Saturday, October 15, 2011

ဖူးသစ်စရင်ခုန်သံ

မျက်လုံးဒေါင့်စွန်းလေးမှာ မြင်လိုက်ရတဲ့ အရိပ်တခုကြောင့် ရင်ထဲက တဖျတ်ဖျတ်ခါလာပြီး လူက ကတုန်ကယင် ဖြစ်လာချင်သလိုလို အယောင်ယောင်အမှားမှားနဲ့… အဲ့ဒီအရိပ်နောက်ကိုပဲ စိတ်က လိုက်ချင်တော့တာ.. သူရောက်လာပီဆိုတဲ့ အသိက ရင်ထဲမှာကြည်နူးခြင်းသပ်သပ်သာ..

အို ဘယ်လိုများလဲကွယ်.. ကိုယ့်ကို ကြည့်ချင်လည်း တည့်တည့်က ကြည့်ပါတော့လား.. စိတ်ထဲက မြူးတူးတူးဖြစ်လာတဲ့အခါ မျက်နှာကပါ ကိုယ်လုံးနောက် လိုက်လည်ပြစ်လိုက်တယ်..

ဟော တွေ့ပါပြီ အကြည့်သူခိုးရယ်ပေါ့..

သူ့မျက်နှာက နီနီရဲရဲ ပြုံးစေ့စေ့နဲ့ ကိုယ့်ကို မကြည့်တခိုး ကြည့်တခိုးနဲ့.. သူ့လက်ထဲမှာ ကိုင်လာတဲ့ စာအုပ်ကို လေထဲမှာ ဟိုယမ်းလိုက် ဒီယမ်းလိုက်..

ဟေ့ကောင် သူလာပြီလား.. ဘေးနားက သူငယ်ချင်းရဲ့စကားကို ရှက်စနိုးရောင် မျက်လွှာချထားမိတယ်.. အို ဘယ်လိုမျိုး ခံစားချက်များလဲကွယ်.. ရင်တခုန်ခုန် လှိုက်တဖိုဖိုနဲ့..

ဒီအချိန်လောက်ဆို သူရောက်ရောက်လာတတ်ပြီ.. အခန်းရှေ့ ဝရံတာမှာ သူ့သူငယ်ချင်းအုပ်စုတွေနဲ့ ရပ်ချင်ရပ်၊ ဒါမှမဟုတ် သူ သတ္တိရှိတဲ့နေ့ဆို တယောက်တည်း ရပ်ပြီး အခန်းထဲကို တစေ့တစောင်း လှမ်းလှမ်းကြည့်တတ်တဲ့ သူ့ရဲ့မျက်ဝန်းတွေက ကြည်စင်လှတာကိုပဲ သူမက ရင်တွေခုန်လှသည်..

ဆယ်တန်း ဘီခန်းကနေ အေခန်းကို လာလာရှိတ်တတ်တဲ့ သူ့ကို အတန်းထဲက ကောင်တွေက သိပ်မကြည်လှ.. သူရောက်လာပြီဆိုတော့ အတန်းရှေ့ကနေ ပုဆိုးပြင်ဝတ်တဲ့သူက ဝတ်.. ဒါမှမဟုတ် သူ့အနားမှာ အင်အားပြတဲ့သူက ပြပေါ့.. ကိုယ့်အတန်းထဲက မိန်းခလေးကို နှမသားချင်းသဖွယ် စောင့်ရှောက်တဲ့သဘော... ကိုယ့်နှမကလေးက အဲ့ဒီတခန်းကျော်က သူဘက်က ပါနေတာ သူတို့ မသိ..

တကယ်တော့ ဆယ်ကျော်သက် ဘဝရဲ့ ရင်ခုန်သံက လေတိုက်လို့ သစ်ရွက်လှုပ်တာကိုတောင် ရီတတ်တာမျိုးတဲ့.. တကယ်တော့ သူနဲ့ ကိုယ်က ဘယ်တုန်းကများ စကားကို နှစ်ခွန်းပြည့်အောင် ပြောဖူးခဲ့သလဲ မစဉ်းစားတတ်ခဲ့.. အဲ့ဒီနေ့က မုန့်စားကျောင်းဆင်းတော့ ကိုယ်လက်လှမ်းမမှီတဲ့ မုန့်ကို ယူပေးဖို့များ ပြောမိလိုက်သလား.. အို မတွေးတတ်ပါဘူးနော်.. ဒါပေမဲ့ ကိုယ့်လက်ထဲ အဲ့ဒီမုန့်ကို ထည့်ပေးသွားတဲ့ သူ့ရဲ့အပြုံးက .. အိုး ရင်တုန်လိုက်တာ..

