Sunday, July 4, 2010

ဘောလီဘော

လက်ဖဝါးပေါ်တင်ပြီးမှ
လက်ဖမိုးနဲ့ ရိုက်ချလိုက်တယ်..
ရှိသမျှ အားအင်ကို စုလို့..

ဟိုဘက်ကိုရောက်တော့
လက်ဖမိုးနဲ့ ပြန်တင်တယ်..
ပြီးမှ လက်ဖဝါးနဲ့ပြန်ရိုက်ချတယ်..

မျှော်လင့်ချက်တွေအပြည့်နဲ့
ပင့်လိုက် ရိုက်လိုက် ခုတ်ချလိုက်..
ဒီလိုနဲ့ပဲ ...
ပွဲပြီးတော့မှ
အနိုင် အရှုံး အသတ်မှတ်ခံခဲ့ရတယ်..
ဘဝတွေလို...

ပြည့်စုံ
(၄-၇-၂၀၁၀။ ၇း၀၇ pm)

Saturday, May 15, 2010

သံယောဇဉ်ကြိုးတစ်မျှင်

စတွေးတွေးချင်းမှာကို… ပြုံးမိတယ်.. ပြောဖြစ်တဲ့ စကားလုံးက… မမြစိမ်းတော့ အသိုက်ပြောင်းရပြီ...

ကျမ ဒီကိုစရောက်စက ကျောပိုးအိတ်တစ်လုံးနဲ့ ဟိုသွားလိုက် ဒီသွားလိုက်.. မမဆုရဲ့ အခန်းကလေးက ကျမအတွက် တစ်ထောက်နားခိုရာ....

ကျမ အစဦးဆုံးနေရတဲ့ အခန်းကလေးက ခုတင်ရယ် ဗီရိုတစ်လုံးရယ် ဒါပဲ… ကျမရဲ့ ခုတင်ဘေးက ပြတင်းပေါက်ကနေ ကြည့်လိုက်ရင် ကောင်းကင်က လကွေးကွေးလေးကို မြင်ရတတ်တယ်.. ချစ်စရာ အခန်းကလေး.. အတူတူ နေရတဲ့ သူငယ်ချင်းလေးက ချစ်ဖို့ကောင်းလှတယ်.. သူမ ပြန်သွားတဲ့အခါ ကျမ တစ်ယောက်တည်း နေခဲ့ရတယ်.. ဒီအခန်းက ညဦးမှာသာ လရောင်နဲ့ နွေးထွေးသလောက်.. မနက်ခင်းပိုင်းတွေမှာတော့ ပြူတင်းပေါက်က ဝင်လာတဲ့နေရောင်က ကျောကို မီးစနဲ့ထိုးနေသလိုကို ပူပြင်းတယ်.. ဒါပေမဲ့ ကျမအတွက်ကတော့ အေးဆေးပါ.. ခုတင်ပေါ် နေရောင်ထိုးလာရင် ကိုယ်ကို စောင်နဲ့ပတ်ပီး ခုတင်အောက်ကို လှိမ့်ချလိုက်တယ်.. အောက်မှာ ဆက်အိပ်… အောက်က ကြမ်းပြင်က လျှာထိုးကြမ်းခင်း..

အဲ့ဒီ အစပထမဦး အခန်းကလေးမှာ ကျမ မိုးရာသီနဲ့ ဆောင်းရာသီ နေခဲ့တယ်.. နွေရာသီအစဦးမှာတုန်းကတော့ အဲ့ဒီ အခန်းကလေးက နေချင့်စရာ… နောက်တော့ တစ်စတစ်စ ပူပြင်းလာတဲ့ နွေရာသီက မုန်းစရာကောင်းလောက်အောင် သွေ့ခြောက်လာခဲ့တယ်.. အဲ့ဒီအခန်းကလေးမှာ ရာသီတစ်စက်ဝန်းလောက် ပျော်ပျော်ရွှင်ရွှင်နေခဲ့တယ်.. အဲ့ဒီအခန်းကလေးအကြောင်း ပြန်တွေးတိုင်း သတိရမိတာက ကျမရဲ့ အချစ်ဆုံးသူငယ်ချင်းလေး G ရယ် ကျမရဲ့အချစ်ဆုံးသူ N ရယ်ပေါ့.. ဘယ်တော့မှ မမေ့တော့မယ့် ချစ်ရသူနှစ်ယောက်.. နောက်တော့ အဲ့ဒီအခန်းကလေးကနေ ပြောင်းခဲ့တယ်….

ကျမ ခရီးသွားတိုင်း ကျမ အမြဲတည်းရတဲ့ အခန်းကလေးအကြောင်းကလဲ ထားခဲ့လို့ မရ.. အဲ့ဒီအခန်းက ဘာသိဘာသာ ရှိလှတယ်.. ကျမကို နွေးနွေးထွေးထွေး မကြိုဆိုတတ်.... အိပ်တဲ့အချိန် တစ်ခုသာ ကျမက အခန်းကလေးထဲ ဝင်တယ်… အဲ့ဒီအခန်းရဲ့ ပန်ကာသံက ညဘက်တွေဆို တဒီးဒီးနဲ့ မုန်းစရာ.. မဖွင့်ထားပြန်ရန်ရင်လဲ ပေါင်းအိုးထဲ ထည့်ပြုတ်ထားသလို ပူပူလောင်လောင်.. နွေးထွေးတယ်လို့ မခံစားရတဲ့ အခန်းကလေး.. အဲ့ဒီကိုရောက်ရင် ကျမ ပြန်ရဖို့ကိုပဲ ရက်ကို ရေတွက်နေမိတဲ့အထိ..

အခန်းကို မချစ်ခင်သလောက် အဲ့ဒီနေရာက လူတွေကိုတော့ ကျမ ချစ်တယ်.. ကျမ စိတ်ကြိုက်ဟင်းတွေကို ချက်ကျွေးတတ်တဲ့ ကျမရဲ့ အမ TD ရယ်.. ကျမ ဆိုးသမျှ ခံရတဲ့ ကျမ အကိုတွေရယ်.. ကျမရဲ့ သောက်ဖော်သောက်ဖက်တွေရယ်.. အဲ့ဒီမှာ နေရတဲ့ရက်တွေမှာ ကျမ စားချင်တဲ့ မြန်မာအစားအစာတွေ စားရသလို.. ကျမ အရမ်းကြိုက်တဲ့ လက်ဖက်ရည်ချိုစိမ့် သောက်ခွင့်လဲရတယ်.. ဒါပေမဲ့ ကျမကတော့ ပြန်ရပီဆိုတာနဲ့ ကျောပိုးအိတ်ကို ကောက်လွယ် .. လက်နှစ်ဘက်ကို နောက်ပြန်လွှဲပီး နှုတ်ဆက်.. ကမန်းကတန်း ခပ်သုတ်သုတ် ပြန်လေ့ရှိတယ်..

ဧည့်သည်ဆိုတဲ့ စိမ်းသက်တဲ့ ခံစားချက်ကို တခါတလေပေးလေ့ရှိတဲ့ အဲ့ဒီ အခန်းငယ်ကလေးကလဲ ကျမနဲ့ အခုအထိ ခွဲလို့ မရသေး...

အခု ကျမ နေနေတဲ့ ရုံးရဲ့ အခန်းကလေးကတော့ ဟိတ်ဟန်ကြီးလှတယ်.. ပီးတော့ စတွေ့တွေ့ချင်းတုန်းကဆို သူစိမ်းတစ်ယောက်လို ဟန်ပန်ကလဲ များလှသေး.. အခန်းကလေးရဲ့ ပြီးပြည့်စုံမှုက ကျမကို သူစိမ်းဆန်ဆန်.. ဒါပေမဲ့ ဘယ်တုန်းကမှ ကျမကို အေးအေးစက်စက် မကြိုဆိုဖူးခဲ့တာကို တွေးမိတိုင်း ဒီအခန်းကလေးကို ချစ်လှတယ်.. ဘေးဘက်မှာက သံပန်းတွေ ကာထားတဲ့ ဝရန်တာရှိတယ်.. အဲ့ဒီဝရန်တာကနေ ငေးကြည့်ရင် ဘေးကအိမ်ရဲ့ ပန်းပင်တွေကို ကြည့်လို့ရတယ်.. ပီးတော့ ရှားရှားပါးပါး ဝရန်တာလေးကနေ ကြည့်ရင် တော်တော်ဝေးဝေးအထိ အထပ်မြင့်တိုက်တွေ ရှိမနေတဲ့အတွက် ကောင်းကင်ပြင်ကို မလွတ်မလပ်သံပန်းကြားက ငေးကြည့်ခွင့်ရတယ်…

မနက် ရုံးတက်ရုံးဆင်းကို မုန်းလှတာမို့ ရုံးက အခန်းကလေးမှာပဲ နေလေ့ရှိတာကနေ မမဆုရဲ့ အခန်းဆီကို မပြန်ဖြစ်.. ရံဖန်ရံခါမှသာ မမဆုဆီ သွားနေတတ်တယ်.. မုန့်ချက်ထားတဲ့အချိန်ရယ် ထမင်းနဲ့ဟင်းနဲ့ ကောင်းကောင်းချက်တဲ့အချိန်တွေရယ်ပါ.. သူမဆီ ရောက်ပီးရင်လဲ အချိန်တန်ရင် အခန်းကလေးဆီသာ ပြန်ချင်နေတော့တာ.. ဒီအခန်းကလေးကသာ ကျမအတွက် သီးသန့် အခန်းကလေးကိုး..

အခန်းကလေးက ကျမတစ်ယောက်စာထက်မက ကျယ်ကျယ်လွင့်လွင့်.. တကယ်တော့ အခန်းကြီးကြီးပါ.. ပီးတော့ လုံလုံခြုံခြုံ .. တစ်ယောက်တည်းနေရတာဆိုပေမဲ့ နွေးနွေးထွေးထွေး.. ကျမနဲ့ တစ်သားတည်း .. သူလဲ တစ်ယောက်တည်း အထီးကျန်.. ကျမလဲ အထီးကျန်.. အေးစက်စက် ဖြစ်မနေခဲ့တဲ့ အခန်းလေး.. ခရီးသွားပီး ပြန်လာလို့ ရည်နည်းနည်းကြာသွားရင် အနည်းငယ် စိတ်ကောက်ချင်သယောင် အခန်းကို ပူလောင်လောင်ဖြစ်အောင် လုပ်ထားတတ်သေးတယ်..

