကို အမေ စိတ်ဆိုးတိုင်း ပဲဟင်း လို့ ဖြေလိုက်တာနဲ့ ထမင်းပန်းကန်ကို လက်နဲ့မွှေပီး မျက်ရည်တောက်တောက်ကျကာ ထမင်းစားတတ်တဲ့ အမကို အမေက စိတ်ဆိုးရင် အမြဲ ပဲဟင်းချက်ကျွေးတတ်ပါတယ်. ဒါပေမဲ့ သူမ ထောင်ထဲမှာ ရှိစဉ်တုန်းကတော့ ပဲဟင်းကိုပဲ အဓိကထား စားရတာပါ. အဲ့အခါ ဘယ်လိုများ စားရှာမလဲ မသိဆိုတဲ့ အတွေးနဲ့ အမေက မျက်ရည်တစမ်းစမ်း ရှိတတ်တယ်. အမေနဲ့ အမက အမြဲ တကျက်ကျက် ရန်ဖြစ်တတ်ပီး ခွဲနေရင်လဲ မျက်ရည်လေးတစမ်းစမ်းနဲ့ အလွန်အမင်း ချစ်ခင်တတ်ကြတာ သူတို့နှစ်ယောက်အပြင် မရှိပါဘူး.

အမကို သိပ်ချစ်တဲ့ အဖေကတော့ အမ ဘာလုပ်လုပ် ထောက်ခံတတ်တယ်. ငါ့သမီးကြီးကလို့ အမြဲပြောတတ်တဲ့ အဖေ့ရဲ့လေသံထဲမှာ အမြဲ ဂုဏ်ယူတဲ့စိတ်ရှိပါတယ်.

အမ ထောင်ထဲ ရောက်နေတဲ့ အချိန် ထောက်လှမ်းရေးတွေခေါ်လို့ သွားရတဲ့ အဖေ့ကို ‘ကိုယ့်သားသမီးကို နိုင်အောင် မထိန်းနိုင်ဘူး ခင်ဗျားတို့ကိုလဲ ထောင်ထဲ ထည့်ပစ်လို့ရတယ်’ လို့ သားအရွယ် ထောက်လှမ်းရေးက ကြိမ်းမောင်းတာ ကို အဖေက မျက်နှာတစ်ချက်မပျက်ဘဲ

‘အေး ငါ့အသက် ၆၀၊ ဝန်ထမ်းနှစ်ပြည့်ပင်စင် ၃၂ နှစ်တိတိ ရှိခဲ့တာ မင်းတို့ထောင်ထဲ ထည့်မယ်ဆိုလဲ ထည့်လို့ရတယ်..ငါ့သမီးကိုလဲ ငါ ဂုဏ်ယူတယ် သူလုပ်နိုင်တာကို သူလုပ်ခဲ့တာဖြစ်တယ်. မင်းတို့ လုပ်နိုင်တာကိုလဲ မင်းတို့လုပ်ကြပေါ့’လို့ ပြန်ဖြေခဲ့ဖူးတယ်.

မိုးရွာရင် မိုးတွေ တအားခြိမ်းရင် အရမ်းကြောက်တတ်တဲ့ အမကို သတိရတိုင်း အိမ်မှာဆိုရင် အဖေက မိုးရွာလို့ မိုးခြိမ်းပီဆိုတာနဲ့ ကျမတို့ညီအစ်မ ခြင်ထောင်ဘေးကို အပြေးရောက်လာရင် လာ… မလာရင် အမက အဖေ အမေ ခြင်ထောင်ထဲ အတင်းတိုးဝင်ပီး ပုန်းတတ်တယ်. အခုတော့ အမ တစ်ယောက် တည်း မိုးတွေခြိမ်းရင် ဘယ်လိုများနေရှာမလဲဆိုတဲ့ စိတ်နဲ့ မိုးတအားခြိမ်းတဲ့ည မိုးတွေ တအားရွာတဲ့ ညဆို အဖေတစ်ယောက်တည်း ဧည့်ခန်းမှာ ငူငူကြီးထိုင်နေတတ်တယ်.

အခုအချိန်အထိတော့ ကျမလဲ အမကို အပြည့်အဝ အကူအညီ မပေးနိုင်သေးပါဘူး. ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားနေရတဲ့အချိန်မှာ ကျမအတွက် အားကိုးရာကတော့ မမကြီးပါပဲ. မောင်နှမတစ်တွေရဲ့ ‘မမကြီး သိလား ညီမလေးကလေ….. မမကြီး သားကလေ သားက….. အဒေါ် အဒေါ့် မီးမီးက ဟိုဟာလိုချင်တာ သိလား….. ဒါလေးရောပဲ’ အဲ့လိုမျိုးတွေ ပူဆာနေတုန်းပဲ ပူဆာချင်တုန်းပဲ.

