Friday, February 4, 2011

အိမ်ကလေး




အိပ်မက်ထဲက အိမ်ကလေးကို
အဲ့ဒီနေ့က ပြန်ရောက်ခဲ့ပါတယ်
.........

ရေနံချေးရောင်ဝနေတဲ့
ခေါင်သုံးခေါင်ရှိတဲ့ အိမ်ကလေး
ဆေးအဖြူရောင်သုတ်လိမ်းထားပီး
လှေကားသုံးထစ်ရှိတဲ့ အိမ်ပုလေး

အုန်းပင် ၄ ပင်ရဲ့အလယ်မှာ
ကျောက်စည်ကြီးချထားပီး
နွေမိုးဆောင်း ရေမပြတ်ခဲ့တဲ့ အိမ်ကလေး

အိမ်ရှေ့က ဒန့်ဒလွန်ပင်နဲ့
နောက်ဖေးက ဘူးပင်တွေကြားမှာ
တူတူပုန်းတမ်းဆော့ခဲ့တဲ့ အိမ်ကလေး

ဟိုဝင်ဒီထွက်
အခန်းတွေဖွဲ့စည်းထားတဲ့
ခန်းဆီးမရှိတဲ့ အိမ်ကလေး

နောက်ဖေးက ဖိုခနောက်အဆင့်မှာ
မီးသွေးမီးနဲ့ ဟင်းချက်နေတဲ့
အမေရှိတဲ့ အိမ်ကလေး

အိမ်အပြန်နောက်ကျတဲ့ ကလေးတွေကို
အိမ်ရှေ့က ထိုင်မျှော်တတ်တဲ့
အဖေရှိတဲ့ အိမ်ကလေး

အဲ့ဒီနေ့က အဲ့ဒီအိမ်ကလေးကို
ပြန်ရောက်ခဲ့ပါတယ်
.........

နာဂစ်ဒဏ်နဲ့
အုန်းပင်တွေ မရှိတော့တဲ့
အိမ်ကလေး

ဆူနာမီဒဏ်ကြောင့်
တခြမ်းယိုင်သွားတဲ့
အိမ်ကလေး

ရေနံချေးရောင်မရှိတော့ဘဲ
အိမ်ခေါင်တိုင်ဆွေးနေတဲ့
အိမ်ကလေး

ခြုံနွယ်တွေ ပိတ်နေပီး
ရေစီးမြောင်း မစီးတော့တဲ့
အိမ်ကလေး

အိမ်ရှေ့က ကျောက်စည်မှာ
စည်ပင်က ရေအလာစောင့်နေတဲ့
ရေမီတာတပ်ထားတဲ့ အိမ်ကလေး

သားသမီးခြောက်ယောက်
အဝေးရောက်နေတဲ့
အိမ်ကလေး

မြေးကလေး ၂ ယောက်အားကိုးနဲ့
ခြောက်တီးခြောက်တောက်
အိမ်ကလေး

တလှုပ်လှုပ်နဲ့
အမြဲမပြတ် အလုပ်လုပ်နေတဲ့
အဖေအမေရဲ့ အိမ်ကလေး

အဲ့ဒီနေ့က
အဲ့ဒီအိမ်ကလေးကနေ ပြန်လာခဲ့တယ်
..............


ပြည့်စုံ
(၄-၂-၂၀၁၁၊ ၈း၅၃ pm)

3 comments:

  1. ကဗျာဖတ်ရင်း ကိုယ့်အိမ်ကိုကိုယ် သတိရသွားစေခဲ့တယ်။
    မပြန်နိင်သေးတဲ့ အဲဒီအိမ်ကလေး....။

    ReplyDelete
  2. ကျမအိမ်လေးကိုတောင်သတိရသွားပြီ....

    ReplyDelete
  3. အိမ်ကိုလွမ်းသွားပြီ

    ReplyDelete