Tuesday, October 26, 2010

မျှော်လင့်ခြင်းအိပ်မက်

ဒီလိုနဲ့ပဲ ကျမတို့တွေ
အိပ်မက်ထဲမှာမှ အိပ်မက် မက်ခွင့်ရခဲ့ပါတယ်
အရှေ့အရပ်က နေထွက်ပါတယ်
အနောက်အရပ်က နေဝင်သွားတဲ့အခါ
နောက်ကျောမှာ စာတန်းတစ်စောင်ကပ်ပီး
လမ်းလျှောက်ထွက်ခဲ့ပါတယ်
နောက်ကျောမလုံသူဆိုတာ စာတန်းကပ်ရုံနဲ့ လုံခြုံသလား
မေးခွန်းတိုင်း အဖြေမရှိဘူးဆိုတာ
သူတို့လဲ မသိသလို
ကျမတို့လဲ မသိခဲ့ကြပါဘူး

ဒီလိုနဲ့ပဲ ကျမတို့တွေ
အနာဂတ်ထဲမှာမှ ကိုယ့်တိုင်းပြည်ဆိုတာ ပုံဖော်ခွင့်ရခဲ့ပါတယ်
ရခိုင်ရိုးမ တစ်ဖက်ခြမ်းမှာ မုန်တိုင်းတိုက်နေတဲ့အခါ
ပဲခူးရိုးမ အရှေ့ခြမ်းမှာ သစ်တောတွေ ပြုန်းတီးနေပါတယ်
သစ်ပင်တွေ စိုက်နေကြပါတယ်
သစ်ပင်စိုက်သူ တစ်ရာထက်
သစ်တန်ရာပေါင်းများစွာက တရားဝင်ဖြစ်လာတာကို
သူတို့လဲ မသိချင်ယောင်ဆောင်သလို
ကျမတို့လဲ သိလျက်နဲ့ မမြင်ယောင်ဆောင်လာကြပါတယ်

ဒီလိုနဲ့ပဲ ကျမတို့တွေ
ပါမုန့်မရှိတဲ့အတွက် ကိတ်မုန့်စားဖို့လိုက်ရှာနေခဲ့ရပါတယ်
ရေရှားပါးတဲ့ အထက်မြန်မာပြည်မှာ
ဆည်ရေတွေ အစိုးရက ဖောက်ချပေးနေပါတယ်
ရေကြီးတယ် မိုးများတယ် ရေလျှံတယ်
မကြုံဖူးတဲ့ အထက်ပိုင်းက ရေကြီးမှုသတင်းမှာ
ဆည်ဆောက်တာ အပြစ်မဆိုဘဲ
အလှု လှုဖို့ သတင်းစကားဆိုနေတဲ့သူတွေအတွက်
ပွဲလန့်ရာ ဖျာခင်းချင်တဲ့သူတွေ ဒုနဲ့ဒေး
သူတို့လဲ သိတာတွေများတယ် ဆိုနေပါတယ်
ကျမတို့လဲ သိချင်ယောင်ဆောင် မျက်နှာလွှဲနေတာ များလာပါတယ်

ဒီလိုနဲ့ပဲ ကျမတို့တွေ
စုစည်းမှုအားအတွက် ညီညွတ်မှုတရားကို လက်ကိုင်ထားနေရပါတယ်
နိုင်ငံတော်အလံသစ်ပြောင်းလိုက်တဲ့အတွက်
အလံဟောင်းကနေ အလောင်းဟန် ပြောင်းပြန်နိမိတ်ကောက်ခဲ့ပေမဲ့
လွတ်လပ်ရေးအလံ နေဝင်းအလံနဲ့
စပါးနှံ ဆတ်သွား ဖတ်ခဲ့ရတဲ့ ပြဌာန်းစာအုပ်ထဲ
အလံတွေ ပြောင်းပြန်သွားခဲ့ပါတယ်
အလံဟောင်းတွေအတွက် ပြန်ပြောင်းပြောနေတဲ့အတိတ်ထဲ
သူတို့လဲ စကားလုံးအသစ်တွေကို ရေရွတ်နေသလို
ကျမတို့လဲ ဖတ်ခဲ့ရတဲ့စာတွေကို ပြန်မေ့အောင် ကြိုးစားနေရပါတယ်

ဒီလိုနဲ့ပဲ ကျမတို့တွေ
အနောက်ကနေ နေထွက်လာပီး အရှေ့က နေဝင်မယ့်ရက်ကို မျှော်လင့်နေမိပါတယ်

ပြည့်စုံ
(၂၅-၁၀-၂၀၁၀၊ ၆း၅၇ pm)

6 comments:

  1. အော်...ကဗျာလေး ကောင်းပါတယ်အောက့်မေ့နေတာ
    လက်စသတ်တော့ လက်စသတ်ကိုး:)
    စတာ....လာ...တူတူမျှော်ကြတာပေါ့...
    အနောက်ကနေ နေထွက်လာပီး အရှေ့က နေဝင်မယ့်ရက်ကိုလေ

    ReplyDelete
  2. အမယ်.............
    တော်တော် နာကျင်နေပုံရတယ်၊ လေသံက စောင့် ကြီးအောင့် ကြီးနဲ့ ..။
    မဖြစ်နိုင်တာမရှိပါဘူးအနော်ရေ့ ၊ မဖြစ်သေးတာသာရှိတာပါ၊အဲ့ လိုောင့် ရင်းနဲ့ ပဲ
    အဖေလဲဆုံးသွားပြီ၊ ကျွန်တော် ဆုံး ဘို့ ပဲ ကျန်တော့ တယ်၊
    တချို့ ကိစ္စတွေက အရှိန်အဟုန်နဲ့ ပြောင်းလဲပေမဲ့  တစ်ချို့ ကိစ္စတွေကျတော့ 
    တဖြည်းဖြည်းတရွေ့ ရွေ့  ကူးပြောင်းတယ်တဲ့ ။ ကျွန်တော်တော့  ဇွဲမလျှော့ ဘူး။
    စောင့် မယ်။ နောက်ဘဝအထိ...။

    ReplyDelete
  3. အနောက်အရပ်ကနေ “နေ” ထွက်လာတဲ့ပုံကို ဓာတ်ပုံရိုက်ဖို့ စောင့်နေပါသည်...။

    ဒီလိုပါပဲ...
    သဘာဝတရားတွေ ဖောက်ပြန်ခဲ့လေပြီပဲ....း(

    ReplyDelete
  4. တို့ခေတ်ရောက်ရမည်မှာ မလွဲပါဆိုတဲ့ စာအုပ်နာမည်လေး သတိရမိသွားတယ်။
    ယုံကြည်ချက်ကို မျိုးဆက်တိုင်း လက်ဆင့်ကမ်းဖို့ပဲလိုတယ်။

    ReplyDelete
  5. ဒီတသက် မသေခင် မြင်မှ မြင်ရပါတော့မလား အနော်လေးရေ့။
    တခါတခါ အဲလိုတွေးမိတယ်။

    ReplyDelete
  6. မျှော်ရလွန်းလို့ မောလှပါပြီ..။

    ReplyDelete