Friday, April 4, 2014

ရွှေပြည်တော်တမ်းချင်း

ဘယ်သူက ထင်မှာလဲ၊ တောင်ပူစာ ခြုံကြားမှာ မြို့နန်းတည်ရလိမ့်မယ်လို့ ရှေးဆယ်စုနှစ်တွေဆီက အိပ်မက်ပင် မက်ဖူးမယ် မထင်။ သို့ပေမဲ့ အခုတော့ ခြုံကြားက ဘုံဖျားတွေ ပေါ်လာပြီး နတ်နန်းတွေ အစီအရီပေါက်သလို မြို့တော်သစ် တစ်ခု ပေါ်ထွန်းလာတယ် ပြောရမှာပါပဲ။
မြို့အလျားက ကျယ်ဝန်းတယ်၊ လေယာဉ်ပေါ်ကနေ မြေပြင်ကို မြင်ရသလောက် မြို့နယ်ခွဲလေးတွေကို စိပ်ပိုင်းထားတာ ညီညာတယ်၊ ၀န်ထမ်းတွေကို နေရာချပေးထားတဲ့ အကွက်တွေမှာ သွပ်မိုးရောင် ပြောင်ပြောင်လက်လက်တွေ မြင်ရတယ်၊ တချို့နေရာတွေကတော့ လွင်တီးခေါင်နီးနီးပါပဲ။
နေပြည်တော် နိုင်ငံတကာ လေဆိပ်ကြီးဆီ ရောက်ဖို့ လေယာဉ်ပြေးလမ်းက အနည်းငယ်ရှည်တယ်၊ လေယာဉ်ဘီးလုံးတွေ ရပ်တန့်သွားပြီး ခဏနေတော့ လေဆိပ်နားနေဆောင်ဆီ ပို့ဆောင်ပေးမယ့် ကားတွေ ရောက်လာတယ်၊ ရန်ကုန်လေဆိပ်နဲ့ တခြားစီပဲ၊ ကွင်းဘေးမှာ လေယာဉ် နှစ်စီး ရပ်ထားတာ တွေ့တယ်။ နိုင်ငံတကာ လေဆိပ်ကြီးဆီမှာ လေယာဉ်တွေ မရှိတော့ လေဆိပ်က ထီးတည်းရပ်နေတာ သူ့အစား ကိုယ့်မှာ အားတွေနာလို့။။။
ဒီလိုနဲ့ လေဆိပ်ကို ရောက်တယ်၊ ကိုယ့်မှာက လက်ဆွဲအိတ်ငယ်ပဲ ပါတယ်၊ ဒါပေမဲ့ ရွေ့လျားခါးပတ်ပြားတွေကတော့ အထုပ် ပါပါ မပါပါ လည်နေတယ်၊ လက်ဆွဲသေတ္တာ နှစ်လုံး သုံးလုံးလောက် ထွက်လာတယ် တွေ့တယ်။။
လေဆိပ်အပြင်ကို ရောက်အောင် တော်တော်လေး လမ်းလျှောက်ရတယ်၊ တွေ့ရသလောက်လဲ လေယာဉ်မှာ ပါတဲ့ ဧည့်သည်လောက်နဲ့ ၀န်ထမ်းတွေပဲ လေဆိပ်ထဲမှာ ရှိနေတယ်၊ လေဆိပ်တစ်ခုလုံးကလဲ တိတ်ဆိတ်လို့… အဲကွန်းအအေးဓါတ်ကြောင့်လား မသိဘူး စိမ့်နေအောင် အေးနေတယ်။ အပြင်မှာတော့ ကျောကော့အောင် ပူလှတော့မယ်။။