အတန်းချိန် တစ်ချိန်နဲ့တစ်ချိန်ကြားမှာ သူရောက်လာတတ်မယ့်အချိန်ကိုပဲ မျက်လုံးဒေါင့်စွန်းလေးနဲ့ ခိုးခိုးကြည့်နေမိတယ်.. ဟော.. အဖြူရောင်အရိပ်တခု.. ဘေးအစွန်က ပြူတင်းပေါက်မှာ လာရပ်လိုက်တော့ ကိုယ့်လက်ထဲက ကွန်ပါဘူးပြုတ်ကျပြီး သံထောက်ချွန်က ကိုယ့်ခြေမကို စိုက်မိတော့တာပေါ့…

ငိုလိုက်ရတဲ့ မျက်ရည်တွေ ခြေမက ပတ်တီးဖွေးဖွေးပေါ်ကျတော့ သူပါ ယောရောင် နာကျင်နေတဲ့ပုံနဲ့ ကိုယ့်ကို မသိမသာခိုးကြည့်ရင်း စိတ်မကောင်းဖြစ်နေရော.. အို ကိုယ်လေ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာတော့ ဘေးက သူငယ်ချင်းတွေက မငိုနဲ့ပြောလေ ကိုယ်က ပိုငိုချင်လေ.. အို မျက်ရည်တွေသာ ချောင်းဖြစ်ရင် အခန်းထောင့်စွန်းက ခုံနားလေးမှာ မယောင်မလည်ရပ်ပြီး ခိုးကြည့်နေတဲ့သူ့ဆီ စီးဆင်းသွားချင်မိတာ.. တကယ်တော့ ကိုယ် သိပ်မနာပါဘူးကွယ်.. သူ စိတ်မကောင်းတာမြင်တော့ ကိုယ် ဝမ်းနည်းတာပေါ့..

သီတင်းကျွတ် ကျောင်းဆယ်ရက်ပိတ်တော့ အဖြူရောင်အရိပ်လေးနဲ့ ခဏဝေးရတော့တယ်.. တကယ်တော့ ဆယ်တန်းဆိုတာ ကျောင်းစာတွေရော ကျူရှင်က စာတွေပါ အသေအလဲ ကျက်နေရတဲ့အချိန် မဟုတ်လား.. အို ကိုယ်ကတော့ ကျောင်းစာတင်မက အပြင်စာတွေပါ ခိုးဖတ်ချင် ဖတ်နေတတ်တာမျိုးလေ.. အဲ့ဒီ စာအုပ်တွေထဲက ချစ်သူရည်းစားမျိုးဆိုတာ အပြင်က ကိုယ့်မျက်ဝန်းရှင်လေးလောက် ရင်ခုန်စရာကောင်းပါ့မလားနော်.. တွေးကြည့်ရင်းနဲ့ ရင်ဖိုလာမိတယ်.. ကိုယ် အသည်းယားပါရဲ့..

ကျူရှင်က ဆင်းတော့ သူငယ်ချင်းတွေ အုပ်စုလိုက် လမ်းထိပ်က အသုပ်ဆိုင်ကိုအသွား.. လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ ကိုယ့်ရဲ့အဖြူရောင်အရိပ်လေးကို တွေ့လိုက်ရတာပေါ့.. အို ဘာလို့ ကျူရှင်အထိ လိုက်လာရတာလဲ.. တွေးမိတော့ ရင်ဖိုလာပြန်ရော.. သူငယ်ချင်းတွေ သိမှာစိုးတော့ ခပ်တင်းတင်းလျှောက်ရတယ်.. နဂိုကတည်းက လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်မလျှောက်ရဲတဲ့သူ ဆိုတော့ နီနီ့လက်ကို တင်းတင်းဆုပ်ထားရင်း အသက်အောင့်ထားမိတယ်.. ကံဆိုးတယ် အဲ့ဒီနေ့က ရှက်လို့ ခလုတ်တိုက်သေးတယ် သိလား..