ဘယ်အရာမဆို ကိုယ့်ဟာကို လုပ်နိုင်အောင် ကြိုးစားနေလဲ မမကြီးကိုတော့ အားကိုးနေတုန်းပဲ အားကိုးချင်တုန်းပါပဲ. ဒီလိုမျိုးတွေနဲ့ မမကြီးလဲ သူ့အတွက်ဆိုတာကို မစဉ်းစားနိုင်သေးဘဲ အိမ်အတွက် မိသားစုအတွက် သူငယ်ချင်းတွေအတွက် …အတွက် … အတွက် … အတွက်တွေ များနေပေမဲ့လဲ အခုအထိတော့ သူလုပ်နိုင်သလောက် သူလုပ်နေတုန်းပါပဲ. လုပ်ချင်နေတုန်းပါပဲ.

အခုတော့ အရင်တုန်းက နံပိန်ကလေးနဲ့အမဟာ ကွန်ပျူတာရှေ့မှာ တစ်နေကုန်ထိုင်နေရင်းနဲ့ ဗိုက်ပူနံကားလေး ဖြစ်နေပါပီ..

ထမင်းဟင်းထက် မုန့်တီ မုန့်ဟင်းခါး ကြာဇံချက် ဒါတွေပဲ ချက်ချက်စားတတ်တဲ့ အမဟာ တခါတလေ သူ့ဘာသာ သူ ချက်စားတာထက် သူများချက်ကျွေးတာ အမေ ချက်ကျွေးတာကို စားချင်တယ်လို့ ပြောတိုင်း ကျမ စိတ်မကောင်းဖြစ်ရတယ်.

အမေ ချက်ကျွေးတဲ့ ထမင်းဟင်းနဲ့ လေးနှစ်ကျော် ငါးနှစ်နီးပါး ဝေးနေရတဲ့ အမဟာ တစ်ချိန်ချိန်တော့ သူချစ်တဲ့ တိုင်းပြည် သူချစ်တဲ့ မိသားစုနဲ့ ထမင်းအတူလက်ဆုံစားနိုင်မယ့် နေ့လေး အမြန်ရောက်နိုင်ပါစေလို့ ကျမ မွေးနေ့ဆုတောင်း အဖြစ် ဆုတောင်းပေးလိုက်ပါတယ် ချစ်လှစွာသော မမကြီးရေ………….

ပြည့်စုံ (၂၈-၈-၂၀၀၉၊ ၁၁း၀၀ pm)

20 comments:

  1. Happy Birthday !!!!! မမဆုမွန်
    မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ မိဘကိုလုပ်ကျွေးပြုစုနိုင်သော သမီးကောင်းရတနာလေး ဖြစ်ပါစေရှင့်။

    ပြည်စုံ သယ်ရင်း မမက နင်အမအရင်းဆိုတာ နာ့ခုမှသိတယ်။
    တူလဲတူဘူးနော်.
    မမကပိုချောတယ်။ အဟဲ။စိတ်တော့ဆိုးနဲ့အေ့။

    ReplyDelete
  2. ညီမလေးတောင်းပေတဲ့ဆုကို ထပ်ဆင့်ဆုတောင်းပေးသွားပါတယ်...

    ReplyDelete
  3. မဆုမွန်ရေ.... Happy Birthday ! ပါ... ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေဗျာ...

    အနော်ဆိုတဲ့ ပြည့်စုံလေးရဲ့ မမ မဆုမွန် အတွက် ဆုတောင်းတွေရော တောင်းဆုတွေရော စုံလို့ပါလား....

    တောင်းတဲ့ဆုတွေရော ဆုတောင်းတွေရော အရာအားလုံးပြီးပြည့်စုံပါစေလို့...

    မဆုမွန်ရေ.. ကြေငြာထားတယ်နော်.... အစစ အရာရာ ပူစာချင်တုန်းပဲတဲ့...

    ပြည့်စုံလေးတို့ မောင်နှမတွေကြည့်ရတာ အားကျလိုက်တာဗျာ... အရမ်းလည်းကြည်နူးဖို့ကောင်းတယ်.... ထာဝရပျော်ရွှင်ပါစေဗျာ...

