Sunday, April 11, 2010

ဘူတာစဉ် ၂၆

နေ့လေးတစ်နေ့ပေါ့.. ကလေးလေးတစ်ယောက် လက်အစုံကို မြှောက် ခြေထောက်တွေကို စုံကန်ပီး လောကကြီးထဲ ဂျွမ်းထိုးမှောက်ခုံ ဝင်ရောက်ခဲ့တယ်လေ.. အဲ့ဒီသင်္ကြန်အခါတုန်းက ရက်ထပ်တဲ့နှစ်မို့ သင်္ကြန်ရက်က ရက်တစ်ရက် ထပ်တိုးခဲ့တာ.. အဲ့ဒီနေ့က မှတ်မှတ်ရရ ဧပြီလ ၁၂ ရက် သင်္ကြန်အကြိုနေ့တဲ့လေ….

မနက်ခင်း နေတက်ရေတက်မှာ ဖွားမြင်ခဲ့တဲ့ အဓိပတိဖွား ကြာသပတေး သမီးလေးတဲ့… အေးအေးချမ်းချမ်း ဘဝတစ်လျှောက်လုံး ပြည့်ပြည့်စုံစုံ နေစေချင်တဲ့စိတ်နဲ့ အမေက နေ့နံမကိုက်ပေမဲ့ ကိုယ့်ဘဝအတွက် နာမည်နာမတစ်ခု ပေးအပ်ခဲ့တယ်…

ဘဝက ပကာသနမဖက်ပေမဲ့ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့တယ်.. မောင်နှမ ခြောက်ယောက်.. ရိုးသားတဲ့ မိဘနှစ်ပါးရဲ့ အဆုံးအမတွေနဲ့ ကြီးပြင်းလာခဲ့တဲ့ မိန်းခလေးက နည်းနည်းတော့ မာနကြီးတတ်ခဲ့တယ်..

အငိုအရီနည်းပီး စကားပြောချိန်နောက်ကျခဲ့တဲ့ ကလေးလေးက အမေကိုလဲ ဒုက္ခမပေးခဲ့ဖူးဘူးတဲ့.. ထားတဲ့နေရာနေ ကျွေးတဲ့ အစာ စားပီး အေးဆေးတဲ့ ကလေးလေးက သုံးနှစ်အရွယ်မှာ ဆင်ဝက်သတ်ပေါက်ပီး ပစ်ရမလို အဖျားကြီးပီး.. မိဘကို ပူပန်ဆင်းရဲဖြစ်စေခဲ့ဖူးတာလေးပါပဲ..

အခုတော့ စကားက များ ဆင်ခြေတွေက ကန်.. ဂျစ်တီးဂျစ်ကန်.. အငြင်းအခုန်ကလဲ သန်သေး.. ပြောလိုက်ရင် ပေစောင်စောင်နဲ့ စကားပြောချင်သလို မပြောချင်သလိုကလဲ လုပ်တတ်သေး.. အဲ့ဒီအမှုတွေနဲ့ပဲ လူအမြင်ကပ်ပေါင်းလဲ များပီ.. အခုအထိကို ပြင်ချင်စိတ်မဝင်သေး.. တရားကား ဟော၏ တရား မရ ဆိုသလိုပါပဲ…

နေ့ရက်တွေ တစ်ရက်ပီး တစ်ရက်… မွေးနေ့တွေ တစ်ခုပီး တစ်ခု ဒီလိုနဲ့ပဲ ဖြတ်ကျော်ခဲ့.. .. ဖြစ်ချင်ခဲ့တာတွေ.. မျှော်လင့်ချက်တွေ.. ရင်ခုန်သံတွေ.. ယုံကြည်ချက်တွေ.. ဆုံးရှုံးခဲ့ရမှုတွေ.. သူငယ်ချင်းတွေ.. ဘဝတွေ.. လောကဓံ အနိမ့်အမြင့် ဒီလိုတွေနဲ့ အသက်တမ်းသာ အလျင်အမြန် ကြီးပြင်းလာခဲ့တယ်

တခါတလေတော့လဲ ကိုယ်ပိုင်အသိဥာဏ်တွေနဲ့ တခါတလေတော့လဲ အမေမိဘတွေရဲ့ ဖြစ်စေချင်မှုတွေနဲ့ တခါတလေတော့လဲ ယောင်တောင်ပေါင်တောင် သူများယောင်လို့ အမောင်ယောင်မိတာတွေနဲ့.. ပြဿနာတွေ.. အခက်အခဲတွေ.. ပဋိပက္ခတွေ.. အရှုပ်အထွေးတွေ.. ခြေထိုးတာတွေ.. ခြေချော်လဲတာတွေ.. အိုး အစုံစုံ အဖုံဖုံပါပဲ…

မာနကြီးပီး တစ်ယူသန်စိတ်ကြီးလှတယ်လို့ အမြဲ အထင်ခံရတဲ့ ကျမအတွက်တော့ လူ့သဘာဝရဲ့ အထာတွေနဲ့ ဟန်ဆောင်ပီး ပြုံးပြတတ်ဖို့ မနည်းကျင့်ယူနေရတုန်းပါပဲ… စိတ်အားငယ်တိုင်း အမေကို တပီး အော်ဟစ်ငိုကြွေးနေတုန်းပါပဲ… တခါတလေတော့လဲ ရှိရင်းစွဲအသက်ထက် ဆယ်နှစ်လောက် ပိုကြီးချင်နေခဲ့မိသေးတယ်..

