Wednesday, February 10, 2010

ကံပစ်ချတဲ့ ဘ၀တွေ

သူတို့ရဲ့ မျက်ရေးကြောင်းတွေက
ဘဝကို ဒုံးခံပီး ရင်ဆိုင်မယ့် သတ္တိအပြည့်ရှိကြတယ်
သူတို့တွေရဲ့ စိတ်ဓာတ်အရင်းခံကလဲ ရိုးသားကြတယ်
သူတို့မှာ ဆန်းပြားတဲ့ အတွေးတွေလဲ သိပ်မရှိဘူး

သူတို့မှာ လျှောက်ရမယ့်လမ်းတွေကလဲ ရွေးစရာ သိပ်မများဘူး
သူတို့ရဲ့လိုဘတွေကလဲ အခြေခံလိုအပ်ချက် ပြည့်စုံဖို့ပဲ
သူတို့ရဲ့ မျက်နှာတွေမှာ အားမာန်တော့ အပြည့်ရှိကြတယ်
သူတို့က အရာရာကို ကံကိုပဲ ပုံချ
ငတ်ရတာကိုက ရှေးကံမကောင်းခဲ့လို့တဲ့
သွားမရှိတော့တဲ့ အဘွားအိုက ခွက်ကလေးတလုံး လက်ဆွဲပီး ပြောရှာတယ်

"ဘယ်သူ့ကိုများ အပြစ်တင်ရမလဲကွယ်
ဘဝတွေကိုက ဆိုးလွန်းပါတယ်
ရင်ထဲက မချိတာတွေအတွက်
သူတပါးကိုတောင် အပြစ်မတင်ရက်ရှာဘူး"


သူတို့ရဲ့ အနာဂတ်အိပ်မက်မှာ
ဇိမ်ခံစည်းစိမ်တွေ မပါဝင်ဘူး
ကိုယ့်မိသားစု ကိုယ့်တဲကလေးနဲ့
မိသားစုတွေ ထမင်းဝိုင်း
အပိုအသိုင်းအဝိုင်း မပါတောင်
ထမင်းကြမ်းခဲကလေးကို ပဲကလေး ဆီဆမ်းစားရတာကိုက
လောကနိဗ္ဗာန်တဲ့လေ

သူတို့ရဲ့ နေ့စဉ်ဝတ္တရားတွေကလဲ
အစဉ်အလာအတိုင်းပဲ လှုပ်ရှားကြတယ်
သူတို့က နိုင်ငံရေးဆိုတာ ဘာလဲ မသိကြဘူး
သူတို့က လူ့အခွင့်အရေး ဘာလဲ မသိကြဘူး
သူတို့က သူတို့ရပိုင်ခွင့်ကိုတောင် ဘယ်သူဆီက တောင်းရမှန်း မသိကြဘူး….

ပြည့်စုံ (၂-၅-၂၀၀၉၊ ၂း၃၅ am)

(နာဂစ်နှစ်ပတ်လည်အတွက် ရေးစပ်ထားတဲ့ တင်ပီးသား ပို့စ်အဟောင်းလေးပါ.. လှိုင်သာယာစက်မှုဇုန်က လစာငွေတစ်သောင်းကျပ်လေးတိုးပေးဖို့အရေး လက်နက်ကိုင်လူသတ်သမားတွေရဲ့ ရှေ့မှာ လည်စင်းပေးနေရရှာတဲ့ တိုက်ပွဲဝင် ရဲမေတွေရဲ့ မျှော်လင့်ချက်မဲ့မျက်လုံးတွေအတွက် ဒီကဗျာလေးကို ပြန်တင်လိုက်တာပါရှင်..)

8 comments:

  1. အနော်ရေ ကဗျာကောင်းလေး လာဖတ်တယ် ..
    ဆန္ဒပြ အလုပ်သမားတွေ အမြန်ဆုံး အဆင်ပြေပါစေ...။

    ReplyDelete
  2. ဟူးးးးးးးးးး
    စိတ်မောလိုက်တာနော် ....း(

    ReplyDelete
  3. နော်ကြီးရေ..... သက်ပြင်းရှည်ကြီးချပြီး ဆုတောင်းပေးသွားတယ်နော်။
    ဆန္ဒပြ အလုပ်သမားတွေ အဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။

    ReplyDelete
  4. လှိုင်သာယာမှာဆန္ဓပြနေကြတဲ့ရဲဘော်အလုပ်သမားတွေအခုသူတို့တောင်း ဆိုချက်ရကြတယ်လို့သိရပါတယ်။ တကယ်တော့ အလုပ်သမားကို အလုပ် ရှင်ကမတော်မတရားမခိုင်းနိုင်အောင် အစိုးရကကာကွယ်ပေးရမှာပါ။ နောက်ဆုံး တော့ တိုင်းပြည်မှာကိုယ့်တာဝန်ကိုယ်သိတဲ့အစိုးရတရပ် လိုအပ်တယ်ဆိုတဲ့ဆီ ရောက်တာပါပဲ။

    ReplyDelete
  5. ကျွန်တော် ကြည့် မိတယ်၊ နာဂစ် မုန်တိုင်း ခွေ ကို၊မိသားတစ်စု ဗျာ....
    မိုးစက် မိုးပေါက်တွေ အောက် စုတ်ပြဲနေတဲ့  ကားလမ်း ဘေးမှာပဲ တာပေါ်လင်
    အစလေးတွေကို မလုံ့ တလုံ့  မိုးခြုံရင်း စောင့် ကြောင့် ထိုင် ကွေးနေရတဲ့ 
    အိမ်မဲ့ သွားတဲ့ မိသားတစ်စု ပုံလေ သိပ်ဝမ်းနည်းဘို့ ကောင်းတာပဲ။

    ReplyDelete
  6. သူတို့မှာ လျှောက်ရမယ့်လမ်းတွေကလဲ ရွေးစရာ သိပ်မများဘူး
    သူတို့ရဲ့လိုဘတွေကလဲ အခြေခံလိုအပ်ချက် ပြည့်စုံဖို့ပဲ။

    သယ်ရင်းရေ... သက်ပြင်းချရုံသာ ချနိုင်ခဲ့တယ်ကွယ်။

    ReplyDelete
  7. ဖတ်ပြီးသက်ပြင်းချသွားတယ် အနော်လေးရေ....း(

    ReplyDelete
  8. သူများတွေခေါ်သလို အနော်လို့ဘဲ ခေါ်တော့မယ်နော်....ခုမှ ဒီဘလော့ခ်ကို စရောက်တာ။။ စရောက်ရောက်ချင်းစတွေ့တဲ့ပို့စ် ကစိတ်ဝင်စားစရာကောင်းလို့ တစ်ခုပြီး တစ်ခုလိုက်ဖတ်နေမိတယ်။

    နောက်ဖတ်လို့ရအောင်လည်း လင့်ခ်တစ်ခါတည်းယူသွားတယ်နော်

    ReplyDelete