သူ ကျောင်းမတက်ဘူးတဲ့.. နေများ မကောင်းလို့လား မသိဘူးနော်.. ကိုယ်စိတ်တွေပူလိုက်တာ.. သူနဲ့တွဲတဲ့ သူ့သူငယ်ချင်းတွေကတော့ ပျော်ပျော်ပါးပါး ရီရီမောမောပဲ.. တယောက်ယောက်ကို မေးကြည့်လိုက်ရင် သူဘာလို့ ကျောင်းမတက်သလဲ သိရမှာပဲ.. ဒါပေမဲ့ ကိုယ်မမေးရဲဘူးရယ်.. ကိုယ့်ကို လှောင်လိုက်မှာလား.. ဒါမှမဟုတ် အထင်သေးသွားမလား .. အဲ့ဒီနေ့က ရင်မောရတယ်.. အလိုလိုလဲ ငိုချင်မိတယ်.. ကိုယ်က မျက်ရည်လွယ်တယ်..

ကျောင်းစာတွေက များတဲ့အပြင် ကျူရှင်ကလဲ သိပ်ပင်ပန်းတာပဲ.. အစာအိမ်နာတဲ့ရောဂါ အပြင် ရင်ခုန်ရတဲ့ရောဂါကလဲ မသေးဘူးနော်.. မင်းရဲ့ရီဝေဝေ အကြည့်ကလဲ ကိုယ့်ကို ဖမ်းစားနေတဲ့အချိန် ဆိုတော့ ပိုဆိုးတာပေါ့.. စာမေးပွဲဖြေဖို့ နီးလာလေ.. ကိုယ် မင်းနဲ့ဝေးရတော့မှာပဲလို့ တွေးထင်လာမိလေ.. အို မဝေးချင်လို့ မင်းဘက်က တခုခုပြောလိုက်ရင် ကိုယ်ဘယ်လိုပြန်ဖြေရမလဲ ဟင်..

‘နင်ကလဲ ရူးပါ့.. ဘာဖြစ်လဲ သူများတွေလဲ ရည်းစားထားတာပဲ.. နင်လဲ ရည်းစားထားပေါ့’..

‘အိမ်က သိသွား ဘယ်လိုလုပ်မလဲဟဲ့’

ကိုယ်တကယ်ကြောက်ပါရဲ့.. ဒီအတိုင်းလေးသာ ကိုယ်ရင်ခုန်ပါရစေနော်..

စာမေးပွဲကြီးနီးတော့ ကျောင်းကြီးတက်ဖို့ အချိန်မရတော့.. ကိုယ်နဲ့ သူရဲ့ ဇာတ်လမ်းလေးကလဲ ဒီလိုသာ ခဏမေ့ထားရ.. ခေါင်းထဲမှာ စာ.. အိပ်ရာဝင်တော့ စာ.. ထမင်းစားချိန်မှာပါ စာနဲ့သာ နပန်းလုံးနေရပြီး.. ကျူရှင်ထိပ်က လက်ဖက်ရည်ဆိုင်ကိုတော့ မျက်လုံးဒေါင့်စွန်းလေးနဲ့သာ ခိုးကြည့်ခဲ့ရ.. သူ မရောက်လာတတ်တော့.. အို သူလဲ စာကျက်နေရမှာပေါ့.. ကိုယ့်ကို သတိရနေပါနော်..

စာမေးပွဲဖြေဖို့ ခုံနံပါတ်တွေ သွားထုတ်ရတော့ ကျောင်းကို ပြန်ရောက်ခဲ့တယ်.. သူ့ကို သတိရလိုက်တာ.. ကိုယ့်အတွက် စာမေးပွဲဖြေဖို့ ကတ်နဲ့ ခုံနံပါတ်ထုတ်အပြီး ပြန်လာတဲ့ လမ်းတလျှောက် သတိရလိုက်တာ.. အဖြူရောင်အရိပ်တွေထဲ သူ့ကိုသာ မြင်နေရတယ်.. သူ့မျက်လုံးကြည်ကြည်ဝိုင်းဝိုင်းလေး.. ကိုယ်ရှာပါတယ် မတွေ့ခဲ့တော့ သတိရလှတယ်..

