Monday, February 1, 2010

မိုးတိမ်ထဲဝယ်

နေရာဌာနေ အတည်တကျ မရှိခဲ့ပါဘူး
ဒီလိုနဲ့ပဲ လေနှင်ရာ မျောလွင့်ခဲ့
ဖမ်းဆုပ်မရတဲ့ တိမ်လွှာစိုင်သက်သက်ပါပဲ
ကိုယ့်အပူရှိန်နဲ့ကိုယ် ငွေ့ရည်ဖွဲ့ခဲ့ရတယ်
လေးလံလာတဲ့ ကိုယ့်ရင်ငွေ့တွေကြောင့်
တောင်တန်းတွေရဲ့တစ်ဖက်ကိုရောက်တော့
မိုးရေအဖြစ်နဲ့ ရွာချခဲ့တယ်

မိုးခါးရေတော့ မဟုတ်ခဲ့ပါဘူး
ရွာကျတဲ့ မိုးရေနဲ့ပဲ ဘဝဟာ စိုစွတ်ခဲ့ရတယ်
တစ်ကိုယ်စာလုံတဲ့ ထီးရှာပေးပါ
တစ်ဘဝစာအတွက်တော့ ဒီအတိုင်းက ဒီအတိုင်း
စိတ်ကူးတွေ မရိုင်းခဲ့ပါဘူး
စိတ်ရိုင်းတွေတော့ တစ်ခါတစ်ခါ ပေါက်မိတယ်
လူရိုင်းတစ်ယောက်ဖြစ်ခဲ့ရင်လဲ အကောင်းသား
ရခဲ့တဲ့နောင်တတွေက အရောင်တွေပြယ်လို့
ဒါနဲ့တောင် နက္ခတ်တွေ လွဲခဲ့သေးတယ်

ဇာတ်လမ်းထဲက စကားလုံးတွေနဲ့ပါ
ပြုံးစေချင်မိတယ် ပျော်စေချင်တာ တစ်ခုတည်းနဲ့ပဲ
ငါလဲ အရူးအမူးကျရှုံးခဲ့
ဇာတ်သိမ်းမှာ ရှုံးနိမ့်ကျန်ခဲ့ရမယ်မှန်း သိခဲ့ရက်နဲ့
ရူးရူးမိုက်မိုက် သရုပ်ဆောင်နေမိခဲ့တယ်
ဇာတ်ညွှန်းတွေ အခါခါ ပြောင်းလဲ
ဇာတ်သိမ်းတော့ မပြောင်းခဲ့တာ သေချာတယ်
မရေရာတဲ့ အတွေးတွေနဲ့ပဲ
ဇာတ်ညွှန်းဆရာကို မျက်နှာချိုသွေးနေမိတယ်

ရခဲတဲ့လူ့ဘဝတစ်ခုအနေနဲ့ပေါ့
ကောင်းကင်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်းအကြား
ဗြဟ္မာကြီးလေးဦးနဲ့ အာဒမ် ဧဝ
တူနှစ်ဖြာပေါင်းစပ်မှုတဲ့
သုခကမ္ဘာချည်းထင်ထားခဲ့သမျှ
ဓားသွားထက်က ပျားရည်စက်ကို မျှော်တပ်မက်မိနေတုန်း
အဆုံးမှာတော့ ဖမ်းဆုပ်ခဲ့စရာ မြက်ပင်လေးကို
ချောက်ကမ်းပါးဘေးမှာ ပေါက်စေချင်မိသူပါ

ဒီလိုနဲ့ပဲ တစ်ဖန် မျောလွင့်ခဲ့ပြန်တယ်….

ပြည့်စုံ
(၃၁-၁-၂၀၁၀၊ ၁၁း၂၁ pm)

9 comments:

  1. ငါ့ညီမလေး ကဗျာရေး သိပ်တော်တယ်

    ReplyDelete
  2. အနော်လေးဟာလေ...ကဗျာတွေအရေးသိပ်ကောင်း...အရှည်ကြီးနဲ့ တ၀ကြီးဖတ်လိုက်တယ်....

    ReplyDelete
  3. ဇာတ်သိမ်းမှာ ရှုံးနိမ့်ကျန်ခဲ့ရမယ်မှန်း သိခဲ့ရက်နဲ့
    ရူးရူးမိုက်မိုက် သရုပ်ဆောင်နေမိခဲ့တယ်

    ဟုတ်ပနော်။ ကံဇာတ်ဆရာက ဘယ်တော့များမှ ဇာတ်ညွှန်းပြောင်းပေးမလဲ မသိဘူး။

    ReplyDelete
  4. စကားလုံးလေးတွေ ထိထိရှရှနဲ့ လွမ်းမောစရာပါပဲလား
    စာရေးကောင်းရဲ့နဲ့ ပျင်းတဲ့စိတ်တွေဝင်နေတာ နှမျောစရာ

    ReplyDelete
  5. ကဗျာရေးကောင်းလိုက်တာ သယ်ရင်းလေးရေ။

    ReplyDelete
  6. ကဗျာလေးဖတ်သွားတယ်ညီမလေးရေ

    ReplyDelete
  7. ကဗျာလေးက တော်တော့ကို ကောင်းတယ်နော်။ ချီးကျူးပါတယ်ဗျာ။

    ReplyDelete
  8. နော်ကြီးရေ....
    င့ါသယ်ရင်းကြီးရဲ့ ကဗျာလေးတွေ ဖတ်ချင်လွန်းလို့ပါ။
    ကဗျာရေးကောင်းတဲ့ နော်ကြီးရေ... အားကျတယ်ဟာ။
    တပိုဒ်ချင်းစီ တကြောင်းချင်းစီက အဓိပ္ပာယ်တွေ ထိတယ်ဟာ။

    ဒီအပိုဒ်လေးလဲ အရမ်းကြိုက်တယ်။
    ဇာတ်လမ်းထဲက စကားလုံးတွေနဲ့ပါ
    ပြုံးစေချင်မိတယ် ပျော်စေချင်တာ တစ်ခုတည်းနဲ့ပဲ
    ငါလဲ အရူးအမူးကျရှုံးခဲ့
    ဇာတ်သိမ်းမှာ ရှုံးနိမ့်ကျန်ခဲ့ရမယ်မှန်း သိခဲ့ရက်နဲ့
    ရူးရူးမိုက်မိုက် သရုပ်ဆောင်နေမိခဲ့တယ်။
    ဟူးးးးးး တကယ်ဆွေးမိတယ်ဟာ။

    ReplyDelete
  9. အနော်လေး ကဗျာရေးတကယ်ကောင်းတယ်။
    အေးအေးဆေးဆေး ဒီမှာ တခါလာထပ်ဖတ်သွားတယ်။

    နော့်ရဲ့ခင်

    ReplyDelete