    ခင်တဲ့
    ပြည့်စုံကြီး (ဝေါသားလေး)

    ReplyDelete
  4. မမစုမွန် ဆန္ဒတွေ အမြန်ဆုံး ပြည့်စုံဖို့ ဆုတောင်းပေးပါတယ်ရှင် ..း)

    ReplyDelete
  5. အနော်ရေ... ကိုယ်ကိုတိုင်ကလည်း အိမ်မှာ သမီးအကြီးဆုံးမို့လို့ ထပ်တူခံစားပြီး ဖတ်သွားပါတယ်။ ပြည့်စုံရဲ့ အရေးအသားတွေမှာ မျောပါရင်း “အမကြီးတော့ အမိရာ”ဆိုတဲ့စကားကို အပြည့်အဝပုံဖော်နိုင်တဲ့ မမကြီးရဲ့အကြောင်းကို ဖတ်ရင်းနဲ့ ကြက်သီးမွေးညင်း ထမိပါတယ်...

    ReplyDelete
  6. အင်း ငါခုချိန်ထိ အဲ့လောက်တောင် သတ္တိမကောင်းသေးဘူး..
    အနော့်အမကတော့ စံပဲ... အဖေဖြစ်သူဂုဏ်ယူချင်စရာကောင်းတယ်
    အနော်လေး အမကျန်းမာပျော်ရွှင်နိုင်ပါစေ

    ReplyDelete
  7. အခုပဲ မဆုမွန်ဆီမှာ ဆုတောင်းပေးခဲ့ပါတယ်...။
    ရေးထားတာလေးတကယ်ကောင်းတယ်ဗျာ
    ပဲဟင်းအကြောင်းရေးတဲ့အပိုဒ်ရောက်တော့ ကျွန်တော်စိတ်ထိခိုက်မိတယ်။
    အိမ်မှာပဲဟင်းချက်ရင် မျက်ရည်ကျရတဲ့သူက နိင်ငံအတွက် ပေးဆပ်ရင်း
    ပဲဟင်းရေကျဲနဲ့ စားခဲ့ရတာကို ဖတ်ရတော့ တကယ်စိတ်မကောင်း ဖြစ်မိတယ်။
    မဆုမွန်က နိင်ငံအတွက်တန်ဖိုးရှိတဲ့ သူပါ။

    ReplyDelete
  8. ညလေးရေ...မမစုမွန်ကိုချစ်သွားပြီ..
    မမ...Happy Birthday ပါရှင့်..
    ဒီကနေ မမအတွက်ဆုတောင်းပေးလိုက်ပါတယ်...။
    မမ တိုင်းပြည်အကျိုးကို စိတ်ကူးရှိသလို သယ်ပိုးနိုင်ပါစေ..။
    (ညလေးရေ...မမစုမွန်ကို ဒီcomment ပြလိုက်ပါနော်...:))

    ReplyDelete
  9. အနော်ရေ..
    အလုပ်တွေ တအားရှုပ်နေလို့ ခုမှရောက်တယ်..
    Happy Birthday ပါလို့နော်..
    အနော်တို့မိသားစုလေး စိတ်ချမ်းသာနဲ့ အတူနေနိုင်သွားနိုင်ပါစေ။
    ချစ်တဲ့
    အနော့်ရဲ့ခင်

    ReplyDelete
  10. ရင်ဘတ်ထဲမှာ လှိုက်တက်လာအောင်ကို ခံစားသွားရပါတယ်ဗျာ။ နိုင်ငံသားကောင်းရတနာတွေ တန်ဖိုးရှိတဲ့ ငယ်ရွယ်နုပျိုမှုတွေနဲ့ စွမ်းဆောင်နိုင်မှုတွေကို နိုင်ငံတော်အတွင်းမှာ အသုံးမချနိုင်ရတဲ့အဖြစ်ဟာ ဘယ်လောက်တောင် နှမြောဖို့ ကောင်းလဲဗျာ။

    နောင်တစ်ချိန်ဆိုတာရှိပေမယ့် ဒီလိုမျိုး ငယ်ရွယ်နုပျိုမှုအောက်မှာ စွမ်းဆောင်ရတာလောက်၊ ပေးဆပ်ရတာလောက် ဘယ်အားရှိတော့မလဲဗျာ။

    ReplyDelete
  11. မွေးနေ့ဆုတောင်းပို့စ်လေးက အရမ်းကိုအသက်ဝင်ပါတယ်...
    အနော်ဆုတောင်းပေးသလို.... မမဆုမွန်တစ်ယောက်.. တစ်ချိန်ချိန်မှာ ချစ်တဲ့တိုင်းပြည်၊ ချစ်တဲ့မိသားစုနဲ့ ထမင်းအတူလက်ဆုံစားနိုင်မယ့် နေ့လေးအမြန်ဆုံးရောက်နိုင်ပါစေ....