ငယ်ငယ်က ဖတ်ဖူးတဲ့ စာသားတစ်ခုမှာ ပေးပါလို့ တောင်းဆိုတဲ့သူက ငိုပြတာနဲ့တူပီး မပေးနိုင်တဲ့သူကတော့ မပေးနိုင်တဲ့အခါ ပြန်ငိုပြရတတ်တယ်လို့ ဖတ်ခဲ့မိဖူးတယ်.. အဲ့ဒီကတည်းက အဲ့ဒီစာသားကို အရိုးစွဲခဲ့တယ် ထင်ပါရဲ့.. ကိုယ်ကသာ လူမသိအောင် ခန ခန ငိုမိဖူးပေမဲ့ ကိုယ့်ရှေ့မှာ ပြန်ငိုပြမယ့်သူတွေကို တတ်နိုင်သလောက် မျက်နှာလွှဲချင်မိတဲ့အခါ.. လိုချင်တာ လိုအပ်နေတာတွေကို မတောင်းတော့ဘဲ နှုတ်ဆိတ်နေမိရင်း တစ်ခုပီး တစ်ခု ဆုံးရှုံး..…

အရာရာတိုင်းမှာ ကိုယ်က ဖွင့်ဟပြောလိုက်ရင် ရမယ်ဆိုတာ သိပေမဲ့ ပြောမှ သိရမယ့် စကားလုံးတွေထက် အလိုက်တသိ ပေးမယ့် အရာတွေကိုသာ အလေးထားတတ်လွန်းတဲ့အခါ… ရှိရင်းစွဲသံယောဇဉ်တွေမှာ နားမလည်နိုင်မှုတွေနဲ့ တဖြည်းဖြည်း ဝေးကွာရင်း ဒီလိုနဲ့ပဲ အထီးကျန်လာခဲ့တယ်..

ထားလိုက်ပါလေ… ထပ်တိုးလာမယ့် သံယောဇဉ်တွေထက် ထပ်ပိုးလာမယ့် နာကျင်မှုတွေကိုလဲ ကြောက်လှပါတယ်… ဒီလိုနဲ့ပဲ ခိုင်မာတဲ့ သံယောဇဉ်တွေ တစ်ခုပီး တစ်ခု ထပ်တိုးရစ်နှောင်လာခဲ့..

အခုဆို အသက်က ၂၆ နှစ် တင်းတင်းပြည့်ပြန်ပီ.. ကဲ နောက်ထပ် ဘယ်နှနှစ်လောက် ဆက်ရှင်သန်နေနိုင်ဦးမလဲ….

- ကိုယ့်ဘဝ အဆုံးသတ်မရောက်ခင်အချိန်အထိ အမိအဖကို လုပ်ကျွေးပြုစုနိုင်မယ့်သူ ဖြစ်ချင်တယ်..
- မမကြီးကို ကူညီနိုင်မယ့် လက်တစ်ဖက်လောက် ဖြစ်ချင်တယ်..
- ကိုယ့်နာမည်ကို ပြောလိုက်ရင် ‘ဟာ သိတာပေါ့’ ဆိုတဲ့ မကောင်းတာဖြစ်ဖြစ် ကောင်းတာပဲဖြစ်ဖြစ် ငါဟာ ငါသာဖြစ်တယ်ဆိုတဲ့အကြောင်း သူများတွေ သိစေချင်တယ်
- ယုံကြည်ချက်တွေနဲ့ ပေါင်းစပ်ထားတဲ့ မျှော်မှန်းထားတဲ့ ပန်းတိုင်ကို အမြန်ဆုံး ရောက်ချင်နေတယ်.
- စစ်မှန်တဲ့ ဖြူစင်တဲ့ သံယောဇဉ်တရားတွေကို အပိုင်ရချင်တယ်…


နေ့လယ်က အိမ်ကိုဖုန်းဆက်တော့ အဖေက ဖုန်းလာကိုင်တယ်.. သမီးလေးရေ နေကောင်းအောင်နေနော်.. ဘန်ကောက်မှာ အနီတွေ သောင်းကျန်းနေတာ အဖေ အရမ်းစိတ်ပူနေတယ်တဲ့.. အသံကို နဂိုအသံထက် ရွှန်းရွှန်းဝေအောင် အဖေ့ကို စကားတွေ အများကြီးပြောမှ အဖေ စိတ်အေးသွားတယ်.. မွေးနေ့အတွက် အိမ်မှာတော့ အမေက ဘုန်းကြီးတွေကို ဆွမ်းချိုင့်လှုပေးမယ်.. အိမ်နီးချင်းတွေကို မုန့်လုံးရေပေါ် ဝေမယ်တဲ့..