ကိုယ်တို့ စာမေးပွဲဖြေတော့ ခုံနံပါတ်တွေက နာမည်အနောက်က စာလုံးနဲ့ စီတယ်တဲ့.. ဒီလိုဆို ကိုယ်နဲ့ မင်းနဲ့ တကျောင်းတည်း ကျပါ့မလားဟင်.. မင်း ဘယ်မှာများနေသလဲ ကိုယ်မှ မသိခဲ့တာ.. စကားလဲ မပြောဖြစ်ခဲ့ဘူး မဟုတ်လား.. ကိုယ်တို့ ပြန်မတွေ့ဖြစ်ရင် ဒီလိုသာ ဝေးကြမလား မသိဘူးနော်..

ဝေးတော့မှာပဲ ဆိုတဲ့အသိ အဲ့ဒီကတည်းက ဝင်လာမိခဲ့တာလား .. အို ကိုယ် တကယ်မသိခဲ့ပါဘူးနော်.. အချစ်အကြောင်းလဲ ကိုယ်မသိပါဘူး.. ဝေးရမှာလဲ မသိဘူး. အလွမ်းလဲ မသိခဲ့ဖူးပါဘူး.. ဒါပေမဲ့ မင်းကို သတိရတိုင်း ရင်ခုန်ကြည်နူးမှုလေးတော့ အမြဲရတယ်..

ဟော့ဒီရင်ဘတ်ကလေ တဖြည်းဖြည်းနဲ့ တငြိမ့်ငြိမ့်လေး .. လှိုက်ခနဲ ဝမ်းသာလိုက် လှိုက်ခနဲ ရင်ခုန်လိုက်နဲ့.. အတွေးထဲ အဖြူရောင်အရိပ်လေးနဲ့သာ လွင့်မျောစီးဆင်း.. အို ကိုယ်လေ ဒီလိုအတိုင်းလေးသာ အမြဲခံစားချင်မိတော့တာပါပဲ.

စာမေးပွဲ စဖြေရတော့ .. အကိုအကြီးဆုံးက စက်ဘီးနဲ့လိုက်ပို့ခဲ့တယ်.. လက်ထဲမှာ အဲ့ဒီနေ့ဖြေမယ့် ဘာသာတွဲစာအုပ်ရယ်.. ကွန်ပါဘူးရယ် ကိုင်ထားပြီး မျက်လုံးအစုံက အဖြူရောင်အရိပ်တွေ အများကြီးကြားထဲက အဖြူရောင်ရင်ခုန်သံလေးကို လိုက်ရှာကြည့်နေမိတယ်..

ကိုယ်စာမေးပွဲဖြေရတဲ့ အခန်းက နှစ်ထပ်ဆောင် အောက်ထပ်က အစွန်ဆုံးအခန်းလေ.. အခန်းထဲ မဝင်ခင်အချိန်အထိ လွယ်အိတ်တွေထားတဲ့ ခုံဘေးမှာ ကိုယ်တို့ ကမန်းကတန်း စာကြည့်ရတယ်.. အို ကိုယ့်ရင်ထဲက လှိုက်ခနဲခုန်တက်လာတဲ့ ခံစားချက်ကြောင့် ကိုယ်သိလိုက်တယ်.. အဖြူရောင်အရိပ်လေး..

ဝရန်တာကို ကျော်ပြီး ကိုယ့်ခေါင်းကို အပြင်ထုတ်လိုက်တယ်.. ပြီးတော့ အပေါ်ကို မော့ကြည့်လိုက်တယ်.. ငုံ့ကြည့်နေတဲ့ သူ့မျက်လုံးတွေက ကြည်စင်ဝင်းပလိုက်တာ.. သူက လက်ထဲက စာအုပ်ကိုကိုင်ထားရင်း ကိုယ့်ကို အံ့အားတသင့် ငုံ့ကြည့်နေခဲ့တယ်.. စာမေးပွဲဖြေနိုင်ပါစေနော်..