အပြင်မှာ လူနည်းနည်း ကျဲကျဲ ရပ်နေတယ်၊ ကိုယ့်နာမည်ကို ရေးထားတဲ့ ဆိုင်းဘုတ်ကိုမြင်တော့ လာကြိုတဲ့ ကားသမားကို ပြုံးပြလိုက်တယ်။ တက္ကစီခက တစ်နေ့လုံး အသုံးပြုမယ်ဆို ကျပ်ငါးသောင်း ပေးရမယ်လို့ ပြောတယ်၊ ကားသမားကတော့ အမြဲငှားနေကျမို့ ခရီးစဉ်လိုက်ပဲ ပိုက်ဆံကို ပိုင်းယူပါ့မယ်လို့ ပြောတယ်၊ ရပါတယ် ဘယ်လိုယူယူပေါ့. ကိုယ်သွားမယ့် ခရီး သွားလမ်းသာပြီး လာလမ်း ဖြောင့်ဖို့ပဲလို့ သဘောရတယ်။
လေဆိပ်က လယ်ဝေးမှာ၊ မြို့ကြီးက နေပြည်တော် ကြပ်ကုန်းမှာ.. ကီလို ၁၀၀ လောက် မောင်းတာတောင် မိနစ် သုံးဆယ်လောက် မောင်းလိုက်ရတယ်။ ပေးပျော်ပါတယ် ၂၅၀၀၀။
မြို့ကို ပထမဆုံး အမြင်မှာတင် အပူရောင်ဟပ်တယ်…
တံလျှပ်တွေ တဖွေးဖွေး ထနေတဲ့ လမ်းမကျယ်ကြီးတွေမှာ ကားတစ်စီးမှ မတွေ့ရဘူး၊ လမ်းဘေးတလျှောက် ပန်းပင်တွေ ရှိတယ်၊ အမှိုက်တွေတော့ မရှိဘူး၊ လေးလမ်းသွား လမ်းမကြီးတွေကို နှစ်ပိုင်းစီ ပိုင်းထားတယ်၊ အတွင်းလိုင်း နှစ်လုံးဆီကို အပေါ်ကနေ ကတ္တရာ ပါးပါး ပုတ်ထားတာ တွေ့တယ်၊ အဲ့ဒီကတ္တရာပုတ်ထားတဲ့ လမ်းတွေကို လမ်းလယ်ခေါင်မှာ အကာလေးတွေ လုပ်ပေးထားတယ်။
ဘာကြောင့်လဲ မေးတော့ .. ဆိုင်ကယ်နဲ့ ကုန်ကားကြီးတွေက ဘေးနှစ်လိုင်း ကွန်ကရစ်လမ်းပေါ်ကပဲ မောင်းရတယ်လို့ တက္ကစီသမားက ပြန်ဖြေတယ်၊ ဒါပေမဲ့ လစ်ရင် လစ်သလို ကတ္တရာဖြူးထားတဲ့ လမ်းပေါ် တက်မောင်းကြတာပဲ။ သူသူကိုယ်ကိုယ် လမ်းကောင်းကပဲ မောင်းချင်ကြတာကိုး အစ်မတဲ့။
ဟုတ်မှာပဲ… ပြောရင်းနဲ့ ဆိုင်ကယ်တစ်စီး ကတ္တရာလမ်းပေါ် တိတ်တိတ်လေး ခိုးတက်လာတာ မြင်ရတယ်။ ခဏနေရင်တော့ သူ လမ်းဘေးဆင်းရမှာပဲ၊ အရှေ့မှာ ဆပ်ပလိုင်းချက်တွေ ရှိတယ်တဲ့။
နေပူကြောင်တောင်ကြီးမှာ မော်တော်ပီကယ် သုံးယောက် ဆိုင်ကယ်လေးတွေရပ်ပြီး နေပူဆာလှုံနေကြတယ်၊ ဘေးနားမှာလည်း ဦးထုပ်မဆောင်းလို့ ဆိုပြီး ဖမ်းထားတဲ့ ဆိုင်ကယ် သုံးလေးစီး တွေ့ရတယ်။
လမ်းဘေးဝဲယာမှာ ဟိုတယ်တွေ အများကြီးတွေ့တယ်၊ လူနေအိမ်တွေ မရှိဘဲ ဟိုတယ်ကြီးငယ် ဆောက်လက်စတွေ အများကြီးတွေ့တယ်။
တည်းမယ့် ဟိုတယ်ကို ရောက်တယ်၊ ဟိုတယ်ဝင်းက အကျယ်ကြီးပဲ၊ ဟိုတယ်အိမ်လေးတွေကလည်း တမျှော်တခေါ် ဝေးလို့၊ ရီဆက်ရှင်းက ကောင်မလေးက check out ပြန်ထွက်ရမယ့်အချိန်ကို သေသေချာချာ ရှင်းပြနေသေးတယ်။
ခဏနေတော့ ဂေါ့ဖ်ကွင်းတွေမှာ မောင်းတဲ့ ကားသေးသေးလေး ရောက်လာပြီး ကိုယ့်ကိုတင်ပြီး တောင်ကုန်းလေးတွေလို လျှောက်လမ်းလေး လုပ်ထားတဲ့ ဟိုတယ်ဝင်းထဲက အိမ်တစ်လုံးဆီ ခေါ်သွားတယ်၊ ဟိုတယ်ဝင်းထဲမှာ ရေကူးကန်ရှိတယ်၊ နောက် ကျန်းမာရေးစင်တာ တစ်ခုတွေ့တယ်။ သစ်ပင်အုပ်အုပ်လေးတွေ တွေ့တယ်၊ ပွဲတစ်ခုရှိလို့လား မသိဘူး၊ စင်တွေနဲ့ ခုံတွေ ပြင်နေတာလဲ တွေ့တယ်။
နေပြည်တော်မှာ အင်တာနက်ကော်နက်ရှင် သိပ်ကောင်းတာပဲလို့ ညွှန်းကြတယ်၊ အဟုတ်ပဲ wi fi က ဆစ်ဂနယ်တုံး အကုန်မိနေတယ်၊ နှမြောစရာ ကောင်းတာက ကိုယ်က ခဏလေး လာတယ်ဆိုတော့ ကွန်ပျူတာလည်း မသယ်ခဲ့သလို၊ အင်တာနက်သုံးလို့ရတဲ့ ဖုန်းကလည်း ဘတ္တရီသွင်းမယ့်ကြိုး မေ့ခဲ့တယ်၊ ကောင်းလေစွ ကောင်းလေစွ။။
ရခဲလှတဲ့ အင်တာနက်နဲ့ကြုံတုန်းတောင် မဒေါင်းနိုင်တော့တာ… ဒီဘ၀ ကျွတ်ဖို့ခဲလှတာ ဆန်းမယ် မထင်တော့။။။
ခဏနေတော့ လုပ်စရာရှိတာ၊ ပြင်ဆင်စရာရှိတာ ပြင်ဖို့ အပြင်ကို ပြန်ထွက်ရတယ်၊ ဒါလည်း ခဏလေးနဲ့ပြီးသွားတယ်၊ နေပြည်တော်မှာ နေ့စာ ညစာ ဘယ်လိုစားရမလဲ မေးတော့ ကားသမားက လက်ဘက်ရည်ဆိုင်ကို ညွှန်းတယ်၊ ရွှေပလ္လင်တဲ့။
လက်ဖက်ရည်ဆိုင်က အထဲမှာ လူတွေစည်တယ်၊ စားလို့ကောင်းတယ်၊ ဈေးနှုန်းသင့်တယ်၊ အကြိုက်ဆုံးက လက်ဘက်ရည်ပဲ။
လက်ဘက်ရည်သောက်တယ်၊ မုန့်စားတယ်၊ နေ့လယ်စာ ပါဆယ်ဆွဲခဲ့တယ်၊ ရတဲ့ ပါဒီယမ်က ဟိုတယ်စာ စားဖို့ လောက်မယ် မထင်ဘူးလေ။ လက်ဘက်ရည် သောက်နေတုန်း ရန်ကုန်က သူငယ်ချင်းဆီ ဖုန်းဆက်ပြီး ဟားဟားဟီးဟီး ရီဖြစ်တယ်။ လက်ဘက်ရည် ကောင်းကောင်း သောက်ရလို့လား မသိဘူး လူက အရသာပြည့်နေတယ်။
နေ့လယ်ခင်း ဘာမှလုပ်စရာမရှိတော့ဘူး၊ ဘယ်ကို သွားလည်ရမလဲ မေးတော့၊ နယ်ခံ ကားသမားက အားပေးတယ်၊ ဟိုတယ်မှာပဲ နားနေပါ အစ်မရယ်။ နေက သိပ်ပြင်းလွန်းတယ်တဲ့။
ဒါနဲ့ ဟိုတယ်မှာ တစ်နေကုန် အိပ်တယ်၊ အဲကွန်းအေးအေးနဲ့ တီဗီကို ဖွင့်ပြီး ချန်နယ်လ်တွေ အကုန်လျှောက်နှိပ်တယ်၊ တရေးတမော အခါခါ အိပ်တယ်။ တစ်နေ့လုံး ဟိုတယ်ခန်းထဲမှာ ပျင်းရိစွာနဲ့ အိပ်ပျော်သွားတယ်။
မနက်လင်းတော့ ဟိုတယ်က နံနက်စာ ကျွေးတယ်၊ စားကောင်းပါတယ်၊ ဧည့်သည်ထက် ဟိုတယ်ဝန်ထမ်းတွေက ပိုများနေတော့ ၀န်ဆောင်မှုက တအားကောင်းနေတယ်။ ကိုယ်က ခေါင်း ဘယ်ညာ သိပ်မလှည့်ရဲဘူး၊ ၀န်ထမ်းတွေက အနားကို ရောက်လာပြီး လိုတာ လုပ်ပေးဖို့ ပြင်နေတယ်။ ရပြီ ရပြီ။ ကိုယ်တွေက ဦးညွှတ် ခရီးဦးကြိုပြုတဲ့ ၀န်ဆောင်မှုနဲ့ သိပ်အသားမကျသေးတော့ သူတို့ ဦးညွှတ်ပြီး အရိုအသေပေးတိုင်း ကိုယ့်မှာ ခါးတွေ ဘာတွေကုန်းပြီး အားတုန့်အားနာတွေ ဖြစ်လို့။ ကိုယ်က တစ်ပြန် ကျေးဇူးတွေ ပြန်တင်နေမိသေးတယ်။
ပွဲကလည်း မြန်လိုက်တာ၊ ၉ နာရီစတဲ့ ပွဲက ၁၀ နာရီမှာ ပြီးတယ်၊ စားတယ် သောက်တယ်၊ လိုအပ်သည်များ မှာစားကြပြန်တယ်၊ ကိုယ်တွေက တစ်ခါတည်း လေဆိပ်တန်းဆင်းရမယ် ဆိုပြီး ဟိုတယ်ကနေ အထုပ်တွေ ယူခဲ့ပြီ၊ လေယာဉ်အချိန်က ညနေ ၄ နာရီ၊ ကျန် ကြားထဲက နာရီတွေ အတွက် ငုတ်တုတ်မေ့ကြစို့။
ဒီလိုနဲ့ နေပြည်တော် လမ်းမကြီးတစ်လျှောက် ကားလျှောက်မောင်းကြတယ်၊ တနင်္လာနေ့ မို့လို့လား မသိဘူး၊ တစ်ခုသော ပန်းအ၀ိုင်းပတ်နေရာမှာ ကားနည်းနည်း ပိတ်နေတယ်၊ အံ့တွေကို သြလို့။ ရန်ကုန်အတိုင်းပါပဲလား။ ခဏနေတော့ ရှင်းသွားတယ်၊ ကားတစ်စီးက ကန့်လန့်ကြီး ပျက်နေလို့ပါတဲ့။ ကားသမားက ပြောတော့ ကိုယ်တွေမှာ အူတွေကို နာလို့ ရီလိုက်ရတာ ဖတ်ဖတ်မော။
သပြေကုန်းဈေးကို သွားတယ်၊ ကိတ်မုန့်နဲ့ မျှစ်ချဉ် နည်းနည်းပါးပါး ၀ယ်တယ်၊ နောက်တော့ YKKO ဆိုင်မှာ သွားထိုင်ကြတယ်၊ စားတယ် သောက်တယ်၊ ညောင်းအောင် ထိုင်တာတောင် တစ်နာရီထက် ပိုမထိုင်ချင်ဘူး၊ ဒါနဲ့ ဘယ်နေရာကို ထပ်သွားဖို့ရှိသေးလဲ ကားသမားကို ထပ်မေးတယ်။ လေဆိပ်ကိုသာ သွားနေတဲ့။ လေဆိပ်မှာ အဲကွန်းရှိတော့ အေးပြီး နေလို့ကောင်းတယ်တဲ့။ ဟုတ်မှာပဲ အလာတုန်းက ကိုယ်သိသွားခဲ့တာဆိုတော့ လေဆိပ်ဆီ ချီတက်ကြတယ်။
နေ့လယ် ၁၂ နာရီ ၀န်းကျင်လောက် လေဆိပ်ကို ရောက်တယ်၊ Departure ဂိတ်ကြီးက ကြီးကျယ်ခမ်းနားလိုက်တာ၊ လူကသာ မရှိတာ၊ လေဆိပ်တစ်ခုလုံးက ပြောင်လို့ တောက်လို့။ ရှင်းလို့ သန့်လို့။ မြန်မာ့လေကြောင်းလိုင်းကို သွားမေးတော့ ၂ နာရီမှ check in ကောင်တာ ဖွင့်မယ်တဲ့။ ဟုတ်ပြီလေ စောင့်ကြဦးစို့။
နေရာအနှံ့ ရဲတွေချည်းပဲ၊ ဒုသမ္မတ ခရီးစဉ်ရှိလို့တဲ့၊ ခဏနေရင် ရဲကြီးကြီး နှစ်ယောက်က ရဲငပိန်လေးတွေကို တန်းစီခိုင်းလိုက် သြ၀ါဒခြွေလိုက်၊ ခဏနေတော့ ကိုယ်တို့ဘေးနားက ထိုင်ခုံတွေပေါ် ရဲတွေ ရောက်လာပြီး ခါးကြားက ဖုန်းကိုယ်စီထုတ်ကာ ပွတ်နေကြတော့တယ်။
၁ နာရီဝန်းကျင်ရှိလာတော့ ထိုင်ရတာ ဖင်ပူလာတယ်၊ ရေလဲ သောက်ချင်တယ်၊ ကော်ဖီလေးများ သောက်ရရင် ဘယ်လောက် ကောင်းမလဲ၊ လေဆိပ်အကြီးကြီးထဲမှာ မေခလာ ကော်ဖီဆိုင်လေးကို သွားတွေ့တယ်၊ ကားအစုတ်လေးနဲ့ ဒက်ကရေးရှင်း ခင်းထားပြီး ကောင်မလေးတစ်ယောက် ထိုင်နေတယ်။
“ရေသန့်ရှိလား ညီမလေး။”
ကောင်မလေးက ရှိုးတိုးရှန့်တန့် ပုံလေးနဲ့ ကိုယ့်ကို မတ်တပ်ထရပ်ရင်း ပြုံးပြတယ်။ ကိုယ်လဲ ထပ်မေးတာပေါ့။
“ရှိတော့ ရှိတယ် အစ်မ” [တွန့်ဆုတ်ဆုတ်နဲ့ ဖြေပုံက]
“မအေးလို့လား ညီမလေး၊ မအေးလည်း ရတယ်”
“မဟုတ်ဘူး၊ ဈေးကြီးလို့”
“ဘယ်လောက်များတုန်းဟင်”
ကိုယ့်အသံလည်း နည်းနည်းတုန်သွားတယ်၊ နောက်တော့ ကိုယ့်စိတ်ကို ပြန်ဖြည်လိုက်တယ်၊ သဲကန္တာရထဲမှာ ဆိုပါစို့၊ ရေတစ်စက်လောက် သောက်စရာမရှိလို့ သေသွားမယ်ဆိုရင် သေနိုင်တာပဲ။ ငါ့မှာလည်း ၀ယ်ဖို့ ပိုက်ဆံ ရှိသေးတာပဲ။
“ပေးပါကွယ် အဲ့ဒီရေဘူးပဲ”
အပြင်မှာဆို တစ်ဘူးကို နှစ်ရာပေးရတယ်၊ တကယ်တော့ သူ့ရဲ့ အရင်းက တစ်ရာလောက်ပဲ ရှိတာပါ၊ ဘာလို့ဆိုတော့ ကိုယ့်အစ်ကို အသုဘတုန်းက ရေဘူးကမ်းတော့ သိနေတယ်၊ တစ်ဘူးမှ ၁၀၀ တောင် မပြည့်ဘူးရယ်။
တစ်ထောင့်နှစ်ရာကျပ် ပေးလိုက်ရတယ်၊ ရေကလည်း ချိုလိုက်တာ ဈေးကြီးလို့လား မသိဘူး။ ဘယ်တတ်နိုင်မလဲ၊ သူ့နေရာနဲ့သူပေါ့။
လေဆိပ်က တအားကြီးတယ်၊ တအားလည်း သပ်ရပ်တယ်၊ တအား သန့်ရှင်းတယ်၊ သန့်ရှင်းမှာပေါ့၊ သန့်ရှင်းရေး အလုပ်သမလေးတွေက ဘာမှမရှိတဲ့ နေရာတွေမှာတောင် အထပ်ထပ် ပွတ်တိုက်နေကြတယ်၊ ကောင်မလေး နှစ်ယောက်က လေဆိပ်တစ်ခုလုံးကို မတ်တပ်ရပ်တိုက်တဲ့ အ၀တ်နဲ့ ညီညီညာညာ လိုက်ပွတ်နေကြတယ်။
လေဆိပ်ဝင်းတစ်ခုလုံးကို အဲကွန်းတွေ အေးနေအောင် လွှတ်ထားတာရဲ့ ကုန်ကျစရိတ်ကို တွက်မိတယ်။ ဒါဟာ ဘယ်သူ့ဘဏ္ဍာတွေကိုများ သုံးနေတာလဲ။ လိုအပ်တဲ့ နေရာရော ဟုတ်ရဲ့လား။
၂း၃၀ နာရီ။ ကောင်တာမှာ check in ၀င်တယ်။ ပြီးတော့ X-ray ဖြတ်တယ်။ ကောင်လေးတစ်ယောက်၊ ကောင်မလေး နှစ်ယောက် ထိုင်နေတယ်၊ ကိုယ့်ရဲ့ တစ်ထောင့်နှစ်ရာတန် ရေသန့်ဘူးလေးကို ကိုင်ပြီး လွှင့်မပစ်ရက်ဘူး ဖြစ်နေတယ်။
လွှင့်ပစ်လိုက်ရမလားဟင်လို့ မေးတော့ ကောင်လေးက ခေါင်းကုတ်တယ်၊ ကောင်မလေး တစ်ယောက်က ယူသွား အစ်မတဲ့။ ပျော်လိုက်တာ ဆိုတာ။
ဂိတ်ပေါက်ဝ အားလုံးပေါင်း ၁၁ ခု ရှိတယ်၊ လေယာဉ်က တစ်စင်းပဲ ဆိုက်မှာကွယ်။ အဲ့တော့ ကိုယ်တွေကို ဂိတ် ၁၀ မှာ သွားစောင့်ခိုင်းတယ်။ ဂိတ်နံပါတ် ၁၀ က အောက်ကို စက်လှေခါးနဲ့ ဆင်းရတယ်၊ စက်လှေခါးကြီးက စီးမယ့်လူ မရှိလည်း သူ့တာဝန်ကို သူကျေအောင် အထက် အောက်လည်နေလေရဲ့။
နောက်ထပ် ၁ နာရီ ၄၅ မိနစ်တိတိ အဲ့ဒီလေဆိပ်မှာ ထိုင်စောင့်ပြီး သကာလ လေယာဉ်ရောက် လာတယ်၊ ရောက်လာတယ် ဆိုတာက လေယာဉ်ပေါ်မှာ ခရီးသည် ပါမလာလို့လေ။
ဒီလောက် သစ်လွင်တဲ့ မြန်မာ့လေကြောင်း လေယာဉ်ကို မစီးဖူးဘူး။ မဆိုးဘူး ဒါပေမဲ့ တိမ်ထူလို့လား မသိဘူး၊ လေယာဉ်က နည်းနည်းခါနေတယ်၊ အမြင့်ပေ ၂၀၀၀၀ ကျော်တော့ တော်တော်ငြိမ်သွားတယ်၊ အန္တရာယ်ကင်း အချက်ပေးသံ ပေါ်လာတော့ လေယာဉ်မယ်လေးက မုန့်နဲ့ ကော်ဖီလိုက်တိုက်တယ်။
ဘ၀မှာ သောက်ဖူးတဲ့ ကော်ဖီတွေထဲ ဒီကော်ဖီက အရသာရှိလိုက်တာ၊ တစ်ခွက်ထဲနဲ့ မ၀ဘူး။
တိမ်တွေက လှလိုက်တာ၊ ကိုယ်က တိမ်တွေ အပေါ်ကို ရောက်နေတယ်၊ တိမ်တွေကလည်း အောက်မှာ ငုတ်တုတ်လေးတွေ ထိုင်လို့၊ လှချက်။
ရန်ကုန်လေဆိပ် ဆိုက်ဆိုက်ချင်း လေယာဉ်ပေါ်က အဆင်းမှာပဲ အပူရှိန်အဟပ်ခံလိုက်ရတယ်။ အေးစိမ့်နေတဲ့ နေပြည်တော်လေဆိပ်ရဲ့ အအေးဓါတ်ကြောင့် ရန်ကုန်လေဆိပ်မှာ အပူရှပ်သွားတယ်။
အပူ အအေး မညီမျှမှုက ဘယ်လောက်ပြင်းသလဲဆို နေပြည်တော်ရွှေမြို့တော်ကြီးကနေ ရန်ကုန်မြို့တော်ကြီးဆီ ပြန်ရောက်ပြီး နာရီပိုင်းမကြာဘူး အဖျားတွေ တက်ပြီး ရှော့ရသွားတာ၊ အကြောဆေး ထိုးလိုက်ရတဲ့အပြင် နှစ်ရက်လောက် အိမ်မှာ အနားယူလိုက်ရတယ်။
ဘာဖြစ်လို့ ဖျားသွားတာလဲ လို့ မိသားစုက နားမလည်သလို မေးတော့ ကိုယ်လည်း နားမလည်ပေမဲ့ မကြုံစဖူးတွေ မမြင်စဖူးတွေ တွေ့ကြုံဆုံလိုက်ရလို့ လန့်ဖျား ဖျားသွားတယ် ထင်တယ်လို့ပဲ ပြောလိုက်တယ်။
နို့ ကိုယ့်မယ် မာမာချာချာကြီးက ဖျားယူလိုက်ရတာကိုး။
ပြည့်စုံ
3း16 pm< 1 April 2014>

No comments:

Post a Comment