ဒီနှစ်မွေးနေ့လေးက ကျမကို ခံစားချက်တွေ အမျိုးစုံပေးစွမ်းခဲ့တယ်.. ကျမ မျှော်လင့်မထားတဲ့ သူတွေဆီက မွေးနေ့ဆုတောင်းစကားတွေ ကြားခဲ့ရသလို.. ကျမ သိပ်ချစ်တဲ့ အကိုတွေ အမတွေဆီကလဲ ကျမအတွက် မွေးနေ့ဆုတောင်း ပို့စ်လေးတွေ လက်ဆောင်ရခဲ့တယ်.. သူငယ်ချင်းအသစ်လေးတစ်ယောက်လဲ ထပ်ရခဲ့သေးတယ်.. ကျမရဲ့ Facebook Page က Wall မှာ မွေးနေ့ဆုတောင်းတွေ မွေးနေ့ကိတ်မုန့်တွေအတွက်လဲ အရမ်းကျေးဇူးတင်မိတယ်. နောက်ပီး မွေးနေ့ မွေးနေ့နဲ့ ဒီနေ့ မတိုင်ခင်ကတည်းက ကြိုရင်ခုန် ကြိုမျှော်လင့်နေတဲ့သူတွေလဲ ရှိခဲ့ကြတယ်.. ဘုရားရေ ကျမလေ အရမ်းကို ဝမ်းသာကြည်နူးမိတယ်.. ခန ခန မျက်ရည်ဝဲမိသေးတယ်.. ဝမ်းသာလွန်းလို့လေ…

ကျမရဲ့ ချစ်သူငယ်ချင်းလေး ဖြူက ကဗျာလေးတစ်ပုဒ်ရေးပေးတယ်.. သူက ရေးမပေးခင် ကျမကို စုံနေအောင် အင်တာဗျူးတော့တာပဲ.. ကျမက ပြန်နောက်လိုက်တယ်.. အနော့်ကိုများ စလစ်ဘရစ်တီမှတ်လို့ ဗျူးနေတာလား မသိလို့.. အဲ့ဒီအကြောင်းအရာတွေကို အခြေခံပီး သူက ကဗျာလေးတပုဒ် ကျမအတွက် မွေးနေ့လက်ဆောင်ပေးခဲ့တယ်.. နောက်ပီး ကျမရဲ့ဓာတ်ပုံကို photoshop နဲ့ မှန်ဘောင်လေးတွေ လုပ်ပီး ပြင်ပေးခဲ့တယ် ကျေးဇူးပါ ဖြူရေ…

ကျမချစ်တဲ့ အကိုဘရွတ်ခ်ကလဲ ကျမအတွက် အမှတ်တရ ပို့စ်လေးတစ်ပုဒ်ရေးပေးခဲ့တယ်.. သူနဲ့ ကျမနဲ့ လိုင်းပေါ်မှာတွေ့လို့ စကားစမြည်တွေ ပြောဖြစ်တိုင်း အမြဲ စိတ်ပေါ့ပေါ့ပါးပါး ရီမောဖြစ်တာ များတယ်.. တခါတလေ သူက စိတ်လိုလက်ရရှိရင် ပုံပြင်တွေ သီချင်းတွေ စာအုပ်တွေအကြောင်း ပြောပြတယ်.. အမြဲပြောတတ်တဲ့ အကြောင်းက လေလွင့်သူ.. လေလွင့်သူထဲက ညီမလေးကို သိပ်ချစ်တတ်တဲ့ အကိုအကြောင်း.. ပြောတိုင်း မျက်ရည်ဝဲသတဲ့.. နောက် သူက မွေးနေ့လက်ဆောင် သူငယ်ချင်းလေးတစ်ယောက် လက်ဆောင်ပေးသေးတယ်.. မယ်ရာတဲ့ Mirror . မကြေးမုံလေးပေါ့.. ကျေးဇူးတင်ပါတယ်နော်..

ကျမ သိပ်ချစ်တဲ့ ညီအစ်မအရင်းလို အရမ်းချစ်တဲ့ အမ နှစ်ယောက်ဆီက ဖုန်းကော်လ်တစ်ခုလဲ ရခဲ့သေးတယ်.. အလုအယက် စကားတွေပြောနေရင်း ရင်ဘတ်ထဲ အတွင်းပိုင်းနက်နက်ထဲကကို ဝမ်းသာကြည်နူးမိတယ်.. ချစ်တဲ့ ခင်ဆီက မွေးနေ့လက်ဆောင် အနမ်းတွေ အများကြီး ဖုန်းထဲက ရခဲ့သလို ချစ်တဲ့ ခရမ်းလေးက ကျမအတွက် ပို့စ်လေးတစ်ပုဒ် ရေးပေးခဲ့တယ်. ညီမလေးရေ ....ဘုရားသခင်ဆိုတာ တကယ်ရှိပြီး ဖန်ဆင်းခဲ့တာဆိုရင် အနော်လေးက တကယ့် gifted လေးပါ ။
တဲ့.. ကျမကြောင့် ချစ်တဲ့သူတွေ အနည်းဆုံးလေး ပြုံးပျော်သွားတယ်ဆိုရင် ကျမ စိတ်ချမ်းသာပါတယ်.. သူတို့ကြောင့်လဲ ကျမ အမြဲ ပျော်ရွှင်ခဲ့ရဖူးတယ်..

သူတို့ရဲ့ မွေးနေ့လက်ဆောင် စကားလေးတွေ မွေးနေ့လက်ဆောင် ပို့စ်လေးတွေ မွေးနေ့အတွက် အမှတ်တရတွေ ဒါတွေ ဒါတွေဟာ ကျမအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်မှုကြီးပါ.. တကယ့်ကို ကျေးဇူးတင်မိတယ်.. တကယ့်ကိုလဲ ဝမ်းသာကြည်နူးမိတယ်..

ဘဝ ဆိုတာ ခုတ်မောင်းသွားနေတဲ့ မီးရထားတစ်စင်းဖြစ်တယ်ဆိုပါစို့... ကျမက ဘူတာစဉ် ၂၆ ခုကို ဖြတ်ကျော်ခဲ့ပီးပီ.. ကိုယ့်ကို ဖြတ်ကျော်မောင်းနှင်သွားတဲ့ အမြန်ရထားတို့ အစုန်ရထားတို့ အဆန်ရထားတို့လဲ ရှိခဲ့ဖူးရဲ့.. ကိုယ့်ရထားပေါ်မှာ လိုက်ပါလာပီးမှ ကြားဘူတာစဉ်တွေမှာ ကျန်ရစ်ခဲ့တဲ့သူတွေရော.. အခုအထိ လိုက်ပါလာတဲ့သူတွေရော.. ကွမ်းတံတွေး ထွေးချချင်တဲ့သူတွေရော.. ရထားမိုင်းဗုံးထောင်ချင်သူတွေရော… အဖျက်အမှောင့်တွေ ရှိနေနိုင်သလို လာကူတွဲမယ့် ခေါင်းတွဲလေးတွေ.. အနောက်ကနေ လာချိတ်ဆက်မယ့် ရထားတွဲတွေ.. ဒီလို အကြင်နာတရားတွေနဲ့ ကျမရဲ့ ရထားလေးက လမ်းချော်သွားတယ် ဆိုပါစို့.. ကျမကတော့ သံလမ်းရှိသလောက် ရထားကို အတင်းကာရော မောင်းနှင်နေဦးမှာပါပဲ..

ပြည့်စုံ (၁၂-၄-၂၀၁၀)

Thursday, April 1, 2010

ထာဝရ

ထာဝရဆိုတဲ့ စကားလုံးဟာ
ငါ့ရဲ့အဘိဓာန်မှာတော့
ဝေးကွာခြင်းဆိုတဲ့ အဓိပ္ပါယ်အတွက် သပ်သပ်ပဲ
အမှန်တရားရေ
မသိချင်ယောင်ဆောင်ပီး တိတ်တဆိတ်ထောက်ခံပေးပါ

ထာဝရ….
မင်းကိုငါ……
ဒါလဲ ဝေးကွာဖို့အတွက် သပ်သပ်ပဲ

ထာဝရထက်
မင်းကိုငါ….
ဒီလိုနဲ့ပဲ ဝေးကွာခဲ့ကြတယ်…

ကံကြမ္မာ ဇာတ်ဆရာ အလိုကျ
ငါ့ဘဝရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေထဲ
ထာဝရဆိုတာထက်
အသာမရခဲ့ဖူးတဲ့
ဇာတ်ကျောရိုးတွေထဲမှာ
ဝေးကွာခြင်းက ခြေကုပ်မြဲခဲ့တယ်…..

ကနဦး အစ
ထင်ယောင်ထင်မှား အိပ်မက်တွေထဲ
ထာဝရ ဆိုတဲ့ စကားလုံးကိုပဲ
ငါက အသုံးမှားခဲ့သေးတယ်..
ဝေးကွာမြဲ ဝေးကွာလျက်ပဲ….

ချစ်သူရေ
ထာဝရ ဆိုပီး..
ငါရေးခဲ့မိတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းထဲ
တချို့တချို့နေရာတွေက အသံတိတ်လျက်
တချို့တချို့နေရာတွေက အမူအရာတွေ ဆွံ့လျက်
တချို့တချို့နေရာတွေက လူနဲ့နေရာနဲ့ လွဲလျက်
တချို့တချို့နေရာတွေက ခံယူချက်တွေ စွဲလျက်
တချို့တချို့နေရာတွေက ယုံကြည်ချက်တွေ ကွဲလျက်
တချို့တချို့နေရာတွေက ပြင်ဆင်မှုတွေ မွဲလျက်
တချို့တချို့နေရာတွေက မှုန်ရီပြာဝေနေတဲ့ အတိတ်မှာသာ ရှိလျက် ..
လွမ်းခြင်းနဲ့ အတိတ်ပေါင်းစပ်လျက်ရှိတဲ့ အိပ်မက်ထဲ
ချစ်သူရေ တစ်ရက်ထက်တော့ ပိုလွမ်းပေးပါ…

ပြည့်စုံ
(၁-၄-၂၀၁၀၊ ၂း၅၆ pm)

Tuesday, March 16, 2010

အရောင်မဲ့ အထ္ထုပ္ပတ္တိ

အမေရေ
ဇာတိမြို့ကလေးမှာ မိုးတွေသည်းနေတဲ့ အချိန်တုန်းက
အဓိပတိဖွား သမီးကို လောကကြီးထဲ အရောက်
အမေ ပို့ဆောင်ပေးခဲ့တယ်နော်
ဖွားရခက်တဲ့ သမီးက
ခြေအစုံပစ် လောကကြီးထဲ ဇွတ်ဝင်ခဲ့တယ်လေ
နီတာရဲ သမီးလေးကိုပိုက်ပီး
အိမ်ခေါင်ရဲ့ မိုးယိုနေတဲ့တိုင်တွေကြား
အမေ ဗျာများနေခဲ့ဖူးတယ်နော်

အမေရေ
ဇာတိမြို့ကလေးကို ခွာပီး မြို့သစ်ကလေးဆီ အလာလမ်းမှာရော
စစ်ကားကြီးပေါ်က ပစ္စည်းထုပ်တွေရဲ့ကြား
အိမ်ဟောင်းလေးက ပစ္စည်းအတိုအထွာတွေနဲ့
ကလေးခြောက်ယောက်လက်ကိုဆွဲ
အမေ အံခဲပီး လမ်းလျှောက်ခဲ့တယ်နော်
လေးတိုင်စင်ဆောက်ထားတဲ့ တဲကလေးနံဘေးမှာ
စိတ်ဓာတ်တွေ အလံထူပီး
အမေ မယိုင်မလဲ အားတင်းနေခဲ့ဖူးတယ်နော်

အမေရေ
မိုးတွေသည်းနေတဲ့ မြေနီလမ်းလေးဘေးကနေ
အမိုးအကာမလုံတဲ့ တောကျောင်းကလေးဆီ
ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့
ခြေချော်လဲသွားစေမယ့် ရွှံ့ဗွက်တွေကြား
စာသင်ဖို့ သွားနေတဲ့
သမီးကလေးရဲ့မိုးကာအဝါလေးကို
တဲအိမ်ကလေးရဲ့ တံစက်မြိတ်ဘေးကနေ
အမေ ရပ်ကြည့်နေခဲ့ဖူးတယ်နော်

အမေရေ
အပျိုဖော်ဝင်စ အရွယ် စကားနည်းတဲ့သမီးက
စိတ်ကူးတွေ အတည်ကြီးတွေး
ဂေါက်တောက်တောက်ဥာဏ်လေးနဲ့
ကတ္တရာပုံးဖက် လေးနက်တဲ့အတွေးတွေ
အရှေ့လဲ မတိုး အနောက်လဲ မရောက်
လူတွင်ကျယ်မလုပ်ဘဲ ခပ်ကုပ်ကုပ်နေခဲ့တုန်းက
စကားနည်းတဲ့သမီးလေး
အမေ့နံဘေးမှာ အားကိုးရာလေးလို့ အမြဲပြောခဲ့ဖူးတယ်နော်

အမေရေ
အရွယ်ရောက်စပြုလာတဲ့ သမီးကလေ
စားဝတ်နေရေး ကူညီဖို့အတွေးနဲ့
လောကရဲ့ ဘဘာဝအထာတွေကို မသိသေးဘဲ
လှေကားထစ်လို အကျော်အတက် အခွအဆင်း
လုပ်ငန်းခွင်ထဲ အစ အဝင်မှာပဲ
လမ်းလျှောက်ရင်း လမ်းပျောက်
စိတ်ကူးတွေ အကုန်နောက်ခဲ့ဖူးတယ်
ချည့်နဲ့နေတဲ့ အတွေးနဲ့ အားငယ်နေတဲ့ သမီးလေးကို
ဒါ ဘဝပဲလို့ အမေ အားပေးခဲ့ဖူးတယ်နော်

အမေရေ
လမ်းပျောက်နေပေမဲ့ လမ်းလျှောက်နေဆဲ သမီးအတွက်လေ
ကျောချင်းကပ်သူငယ်ချင်းရလို့ ကျေနပ်ခဲ့သမျှ
ရင်ချင်းအပ် ခါးကိုဖက်ပီး
နောက်ကျောကို ဓားနဲ့ထိုးသွားတယ် အမေ
အတောင်အလက်မစုံသေးပေမဲ့
အမြင့်ပျံချင်တဲ့ သမီးကလေ
မွေးရပ်မြေကိုခွဲ
စိတ်ကူးတွေထဲ အတောင်ပံတွေ တပ်ခဲ့တုန်းက
အမေက မျက်ရည်ဖုံးပေမဲ့ အပျော်ဆုံးဖြစ်နေခဲ့မှာပါနော်

အမေရေ
သမားရိုးကျ မိန်းမဘဝကို မျှော်လင့်နေမိတဲ့သမီးကလေ
အဖော်မင်ပေမဲ့ မပျော်ရွှင်ခဲ့ရဖူးတဲ့ လူငယ်သဘာဝတုန်းကတော့
လျှော်ပင်လို ဖမ်းဆုပ်ချင်စရာ
ချစ်သူတစ်ယောက် နှလုံးသားထဲ ကောက်ရခဲ့ဖူးပါရဲ့
အခုများကျတော့ရော..
ရစ်နှောင်ထားဖို့ မလိုအပ်ပေမဲ့
လက်ရှိရဲ့ အချစ်ကိုပဲ အရူးအမူးအတွေးနဲ့ ချစ်နေမိဆဲဆိုတာ
အမေများသိရင် အမေ့ထက် ပိုချစ်သူကို ရှာလို့ ဝမ်းနည်းနေမလားနော်

အမေရေ
ခေတ်မီတိုးတက်နေတဲ့ မြို့ကြီးပြကြီးထဲ
သမီးရဲ့ညခင်းမှာ မသာတဲ့ လမင်းကို
မလင်းတလင်း ကြယ်အစင်းရဲ့ အလင်းတွေအားကိုးပီး
အမေ့ရဲ့ ညခင်းမှာ လမင်းသာနေမှာပဲလို့
အားအင်တွေ မွေးခဲ့တယ် အမေ
အများညီ ဤကို ကျွဲမဖတ်ရတဲ့ ထုံးစံတွေထဲမှာ
သမီးကတော့လေ စိတ်ဓာတ်တွေကို ဇွဲအဖြစ်ပြောင်းပီး
အဆင်ပြေတယ်ဆိုတဲ့ သတင်းစကားနဲ့
အမေ သမီးရဲ့သတင်းကြားရရင် ပျော်နေမှာပါနော်

အမေရေ
အမေချက်တဲ့ ထမင်းဟင်းကို လွမ်းနေတိုင်း
အပိုအသိုင်းအဝိုင်းချဲ့ထားတဲ့ ညစာထမင်းဝိုင်းတွေထဲ
သမီးကလေ
အမေ မကြိုက်တဲ့ ခြေလေးချောင်းအသားတွေ
အမေ မကြိုက် ဘုရားမကြိုက်တဲ့ အချိုရည်တွေ သောက်ပီး
အမေရေလို့ စိတ်ကူးထဲ တပီး
အိမ်ပြန်ချင်တယ် ညည်းမိတိုင်း
မျက်ရည်တွေ ညတိုင်းဝိုင်းမိတယ် အမေ
အမေများသိရင် မချိတဲ့အတွေးတွေနဲ့ ဝမ်းနည်းနေမှာနော်

အမေရေ
အသက်ပဲကြီးလာတဲ့ သမီးကလေ
အခုအချိန်ထိတော့ ငယ်ကျင့်စရိုက်တွေ
မပြောင်းလဲသေးဘဲ တွေဝေနေတုန်းပဲ အမေရေ
သံန္နိဌာန်တွေ လေးလေးနက်နက်ချ
ဆုံးဖြတ်ရခက်တဲ့ စကားလုံးလှလှတွေနဲ့
ဘောင်ခတ်ထားတဲ့ အတွေးတွေကိုပဲ တွေးပီး
နှောင်တွယ်နေတဲ့ အဝန်းအဝိုင်းလေးမှာတင်ကို
အခုအထိလေ အိမ်ပြန်ချင်တဲ့ အတွေးတွေ
ဟိုးအမြင့်ကို ထပ်ပျံသန်းချင်တဲ့ အတွေးတွေနဲ့
စိတ်ကူးတွေ နှစ်ခွတွေးနေမိတုန်းပါပဲ အမေ…..

ပြည့်စုံ
(၁၆-၃-၂၀၁၀၊ ၅း၅၈ pm)

Saturday, February 27, 2010

နေရစ်ခဲ့တော့ ချင်းမိုင်ရေ

နေရစ်ခဲ့တော့ ချင်းမိုင်ရေ..
ရင်ထဲမှာ ဒဏ်ရာနက်နက်စူးဝင်ခဲ့
တစ်ကိုယ်ထီးတည်းပါပဲ
ကိုယ့်အပိုင်ဆိုတာ မရှိခဲ့ပါဘူး
ပြန်တွေးမိကာမှ ဘဝဟာ ပိုအဓိပ္ပါယ်မဲ့လာတယ်
အကောင်အထည်တော့ ရှိပါရဲ့
အရိပ်မပါတဲ့လူလိုပဲ
ထူးရင်တောင် ခေါ်မယ့်သူမရှိခဲ့ပါ
ကြားနေရတဲ့ နားလဲ ရှိပါရဲ့နဲ့
ပြန်ပြောဖို့တော့ တိတ်တဆိတ်ဆွံ့အလို့
မရှိတဲ့နေရာဘေးမှာ ချောင်ကပ်နေခဲ့ရင်း
အရိပ်မဲ့ရတဲ့ဘဝများ အလင်းရောင်မှာတောင်
မှောင်ရိပ်ကျနေခဲ့

နေရစ်ခဲ့တော့ ချင်းမိုင်ရေ
မြို့ရိုးတစ်ပတ် ကျုံးဘေးမှာ ဆိုင်ကယ်နဲ့ပတ်ခဲ့တုန်းက
မြို့ကလေးရဲ့ အေးချမ်းမှုနဲ့
ပန်းရနံ့တွေရဲ့ ဆွဲဆောင်မှုက
အိနြေ္ဒကြီးတဲ့ အပျိုကြီးတစ်ယောက်လိုပ
တည်ငြိမ်ပေမဲ့ သူစိမ်းဆန်လှတယ်
ချင်းမိုင်ရဲ့ အလင်းယိုင် ညချမ်းတွေမှာ
မြူးတူးပျော်ရွှင်ခဲ့တုန်းက
စိမ်းသူကြီးလို ခံစားရတာကလွဲလို့
ပျော်သလိုတော့ ရှိပါရဲ့
သဟဇာတမဖြစ်တဲ့ အတွေးတွေက
တခါတလေမှာ ရင်ခွင်ကို ခပ်ပြင်းပြင်းရိုက်ခတ်ခဲ့

နေရစ်ခဲ့တော့ ချင်းမိုင်ရေ
ဘဝဟာ သမားရိုးကျမဖြစ်ခဲ့ပါဘူး
ဒီလိုအတွေးတွေနဲ့ပဲ ချင်းမိုင်ကိုစွန့်ခဲ့တယ်
……....
နေရစ်ခဲ့တော့ ချင်းမိုင်ရေ.....

ပြည့်စုံ
(၂၇-၂-၂၀၁၀၊ ၆း၀၀ pm) (Tak)

Wednesday, February 10, 2010

ကံပစ်ချတဲ့ ဘ၀တွေ

သူတို့ရဲ့ မျက်ရေးကြောင်းတွေက
ဘဝကို ဒုံးခံပီး ရင်ဆိုင်မယ့် သတ္တိအပြည့်ရှိကြတယ်
သူတို့တွေရဲ့ စိတ်ဓာတ်အရင်းခံကလဲ ရိုးသားကြတယ်
သူတို့မှာ ဆန်းပြားတဲ့ အတွေးတွေလဲ သိပ်မရှိဘူး

သူတို့မှာ လျှောက်ရမယ့်လမ်းတွေကလဲ ရွေးစရာ သိပ်မများဘူး
သူတို့ရဲ့လိုဘတွေကလဲ အခြေခံလိုအပ်ချက် ပြည့်စုံဖို့ပဲ
သူတို့ရဲ့ မျက်နှာတွေမှာ အားမာန်တော့ အပြည့်ရှိကြတယ်
သူတို့က အရာရာကို ကံကိုပဲ ပုံချ
ငတ်ရတာကိုက ရှေးကံမကောင်းခဲ့လို့တဲ့
သွားမရှိတော့တဲ့ အဘွားအိုက ခွက်ကလေးတလုံး လက်ဆွဲပီး ပြောရှာတယ်

"ဘယ်သူ့ကိုများ အပြစ်တင်ရမလဲကွယ်
ဘဝတွေကိုက ဆိုးလွန်းပါတယ်
ရင်ထဲက မချိတာတွေအတွက်
သူတပါးကိုတောင် အပြစ်မတင်ရက်ရှာဘူး"


သူတို့ရဲ့ အနာဂတ်အိပ်မက်မှာ
ဇိမ်ခံစည်းစိမ်တွေ မပါဝင်ဘူး
ကိုယ့်မိသားစု ကိုယ့်တဲကလေးနဲ့
မိသားစုတွေ ထမင်းဝိုင်း
အပိုအသိုင်းအဝိုင်း မပါတောင်
ထမင်းကြမ်းခဲကလေးကို ပဲကလေး ဆီဆမ်းစားရတာကိုက
လောကနိဗ္ဗာန်တဲ့လေ

သူတို့ရဲ့ နေ့စဉ်ဝတ္တရားတွေကလဲ
အစဉ်အလာအတိုင်းပဲ လှုပ်ရှားကြတယ်
သူတို့က နိုင်ငံရေးဆိုတာ ဘာလဲ မသိကြဘူး
သူတို့က လူ့အခွင့်အရေး ဘာလဲ မသိကြဘူး
သူတို့က သူတို့ရပိုင်ခွင့်ကိုတောင် ဘယ်သူဆီက တောင်းရမှန်း မသိကြဘူး….

ပြည့်စုံ (၂-၅-၂၀၀၉၊ ၂း၃၅ am)

(နာဂစ်နှစ်ပတ်လည်အတွက် ရေးစပ်ထားတဲ့ တင်ပီးသား ပို့စ်အဟောင်းလေးပါ.. လှိုင်သာယာစက်မှုဇုန်က လစာငွေတစ်သောင်းကျပ်လေးတိုးပေးဖို့အရေး လက်နက်ကိုင်လူသတ်သမားတွေရဲ့ ရှေ့မှာ လည်စင်းပေးနေရရှာတဲ့ တိုက်ပွဲဝင် ရဲမေတွေရဲ့ မျှော်လင့်ချက်မဲ့မျက်လုံးတွေအတွက် ဒီကဗျာလေးကို ပြန်တင်လိုက်တာပါရှင်..)

Monday, February 1, 2010

မိုးတိမ်ထဲဝယ်

နေရာဌာနေ အတည်တကျ မရှိခဲ့ပါဘူး
ဒီလိုနဲ့ပဲ လေနှင်ရာ မျောလွင့်ခဲ့
ဖမ်းဆုပ်မရတဲ့ တိမ်လွှာစိုင်သက်သက်ပါပဲ
ကိုယ့်အပူရှိန်နဲ့ကိုယ် ငွေ့ရည်ဖွဲ့ခဲ့ရတယ်
လေးလံလာတဲ့ ကိုယ့်ရင်ငွေ့တွေကြောင့်
တောင်တန်းတွေရဲ့တစ်ဖက်ကိုရောက်တော့
မိုးရေအဖြစ်နဲ့ ရွာချခဲ့တယ်

မိုးခါးရေတော့ မဟုတ်ခဲ့ပါဘူး
ရွာကျတဲ့ မိုးရေနဲ့ပဲ ဘဝဟာ စိုစွတ်ခဲ့ရတယ်
တစ်ကိုယ်စာလုံတဲ့ ထီးရှာပေးပါ
တစ်ဘဝစာအတွက်တော့ ဒီအတိုင်းက ဒီအတိုင်း
စိတ်ကူးတွေ မရိုင်းခဲ့ပါဘူး
စိတ်ရိုင်းတွေတော့ တစ်ခါတစ်ခါ ပေါက်မိတယ်
လူရိုင်းတစ်ယောက်ဖြစ်ခဲ့ရင်လဲ အကောင်းသား
ရခဲ့တဲ့နောင်တတွေက အရောင်တွေပြယ်လို့
ဒါနဲ့တောင် နက္ခတ်တွေ လွဲခဲ့သေးတယ်

ဇာတ်လမ်းထဲက စကားလုံးတွေနဲ့ပါ
ပြုံးစေချင်မိတယ် ပျော်စေချင်တာ တစ်ခုတည်းနဲ့ပဲ
ငါလဲ အရူးအမူးကျရှုံးခဲ့
ဇာတ်သိမ်းမှာ ရှုံးနိမ့်ကျန်ခဲ့ရမယ်မှန်း သိခဲ့ရက်နဲ့
ရူးရူးမိုက်မိုက် သရုပ်ဆောင်နေမိခဲ့တယ်
ဇာတ်ညွှန်းတွေ အခါခါ ပြောင်းလဲ
ဇာတ်သိမ်းတော့ မပြောင်းခဲ့တာ သေချာတယ်
မရေရာတဲ့ အတွေးတွေနဲ့ပဲ
ဇာတ်ညွှန်းဆရာကို မျက်နှာချိုသွေးနေမိတယ်

ရခဲတဲ့လူ့ဘဝတစ်ခုအနေနဲ့ပေါ့
ကောင်းကင်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်းအကြား
ဗြဟ္မာကြီးလေးဦးနဲ့ အာဒမ် ဧဝ
တူနှစ်ဖြာပေါင်းစပ်မှုတဲ့
သုခကမ္ဘာချည်းထင်ထားခဲ့သမျှ
ဓားသွားထက်က ပျားရည်စက်ကို မျှော်တပ်မက်မိနေတုန်း
အဆုံးမှာတော့ ဖမ်းဆုပ်ခဲ့စရာ မြက်ပင်လေးကို
ချောက်ကမ်းပါးဘေးမှာ ပေါက်စေချင်မိသူပါ

ဒီလိုနဲ့ပဲ တစ်ဖန် မျောလွင့်ခဲ့ပြန်တယ်….

ပြည့်စုံ
(၃၁-၁-၂၀၁၀၊ ၁၁း၂၁ pm)

Saturday, January 16, 2010

နေမင်းရဲ့လင်းနေခြည်

တစ်နေ့ခင်းလုံး အဖော်လုပ်ပေးပြီးမှ
ဆည်းဆာတောက်ချိန် နေညိုချိန်မှာ ပစ်ပြေးရက်တယ်
ညခင်းမှာ လမင်းရဲ့ မှုန်ပျပျအလင်းစက်အောက်
နင့်ရဲ့ နွေးထွေးတဲ့အနမ်းတွေကို တမ်းတနေရင်း
ဟိုးကမ္ဘာတစ်ဖက်ခြမ်း
နင်လွမ်းနေမှန်း ငါသိနေနှင့်ခဲ့.......

ပြည့်စုံ
(၁၆-၁-၂၀၁၀။ ၅း၁၀ pm)