အခန်းအပြင်က အဖြူရောင်အရိပ်လေးကြောင့် လက်ထဲက အဖြေလွှာစာရွက်ကို တင်းတင်းဆုပ်ထားမိတယ်.. စာမေးပွဲပြီးတဲ့ အချိန်ခေါင်းလောင်းထိုးသံကြားတော့မှ ခုံပေါ်က မတ်တပ်ရပ်လိုက်တယ်.. မင်းအပြုံးလေးနဲ့တင် ကိုယ်အားရှိပါရဲ့.. နောက်နေ့တွေလဲ ကျက်ထားတဲ့ စာတွေ တိုးပါစေ.. မင်းအတွက်ရောပေါ့..

စာမေးပွဲနောက်ဆုံးနေ့ဖြေပြီးတော့ ကိုယ့်စိတ်တွေ ပေါ့ပါးသွားတယ်.. ဒီနေ့ နောက်ဆုံးနေ့ဆိုတော့ သူငယ်ချင်းတွေစုပြီး နီနီတို့အိမ်ကို အလည်သွားကြမယ်လို့ စီစဉ်ထားခဲ့တယ်.. အဲ့ဒီတော့ ကိုယ့်ရဲ့လွယ်အိတ်ကို အကိုကြီးကို သွားပေးရမယ်.. စာမေးပွဲဖြေနိုင်ကြောင်း ပြောရမယ်..

နီနီ့အဖေက ကားနဲ့လာကြိုပေးမယ်ဆိုတော့ လူတွေ မရှုပ်ခင် အပြင်ကို မြန်မြန်ထွက်ဖို့ ကြိုးစားရတယ်.. သူ့ကို ရိပ်ခနဲမြင်လိုက်ပေမဲ့ နီနီ့ရဲ့လက်တွေကြားမှာ မရုန်းသာခဲ့.. အဖြူရောင်လေးရေ..

ကိုယ့်ရဲ့လည်တပြန်ပြန်အကြည့်မှာ သူက ခြေဖျားထောက်ပြီး လူအုပ်ကြားမှာ ညပ်ပြီးကျန်ရစ်ခဲ့ရှာတယ်.. သူ့မျက်လုံးရဲ့ရီဝေဝေအကြည့်မှာ ကိုယ် တမေ့တမော ဝမ်းနည်းခဲ့ရ..

စာမေးပွဲဖြေပြီးပြီးချင်းပဲ သူ့ရဲ့ဇာတိ မန္တလေးကို ပြန်သွား၇တယ်ဆိုတဲ့ သတင်းက ကိုယ်တို့ စကားစပ်မိရင်း ဆရာကန်တော့ပွဲနေ့မှာ သိခဲ့ရတယ်..

ခြေဖျားထောက် လည်ပြန်အကြည့်နဲ့တင် ကိုယ်တို့ ကျေနပ်ခဲ့ရတာပါပဲ..

အို ကိုယ်လေ ပြန်တွေးတိုင်း ရင်ခုန်ကြည်နူးနေတုန်းပါ အရိပ်ကလေးရေ.. စကားတခွန်းမှ မဆိုခဲ့.. အပြုံးတစွန်းတစ.. အကြည့်တစုံတရာနဲ့တင် ကိုယ့်ရဲ့ရင်ခုန်သံအဦးဆုံးဖြစ်ခွင့်ရခဲ့တာပါပဲ..

ပြန်မတွေ့ဖြစ်ခဲ့တာ အခုဆို ဆယ်စုနှစ်ကျော်ခဲ့ပါပြီ..

ကိုယ် သတိရနေတုန်းပါပဲ..

ပြည့်စုံ
(၁၁း၅၆ pm, 15-10-2011)

2 comments:

  1. ~~ ကြာပြီဆိုတော့ မေ့သွားမှာပါ .. စိတ်မှာ ထင်ခဲ့တယ် ~~

    ReplyDelete
  2. ဟေ အဲ့လိုကြီးလား

    ReplyDelete