    ReplyDelete
  12. ‘ကိုယ့်သားသမီးကို နိုင်အောင် မထိန်းနိုင်ဘူး ခင်ဗျားတို့ကိုလဲ ထောင်ထဲ ထည့်ပစ်လို့ရတယ်’ လို့ ပြောတဲ့အဲဒီထောက်လှမ်းရေးတွေကို ဖနှောင့်နဲ့သာကောက်ပေါက်လိုက်ပါ
    စကောလောက်မှဇောက်မနက် သူများအူလို့လိုက်အူနေကြတဲ့
    ခွေးတွေ ပါးစပ်ထဲထည့်ပြောရတာတောင်သနပ်တယ်
    happy birthday မဆုမွန် အစ်မလိုလူမျိုးတစ်ယောက်
    ကျနော်တို့နိုင်ငံကနေပေါက်ဖွားလာခဲ့တဲ့အတွက်
    အမိမြေကိုယ်စားကျနော်ဂုဏ်ယူတယ်
    ပြောရရင်..ခုချိန်ထိ နိုင်ငံအတွက် (အမှန်တရားအတွက်)
    အုတ်တစ်ပွင့် သဲတစ်ချပ် ပါဝင်ခွင့်မရသေးတဲ့ ကိုယ့်ကိုကိုယ်လည်း ရှက်မိပါတယ် ။

    ReplyDelete
  13. မမဆုမွန် နဲ့ အနော်နဲ့က မောင်နှမ အရင်းဆိုတာ အခုမှ သိတယ်။ အနော်တို့ အဖေ ဂုဏ်ယူသလို အနော်တို့လည်း အစ်မကြီး တစ်ယောက် အတွက် တော်တော် ဂုဏ်ယူ စရာပါပဲ။ အနော်မောင်နှမတွေ မျှော်လင့်နေတဲ့ နေ့လေး အမြန်ရောက်ပါစေလို့ ဆုတောင်းပေးသွားပါတယ်။

    ReplyDelete
  14. သိပ်ချစ်ရတဲ့မိဘသားချင်ုးညီအကိုမောင်နှမတွေနဲ့ခွဲခွါရခြင်းကင်းဝေး
    ပြီး၊တစ်နေ့သောအခါပျော်စရာကောင်းတဲ့အမေ့အိမ်မှာအတူတူပြန်လည်နေ
    နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အနော်ရေ..

    ReplyDelete
  15. စိတ်မကောင်းပါဘူး အနော်ရေ... ဘာမှတောင် မပြောတတ်တော့ဘူး။
    မမဆုမွန်ကို ဟက်ပီဘတ်ဒေးလို့ နော်။
    အနော် တောင်းသလိုပဲ တောင်းပေးလိုက်ပါတယ်။

    ReplyDelete
  16. မကြီး ဆုမွန်အတွက် ဆုတောင်းပေးနေမယ်နော်။
    အိပ်ရာဝင်၊ အိပ်ယာထ ဆုတောင်းတဲ့အခါ သတိတရတောင်းပေးနေမယ်။
    မကြီး ကျန်းမာပါစေ။ ပျော်ရွှင်နိုင်ပါစေ။ မိသားစုနဲ့ အမြန်ဆုံးပျော်ရွှင်ရပါစေနော်။

    ReplyDelete
  17. အနော်လေး... ကျွန်တော် တကယ်ပဲစိတ်မကောင်းဖြစ်မိရပါတယ်
    ယုံကြည်ချက်တစ်ခု၊အမှန်တရားတစ်ခုအတွက် စွန့် လွှတ်စွန့် စား
    ရဲတဲ့  အမအတွက် လှိုက်လှိုက်လှဲလှဲပဲ ဂုဏ်ပြုမိတယ်၊အလေးပြု
    မိပါတယ်ဗျာ။

    ReplyDelete
  18. ကျန်းမာချမ်းသာ အေးမြသာယာပါစေကြောင်း ဆုတောင်းလိုက်
    ရပါတယ် :D
    ရန်ကုန်သား

    ReplyDelete
  19. ကျွန်မမွေးနေ့ကို ဆုတောင်းပေးသွားတဲ့ ညီမလေးရဲ့သူငယ်ချင်းတွေအကုန်လုံးကို တကယ်ပဲ လိုက်လိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ရှင် အရမ်းလဲ ကြည်နူးရပါတယ်..ပေးတဲ့ဆုတွေ အကုန်လုံး အမြန်ဆုံး ပြည့်ရပါစေနော်

    ReplyDelete
  20. အမရေ မဆုမွန်ဆီက လာခဲ့ပါတယ် ဖတ်ပြီးမှ အမဆုမွန်ကို ပိုလို့တောင် လေးစားမိပါတယ်း)


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete