Tuesday, January 12, 2010

ရလဒ်

ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ကိုကျော်ပြီး
အညွှန်း ထက်ပိုသောက်ခဲ့မိလို့ . .
အချစ် အဆိပ်တွေတက်ခဲ့ပေါ့ . .

ဝေးနေကြတာ နီးရဖို့အတွက်တဲ့
ဟုတ်ရဲ့လား . . .

တွေးကြည့်တော့ ပေါ့ပါးလိုက်တဲ့. . “အချစ်“
လက်တွေ့ကတော့ ရင်မောရတဲ့ . .“အဖြစ်“

မဆုံနိုင်မှန်း သိနေမှတော့ . .
ကြုံနေတုန်း “ခဏ“ တာလေးမှာ
ဘာကြောင့် . . .

တစ်ယောက်ကိုတစ်ယောက်
ဝေဒနာတွေပေးနေကြဦးမှာလည်း . . .

လရောင်

Friday, January 8, 2010

အိမ်ပြန်ချိန်

နေတက်ရေတက် မနက်အာရုဏ်တက်မှာ
သူများနဲ့ တမူကွဲပြား
ခြေက ဖွားခဲ့ရတဲ့ သားလေ
လောကကြီးထဲ ခြေစုံပစ်
အမေ့ကို ဒုက္ခအသစ်တွေပေးခဲ့ပေမဲ့
အဓိပတိဖွား ဥာဏ်ထက်တဲ့သားလို့
အမေဂုဏ်ယူခဲ့တုန်းက
သားက ကော်လံထောင်ပီး
လိုတာထက်ပိုမာန်တက်ခဲ့မိတယ် အမေ

ဘဝမုန်တိုင်းထဲ
လေဆန်ခရီးမှာ ရွက်လွှင့်ထွက်ခဲ့တုန်းက
အိမ်ပြူတင်းဝက အမေ့ကို
ရောမမြို့ကြီး
တစ်နေ့တည်း အပြီးဆောက်မယ်လို့
ကြွေးကြော်ခဲ့တဲ့သားလေ
အခုတော့ လက်တွေ့ဘဝမှာ
ပန်းရံဆရာကိုင်တဲ့ သံလျက်တောင်
အိပ်မက်ထဲ ပိုင်ခွင့်မရသေးဘူး အမေ

နေရာတစ်နေရာ ကျောခင်းစာအတွက်
အစာအိမ်ဗလာ ဝမ်းတစ်ထွာအတွက်
ကြုံရာနေရာ မှီခိုစားခဲ့ရတုန်းက
သားရဲ့အဖြစ် စိတ်မညစ်ခဲ့ဘူးအမေ
ဒါပေမဲ့ အမေ့ရဲ့အချစ် စာကညစ်ပေါ်မှာ ထုတ်ဖတ်ခွင့်ရတော့မှပဲ
ဂုဏ်မတက်ခဲ့တဲ့သားလေ
မွေးရကျိုးမနပ်ခဲ့တဲ့အမေ့အတွက်
အားရအောင် ငိုခဲ့မိတယ် အမေ

သက်ထားကလျာ မဒီသည်းညှာကို
တစ်ပါးသူလက် နှင်းအပ်ခဲ့ချိန်တုန်းက
အသည်းနှလုံး ကြိမ်မီးအုံးသလို ခံစား
အကြံတွေ ထွေပြားခဲ့ရတုန်းက
စိတ်ကူးထဲ အမေခေါ်
ပြန်မပေါ်လာတော့မယ့် ပစ္စုပ္ပန်ထဲ
သားမိုက်လေ
အရက်အိုးထဲ ခေါင်းစိုက်မိခဲ့တယ် အမေ

အခုအချိန်အထိတော့ အိပ်မက်တွေ ဗလာကျင်း
လက်တွေ့မှာ ရှိသမျှ ချရင်းခဲ့ရတဲ့
သားမိုက်လေ
ဘဝတစ်သက်စာ အမေ့မျက်ရည်တွေနဲ့ရင်းပီး
ပေတေလေလွင့်
စိတ်ဓာတ်တွေ ချို့ယွင်းခဲ့ရချိန်တိုင်း
အမေ့အိမ်ကိုပြန်ဖို့ ခြေတွန့်
ရေရွတ်မိတဲ့ အမေ့ကို တမိတဲ့စကားတွေကလဲ
လေထုထဲ မျောလွင့်
အမေကြားရင် ရင်နင့်မိမှာစိုးမိတယ်

အချိန်တန်လို့မှ အိမ်မပြန်နိုင်ခဲ့တဲ့
သားမိုက်လေ
လမ်းဟောင်းလေးကနေ ပြန်လာမယ့်သားအတွက်
ရာသီစာ စိုက်ခင်းလေးတွေကြားထဲ
ဝေမှုန်ပြာရီနေတဲ့ မျက်ဝန်းအစုံနဲ့
မျှော်ငေးနေမယ့်အမေ့အတွက်
နောင်တတွေ တပွေ့တပိုက်နဲ့
အခုအချိန်အထိ
အိပ်ပေါက်နဲ့ အိပ်မက်အသေတွေ လိုက်ကောက်နေမိတုန်းပဲ…

ပြည့်စုံ
(၉-၁-၂၀၁၀၊ ၁၂း၀၀ pm)

Sunday, January 3, 2010

ပြန်ပြောပြဖို့ တော်တော်ခက်တယ်..

အခုတလော စိတ်တွေက အနားမရလှ.. စိတ်အနားမရဘူးဆိုလို့ အလုပ်တွေ တအားရှုပ်နေသလား ဆိုတော့လဲ မဟုတ်ပြန်ဘူး.. တခါတလေ ဘာတွေလုပ်နေမှန်းမသိတဲ့ ကယောင်ချောက်ချား အလုပ်တွေနဲ့ ရှုပ်ယှက်ခတ်နေမိတယ်.. တော်သေးတာက စာမေးပွဲက ပီးသွားလို့.. စာမေးပွဲရှိတဲ့ ရက်တွေတုန်းကဆို ညဘက်တွေမှာတောင် အိပ်မက်ထဲမှာ စာမေးပွဲဖြေနေရတယ်..

အခု သင်ရတဲ့ ပရော်ဖက်ဆာက ဂျာမန်ဆရာ.. လူမျိုးကြီး ဟစ်တလာဝါဒသမား.. သူ့ကို ဒီလို စွပ်စွဲတာကိုသာ သိရင် အော့ဇ်စဝစ်ကို ပို့ပစ်မယ်ထင်တယ်.. သူက ကိုယ့်ကို ကျောင်းယူနီဖောင်း ဝတ်မှုနဲ့ အမြင်မကြည်. သူက ယူနီဖောင်းကို မုန်းလှသည်တဲ့.. ကိုယ်ကတော့ ဘာပဲပြောပြော ဝတ်မြဲဝတ်လျက်ပဲ.. အရွဲ့တိုက်တဲ့ သဘောပါပေမဲ့ တကယ်တော့ အရွဲ့တိုက်နေတာပင်.. ဟိုနေ့က မီးပူတိုက်ပီးသား အဆင်သင့် ယူနီဖောင်းမရှိလို့ အပြင်အင်္ကျီဝတ်သွားတော့ သူက ‘Nice Dress’ လို့ ခပ်တိုတိုတုတ်တုတ် မျက်စောင်းလာထိုးပီး ပြောတယ်.. ကိုယ်က ခပ်ကျယ်ကျယ်ရီလိုက်တော့ သူ စိတ်ဆိုးသွားတယ်လေ. တတ်နိုင်ဘူး သိပ်ကလေးဆန်လွန်းတယ် ထင်တာပဲ.. ကိုယ်လဲ အတူတူ..

စာရေးဖို့ စိတ်ကူးတွေ စဉ်းစားလိုက်မိတိုင်း ရင်ထဲမှာ ဗလာဟင်းလင်း ဖြစ်သွားတတ်လွန်းလို့ ရတတ်သမျှ စိတ်ကူးလေးတွေကို ချ ချရေးထားရတယ်.. နောက်တော့မှ ဟိုပေါင်းသည်စပ်နဲ့ စာတပုဒ်ဖြစ်အောင် ဖြစ်ဖြစ်မြည် ကြိုးစားနေရတယ်.. သူများတွေ ရေးထားတဲ့ စာလေးတွေ ပို့စ်တွေ ဖတ်မိတိုင်း ငါတော့ စာရေးလို့ ရတောင် ရပါတော့မလား စဉ်းစားရင်း ဝမ်းနည်းလာမိတယ်.. အဓိက ကတော့ စိတ်အနားမရတာပင်..

အခုတလော ဘယ်လောက်များ စိတ်အနားမရသလဲဆို အပြင်ထွက်ဖို့ ပြင်ပီးသွားတိုင်း ဘာမှန်းမသိတဲ့ အရာကို အိတ်ထဲရော ဟိုနားဒီနားရော လိုက်ရှာနေမိတယ်.. ရှာလေ မတွေ့လေ မတွေ့လေ လိုက်ရှာလေ.. ဘာရှာနေလဲ မေးရင် မရှိတဲ့ ‘ဘာ’ ဆိုတာကြီးကို လိုက်ရှာနေတာလေ.. သော့ခတ်ပီးတိုင်းလဲ ငါ ဘာမေ့ကျန်ခဲ့လဲ မသိဘူးလို့ ပြန်ပြန်စဉ်းစားမိတယ်.. ကားပေါ် ရောက်သွားရင်လဲ မရှိတဲ့ အရာကြီးကို အိတ်ထဲမှာ ဟိုနှိုက်သည်နှိုက် နှိုက်နေပြန်သေးတယ်.. နောက်တော့ စိတ်ကို ဒုံးဒုံးချ ဘာမှမကျန်ခဲ့ပါဘူး.. ကျန်ခဲ့လဲ ကျန်ပါစေတော့လို့လဲ ဆိုလိုက်ရော အေးချမ်းသွားလိုက်တဲ့စိတ်များ လေလေးတောင် တရွှီရွှီချွန်မိသေး..

ဟိုးနေ့ကလဲ ကျောင်းကနေအပြန် စိတ်ဒုံးဒုံးချပီး ကားပေါ်မှာ အိပ်လိုက်တာ ဆင်းရမယ့်မှတ်တိုင်ကို ကျော်လို့ ဂိတ်ဆုံးတောင် ရောက်လုနီးပီ.. ကမန်းကတန်း ကားပေါ်က ဆင်းပီး ချက်ချင်း ဟိုဘက်လမ်းကူးရမှာ ရှက်လို့ အဲ့ဒီကားမထွက်ခင် အထိ ကားမှတ်တိုင်မှာ ငုတ်တုတ်ထိုင် လိုက်သေးတယ် ပီးမှ ဟိုဘက်လမ်းကူးပီး ကားပြန်စီးရတယ်.. ဒါမျိုး ခန ခန ဖြစ်တတ်လာတယ်.. တခါတလေ သိပ်စကားမပြောချင်ရင် တစ်ယောက်တည်း အေးအေးဆေးဆေး ထိုင်နေတတ်တယ်.. ကျောင်းမှာဆိုရင်လဲ ခင်စရာ ထိုင်းမသူငယ်ချင်းလေး ကတော့ တွေ့တာနဲ့ စုံးးးးး လို့ အော်အော်ပီး ပြေးလာဖက်တတ်တယ်.. သူ့ကို ခင်မိတယ်..

ခင်တယ်ဆိုတဲ့ သဘောတရားကလဲ ရင်ဘတ်ချင်းတူညီမှ ပိုတွယ်တဲ့ သဘောရှိတယ်ထင်မိတာပဲ. ကိုယ်တို့ စာသင်တဲ့အတန်းထဲမှာ မြန်မာနိုင်ငံသား လေးယောက်ရှိပေမဲ့ အရမ်းကြီး မခင်မင်လှ.. မြန်မာနိုင်ငံသားလို့ပဲ ပြောချင်စိတ်ရှိပါတယ်.. ထားတော့ ဒီအကြောင်းလဲ မပြောချင်တော့ပါဘူး.. စိတ်ရှုပ်လှတယ်.. အချင်းချင်းမို့ အားရပါးရ မြန်မာစကားပြောချင်လှပေမဲ့ သူတို့က အင်္ဂလိပ်လိုပဲ ပြောပါဆိုတော့ အင်္ဂလိပ်လိုပေါ့.. အချင်းချင်းပေမဲ့ ပြောရတဲ့စကားက အင်္ဂလိပ်လို ဆိုမှတော့ သူတို့နဲ့ ကိုယ်ကလဲ စကားပြောချင်စိတ်သိပ်မရှိလှ..

သေချာတာကတော့ ကိုယ်အရင်ကလို သိပ်မပြုံးတတ်တော့.. ရီစရာရှိရင်တောင် သူများတွေ ရီတာကိုပဲ ကြည့်ငေးမိတယ်.. တခါတလေ ရီတဲ့အသံတွေ အရမ်းဆူလာရင် ထထွက်သွားမိတယ်.. ကိုယ့်ကို အဲ့ဒီထိုင်းမသူငယ်ချင်းကပဲ မင်းက သိပ်ဆတ်ဆတ်ထိမခံတဲ့ပုံပဲနော် ဒေါသကြီးမယ်လို့ ထင်တယ်တဲ့.. ဒါပေမဲ့ ရီလိုက်တော့လဲ မင်းက sweet ဖြစ်သားပဲတဲ့.. စိတ်မဆိုးနဲ့နော်တဲ့.. ဆိုးပါဘူး.. ဟုတ်တယ် မင်းထင်တာ အမှန်ပဲလို့ ကိုယ်ပြန်ပြောလိုက်တယ်.. စကားတွေက အပိုတွေ ပြောရသလို တခါတလေ ခံစားလာမိတယ်.. ပြောချင်စိတ်လဲ သိပ်မရှိလှ.. ပင်ပန်းလှတယ်..

အရင်ကဆို ကိုယ်တွေ သိပ်စကားများလွန်းလို့ သူများတွေက ဆိတ်ပါးစပ်နဲ့ မြင်းဖင်တဲ့.. တတွတ်တွတ် ပြောနေလွန်းလို့တဲ့.. နောက်တော့ ကိုယ်တွေက ကြက်တူရွေးသံလို့ ကိုယ့်ဘာသာကိုယ် အမည်မှည့်ထားလိုက်တယ်.. သိပ်စကားများတာပဲ.. စကားများ ပြောလွန်းလို့ အာခေါင်က အာသီးနီနီလေးတောင် မြင်ရမလောက်ပင်.. ရီလိုက်ရင်လဲ ဝါးလုံးကွဲ.. ရီလွန်းလို့ သွားက အအေးတောင်ပတ်တယ်.. ရီစရာမဟုတ်လဲ ရီနေတာပဲ.. အခုတော့ ပြုံးရုံတင်.. ခပ်တည်တည်မျက်နှာပေးနဲ့.. အဲ့ဒီမျက်နှာကိုက လူမုန်းချင်စရာ.. အဲ့တာကြောင့် အခုဆို ရီသံစွဲအသံလေးတွေနဲ့ စကားကို ပြောရတယ်.. ဂျီတော့မှာ ခင်တဲ့ အကိုတွေ အမတွေနဲ့ စကားပြောရင် ခစ်ခစ် ခွိခွိ ဟိဟိ ဟစ်ဟစ် စသဖြင့် ရီသံမျိုးစုံလုပ်ပီး typing ရိုက်ကျင့်နေရတယ်..

စိတ်ကူးတွေကလဲ များလိုက်တာ.. တစ်ယောက်တည်း စကားမပြောဖြစ်တဲ့အခါတွေမှာ စကားလုံးတွေက ပါးစပ်ဖျားကနေ ထွက်မလာဘဲ စိတ်ကူးထဲကနေပဲ အစီအရီထွက်လာခဲ့တယ်.. ဒါပေမဲ့ စိတ်ကူးတွေက များပီး အတွေးတစ်စကိုတောင် စာတပိုဒ်ဖြစ်အောင် ရေးဖို့ သိပ်ခက်ခဲလာတဲ့ အချိန်တွေ များလာတဲ့အခါ ကိုယ့်ဘလော့လေးကိုလဲ ဝင်မကြည့်ဖြစ်တော့.. သူငယ်ချင်းတွေ ဘလော့လဲ ကိုယ်ရောက်ဖြစ်ပေမဲ့ တိတ်တိတ်လေး လှည့်ပြန်သွားတဲ့အဖြစ်တွေ သိပ်သိပ်များလာခဲ့တယ်.. တစ်ခုခုမပြောခဲ့ရင် တာဝန်မကျေသလို ခံစားရပေမဲ့ ကိုယ်က ပြောခဲ့ဖို့ရာလဲ စကားလုံး ရှာမတွေ့ခဲ့.. ကိုယ်ကလဲ စာတစ်ပိုဒ် ကဗျာတစ်ပိုဒ်ကို ရင်နဲ့ခံစားပီးမှ ဖတ်တတ်ခဲ့တော့ ဖတ်ခဲ့ပီးရင် ရင်ဘတ်ကြီးထဲ နင့်ပီး ကျန်ခဲ့တော့ အောင့်တက်လာတဲ့ နှလုံးကိုပဲ လက်နဲ့အသာဖိ တိတ်တိတ်လေးလှည့်ပြန်ဖြစ်တာပါ..

ပိုပိုဆိုးလာတာကတော့ အခုတလော စကားလုံးတွေ မေ့မေ့တတ်လာပဲ.. အိပ်ချင်ပီဆိုရင်လဲ တစ်ချိုးတည်း အိပ်ပျော်သွားတတ်တယ်.. အိပ်မက်တွေ မက်တဲ့ညဆို သိပ်မုန်းမိတယ်.. အိပ်မက်တွေက ဘာမှ ရေရေရာရာ မမှတ်မိလှဘဲ မအိပ်ရသေးတဲ့လူလိုပင် မနက်မိုးလင်းရင် ခေါင်းတွေက နောက် အိပ်ချင်မူးတူးဖြစ်နေတတ်တယ်.. ပီးတော့လဲ အိပ်မက်တွေကို တစ်ခုမှ သတိမရ.. အရင်ကဆို အိပ်မက်မက်ရင် သိပ်ပျော်တယ်.. မနက်ကျရင် အတိတ်ကောက်မယ်.. အမေ့ကိုပြောမယ်.. ကောင်းရင် ကောင်းတယ် မကောင်းရင် မကောင်းဘူး.. အခုတော့ အိပ်မက်လဲ အတိတ်မပြောနဲ့ ပစ္စုပ္ပန်တောင် မကောက်ချင်.. အိပ်မက်မက်ရမှာတောင် ကြောက်မိတယ်.. ကားပေါ်မှာ အိပ်ငိုက်နေမိလို့လေ..

၂၀၁၀ နှစ်သစ်အကူးမှာ ညစာစားပွဲတစ်ခုရဲ့ အလယ်ခေါင်မှာ ကိုယ်ရောက်နေခဲ့တယ်.. ဘေးနားမှာ လူတွေ စကားတွေ အများကြီးပြောနေပေမဲ့ ကိုယ်ကတော့ ဂဏန်းကင်ရဲ့ လက်ဝင်လှတဲ့ အသားတွေကို သည်းကြီးမည်းကြီး ဇွန်းနဲ့ခြစ်ပီးစားပစ်လိုက်တာ ဂဏန်းလေးကောင်လောက် ကုန်သွားတယ်.. နောက်တော့ တွေ့ကရာ မျက်စိရှေ့မှာတင် မြင်ရသမျှ လက်လှမ်းမီသမျှ တစပ်စပ်စားပစ်လိုက်တာ နောက်ဆုံး လည်ပင်းဝရောက်မှ ငြိမ်သွားမိတယ်.. ဘေးမှာ ကိုယ်သောက်ချင်ရင် သောက်ချင်တဲ့ အဖျော်ယမကာတွေ ရှိပေမဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကျော် စပိုင်ဝိုင်ကိုပဲ သောက်မိတယ်… သုံးပုလင်းလောက် ကုန်လဲ စပိုင်ဝိုင်က အချိုရည်လိုပင်.. ဘာမှ မထူးဆန်းလှ..

နောက်တော့ countdown လုပ်ပီး ၁၂ နာရီတိတိမှာပဲ Happy New Year လို့ စိတ်လွတ်ကိုယ်လွတ် အော်ပစ်လိုက်တယ်.. ထိုင်းနိုင်ငံရဲ့ ကောင်းကင်ယံတစ်ခုလုံးကလဲ တရုတ်နိုင်ငံလုပ် မီးရှုးမီးပန်းတွေနဲ့ လင်းထိန်နေခဲ့တယ်.. ဖုန်း ဒိုင်း ရှုး အုံး ဖောင်းဖောင်း စသဖြင့် အသံမျိုးစုံကြားမှာ ကိုယ်လဲ ဘာမှန်းမသိ လိုက်အော်နေမိတယ်.. ခနနေတော့ လူတွေ အကုန်လုံးက အရုပ်ကြိုးပြတ် ဖြစ်သွားတဲ့လူတွေလိုပင် အသံတွေတိတ်လို့ Happy New Year နော် ဆဝါဒီပီမိုင်ခါးး ခနပဲ အော်ပီး ၁၂ နာရီကျော်လို့ ၁၀ မိနစ်လောက်တောင် မပြည့်သေးခင်မှာပဲ အဲ့ဒီညစာစားပွဲကနေ ပြန်ဖို့ ပြင်နေကြတယ်.. ဒါကလဲပဲ နှစ်သစ်ကူး ညစာစားပွဲတစ်ခုရဲ့ နိဂုံးပေါ့လေ..

၂၀၁၀ နှစ်သစ်ဟာ ဘာတွေများ ကိုယ်တွေကို ထူးထူးဆန်းဆန်း ပေးနိုင်မလဲ.. ကိုယ်တို့ရဲ့ ရွှေပြည်ကြီးမှာတော့ ၂၀၁၀ အကြို လူတွေရဲ့ ဘဝတွေ အနာဂတ်တွေကို ဂုတ်သွေးစုပ်ဖို့ စိုင်းပြင်းနေတဲ့လူတွေနဲ့ အသက်ဝင်နေပါလိမ့်မယ်..

နှစ်တစ်နှစ် ကူးပြောင်းတယ်ဆိုတာ တကယ်တော့ ရေးနေကျ နေ့စွဲရဲ့ သက္ကရာဇ်နေရာကို ပြောင်းရေးရုံပါပဲ ဘာမှ မထူးခြားလှပါဘူး.. အသက်တွေ တစ်နှစ်ကြီးလာခဲ့.. မိုးလင်းပီး မိုးချုပ် နေထွက်ပီး နေဝင်.. ဒါပါပဲ..

ပြည့်စုံ (၃-၁-၂၀၁၀။ ၁၁း၁၉ pm)

Tuesday, December 29, 2009

ခေါင်းစဉ်တပ်ခွင့်မရတဲ့ည

ဟောဒီညပေါ့
အထီးကျန်နေတဲ့ လမင်းပျိုကို
အရာရာခွင့်လွှတ်နားလည်တတ်တဲ့
ကောင်းကင်ပြင် အကိုကြီးက
ရင်တွင်းဖြစ် ကဗျာတွေ
အန်ရွတ်ပြနေခဲ့တယ်

ဟောဒီညပေါ့
ဘဝတစ်ခုရဲ့ အမှားအယွင်းကို
အချစ်က စကားတစ်ခွန်းတည်းနဲ့ပဲ
ရင်တွင်းကို လှစ်ပြပြီး
စိတ်ကူးယဉ်တတ်အောင်
သွန်သင်ပြခဲ့တယ်

ဟောဒီညပေါ့
မာနတွေနဲ့အလျှံတညီးညီး
စိတ်ကူးယဉ်တွေမှုချည်းရှိနေတဲ့
အနိစ္စမသိတဲ့
လူ့သဘာဝအတွင်းမှာကိုပဲ
ဂုဏ်ရှိန်တွေနဲ့မြူးနေခဲ့တယ်

ဟောဒီညပေါ့
အိပ်မက်တွေ အခိုးခံရတဲ့
နွေလယ်ညဥ့်ရဲ့ ရင်ခုန်သံတွေကို
ဆောင်းဦးပေါက်နံနက်ခင်းကျမှ
နိုးတစ်ဝက်အသိနဲ့
စားမြုံ့ပြန်ခွင့်ရခဲ့တယ်

ဟောဒီညပေါ့
ဝိုင်ချိုတစ်ခွက်နဲ့
ကိုယ့်မျက်ရည် ကိုယ်အမြည်းလုပ်ရင်း
မျှော်လင့်ချက်တွေနဲ့လုံးပန်း
ရုန်းကန်နေရတဲ့ ရှင်သန်မှုထဲ
ပျော်မက်ခဲ့ရတယ်

ဟောဒီညပေါ့
ကံဆိုးမှုတွေ အရေဖျော်ပီး
တောက်ပနေအောင် တိုက်ချွတ်ထားတဲ့
ပလက်တီနမ်ရောင် အနာဂတ်တွေအတွက်
လေပေါ်မှာ တိုက်အိမ်ဆောက်ခွင့်
ကံစွတ်ပြီး ရခွင့်ရှိခဲ့တယ်

ဟောဒီညပေါ့
လွမ်းမောဖွယ် ဆည်းဆာခင်းရဲ့
ရွှေအိုရောင် ညနေခင်းတွေမှာတောင်
တစ်ပင်လုံးဝေ့ဝဲနေတဲ့
ရွက်ကြွေတောတွေရဲ့အလယ်
အချစ်တွေနဲ့ မျောနေခဲ့တယ်

ဟောဒီညပေါ့
စိုပြေစိမ်းလန်းနေတဲ့
သစ်ပင်တောအုပ်ရဲ့နံဘေး
စမ်းချောင်းငယ်စီးဆင်းနေတုန်းမှာ
လွတ်မြောက်လိုတဲ့ စိတ်ဇောအဟုန်နဲ့
ရွှေငါးငယ်ကူးခတ်နေခဲ့တယ်

ဟောဒီညပေါ့
မြစ်အစင်းပေါင်းများစွာရဲ့
အဆုံးသတ်ရာ ရေလျဉ်ကြောမှာ
လွမ်းမောဖွယ် အနားသတ်ရှိတဲ့
ပင်လယ်ကမ်းစပ်ရဲ့နံဘေးမှာပဲ
ချစ်ခြင်းအတွက်တေးသီခဲ့တယ်

ပြည့်စုံ
(၃၀-၁၂-၂၀၀၉၊ ၁၂း၅၃ pm)

Thursday, December 24, 2009

ခရစ္စမတ်တမ်းချင်း

ငါမျှော်လင့်တဲ့အချိန်မှာ
နင်ရောက်လာမလား
ငါမမျှော်တဲ့အချိန်မှာ
နင်ပျောက်သွားမှာလား
မရေမရာစိတ်ကူးထဲ
ဒီနှစ် ခရစ္စမတ်
နင်နဲ့အတူပျော်ရွှင်ခွင့်
စန်တာကလော့ဆီ
တောင်းခွင့်ရချင်တယ်

ငါရဲ့ဆောင်းက
နှင်းမကျဘူး
အအေးဓာတ်မခံစားရဘူး
နင့်ရဲ့ဆောင်းမှာ
နှင်းကျနေသလား
ခိုက်ခိုက်တုန်အောင် ချမ်းနေမလား

ငါ့ရင်ထဲ
နင့်ကိုလွမ်းခြင်းတွေနဲ့
တမ်းချင်းကဗျာတွေ စပ်နေလဲ
နင့်ရင်ထဲ
အသစ်ဖြစ်မယ့်ချစ်ခြင်းတွေနဲ့
နွေးထွေး လှိုက်ခုန်နေလေမလား

ဒီနှစ်ဆောင်းက
အပူလှိုင်းမဖြတ်ဘဲနဲ့ကို
စံချိန်တင်အောင်ပူသတဲ့
ငါတို့ချစ်ခြင်းတွေလဲ
နားလည်ခြင်းတွေနဲ့ပဲ
ဒီနှစ်ကျမှ စံချိန်တင်အောင်ဝေးကွာနေရတယ်

အထီးကျန်မှုက
အေးစက်စက်ရှိလှပေမဲ့
ရာသီကတော့
နွေးထွေးမှုရှိနေသေးတယ်
ပရမ်းပတာ လှိုက်ခုန်နေတဲ့
နှလုံးသားစည်းချက်တွေထဲ
ငါ့အတွက်
သိပ်အသက်ရှုကျပ်လှတယ် ချစ်သူ

ဟိုးအရင်နှစ်တွေကလို
ချစ်တယ် ချစ်တယ်
ဆောင့်အောင့်အော်တတ်တဲ့
အချစ်နတ်သမီးတွေလဲ
အခုတော့ နှုတ်ဆိတ်
တိတ်တဆိတ် ငိုက်မြည်းနေကြတယ်

အရာရာဟာ ဘုရားအလိုကျပေါ့လို့
ထပ်တခါခါ မြည်တမ်းတတ်တဲ့
ငါ့နှုတ်ဖျားလဲ
အခုနေအခါမှာ
ရေရွတ်မြည်တမ်းခွင့်
ပါမစ်ပိတ်ပင်ခံရတယ်

ဒါဟာ တို့နှစ်ယောက်အလိုအတိုင်းပဲ
အရင်အတိုင်း ပြန်မရတော့တာကလွဲလို့
တို့ဆုံးဖြတ်ချက်အတိုင်းပဲ
မသွေတသိမ်း နာခံခဲ့ကြရတဲ့
နှလုံးသားတွေလဲ
အပြုံးတွေ ခါးခဲ့ရတယ်

ချစ်သူရေ
စန်တာကလော့ဆီက
လက်ဆောင်မရချင်ပါဘူး
မင်းပေးမယ့် အပြုံးတစ်ပွင့်နဲ့တင်
အသစ်ဖြစ်မယ့် ချစ်ခြင်းတွေအတွက်
ရင်ခုန်ကြည်နူး နှစ်သစ်ကူးပါ့မယ်

ပြည့်စုံ
(၂၄-၁၂-၂၀၀၉၊ ၉း၄၈ pm)

Tuesday, December 15, 2009

ဆုံးစမဲ့

အချစ်ဟာ နုပျိုတယ်.. အချစ်မှာ ဟာသဥာဏ်ရှိတယ်. အချစ်မှာ ရိုးသားမှုရှိတယ်. ထို့အတူပဲ အချစ်မှာ လှပတဲ့ ဖြားယောင်းမှုတွေရှိတယ်.. အချစ်မှာ နူးညံ့တဲ့ စကားလုံးတွေရှိတယ်.. အချစ်မှာ လှပတဲ့ အနာဂတ်တွေ ရှိတယ်.. အချစ်မှာ မိုက်ရူးရဲဆန်မှုတွေ ရှိတယ်.. အချစ်မှာ စွန့်လွှတ်အနစ်နာခံမှုတွေ ရှိတယ်.. အချစ်မှာ အတ္တတွေရှိတယ်.. အချစ်မှာ ပိုင်ဆိုင်လိုမှုတွေ ရှိတယ်.. အဓိက အချက်က အချစ်က တစ်ဦးတည်းပိုင် ဖြစ်တယ်..

ချစ်ခြင်းကြောင့်ပဲ ဘဝဟာ လှပလာတယ်… ချစ်ခြင်းကြောင့်ပဲ အသက်ရှင်ရတာ ပျော်ရွှင်စရာကောင်းလာတယ်လို့ ထင်လာမိတဲ့အချိန်မှာပဲ ချစ်ခြင်းနဲ့ ရင်ဆိုင်တွေ့ခဲ့တယ်.. ချစ်တယ် ဆိုတဲ့ စကားလေးတစ်ခွန်းဟာ ရှင်သန်ဖို့ အတွက် အားအင်တွေ ဖြစ်စေတယ်လို့ ပြောမိရင် လွန်မလား မသိ.. ဒီလိုနဲ့ပဲ ချစ်ခြင်းမှာ ပျော်ဝင်မိတယ်..

အချစ်နဲ့ တွေ့ထိတဲ့ အရာတွေတိုင်းဟာ အလှပဆုံးပဲ.. ချစ်ခြင်းကြောင့်ပဲ ကမ္ဘာကြီးတစ်ခုလုံး စိုပြေစိမ်းလန်းနေခဲ့တယ်… ချစ်ခြင်းကြောင့် ပန်းပွင့်တွေ ပိုပွင့်လာတယ်.. အသီးတွေ ပိုချိုမြိန်လာတယ်.. မြင်လေရာရာမှာ ချစ်ခြင်းကြောင့်ပဲ သာယာနေခဲ့တယ်… ချစ်ခြင်းနဲ့အတူ လမ်းလျှောက်ထွက်လာတယ်.. ချစ်ခြင်းနဲ့အတူ လက်ချင်းတွဲဆုပ်လို့ လမ်းမထက်မှာ အတူတူ လျှောက်ဖြစ်ခဲ့ရင် ဝံ့ကြွားစိတ်နဲ့ မျက်နှာကို မော်ထားမိတယ်..

ချစ်ခြင်းနှင့်အတူ ပျော်ရွှင်ကြည်နူးဖွယ် မနက်ခင်းတိုင်းကို ဖြတ်ကျော်ခဲ့တယ်.. ချစ်ခြင်းနှင့်အတူ ညနေခင်းတိုင်း လမ်းလျှောက်ထွက်ခဲ့တယ်. ချစ်ခြင်းနှင့်အတူ လပြည့်ညရဲ့ လရောင်တွေကို ခံစားခဲ့ဖူးတယ်.. ချစ်ခြင်းနှင့်အတူ ဆောင်းနှင်းဝေတဲ့ မနက်ခင်းမှာ တစ်ယောက်လက်ကို တစ်ယောက်က ဆုပ်ကိုင်လို့ နှင်းမှုန်တွေကြား နွေးထွေးခဲ့ဖူးတယ်.. ချစ်ခြင်းနှင့်အတူ ဇွန်လရဲ့မိုးဖွဲနှင့်အတူ မိုးရေတွေကြား ပျော်မြူးခဲ့တယ်.. ချစ်ခြင်းနှင့်အတူ သင်္ကြန် လက်ဆေးမိုးနှင့်အတူ ဝေခဲ့ဖူးတဲ့ ပန်းပိတောက်တွေကြား နမ်းရှိုက်ခဲ့ဖူးတယ်..

ရာသီအလီလီ ကူးပြောင်းခဲ့တဲ့ စက်ဝိုင်းနှစ်ခု ခနတာ ရပ်တန့်ခဲ့တဲ့အချိန်မှာပဲ အချစ်ဟာ ပျောက်ကွယ်သွားခဲ့တယ်.. အချစ်ကို လေနုအေးတွေ တိုက်ခတ်နေတဲ့ နွေရာသီ ညနေခင်းလေးမှာ လိုက်ရှာခဲ့တယ်.. အချစ်ကို ဆောင်းတွင်းရဲ့ ကျနေအောက် ပူပြင်းလောက်မြိုက်နေတဲ့ ဆူးလေဘုရားလမ်းမပေါ်မှာ လိုက်ရှာခဲ့တယ်.. အချစ်ကို လပ်ကီးဆဲဗင်း လက်ဖက်ရည်ဆိုင်လေးရဲ့ လက်ဖက်ရည်ခွက်တွေထဲမှာ လိုက်ရှာခဲ့တယ်.. အချစ်ကို အဓိပတိကားရဲ့ လက်မှတ်ဖြတ်ပိုင်းလေးတွေ ကြားမှာ လိုက်ရှာခဲ့တယ်.. နောက်ဆုံးတော့ အချစ်က ဘယ်နေရာမှာမှ ရှိမနေခဲ့ဘဲ ပျောက်ဆုံးသွားခဲ့တယ်…

အချစ်ကို နိုင်ငံပိုင်သတင်းစာမှာ အချစ်ပျောက်ကြော်ငြာထည့်လိုက်တယ်.. အချစ်ကို စီးတီးအက်ဖ်အမ်ရဲ့ မွေးနေ့ဆုတောင်းအစီအစဉ်မှာ ထည့်ဆုတောင်းပေးခဲ့တယ်.. အချစ်ကို မြဝတီရဲ့ နာမည်ကျော် ကိုရီးယားရုပ်ရှင်ဇာတ်လမ်းအစီအစဉ်ရဲ့ ဇာတ်သိမ်းပိုင်းမှာ ကြားညှပ်ကြော်ငြာခဲ့တယ်.. အချစ်ကို ရန်ကုန်မြို့ရဲ့ ဘေလ်ဘုတ်တွေပေါ်မှာ ကြော်ငြာပစ်လိုက်တယ်.. အချစ်ကို လက်ကမ်းစာစောင်လုပ်ပီး ကြော်ငြာခဲ့တယ်.. ယုတ်စွအဆုံးကွယ် အချစ်ကို ရပ်ကွက်ရုံးရဲ့ရှေ့မှာ ဆိုင်းဘုတ်ထောင်ပီး ကြော်ငြာပစ်လိုက်တယ်.. အချစ်က ရှာလေ ပျောက်လေ ဖြစ်သွားခဲ့တယ်…

အချစ်မရှိတော့တာ ကျိန်းသေတဲ့တစ်နေ့မှာ အမုန်းနှင့်အတူ လက်တွဲ လောကရဲ့လမ်းတွေပေါ် လျှောက်သွားခဲ့တယ်.. လူတချို့က နှာခေါင်းရှုံ့ကြတယ်.. မေးငေါ့တင်းဆိုကြတယ်.. ကောလာဟလတွေ ထုတ်လွှင့်ကြတယ်.. ဇာတ်ထုပ်တွေကို လူလယ်ခေါင်ရောက်မှ ဖြည်ပြကြတယ်.. စက်ဆုပ်ရွံ့ရှာကြတယ်..

အမုန်းဟာ လူကို ရင့်ရော်စေတယ်.. အမုန်းမှာ နာကျင်မှုတွေချည်း ရှိတယ်. အမုန်းမှာ ကလဲ့စားချေမှုတွေ ရှိတယ်. အမုန်းမှာ ခန့်မှန်းလို့မရတဲ့ လိမ်ညာလှည့်စားမှုတွေရှိတယ်.. အမုန်းမှာ ဒေါသထန်တဲ့ စကားလုံးတွေရှိတယ်.. အမုန်းမှာ ရုပ်ဆိုးတဲ့ အတိတ်တွေ ရှိတယ်.. အမုန်းမှာ အလုံးစုံပျက်သုဉ်းမှုတွေ ရှိတယ်.. အမုန်းမှာ နာလန်မထူနိုင်လောက်တဲ့ အငြိုးအတေးတွေ ရှိတယ်.. အမုန်းမှာ မာနတွေရှိတယ်.. အမုန်းမှာ ကြေကွဲမှုတွေချည်း ရှိတယ်.. အဓိက အချက်က အမုန်းက လူနှစ်ယောက်ကို အဝေးဆုံး ဝေးကွာစေနိုင်တာပဲ….

အမုန်းနဲ့ တွေ့ထိတဲ့ အရာတွေတိုင်းဟာ အရုပ်ဆိုး အကျည်းတန်လာခဲ့တယ်.. အမုန်းကြောင့်ပဲ ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်လာခဲ့တယ်… အမုန်းကြောင့် ပန်းပွင့်တွေ ညိုးနွမ်းကုန်တယ်.. သစ်ပင်တွေ ခြောက်သွေ့ သေဆုံးကုန်တယ်.. မြင်လေရာရာမှာ အမုန်းကြောင့် နှစ်လိုစဖွယ် ဖြစ်မနေခဲ့တော့ဘူး…အမုန်းနဲ့အတူ လမ်းလျှောက်ထွက်တဲ့အချိန်မှာ ပျော်ရွှင်နေတဲ့ လူတွေကို နာကျည်းတဲ့စိတ်နဲ့ ရန်လိုမိတယ်…
မုန်းတယ်ဆိုတဲ့ စကားတစ်ခွန်းရဲ့နောက်မှာ ထပ်ဆင့် အမုန်းတွေ ရောက်လာခဲ့တယ်.. မုန်းပီးရင်း မုန်းလာကြတယ်.. အမုန်းတွေ ဆင့်လာတဲ့အခါ အမုန်းတွေက နာကျင်စရာ နောင်တတွေ အဖြစ် ပြောင်းလဲသွားကြတယ်.. ဘာကြောင့် ချစ်မိသလဲ.. ဘာကြောင့် အမုန်းနဲ့တွေ့ဆုံခဲ့ရတာလဲ.. အမုန်းမရှိတဲ့ကမ္ဘာ ရှိပါဦးတော့မလား.. အမုန်းရဲ့ နာကျင်စရာဒဏ်ရာတွေကြားမှာ ရင်တစ်ခုလုံး ဝမ်းနည်းတဲ့စိတ်နဲ့ ကွဲကြေခဲ့တယ်…

အမုန်းတွေက ဝမ်းနည်းစရာအသွင် ကူးပြောင်းသွားတဲ့အခါ အရာရာဟာ မျက်ရည်တွေကြားမှာ ရှင်သန်လာခဲ့တော့တယ်.. ဘဝဟာ နေပျော်စရာ မကောင်းဘူး ထင်လာတဲ့တစ်နေ့မှာ အသက်ရှင်ခွင့်တွေ ရပ်တန့်ခဲ့ဖို့ မိုက်ရူးရဲဆန်စွာ တွေးတောနေမိခဲ့တယ်… တိမ်တောက်နေတဲ့ ညနေခင်းတစ်ခုမှာ တစ်ဖက်မှာ ပင်လယ်ကမ်းစပ်ကို မြင်နေရပီး တစ်ဖက်မှာ တောင်တွေသာ ဝိုင်းရံထားတဲ့ ချောက်ကမ်းပါးတစ်ဖက်မှာ မတ်မတ်ရပ်ပီး အမုန်းနဲ့အတူ စကားတွေ ပြောနေမိတယ်..

ညနေခင်းရဲ့ နူးညံ့တဲ့လေပြေလေး မတိုက်ခတ်ခင်မှာပဲ ကိုယ့်ကိုယ်ကို လေတံခွန်တစ်ခုလို ကမ်းပါး အစွန်းကနေ ပျံဝဲဖို့ စဉ်းစားမိလိုက်တယ်.. အချစ်ဟာ အမုန်းနဲ့အတူ ဝမ်းနည်းခြင်းတွေကို ထွေးပိုက်ပီး အသက်ရှုနှုန်းကို ခနရပ်တန့်လိုက်တယ်.. ရုတ်တရက် တိုက်ခတ်လာတဲ့ လေနုအေးရဲ့ ထွေးပွေ့မှုနောက်မှာ ကိုယ်ကိုဖော့ပီး စက္ကူစတစ်ရွက်လို အလိုက်သင့်လွင့်မျောလိုက်တယ်.. လှပ်ခနဲ ရင်ခုန်သံနောက်မှာ ဟပ်ခနဲ သိလိုက်ရတဲ့အသိက ဖမ်းဆုပ်စရာ မြက်တစ်မျှင်မှ ကမ်းပါးအစွန်းမှာ ပေါက်မနေခဲ့ဘူးဆိုတာပါပဲ… မြက်ဖျားကနေလဲ ပျားရည်စက် မကျနေသလို သစ်မြစ်ကို ကိုက်နေတဲ့ ရှဉ့်မိုက်လဲ ရှိမနေခဲ့ဘူး…

ရူးမိုက်ခြင်းရဲ့ပြယုဂ်အနေနဲ့ အေးစက်စက် ပင်လယ်ပြင်ပေါ်ကို စင်ရော်လို ဝဲပျံမသွားခဲ့ဘဲ ချွန်မြမြ ကျောက်ဆောင်တွေပေါ် နောက်ယောင်ခံလိုက်ကြည့်ခွင့်မရတဲ့ နောင်တတွေနဲ့အတူ အဆုံးအစမရှိတဲ့ အမှောင်ကမ္ဘာထဲ ကမူးရှုးထိုးပြုတ်ကျသွားခဲ့တယ်… အမုန်းတရားတွေရဲ့နောက်မှာ ပြန်လည် ရှင်သန်ခွင့်မရတော့တဲ့ မျှော်လင့်ခြင်းတရားတွေ အတွက် သေလွန်ခြင်းရဲ့ကမ္ဘာတစ်ဖက် ဟိုမှာဘက်မှာ အချစ်များ ရှိနေမလား အမုန်းတွေပဲ ရှိနေမလား… သေချာတာကတော့ ကိုယ့်ဘဝရဲ့ အဆိုးအကောင်းကို အကျိုးအကြောင်းတောင် မမေးဘဲ စီရင်ချက်ချမယ့် ဘုံဘဝတစ်ခုရှိနေမှာတော့ အသေအချာပါပဲ….

ပြည့်စုံ
(၁၄-၁၂-၂၀၀၉၊ ၁း၀၀ am)

Friday, December 4, 2009

လမ်းဖောက်သူ

လမ်းသစ်ဖောက်ရတာနဲ့
လမ်းဟောင်းလျှောက်ခြင်းကြား
မတူညီမှုတွေများ
တူညီတာတွေ နားထား
ကဲပြဿနာတွေကလဲ အများသားပါပဲလား

သူများဖောက်ပီးသားလမ်း
ကိုယ်က ဘေးဆင်းလျှောက်လို့မရဘူး
လမ်းရိုးအတိုင်းသွား
အဆန်းအပြားမလုပ်နဲ့
ငယ်ငယ်တုန်းက ကြားခဲ့ရတဲ့စကား
အခုတော့ ကွာခြားနေပီ

အမှန်နဲ့ အမှား နံရံတစ်ဖက်ခြား
ထောက်ခံသူများလို့ အမှန်တရားဖြစ်သွားတာလား
ဆန့်ကျင်ဘက်များလို့ အမှားဖြစ်သွားတာလား
တခါတလေ စဉ်းစားရင်း ဝေဝါး
အချင်းများခဲ့ အကြိမ်ကြိမ်

လူ့အောက်ကျို့လို့ လူမပိဘူး
ဆုံးမခဲ့တဲ့ အမေ့စကား
လက်တွေ့ဘဝနဲ့ မအပ်စပ်လှဘူးအမေ
အထက်ဖား အောက်ဖိ
လူတချို့ရဲ့ လုပ်ရပ်တွေနဲ့ ယှဉ်ကြည့်မှ
သိခဲ့ရတဲ့ အသိ
ရင်ထဲတော့ သိပ်မချိလှဘူး အမေ

ဘဝဟာ ဒီလိုနဲ့ပဲ လည်ပတ်
ဇယ်ဆက်သလို လှုပ်ရှားနေရတဲ့ လောကကြီးထဲ
တခါတလေတော့လဲ သောကမီးတွေနဲ့ပေါ့
လောဘချည်းပဲတော့လဲ မဟုတ်ဘူး
ဒေါမနဿမီးတွေ ပွားများနေတဲ့အခါ
လောင်မြိုက်ပူပြင်းလာခဲ့တယ်

ယုံကြည်ချက်ချင်းတူရင် ရင်ဘတ်ချင်းလဲ တူရမပေါ့ အမေ
ဒါပေမဲ့ တချို့တချို့လူတွေရဲ့ အပြောစကား
လူချင်းတူပေမဲ့ မူချင်းကွဲသတဲ့
မိုးကောင်းကင်အောက်မှာ လူဖြစ်ရတာချင်းအတူတူ
တချို့လူတွေက အသက်ရှုချင်း ကွဲသတဲ့

ဒီလိုနဲ့ပဲ အမေ
အိမ်ပြန်ချိန်ရောက်တိုင်း
အိမ်အပြန်လမ်းပျောက်နေတတ်တဲ့
အဝေးရောက်သမီးတစ်ယောက် အိမ်အပြန်
အိမ်ခြံဝကနေ အမေ မျှော်နေမလား
တမ်းတတွေးမောနေမိတယ်…..

ပြည့်စုံ
(၄-၁၂-၂၀၀၉၊ ၉း၂၉ pm)
(ချစ်ရတဲ့ တစ်ဦးတည်းသော မမကြီးအတွက် ရေးစပ်တဲ့ ကဗျာပါ)