ကျမ အခန်းကလေးက ကျမ ရှိမနေရင် ဘယ်သူမှ နေလို့ မရတတ်.. သူများတွေ အပြောအရတော့ အနည်းငယ်စိုးရွံ့စရာ ဘာမှန်းမသိတဲ့ အရာတစ်ခုခုရှိနေသတဲ့.. ဒီလိုအပြောနဲ့ပဲ ကျမအခန်းမှာ ကျမ ရှိမနေရင် ဘယ်သူမှမနေရဲကြ.. ကျမကတော့ နှုတ်ခမ်းအစုံကို တွန့်ကွေးပြီးကို ပြုံးလိုက်မိတယ်.. အို အဲ့ဒီတစ်ခုခုရှိနေလို့ ကျမ မကြောက်တာပေါ့လို့.. ကျမအတွက်ကတော့ တစ်ယောက်တည်းဖြစ်နေတာ ရုပ်ပိုင်းဆိုင်ရာ အရပေါ့.. မကြောက်ပါဘူး.. ဒါပေမဲ့ စိတ်အတွင်းပိုင်းမှာ အထီးကျန်ဖြစ်လာမှာကိုသာ အရမ်းကြောက်မိတယ်.. တစ်ကောင်တည်းကွ ဒါပေမဲ့ ကြွက်.. :P

ကျမရဲ့အခန်းကလေးထဲက ဘာမှန်းမသိတဲ့ပုဂ္ဂိုလ်က ခုတင်ပေါ်မှာအိပ်နေတဲ့သူတွေကို ဂုတ်ခွစီးတတ်သတဲ့.. ရင်ဘတ်ကို ဖိထားပီး ဒီမှာ မအိပ်နဲ့လို့လဲ မောင်းထုတ်တတ်သတဲ့.. ကျမအခန်းမှာ ခနနားနေတဲ့ အဖော် ကောင်မလေးက ကျမ အပြင်က ပြန်လာတဲ့အချိန်မှာ သူမ မျက်နှာမှာ သွေးမရှိတော့.. သူမ အိပ်နေတာကို လည်ပင်းညှစ်ပီး သူမကိုထွက်သွားလို့ မောင်းထုတ်သတဲ့လေ.. မကြောက်ပါနဲ့ ငါတော့ ဘာမှ မဖြစ်ပါဘူးပြောတော့ သူမက တွေတွေဝေဝေ.. နှလုံးအားနည်းလို့ ဖြစ်မှာပါ.. ဒီတစ်ခါ ငါ မရှိရင် အခန်းထဲ ဝင်မအိပ်နဲ့ ငါပြန်လာမှ အိပ်ပေါ့…

ဒီကိစ္စက ဒီနေရာမှာတင် အဆုံးမသတ်ခဲ့.. ဒီကို ခနအလည်လာတဲ့ ဧည့်သည်က မိန်းခလေးမို့ ကျမအခန်းမှာ ခန လာနေတဲ့အချိန်.. သူမက မိန်းခလေးပီပီ နူးနူးညံ့ညံ့.. မအိပ်ခင် ဘုရားရှိခိုး အမျှဝေ မေတ္တာပို့.. သူမက အရင်အိပ်ပီး ကျမကတော့ ထုံးစံအတိုင်း မီးမှိတ်ပေးထားပေမဲ့ ကွန်ပျူတာနဲ့ ကျမနဲ့က တဂျောက်ဂျောက် တဂျက်ဂျက်.. အိပ်တော့မယ်ဆိုပီး ခုတင်ပေါ်လှဲတဲ့အချိန်မှာပဲ ဧည့်သည် မိန်းခလေးက ဝူးဝူးဝါးဝါး ထအော်တော့ ကျမ လန့်သွားတယ်.. သူမကို လှုပ်နှိုးတော့ သူမက အလန့်တကြားနိုးလာခဲ့တယ်.. ရေတိုက်ဖို့ အိမ်အောက်ထပ်ကို ဆင်းဖို့တောင် သူမက ကျမလက်ကို အားကိုးတကြီးဆွဲကိုင်ထားခဲ့တယ်… သူမကို လည်ပင်းညှစ်သတဲ့.. ဘုရားရေ.. မကြောက်နဲ့ဆိုပီး ကျမက သူမကို နေရာလဲပေးလိုက်ပီး သူမနေရာမှာ ကျမ အသာလှဲပီး အိပ်လိုက်တယ်.. ငါ့ကိုတော့ လည်ပင်းညှစ်ရင် အလန့်တကြားတော့ မလုပ်နဲ့ အသေသာ ညှစ်လို့ စိတ်ထဲက စနောက်လိုက်မိသေးတယ်.. ဘာမှမဖြစ်..

သူတို့ကပဲ အကြောက်ပိုသလား.. ကျမကပဲ အကြောက်လိုနေသလား မသိပါ.. ကျမရဲ့ အခန်းကလေးနဲ့ ကျမကတော့ အတွဲညီနေဆဲ..

အဲ့ဒီနေ့ကပေါ့.. အဲ့ဒီပုဂ္ဂိုလ်လေးက သူရှိနေကြောင်း ကျမကို အသိပေးတဲ့နေ့ပေါ့.. ကျမက စာဖတ်ရင်ပဲဖြစ်ဖြစ် ရုပ်ရှင်ကြည့်ရင်ပဲဖြစ်ဖြစ် စိတ်ဝင်တစား ငြိမ်ငြိမ်ဆိတ်ဆိတ် ကြည့်တတ်တယ်.. အွန်လိုင်းကနေ ကိုရီးယား ဒရာမာကားကို ငြိမ်ငြိမ်ဆိတ်ဆိတ်ကြည့်နေမိတယ်… ဇာတ်ကားထဲက သရုပ်ဆောင်တွေက အပိုအလိုမရှိ ကွက်တိ သရုပ်ဆောင်နေခဲ့တယ်.. သုံးပွင့်ဆိုင်ဇာတ်လမ်းလေး.. ချစ်ခွင့်နဲ့ ဝေးခဲ့ပေမဲ့ ချစ်ခြင်းတွေ ပြည့်လျှံနေတဲ့ မိန်းခလေးရဲ့ အနစ်နာခံ စွန့်လွှတ်မှုတွေကို အသက်မရှုစတမ်း ကြည့်နေရင်း နားထဲမှာ အသက်ရှုသံပြင်းပြင်းတစ်ခု.. ပီးတော့ နွေးနွေးထွေးထွေး.. ကျမရဲ့ လည်ကုပ်နားလောက်ဆီက..

ရုတ်တရက် ကြားလိုက်ရတဲ့ အသံကို ကျမက ကိုယ့်အသက်ရှုသံ အောက်မေ့နေခဲ့တယ်.. ဒါပေမဲ့ ကျမရဲ့ အသက်ရှုသံက တိုးလှတယ်.. ပီးတော့ အသက်ပြင်းပြင်းရှုရင် အသက်ရှုကျပ်လာပီး ဘယ်ဘက်နှလုံးက ထိုးအောင့်တတ်တယ်.. ဒီတော့ ဒီအသက်ရှုသံက ကျမဆီက မဟုတ်ဘူး.. ဒါဆို ဘယ်သူ့ဆီကလဲ.. မျက်နှာက ချက်ချင်းပြုံးစိစိဖြစ်သွားပီး ဇာတ်လမ်းကို အသံခန တိတ်ထားလိုက်တယ်.. လှုပ်လှုပ်ရှားရှားလုပ်လိုက်တော့ အသက်ရှုသံ မကြားရတော့ဘူး.. ဒါပေမဲ့ ခနချင်းမှာကို အဲ့ဒီအသက်ရှုသံက ကျမဘေးမှာ.. ကျမ သိလိုက်ပီ.. ကျမဘေးမှာ တစ်ယောက်ယောက် ရှိနေခဲ့ပီ.. စိတ်ထဲမှာ မကြောက်သွားဘဲ.. ကျမက မော်နီတာရှေ့ကနေ ဘေးကို နည်းနည်း ဖယ်ပေးလိုက်တယ်.. ပီးတော့ လှမ်းပြောလိုက်သေးတယ်.. မြင်ရလား မမြင်ရလဲ ငါ့ဘက်တိုးကြည့်ဟေ့.. သူ ရုပ်ရှင်တူတူ လာကြည့်နေတာလေ..

မနက်ကျတော့ ကျမရဲ့ သူငယ်ချင်းတွေကို ပြောပြလိုက်တယ်.. ငါ့ဘေးမှာ အသက်ရှုသံ ကြားရတယ်ဟေ့ ဆိုတော့ သရဲခြောက်ပါတယ်ဆိုတာက အတည်ဖြစ်သွားတော့တယ်.. ဒါပေမဲ့ ငါ မကြောက်ဘူးကွလို့.. တကယ်လဲ ကျမ မကြောက်လှပါ.. ညဘက် ကျမ အပြင်ထွက်ပီး ပြန်လာရင် အိမ်တစ်အိမ်လုံးက တိတ်ဆိတ် ခြောက်ကပ်.. ကမန်းကတန်း တံခါးတွေ သော့ခတ်ပီးရင် ကျမရဲ့ အခန်းလေးထဲ မြန်မြန်ဝင်ရတယ်.. ပီးရင် တီဗီကို အကျယ်ကြီးဖွင့်ထားပီး.. အွန်လိုင်းပေါ်တက် ဂိမ်းဆော့ အာရိုက် ပွား တဂျောက်ဂျောက် ကီးဘုတ်ရိုက်သံနဲ့ ကျမနဲ့သာ ရှိနေခဲ့တယ်.. ပီးတော့ ဘာမှန်းမသိတဲ့ အရာတစ်ခုနဲ့…

ကျမက ညဘက်တွေ အိပ်ရင် မျက်စိနှစ်လုံး မဖွင့်နိုင်တော့တဲ့ အချိန်ကျမှသာ ကွန်ပျူတာကိုပိတ်ပီး အိပ်လေ့ရှိတော့ တချိုးတည်းအိပ်ပျော်သွားလေ့ရှိတယ်.. တချွတ်ချွတ် တဂျစ်ဂျစ် တရှပ်ရှပ်အသံတွေ ကြားလေ့ကြားထမရှိ.. ညကြီးမင်းကြီး တစ်ရေးနိုးလေ့မရှိ.. အိပ်မပျော်ရင်သာ မိုးအလင်းပေါက်ထိုင်ပီး ရုပ်ရှင်ထိုင်ကြည့်တတ်တာ.. အိပ်ရာပေါ်မှာ လှဲနေတဲ့တစ်ချိန်က ရှားရှားပါးပါး စာအုပ်ကလေးများ ရလာလို့ ဇိမ်နဲ့လှဲလျောင်းပီး ဖတ်တဲ့အခါမှသာ.. အိပ်မပျော်ဘဲ လှဲမနေတတ်တော့ အဲ့ဒီအသံတွေ ကြားရဖို့ အခွင့်မသာတာ ဖြစ်ပါလိမ့်မယ်.. ကြားရတော့လဲ ကျမက မကြောက်တတ်.. ကြည့်ဖူးတဲ့ ရုပ်ရှင်ကားထဲကလို ခြောက်တဲ့သရဲ သောက်ရှက်သာ ကွဲသွားမယ် ကျမကတော့ မကြောက်… ကျမ အခန်းကလေးနဲ့ ကျမက အကြောက်တရားတွေနဲ့ အတူတူရှိမနေခဲ့…

တစ်ညသားပေါ့.. ကျမ အခန်းရဲ့ဘေးဝရံတာနဲ့ဆက်ထားတဲ့ အခန်းတံခါးကို တဂျစ်ဂျစ်ကုတ်နေတဲ့ အသံကို ကျမ ကြားမိတယ်.. အိပ်မယ့်ဆဲဆဲ မီးတွေလဲ ပိတ်ပီးပီ.. စိတ်ထဲ ရုတ်တရက် တွေးလိုက်မိတယ် တကယ်လို့များ အဲ့ဒီ တဂျစ်ဂျစ်က သရဲဖြစ်နေရင်.. အဲ့သရဲက ငါ့ကို မျက်လုံးကြီး ပြူးပြ လျှာကြီးများထုတ်ပြလိုက်ရင်.. စိတ်ထဲမှာ တစ်ခုခုဆို လက်က ချက်ချင်းလုပ်တတ်တဲ့အကျင့်အရ လူက အိပ်ရာထဲကနေ ဆတ်ခနဲထပီး အခန်းတံခါးကို ဆွဲဖွင့်လိုက်တယ်..

ဗြုန်းဆို ဝုန်းခနဲ ထွက်ပြေးသွားတာက ကြောင်သုံးကောင်.. ခွီးခနဲ အော်သွားကြသေးတယ်.. အဲ့ဒီဝရံတာမှာ ကြောင်တွေ လာလာပီး စည်းဝေးတတ်ကြတယ်.. ဒါပေမဲ့ သူတို့က အသံတိတ်ဆွေးနွေးပွဲပဲ လုပ်လေ့ရှိတော့ ကြောင်သံမကြားရ.. မတော်တဆများ ကြောင်က ထွက်လဲ မပြေးဘူး အသံလဲ မထွက်ဘူးဆို.. စဉ်းစားကြည့်ပေါ့.. ညကြီးမှောင်မှောင် အမှောင်ထုထဲ ကိုယ့်ကို မျက်လုံးနီနီကြီး နှစ်လုံးက စိုက်ကြည့်နေ….တွေးရင်းတောင် ကျောချမ်းစရာ.. မကြောက်ရေးချ မကြောက်…

အလေ့အကျင့်တစ်ခုက အိမ်သာဝင်တိုင်း စာအုပ်ဖတ်လေ့ရှိတယ်.. ဇိမ်လေးနဲ့ စာအုပ်ဖတ်နေရင်း ရေချိုးကန်ထဲက ရေပန်းကနေ ရေတွေ တတောက်တောက်နဲ့ ကျလာလို့ မျက်စောင်း ထိုးပေးလိုက်တယ်..အေးအေးဆေးဆေး ငါ့ဘာသာ အိမ်သာမဝင်ရဘူး..နေရာတကာ ပါတယ်လို့လေ..

ကျမကို တစ်ယောက်တည်း မကြောက်ဘူးလား မေးရင် .. နည်းနည်းတော့ တွေဝေသွားပါတယ်.. ဟင့်အင်း မကြောက်ပါဘူး.. ညဘက်တွေ တစ်ယောက်တည်း အခန်းလေးကို ပြန်လာရတိုင်းလဲ ဘောင်းဘီအိတ်ထဲ လက်နှိုက်ပီး နီယွန်မီးတွေအောက်ကနေ ခပ်ဖြေးဖြေး လမ်းလျှောက်လာတတ်တာပါပဲ.. သီချင်းတောင် တိုးတိုးဆိုလိုက်သေးတယ်.. ဗလနဲ့တင် သရဲရော လူရော ကြောက်နေတယ် ထင်ရတာပါပဲ..

ပြောချင်တာကတော့ ကျမရယ် အခန်းကလေးရယ် အခန်းလေးထဲက ဘာမှန်း မသိတဲ့ အရာရယ် အခုတော့ ခွဲရပါတော့မယ်..ဒီအခန်းလေးကနေ ပြောင်းရပါတော့မယ်.. ပီးတော့ ရုံးတက်ရုံးဆင်း ကျောင်းတက်ကျောင်းဆင်း ပြန်လုပ်ရမှာ စိတ်ပျက်စရာ..

စိတ်ပျက်စရာတွေ တွေးမိပီး စိတ်ထဲမှာ ဝမ်းနည်းမိတာကတော့ ကျမရဲ့ဘေးမှာ အမြဲရှိနေပေးခဲ့တဲ့ ကျမကို ဒုက္ခမပေး ကြောက်စိတ်လဲ မပေးခဲ့ဖူးတဲ့ ကျမရဲ့ အခန်းကလေးနဲ့ ဝေးရမှာကိုပါပဲ.. ကဲ မမြစိမ်းတော့ ဒီလကုန် အသိုက်ပြောင်းရပါတော့မယ်.. ဘာပဲပြောပြော ညီအစ်မနှစ်ယောက် ချစ်သူတွေလို ချိန်းချိန်းတွေ့နေရတာကနေ အခုတော့ အတူတူ ပြန်နေရပါတော့မယ်..

အရင်ကဆို ရုံးက အဲ့ဒီအခန်းလေးမှာပဲ နေပီး မမဆုအခန်းကို ရံဖန်ရံခါမှ ပြန်ပါတယ်.. မမဆုဆီ သွားတဲ့အချိန်ကတော့ သူ ထမင်းနဲ့ဟင်းနဲ့ တူတူတန်တန် ချက်တဲ့အချိန်ရယ် မုန့်ချက်စားတဲ့အချိန်ပါ.. ဒါမှမဟုတ် ကိုယ်က အော်ဒါပေးပီး မှာတဲ့ အချိန်ပါ.. အသုပ်စားချင်တယ်.. မုန့်တီချက်ပါ.. မနက်ဖြန် မုန့်ဟင်းခါးချက်ထားပါ ဆိုတာမျိုးပေါ့.. အခုတော့ အတူတူနေပီး နေ့တိုင်း သူချက်ကျွေးတာချည်းပဲ စားရပါတော့မယ် .. ပီးတော့ ခန ခန ပွစိပွစိ စကားများရပါတော့မယ်.... ချစ်ရင်လဲ တဟီဟီနဲ့ချစ်နေကြပြီး.. ရန်ဖြစ်ရင် သူက ပွစိပွစိ.. ကျမက မြုံစိစိ.. ပီးတော့ သူကပဲ အလျှော့ပြန်ပေးရပါတော့မယ်..

ဒီလကုန်ရင်တော့ မမြစိမ်း အသိုက်ပြောင်းရပါတော့မယ်..

အသိုက်မပြောင်းခင် ကျမရဲ့ အခန်းကလေးထဲက မမြင်ရတဲ့ ပုဂ္ဂိုလ်ကို သံယောဇဉ်ဖြစ်နေမိတာလေး သူသိအောင် ပြောပြချင်မိတယ်.. ဘာပဲပြောပြော ကျမကို အနှောင့်အယှက်မပေးဘဲ စောင့်ရှောက်ပေးခဲ့တာ ကျေးဇူးတင်တဲ့အကြောင်းလေးပါ.. မတော် သူက ရုပ်ပြလိုက်ရင်တော့ သေပီဆရာပါပဲ.. မျက်လုံးက နီနီ လျှာက တစ်တောင်လောက်များ ထုတ်ပြလိုက်ရင် ခုနက ချစ်နေတာလေးပျောက်ရုံမက ကျမ အသက်ပါ ပျောက်သွားမယ် ထင်တာပါပဲ.. အကောင်အထည်လိုက်တော့ ကျမလဲ ကြောက်တတ်ပါတယ်....

ပြည့်စုံ
(၁၅-၅-၂၀၁၀၊ ၉း၀၂ pm)

Tuesday, May 11, 2010

ဖြောင့်ချက်

ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ ဘဝပဲ ...
မျက်ရည်တွေကို ချူချခွင့်မရှိဘူး..
ရဲဝံ့တဲ့အပြုံးနဲ့သာ အားတင်းရှေ့ဆက်..
ဒါ ကိုယ်ပိုင်မယ့်ဘဝအတွက်...

ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ဘဝပါပဲ.. အခုမှ အသိတရားဝင်လာမိတဲ့အတွက် တောင်းပန်ပါတယ်.. သူလိုကိုယ်လို အလွမ်းဇာတ်တွေထဲမှာ ကိုယ်လဲပဲ ဇာတ်ကောင်တစ်ကောင် ဖြစ်ချင်တာနဲ့ ဇွတ်မှိတ်လွမ်းပစ်ခဲ့မိပါတယ်.. ဇာတ်သိမ်းပိုင်းမှာ ကိုယ်က ဘုရားလောင်းလုပ်ချင်ခဲ့မိတာလေးပါပဲ.. ကိုယ်တိုင်ထွင်တဲ့ ဇာတ်လမ်းမှာ မျက်ရည်တွေနဲ့ငင်ထားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေထဲ ကိုယ့်ကိုယ်ကို သနားစရာ ဇာတ်ကောင်အသွင်….

တကယ်တော့ သနားစရာမရှိတဲ့ဘဝပါ.. မှားခဲ့တာလဲ မရှိဘူး.. ထားခဲ့စရာလဲ ဘာမှ မရှိခဲ့ပါဘူး.. ပေးဆပ်စရာလဲ မရှိခဲ့သလို.. ပြန်ရခဲ့စရာလဲ မရှိသင့်ဘူး.. ဟော့ဒီလူမိုက်ကလေ.. တွယ်တာစရာ မနှောင်ငင်သင့်တဲ့ အိပ်မက်ထဲ အခြားသူတစ်ယောက်ရဲ့စိတ်နှလုံးကို သိမ်းပိုက်ဖို့ ကြိုးစားမိခဲ့တယ်.. ကိုယ့်ဘေးဝန်းကျင်က မျက်ရည်တွေကို ချူငင်ချင်တဲ့ လူမိုက်တစ်ယောက်လေ.. အဆုံးသတ်မှာ မိုက်ရူးရဲ ဆန်တဲ့ အတွေးတွေကို ရက်ရက်စက်စက် တွေးတောပစ်လိုက်တယ်..

ကိုယ့်အမှားတွေပါ.. ကိုယ့်ရဲ့အမှားတွေပါပဲ..

ထားလိုက်ပါလေ.. မေ့လိုက်ပါတော့..

အားလုံးဟာ ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ဘဝတွေပဲ… အဲ့ဒီအတွက် တောင်းပန်ချင်လဲ မှားမိပါတယ် ဆိုတဲ့ စကားက ရင်ဝကို ဓားနဲ့ထိုးတာထက် ပိုခံစားရမယ်မှန်း သိနေခဲ့တယ်.. ပေးခဲ့ဖူးတဲ့အချစ်နဲ့ ထားခဲ့ဖူးတဲ့ အိပ်မက်တွေအတွက် ကိုယ်မှားခဲ့ပါတယ်ဆိုတာကလွဲလို့ ပေးစရာ ဖြောင့်ချက်မရှိတော့.. သည်လို လူမိုက်လေ ကြိုးစင်ပေါ်တင်ပီး အခါခါသတ်လဲ မမက်ခဲ့တဲ့အိပ်မက်အတွက်တော့ ဝန်ခံချက် မပေးနိုင်ခဲ့တာ တစ်ခုပါပဲ..

မိုက်မဲလှတဲ့ လူမိုက်တစ်ယောက်ပါ.. အိပ်မက်တွေချည်း မက်ချင်နေခဲ့ပီး လက်တွေ့ကျမယ့် ဘဝအတွက်တော့ နောက်ဆုတ်ခြေတွန့် လေလွင့်ချင်နေခဲ့တယ်.. ဘာကိုများ မျှော်လင့်ပီး ဘာအတွက်များ ရည်မှန်းချက် ထားခဲ့ပါသလဲ.. ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ဘဝအတွင်းမှာကို လမ်းခွဲတစ်ခုကို ရှာဖွေဖို့အတွက်ပဲ စိတ်တွေက ရည်စူးနေခဲ့… မေ့လိုက်ပါလေ.. မေ့လိုက်ပါတော့.. ကိုယ်ဟာ အချစ်နဲ့မထိုက်တန်ပါဘူး.. တွေဝေ နောက်တွန့် သတ္တိမရှိတဲ့ လူမိုက်တစ်ယောက်ပါ..

အချစ်တွေသာ ပေးချင်ခဲ့ပီး အချစ်တွေ ရယူဖို့ကျတော့ နောက်တွန့်နေခဲ့တယ်..
လွဲမှားခဲ့တဲ့ အချိန်ရယ် နေရာရယ်အတွက် ဝမ်းနည်းရမယ်ဆိုလဲ ကိုယ်ကသာ ပိုဆသာအောင် ခံစားပစ်လိုက်ချင်တယ်.. ဒါပေမဲ့ လူနှစ်ယောက် ဘဝတစ်ခု အချစ်တစ်စုံတစ်ရာအတွက် ဘက်နှစ်ဘက်က မမျှမတ ခံစားရမှာ အသေအချာ… ဒါမှမဟုတ် ဆတူ….. နာကျင်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်ဆိုတဲ့ စကားကိုတောင် ပြောမထွက်ရက်ပါ.. တွေဝေမိုက်မဲ ရူးသွပ် မဝေခွဲတတ်တဲ့ ဆုံးဖြတ်ချက် အမှားတွေနဲ့လူပါ.. မေ့လိုက်ပါ…

(မေ ၁၀၊ ၂၀၁၀၊ ၁၂း၂၅ pm)

Thursday, May 6, 2010

ပြန်လမ်းပျောက်ခဲ့သူ

သူပြန်မလာနိုင်တော့ဘူး တဲ့..

ဒီလောက်သေချာနေတဲ့ စကားလုံးတွေကြားမှာ ပြန်မလာနိုင်တော့ဘူး ဆိုတဲ့ စကားလုံးက မပြန်လာတော့ဘူး ဆိုတဲ့ စကားထက် ပိုနာကျင်ဖွယ် ကောင်းလှတယ်..

သူ ပြန်မလာနိုင်တော့ဘူး.. အဲ့ဒီနေရာလေးမှာပဲ .. အထီးကျန်စွာ... နောက်ပီး နာကျင်စွာ.. ပီးတော့ ယောင်ယမ်းပီးလဲ ကိုယ့်နာမည်ကို တမ်းတနေမလား.. သေချာတာကတော့ သူ အိမ်ကိုပြန်ချင်နေခဲ့မှာ….

သူ ပြန်မလာနိုင်တော့ဘူး.. သူ ပြန်မလာနိုင်တော့ဘူးဆိုရင် ကိုယ်လိုက်သွားရမှာပေါ့… ဒါပေမဲ့ သူ ပြန်မလာနိုင်တော့လောက်အောင် သူရှိနေတဲ့ အရပ်က ကိုယ်လိုက်သွားလို့ရမယ့် အရပ် ဖြစ်နိုင်ပါရဲ့လား…

ကိုယ်ကတော့ ဆုံးဖြတ်ချက် ချခဲ့လိုက်တယ်.. သူ ပြန်မလာနိုင်ဘူးဆိုရင် ကိုယ်က လိုက်သွားရမှာပေါ့..

‘သူ ပြန်လာနိုင်တော့မှာ မဟုတ်ဘူး.. အမှန်တရားကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ ယုံကြည်ချက်တွေကို ဆုပ်ကိုင်ပီး သူ ဘယ်တော့မှ လက်မြှောက်အရှုံးမပေးခဲ့ဘူးတဲ့.. ဒါကိုသိစေချင်ရုံပဲ.. ဒါပေမဲ့ နင့်ကိုတော့ မလိုက်လာစေချင်ဘူး’

အနီရောင်မျက်လုံးရယ်.. မှိုင်းညို့နေတဲ့မျက်နှာသွင်ပြင်နဲ့ သူ့ရဲ့သူငယ်ချင်းကို မျက်လုံး အကြောင်သားနဲ့ ကြည့်နေမိတယ်.. သူ ပြန်မလာနိုင်တော့တာ ကျိန်းသေနေတာတောင် မလိုက်လာခဲ့နဲ့လို့ ပြောထွက်ရက်တဲ့ သူ့ကို နာကျည်းရမလား.. ကိုယ့်ကို သတင်းစကားလာပေးခဲ့တဲ့ သူ့ သူငယ်ချင်းကိုပဲ နာကျည်းပစ်လိုက်ရမလား.. အဆုံးမှာတော့ နှုတ်ခမ်းအစုံကိုသာ ပြတ်ထွက်လုမတတ် ကိုက်ခဲပစ်လိုက်တယ်…..

နင်ရက်စက်လိုက်တာလို့ ငါက စွပ်စွဲရမလားဟင်… နင် သွားမယ်လို့ ရည်စူးခဲ့တဲ့အချိန်မှာတောင် ငါ့ကို ပေးမသိခဲ့ဘူး.. နင် တစ်ခဏ ပြန်လာခဲ့တဲ့ အချိန်တုန်းကလဲ ငါတို့ မျက်နှာချင်း မဆိုင်ခဲ့လိုက်ရဘူး.. အခု နင် ပြန်မလာနိုင်တော့ဘူး ဆိုတဲ့ စကားကျမှ ငါ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် သတင်းစကားလာပို့ခိုင်းတယ်ဆိုတော့ နင့်လောက် ရက်စက်တတ်တဲ့သူ ရှိနိုင်ပါဦးမလား ဟင်…

ငါတို့တွေ ပျော်ရွှင်မြူးခဲ့ရတဲ့ အချိန်တွေလေ.. တက္ကသိုလ်ကျောင်းမှာ နင့်လက်ကိုဆွဲလို့ နင့်ဘေးမှာ တကောက်ကောက်လိုက်ပါခဲ့ရတဲ့ အချိန်တွေ.. နင်က ရှပ်အင်္ကျီအဖြူလေးနဲ့ ကချင်ပုဆိုး အကွက်စိပ်ကို ဝတ်.. လက်ထဲမှာ စာရွက်စာတမ်းတွေကိုင်ပီး ငါ နားမလည်နိုင်တဲ့ စကားလုံးတွေ ပြောနေတဲ့ အချိန်တုန်းကတောင် နင်နဲ့ငါ ဝေးရမယ်လို့ ငါ မစဉ်းစားခဲ့မိဘူး..

နင် ငါ့ဘေးမှာ ရှိမနေနိုင်တဲ့အချိန်တွေ များလာခဲ့တယ်.. ပီးတော့ နင် အလုပ်တွေ အရမ်းရှုပ်နေခဲ့တယ်.. အမြဲ နဖူးကြောကြီးကို ရှုံ့လို့… နင့်လက်ထဲမှာ စာအုပ်တစ်အုပ်ကို အမြဲတမ်း ကိုင်ထားခဲ့တယ်.. ဒါမှမဟုတ် တစ်ခုခုကို အမြဲ ရေးချွတ်လို့….

နင့်ဘေးမှာ ငါနေလို့ မရတော့ဘူး.. နင့်ဘေးမှာ ငါမသိတဲ့ နင်နဲ့ အရောင်တူ ရွယ်တူ လူငယ်တွေ များလာခဲ့တယ်.. နင်တို့ တီးတိုး တီးတိုး သဖန်းပိုးလုပ်နေတဲ့အချိန်တွေ ပိုများလာခဲ့တယ်.. အခန်းတံခါးကို ပိတ်ထားခဲ့တယ်.. ငါ့ကို မသိစေချင်တာတွေ ပိုများလာတယ်.. လက်ဖက်ရည်ဆိုင် ထိုင်ချိန်တွေ များလာပီး စကားပြောနေတဲ့ အချိန်တွေ ပိုနည်းလာခဲ့တယ်… နင်တို့ ပိုပီး လျှို့ဝှက်လာကြတယ်.. နင့်အခန်းထဲမှာ ဘာစာရွက်စာတမ်းတွေမှ မရှိတော့ဘူး… နင့်အခန်းကို ဘယ်သူ့ကိုမှလဲ ပေးမဝင်တော့ဘူး.. အဓိက ကတော့ နင် ငါ့ကို မခင်တွယ်တော့ဘူး..

အဲ့ဒီနေ့ညက နင် ငါတို့ အိမ်ကို ရောက်လာခဲ့တယ်.. အိမ်ရှေ့မှာ ခနရပ်တယ် ပီးတော့ ငါ့ရဲ့အခန်းကို နင်လှမ်းကြည့်နေခဲ့တယ်.. ပီးတော့ နင်လှည့်ထွက်သွားခဲ့တယ်.. နင့်ဘေးမှာ လွယ်ထားတဲ့ လွယ်အိတ်လေးကမှ နင့်ဘေးမှာ လိုက်ပါခွင့်ရခဲ့တယ်.. နောက်တော့ နင်ပျောက်သွားခဲ့တယ်.. နင်တို့အိမ်ကို လူအဝင်အထွက် များလာခဲ့တယ်.. နင့်အဖေ ရာထူးက အနားယူလိုက်ရတယ်.. နင့်အမေကတော့ ပိုအိုစာသွားခဲ့တယ်.. တစ်ဦးတည်းသော သားလေးကို လွမ်းရလွန်းလို့ နင့်အမေ အိပ်ရာထဲ လဲခဲ့တယ်.. ငါဘေးမှာရှိနေပေးပေမဲ့ နင့်အမေ လိုချင်တာက သူမရဲ့သားကလေးပေါ့.. ငါ့အတွက်ရောပဲ.. နင် ပြန်ရောက်မလာခဲ့ဘူး….

နင့်အမေရဲ့ ဈာပနအခမ်းအနားကို နင်ရောက်လာခဲ့တယ်.. သုဿန်ဝင်းထဲမှာ နင့်အမေရဲ့ အလောင်းစင်နားမှာ နင်ရပ်နေတယ်.. ငါသိတာပေါ့.. နင်ဘယ်လောက် ရုပ်ဖျက်ထား ရုပ်ဖျက်ထား နင့်ရဲ့ ဆံခြည်တစ်မျှင်က အစ ငါ မှတ်မိနေခဲ့တာ.. နောက်တော့ နင်လှည့်ထွက်သွားခဲ့တယ်.. နင့်အမေကို နင်မကန်တော့သွားခဲ့ဘူး.. နင့်နောက်က ငါ အပြေးတစ်ပိုင်းလိုက်လာခဲ့မိတယ်.. နင့်အမေရဲ့ နောက်ဆုံးခရီးမှာ နင့်ကို ဘယ်လောက်တမ်းတသွားတယ်ဆိုတဲ့ အကြောင်းလေး နင့်ကို ပြောပြချင်ရုံပါပဲ..…

နောက်တော့ နှစ်တွေ အကြာကြီး နင်ရောက်မလာခဲ့ဘူး..

နင့်သတင်းကို စကြားရတဲ့အချိန်မှာ နင်က လေးဘက်လေးတန် နံရံတွေကြားမှာတဲ့.. ပီးတော့ ငါတို့မြို့လေးနဲ့ မိုင်ရာချီဝေးလို့.. ရက်စက် ကြမ်းကြုတ်လွန်းတဲ့ နေရာတဲ့.. လူဆိုးလူမိုက်တွေကို လိမ္မာလာအောင် လေ့ကျင့်ပေးတဲ့ နေရာတဲ့.. ဘဝရဲ့ ငရဲဘုံ.. လူ့ငရဲဘုံမှာတဲ့လေ…

နင်ဘယ်လိုများနေရှာမလဲ ဒီလိုအတွေးတွေနဲ့ ငါ ဆောက်တည်ရာ မရခဲ့ဘူး.. တုံတုံချိချိ နင့်အဖေက နင့်သတင်းစကားနဲ့တင် သွေးတွေ တက်လို့.. နင့်အမကတော့ မျက်ရည်တွေတွေကျပေမဲ့ နင်ရှိတဲ့နေရာကို ရောက်အောင် သွားမယ်တဲ့လေ.. အဲ့ဒီခရီးလမ်းက ဘယ်လောက်ပဲ ခက်ခဲပါစေ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ.. နင်ရှိနေတယ်ဆိုတဲ့ အတွေးနဲ့တင် ငါအရောက်လာခဲ့မယ်လေ..

နင် ကျန်းမာရေး အရမ်းဆိုးရွားသွားခဲ့ပီ.. နံရံတွေကြားထဲမှာနေရင်း နံရိုးကြားက သွေးယိုစိမ့်မှု.. အတွင်းထဲက ကလီစာတွေရဲ့ နာကျင်မှုကြောင့်တဲ့.. ဆေးရုံကို ပို့လိုက်ရတယ်ဆိုတဲ့ သတင်းစကားနောက်မှာတင် ငါတို့မက်ခဲ့တဲ့ အိပ်မက်တွေ ကျိုးကြေကုန်ခဲ့ရဲ့.. ယုံကြည်မှုတွေ ရပ်တည်ချက်တွေ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေ အမှန်တရားကို ချစ်မြတ်နိုးတဲ့စိတ်တွေ ဒါတွေနဲ့ နင် အသက်ရှင်ရပ်တည်နိုင်ခဲ့သလို အသက်စွန့် ရပ်တည်ပြခဲ့မယ်တဲ့လေ..

နင် ထားခဲ့တဲ့ အချိန်တုန်းက ငါနေခဲ့တယ်လေ.. နင် ငါ့အနားမှာ ရှိမနေနိုင်တဲ့ အချိန်တွေမှာ နင်ထားခဲ့တဲ့နေရာလေးမှာပဲ ငါရပ်နေတုန်း.. နင်ပြန်လာရင် ငါ့ကို ရှာနေရမှာစိုးတဲ့စိတ်နဲ့.. ဒါပေမဲ့ အခုတော့ အခြေအနေတွေက ပြောင်းပြန်လေ.. နင်က ငါရှိတဲ့နေရာဆီ ပြန်မလာနိုင်တော့ဘူး.. အဲ့ဒီတော့ နင်ရှိတဲ့နေရာကို ငါလိုက်လာရမှာပေါ့.. ငါ့ကို အဲ့ဒီအခွင့်အရေးလေးတော့ ပေးပါ…

မယုံနိုင်လောက်အောင်ပဲ.. အဲ့ဒီအခန်းကျဉ်းလေးထဲမှာ.. အိပ်ရာခင်းအဖြူနဲ့အပြိုင် နင့်မျက်နှာက ဖွေးဖွေးဖြူလို့.. နင့်မျက်နှာမှာ ငါအမြဲမြင်နေခဲ့ရတဲ့ ပါးချိုင့်လေး မရှိတော့ဘူး.. အဲ့ဒီနေရာမှာ ကြောက်စရာ ပါးရိုးငေါငေါကြီး.. ပီးတော့ နင့်ရဲ့ အသားအရေတွေ ဖွစုတ်စုတ် ပီးတော့ ညစ်ထေးထေး.. နင့်ရဲ့ အမြဲ ကြည်လင်နေတဲ့မျက်လုံးတွေက အခုတော့ ချိုင့်ခွက်ဝင်လို့.. ငါတို့ကိုတောင် မျက်လုံးဖွင့်မကြည့်နိုင်တော့ဘူး.. ငါတို့ကို နှုတ်ခွန်းဆက်စကား မဆိုနိုင်ဘူး.. နင့်ရဲ့ ပါးစပ်ပေါ်မှာ အသက်ရှုကိရိယာကို တပ်လို့.. အသက်ကို ပင်ပန်းကြီးစွာ ရှုနေရတဲ့ နင့်ရဲ့ ရင်ဘတ်ကတော့ တင်းထားတုန်း.. မာန်ပါနေတုန်း…

ငါ့ကိုလိုက်မလာစေချင်တဲ့အကြောင်း အခုတော့ ငါသိပီ.. နင့်ရဲ့ ဒီလိုအဖြစ်အပျက်တွေ ငါ့ကို မမြင်စေချင်လို့လားဟင်.. ငါပါလာတယ်ဆိုတာကို နင်သိလို့ နင့်မျက်လုံးကို ဖွင့်မကြည့်တာလားဟင်.. နင်လိုက်မလာစေချင်တဲ့ ငါ့ကို လိုက်လာခဲ့လို့ နင် စိတ်များ ဆိုးနေခဲ့တာလားဟင်.. ငါ့ကို တစ်ချက်လောက်တော့ မျက်လုံးလေးဖွင့်ကြည့်ပါဦးဟာ…

သူ့ရဲ့လက်တွေက လေထဲမှာ ဝှေ့ယမ်းနေခဲ့တယ်.. အသက်ရှုသံက တဖြည်းဖြည်းကျယ်လောင်လို့.. မဟုတ်ဘူး ရင်ဘတ်ထဲက အသံတွေ.. မဟုတ်ဘူး.. သူ နှုတ်ဆက်နေတာလား.. သူ့ရဲ့လက်ကို အတင်းဆုပ်ကိုင်ထားမိတယ်.. ငါ့ရဲ့လက်ကို မလွှတ်လိုက်ပါနဲ့.. ငါ့လက်ကို နင်လွှတ်လိုက်ရင် အဲ့ဒီအဝေးကြီးကို နင်ထပ်ပီး ပြေးသွားဦးမှာ..

မသွားလိုက်ပါနဲ့ မသွားလိုက်ပါနဲ့နော်.. ငါ့လက်ကို ကိုင်ထားပါဦး.. ဟင့်အင်း.. သူ့ရဲ့ရင်ဘတ်က ပေါက်ကွဲထွက်တော့မယ် ဖားဖိုလို.. သူ့ရဲ့ မျက်လုံးအိမ်ဘေးမှာ မျက်ရည်စီးကြောင်းတစ်ခု.. ဟင့်အင်းနော်.. ငါ့အတွက်တော့ မျက်ရည်မကျပါနဲ့.. မသွားပါနဲ့ ချစ်သူရယ်…..

လူတွေ လူတွေ ကျမကို အတင်းကြီး တွန်းဖယ်ပစ်လိုက်တယ်.. ပီးတော့ သူ့ကို အတင်းဖိ အတင်းရိုက်.. နံရံဘေးမှာ ရပ်နေရင်း မျက်ရည်ကျဖို့လောက်တောင် အားအင်မရှိတော့.. ထူးဆန်းဖို့ ကောင်းလိုက်တာ.. သူ့လက်ကိုဆုပ်ကိုင်ထားတဲ့လက်ရဲ့ နွေးထွေးမှုက အခုအချိန်အထိ ကျန်နေတုန်း.. ပီးတော့ ဆုပ်ညှစ်ခံထားရတဲ့အတွက် စူးရှရှ စပ်ရှိန်းရှိန်း.. ပီးတော့ နာကျင်မှု.. ဒီလက်ကို သူလဲ တအားဆွဲကိုင်ထားခဲ့တာ.. နောက်ဆုံးတော့ လွတ်မြောက်ထွက်သွားခဲ့ပီ…

သူ ပြန်မလာနိုင်တော့ဘူး .. တဲ့.. ကိစ္စမရှိပါဘူး… သူရှိတဲ့ နေရာကို ကျမ လိုက်သွားရမှာပေါ့…………….

ပြည့်စုံ
(၆-၆-၂၀၁၀၊ ၁၁း၂၅ pm)

Tuesday, April 27, 2010

လိုချင်တပ်မက်ခဲ့တဲ့ စိတ်ကူးထဲက ပုံရိပ်လေးတွေ

အခုအသက်အရွယ်အထိ ကျမလိုချင်ခဲ့မိတဲ့ အရာတွေက လက်ချိုးရေရလောက်အောင် နည်းပါး လှတယ်လို့ ထင်မိတာပါပဲ..

ဟိုးငယ်ငယ်ကလေးဘဝ… ကျမ အသက် လေးနှစ်. မမဆုက ကျမထက် ခြောက်နှစ်ကြီးတော့ သူက ဆယ်နှစ်ပေါ့.. အပူအဆာနည်းလှတဲ့ ကျမက လိုမယ့်လိုချင်တော့လဲ အဲ့ဒီခေတ်ဈေးနဲ့ အင်မတန် ဈေးကြီးတဲ့ သင်္ဘောသား သားသမီးတွေ ပိုက်ဆံရှိတဲ့သူတွေရဲ့ သားသမီးတွေမှ ဆော့နိုင်တဲ့ ဘိုမရုပ်ကလေးပေါ့.. တစ်တောင်လောက်ရှိတဲ့ အရုပ်မကလေး.. လှဲထားရင် ကလေးငိုသံလေးတွေ ထွက်လာတတ်ပီး.. အသားအရည်ကလဲ တကယ့် ကလေးလေးအတိုင်း.. အရုပ်ကလေးကိုဝတ်ပေးဖို့ အင်္ကျီလေးတွေလဲ ပါရဲ့.. နောက်ပီး သူမရဲ့ဆံပင်ကလေးတွေကို ဖြီးသင်လို့လဲ ရသေးတယ်.. ကျမ သိပ်လိုချင်မိတယ်.. ဒါပေမဲ့ ဒီလောက်ဈေးကြီးတာကို အမေ ဝယ်ပေးနိုင်မှာ မဟုတ်ဘူးဆိုတာကို တွေးမိကတည်းက ပူဆာဖို့ စိတ်ကူးမရခဲ့.. အမေနဲ့ ဈေးကိုလိုက်ရတိုင်း လမ်းထိပ် စတိုးဆိုင်မှာ ချိတ်ထားတဲ့ အရုပ်မကလေးကို အိပ်မက်ထဲ ထည့်မက်တဲ့အထိ လိုချင်ခဲ့မိတာ…….

ကျမတို့ညီအမမှာ ဆော့ဖော်ဆော့ဖက် ဂွက်ဂွက်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်…. သူ့အဖေက တစ်ဦးတည်းသောသမီး ဂွက်ဂွက်ကို ဘိုမရုပ်ကလေးတစ်ရုပ် ဝယ်ပေးထားတယ်.. သူမက ကျမတို့ မောင်နှမတွေနဲ့ လာဆော့တိုင်း သူ့ဘိုမရုပ်ကလေးကို တကိုင်ကိုင်ပေါ့.. ကျမတို့က သူ့ကို အနွံတာခံပေါင်းသင်းရပီး သူအနိုင်ကျင့်သမျှကို ခံပီး သူ့ရဲ့အရုပ်မကလေးနဲ့အတူ ဆော့ဖို့ ကြိုးစားရတယ်.. သူက စိတ်ပုပ်တဲ့အခါဆို အရုပ်မကို ဆော့နေရင်းတန်းလန်း သိမ်းသွားတတ်တယ်.. သူ့အမေ ခေါ်နေပီးဆိုပီး အရုပ်မကလေးကို လုပီး ထွက်ပြေးသွားတဲ့အခါ ကျမတို့ညီအမတွေရဲ့ မျက်လုံးလေးတွေက သူ့ရဲ့ ဘိုမရုပ်ကလေးဆီမှာ ပါသွားလေရဲ့……

ဘိုမရုပ်နဲ့ မဆော့နိုင်ပေမဲ့ မမဆုဆီမှာ အရုပ်မကတ်ပြားလေးတွေရှိတယ်.. စက္ကူကတ်ပြားလေးတွေ ထဲက အရုပ်မကလေးတွေကို ကတ်ကြေးနဲ့ သေချာကိုက်.. ပီးတော့ အင်္ကျီလေးတွေ.. ဖိနပ်လေးတွေ.. ဦးထုပ်လေးတွေ.. မမဆု သူငယ်ချင်းမလေးက အင်္ကျီလေးတွေ အရုပ်မလှလှလေးတွေ ဆွဲတတ်သေးတယ်.. ဒါပေမဲ့ အဲ့ဒီစက္ကူအရုပ်မလေးတွေက ဘိုမရုပ်လေးလိုတော့ အကြမ်းပတမ်း ဆော့လို့ မရ… ခေါင်းလေးတွေ မခိုင်လို့ စက္ကူကတ်ထူပြားလေးတွေကို အနောက်ကနေ ကော်နဲ့ထပ်ကပ်ပီး လက်ကလေးနဲ့ နုနုရွရွ ကိုင်ပီးမှ ဆော့ရတဲ့ အရုပ်မလေးတွေပေါ့.. မမဆု ဆီမှာ အများကြီးရှိတယ်.. ကတ္တီပါဖိနပ်ဘူးခွံလေးထဲမှာ ထည့်ပီး သိမ်းထားရတယ်.. မမဆုက သူ့အရုပ်မလေးတွေကို ကျမကိုယ်တောင် သိပ်အကိုင်မခံချင်.. အရုပ်မလေးတွေ ကျိုးကြေကုန်မှာစိုးလို့တဲ့.. မမဆုက ပုံတွေပြော ဇာတ်လမ်းတွေဆင်ပီး ဆော့ပီဆိုရင် ကျမက ဘေးက ငုတ်တုတ်ထိုင်ကြည့်ပေါ့…

တစ်နေ့တော့ ဂွက်ဂွက်ရောက်လာခဲ့တယ်.. သူမမှာ ဘိုမရုပ်ကလေးတော့ ပါမလာခဲ့.. သူမရဲ့ မျက်လုံးလေးတွေက ကျမတို့ရဲ့ စက္ကူကတ်ထူ အရုပ်မလေးတွေဆီမှာ ဝဲလို့… မမဆုက စက္ကူအရုပ်မလေးတွေကို သိမ်းလိုက်တဲ့အခါ သူက ဆော့ဖို့ ပြောရဲ့.. ကျမတို့က ခပ်တင်းတင်းပဲ.. ဆော့တော့ဘူးလို့ ပြန်ပြောလိုက်တယ်.. ဒါပေမဲ့ သူက စက္ကူရုပ်မလေးတွေကို ကိုင်ကြည့်နေခဲ့တယ်.. ပီးတော့ သူ့ရဲ့ ဘိုမရုပ်နဲ့ လဲမလားတဲ့... ကျမတို့ညီအစ်မနှစ်ယောက်ရဲ့ ပျော်ရွှင်မှုက အတိုင်းအဆမဲ့.. ဂွက်ဂွက် နင်တကယ်ပြောတာနော် ဆိုပီး ညီအစ်မနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ဖိနပ်ဘူးလေးတွေထဲမှာ သိမ်းထားတဲ့ အရုပ်မလေးတွေကို ဂွက်ဂွက်ကို ဝိုင်းပေးကြတယ်.. ကျမက စေတနာတွေတောင်ပိုလို့. မမဆု သိမ်းထားတဲ့ စာအုပ်ကြားက အရုပ်မလေးတွေတောင် ပေးလိုက်သေးတယ်.. ငါတို့ကို တကယ် ဘိုမရုပ်ပေးရမယ်နော်.. တကယ်နော် ဆိုပီး ဝမ်းသာအားရ… နောက်တော့ ဂွက်ဂွက်က စက္ကူအရုပ်မလေးတွေကို သယ်ပီး ပြန်သွားခဲ့တယ်.. မပြန်ခင် ခပ်တည်တည်မျက်နှာပေးနဲ့ ခနနေ ဘိုမရုပ်ကလေးကို လာပေးမယ်တဲ့လေ.. သူမရဲ့အိမ်က ကျမတို့အိမ်ရဲ့ နောက်တည့်တည့်မှာ….. မျက်လုံးနက်နက်က ပြူးလို့ နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ချာခနဲ လှည့်ထွက်သွားတဲ့ ဂွက်ဂွက်ရဲ့နောက်ကျောကို ငေးကြည့်နေရင်း……

နောက်တော့ ဂွက်ဂွက် ကျမတို့ဆီကို ရောက်မလာတော့.. အဲ့ဒီနေ့ တစ်နေကုန်.. နောက်နေ့ တစ်မနက်ခင်း.. ကျမတို့ညီအမနှစ်ယောက် နောက်ဖေးက ဝါးရုံပင်နားကနေ ဂွက်ဂွက်တို့ အိမ်ဖက်ကို ချောင်းလို့ပေါ့.. သူ့အိမ်ကိုလဲ မသွားရဲဘူး.. အမေက အိမ်လည်တာ မကြိုက်.. ဂွက်ဂွက်ကသာ အိမ်မှာလာဆော့တာ.. ကျမတို့က သူတို့အိမ်ကို မသွားစဖူး.. အမေ ဈေးသွားတဲ့အချိန်မှာ ညီအစ်မနှစ်ယောက် ဂွက်ဂွက်နာမည်ကို အော်ခေါ်လို့ပေါ့.. ဂွက်ဂွက်ရေ ငါတို့ အရုပ်မလေးတွေ ပြန်ပေးဟေ့.. ဂွက်ဂွက်က အိမ်ထဲမှာ ပုနေမှာပေါ့.. တစ်ယောက် တစ်လှည့် အသံကုန် အော်နေမိတယ်.. ဂွက်ဂွက်က အိမ်ထဲကနေ ထွက်ကို မလာခဲ့တော့.. ကျမတို့ ဘိုမရုပ်ကို မရတဲ့အပြင် စက္ကူအရုပ်မလေးတွေလဲ မရှိတော့… ညီအစ်မနှစ်ယောက် မျက်ရည်အဝိုင်းသားနဲ့.. ဂွက်ဂွက်နာမည်ကို တကြော်ကြော်အော်ခေါ်လို့…

နောက်တော့ ဂွက်ဂွက်အမေ သိသွားခဲ့တယ်.. ဂွက်ဂွက်နာမည် တကြော်ကြော်ခေါ်နေတော့ သူ့အမေ ထွက်လာခဲ့ပီး ကျမတို့ကို မေးခဲ့တယ်.. ကျမတို့ အရုပ်ကလေးတွေကို သူ့ဘိုမရုပ်ပေးမယ်ဆိုပီး လိမ်သွားတဲ့အကြောင်း သူ့အမေကို တိုင်တာပေါ့.. ဂွက်ဂွက်ကို ရိုက်ပီး ဘိုမရုပ်ကို ပေးလိုက်ဖို့ ပြောတဲ့ အခါ ဂွက်ဂွက်က အသံဗြဲကြီးနဲ့အော်ငိုနေခဲ့တယ်.. အမေ ဈေးက ပြန်လာတဲ့အခါ အမေက ဘိုမရုပ်ကို မယူဘဲ ကိုယ့်စက္ကူအရုပ်ကလေးတွေပဲ ပြန်ယူဖို့ ပြောတဲ့အခါ ကျမတို့ဆီ ပြန်ရောက်လာတဲ့ စက္ကူအရုပ်မလေးတွေက တစ်ဝက်တောင် ပြန်မပါလာတော့.. ပါလာတဲ့ အရုပ်မလေးတွေကလဲ အင်္ကျီတွေက ပြဲ.. ခေါင်းတွေက ပြုတ်.. အဲ့ဒီနေ့က မမဆုက မျက်ရည်စက်လက်နဲ့ အရုပ်မလေးတွေရဲ့ ခေါင်းတွေကို ကော်နဲ့ကပ် ကတ္ထူပြားတွေနဲ့ ကပ်နေခဲ့တယ်.. အမေက ကျမတို့ညီအစ်မကို မဆူတဲ့အပြင် အမေ့ရဲ့မျက်နှာကလဲ မကောင်းခဲ့.. အမေကပါ ကူပီး အရုပ်မလေးတွေကို ကော်နဲ့ကပ်ပေးခဲ့တယ်….

ငယ်ငယ်က ရခဲ့ဖူးတဲ့ ဒဏ်ရာပါ.. လိုချင်ခဲ့မိတဲ့အရာတစ်ခုဟာ ကိုယ်နဲ့အလှမ်းသိပ်ကွာနေတဲ့အခါ ရမယ်ဆိုရင်တောင် အဲ့တာ အတုအယောင် အလိမ်အညာသာဖြစ်မယ်ဆိုတာကို သိနေနှင့်ခဲ့ရမယ်လေ.. ငယ်တုန်းက အသိဥာဏ်ထဲမှာ ဘာကြောင့် လိမ်ရတာလဲဆိုတာကိုပဲ အပြစ်ကြီးတစ်ခုလို တွေးနေမိတယ်.. မရခဲ့ဖူးတဲ့ လိုချင်မိတဲ့ အရာတစ်ခုပါ… ဘိုမရုပ်ကလေးပေါ့…

ကျမတို့က မောင်နှမများပါတယ်.. အထက်မှာ အကိုသုံးယောက် ပီးတော့ မမဆု ပီးမှ ကျမ.. အောက်မှာ မောင်အငယ်လေးဆိုတော့.. ဟိုးအရင်တုန်းက မိသားစုပုံစံအတိုင်းပါပဲ.. အကိုသုံးယောက်ရဲ့ အဝတ်အစားအကျကို မမဆုက ဝတ်ရပီး.. မမဆုရဲ့ အင်္ကျီအကျကို ကျမက ဝတ်ရပါတယ်.. ကျမရဲ့ အင်္ကျီသေးသေးလေးတွေကိုတော့ မောင်လေးကို ပေးဝတ်ပါတယ်.. ဒါပေမဲ့ မောင်လေးက ကုသိုလ်ကံ ကောင်းလှတယ်.. သူက ငယ်ငယ်ကတည်းက အဝတ်အဟောင်းတွေ ပေးဝတ်လို့မရ.. ခန ခန အငိုသန်တော့ကာ သူ့အင်္ကျီလေးနဲ့ သူပါ.. သူက ကုသိုလ်ကံ ကောင်းလှပါတယ်.. လိုချင်တာ မှန်သမျှ လိုတာထက်ကို ပိုရခဲ့တဲ့ မောင်လေးပါ.. ကျမ ချစ်သလို အမြင်လဲ ကပ်လှတဲ့ မောင်အငယ်ဆုံးလေးပါ….

ကျမ ၁ တန်း ၂ တန်း တက်ကာစမှာ အလိုချင်ဆုံးအရာတစ်ခုက ကြိုးသိုင်းဂါဝန်ပါ.. အဲ့ဒီအချိန် တုန်းက ကျမတို့ အရွယ် ကောင်မလေးတွေ ဝတ်လေ့ဝတ်ထရှိတဲ့ ကျောဘက်မှာ ကြိုးနှစ်ချောင်း ရစ်သိုင်းပီး လက်မှာ ဇာအတွန့်လေးတွေ ပါတဲ့ အောက်ဘက် ဂါဝန်က ကားကားလေးနဲ့ ကြိုးသိုင်းဂါဝန်လေးပါ.. ကျမ သိပ်ဝတ်ချင်ပါတယ်.. ဒါပေမဲ့ မမဆုရဲ့ အင်္ကျီအကျက ယောကျာ်းလေး အင်္ကျီသာဖြစ်တော့ ကျမလဲ သိပ်မထူးခြားနားပါပဲ.. တရုတ်ဘောင်းဘီလို့ ခေါ်တဲ့ ဘောင်းဘီတိုပွပွ ပီးတော့ ရှပ်အင်္ကျီလေးတွေနဲ့ ကျမတို့ ညီအစ်မနှစ်ယောက်က မိန်းခလေးဆိုတာထက် ယောကျာ်းလေးတွေနဲ့သာ ပိုတူခဲ့ပီး အကိုသုံးယောက် ကစားသလို ယောကျာ်းလေးလိုသာ ငယ်ငယ်က ကစားခဲ့တာ.. အဲ့တော့ အင်္ကျီဘောင်းဘီကလဲ ယောကျာ်းလေးတွေရဲ့ အင်္ကျီဘောင်းဘီသာဖြစ်နေခဲ့တာ.. ကျောင်းစိမ်းအင်္ကျီက ရှပ်အင်္ကျီအဖြူ.. ဘောင်းဘီက တိုတိုပွပွ.. အဲ့တာတွေက အကိုတွေရဲ့ ကျောင်းစိမ်းပုဆိုးတွေကို ဖြတ်ချုပ်ထားခဲ့တာ.. လိုချင်မိတဲ့ ကြိုးသိုင်းဂါဝန်လေးကတော့ ဝေးနေတုန်း.. ဒါပေမဲ့ အမေ့ကို တစ်ခါမှ မပူဆာဖူးခဲ့.. အမေက ကျမ ဂါဝန်လေး ဝတ်ချင်မှန်းတောင် မသိဘူးထင်ခဲ့တယ်…

ကျမအသက် ဆယ်နှစ်ပြည့်တဲ့ မွေးနေ့မှာ အမေက ကျမအတွက် ကျမအလိုချင်ဆုံး ဂါဝန်လေးတစ်ထည် ဝယ်ပေးခဲ့တယ်.. ဂါဝန်လေးက ပိတောက်ခြောက်ရောင်လေး.. ကြိုးသိုင်းတော့ မဟုတ်ခဲ့.. ဈ ဈေး ဒေါ်အဟုန်ဆိုင်က ဝယ်ပေးခဲ့တဲ့ အဲ့ဒီဂါဝန်လေးက ချစ်စရာလေး.. ကျမက မထိရက် မကိုင်ရက်ခဲ့.. မွေးနေ့မှာ ဝတ်ခဲ့တဲ့အခါ အဲ့ဒီဂါဝန်လေး ဝတ်ထားလို့ ရေအပက်တောင် မခံချင်ခဲ့.. ဂါဝန်လေးကို ရေစိုမှာစိုးလို့… အဲ့ဒီဂါဝန်လေးကို မဝတ်ရက်ခဲ့ဘဲ ဗီရိုထဲမှာသာ ထည့်သိမ်းထားခဲ့တာ.. အချိန်တော်တော်ကြာတဲ့အထိ.. သတိတရရှိရင် အင်္ကျီလေးကို ထုတ်ကြည့်မယ်.. ပီးရင် သေချာပြန်ခေါက်ပီး ဗီရိုထဲ ထည့်သိမ်းထားမယ်.. အဲ့ဒီအင်္ကျီလေးက တစ်ခါ နှစ်ခါသာ ဝတ်ခဲ့ရပီး အသစ်အတိုင်းလေးသာ ဗီရိုထဲ ရှိနေခဲ့တယ်… လိုချင်ခဲ့တဲ့ အရာတစ်ခုကို ကျမ အပိုင်ရခဲ့ပီ.. ရှိနေတယ်ဆိုတာ သိနေရရုံနဲ့တင် စိတ်ထဲမှာ အကျေနပ်ကြီး ကျေနပ်ခဲ့တယ်.. ကျမ လိုအင်ဆန္ဒပြည်ခဲ့ပီ…..

ကျမ အလယ်တန်း တက်ကာစမှာ အလိုချင်ဆုံးက အနီရောင် ကချင်လွယ်အိတ်ကလေး.. ငွေရောင် သတ္တုမောင်းကွင်းလေးတွေ ခြူလေးတွေနဲ့ ကျမ သိပ်လိုချင်ခဲ့တာ.. အဲ့ဒီအချိန်မှာ ကျမရဲ့လွယ်အိတ်ကလေးက စီလွန် အပြာရောင် လွယ်အိတ်ကလေး.. အဲ့ဒီလွယ်အိတ်ကလေးက အရင်နှစ်ကတည်းက အမေ ဝယ်ပေးထားခဲ့တာ.. အခုလိုချင်နေခဲ့တာက ကချင်လွယ်အိတ်ကလေး.. ဒါပေမဲ့ ကျမ မရခဲ့ပါ.. အမေ့ကို ပူဆာပေမဲ့ အမေက နောက်နှစ်မှပဲ လွယ်ပါ သမီးလေးရယ်.. အခု လွယ်အိတ်ကလေးကလဲ အကောင်းလေးပဲတဲ့… ကျမက နှစ်ခါ မပူဆာတော့.. အခု လွယ်အိတ်ကလေးကလဲ လွယ်လို့ရနေသားပဲ.. ကျောင်းက အပြန် ကားစီးရတဲ့အခါ ကျမဘေးက ကျောင်းသူကျောင်းသားတစ်ယောက်လောက်များ ကချင်လွယ်အိတ် အနီရောင်လေး လွယ်ထားတဲ့အခါ သူမသိအောင် သူ့ရဲ့ လွယ်အိတ်ကလေးကို လက်နဲ့ထိကပ်ထားမိတယ်.. ဒီလိုနဲ့ပဲ စိတ်ကျေနပ်ခဲ့တယ်..

လိုချင်ခဲ့မိပါတယ်.. ဒါပေမဲ့ မရမနေ ဆိုတာမျိုး လိုချင်လောဘ သိပ်ပီး ကြီးကြီးမားမား မရှိခဲ့ဖူးတဲ့အတွက် ကျမလိုချင်တဲ့အရာတော်တော်များများကို မရခဲ့တာ ရှိသလို သူ့ထက် ပိုကောင်းတဲ့အရာတွေကိုလဲ ရခဲ့ဖူးတဲ့ အချိန်တွေ ရှိခဲ့ဖူးပါတယ်.. ထားလိုက်ပါလေ.. ကိုယ့်အပိုင် မဟုတ်ခဲ့လဲ သူတစ်ပါးလက်ထဲက ပစ္စည်းကို လိုချင်တပ်မက်မှုမပါဘဲ နှစ်လိုမှုနဲ့ ကိုယ်ကြည့်နေခွင့်ရခဲ့လဲ ကျေနပ်ခဲ့ပါတယ်….

ကျောင်းတက်နေခဲ့တဲ့အချိန် အထက်တန်း.. မှတ်မှတ်ရရ ကျမ ဆယ်တန်းနှစ်မှာ ကျမ အလိုချင်ဆုံး အလိုအပ်ဆုံး အရာကတော့ မျက်မှန်ပါ.. ရှစ်တန်းနှစ်လောက်ကတည်းက ကျမရဲ့ မျက်လုံးတွေက ဝေဝါးနေခဲ့ပီ.. ကျမထင်တာကတော့ ကျမ မမြင်ရပေမဲ့ သူများတွေ မြင်နေခဲ့တာပဲဆိုတဲ့ အတွေးနဲ့ မမြင်ရတဲ့ကိစ္စကို ဘယ်သူကိုမှတောင် အရေးလုပ်ပီး ပြောမနေခဲ့.. ကျမ မြင်ရတဲ့အထိ ကြည့်မယ် မမြင်ရတဲ့အခါ ဘေးက သူငယ်ချင်းစာအုပ်ထဲကနေ ကူးရေးမယ် ဘာအရေးလဲနော့.. ဒီလိုနဲ့ပဲ တစ်နှစ်တစ်တန်း ဖြတ်ကျော်ခဲ့.. ဆယ်တန်းနှစ်မှာတော့ ကျမ မျက်လုံးတွေက သိပ်ဆိုးနေခဲ့ပီ.. ကားနံပါတ်တံဆိပ်ပြားကို သေချာ သည်းသည်းကွဲကွဲမမြင်ရလို့ ခနခန ကားမှားစီးမိတဲ့ အကြိမ်ရေ များလာခဲ့တယ်.. အတန်းထဲမှာဆိုလဲ ရှေ့ဆုံးနီးပါးလောက်က ထိုင်ပီး ကျောက်သင်ပုန်းကို မမြင်ရတော့.. သင်္ချာဆရာမက ဓမ္မဓိဌာန်အဖြေအတွေက် မေးခွန်းတွေ မေးတဲ့အခါ မေးခွန်းလဲ မမြင် အဖြေလဲ မသိဘဲ ရမ်းသန်းပီး A,B,C,D ပြောဖြစ်တဲ့အကြိမ်ရေ များလာခဲ့.. တီဗီကြည့်ရင်လဲ ခေါင်းက တီဗီထဲ ဝင်တော့မတတ်.. အဲ့တော့မှ အမေက ကျမမျက်လုံးကို သတိမူခဲ့တယ်..

မျက်မှန်လုပ်ရမယ် ထင်တယ်ဆိုတာကို ခန ခန ပြောဖြစ်ပေမဲ့ မျက်မှန်က ကျမနဲ့ အလှမ်းကွာနေဆဲ… အဲ့ဒီအချိန်က မြို့သစ်ကလေးမှာ မီးက ခန ခန ပျက်.. ဆယ်တန်းဆိုတော့ ကျမက စာကို ညဥ့်နက်သန်းခေါင် ကျက်ရ မှတ်ရ.. မမဆု ငှားထားတဲ့ ဝတ္ထုစာအုပ်တွေကို ညဘက်မှ စာကြည့်တယ် ဆိုပီး ခိုးခိုးဖတ်ရ… အဲ့လိုလုပ်ရတဲ့အခါ လျှပ်စစ်မီးမလာတော့ မှန်အိမ်မီး အားကိုးနဲ့ ဖတ်ရတော့ မျက်လုံးက မျက်ရည်ပူတွေကျ.. မနက်ဆို မျက်လုံးတွေက ဖူးဖူးယောင်နေခဲ့.. အဲ့ဒီအချိန်မှာ ကျောင်းစာအပြင် ဝတ္ထုစာအုပ်တွေက ကိုယ့်အဖော် ဖြစ်နေခဲ့ပီ.. ဒါပေမဲ့ အဖေက ဆယ်တန်းက အရေးကြီးနေတော့ ကျောင်းစာကိုပဲ အာရုံစိုက် လုပ်စေချင်ခဲ့တဲ့အခါ ကျမက ဝတ္ထုစာအုပ်ခိုးဖတ်ရတိုင်း အစားကို မြန်မြန်ဝါးစားပီး များများမျိုချသလို စာတွေကိုလဲ ဝါးစားသလို ကမန်းကတန်းဖတ်ပီး မျိုမျိုချပစ်ခဲ့ရတယ်.. အပြင်အပ ဗဟုသုတစာအုပ် ဝတ္ထုစာအုပ်တွေ ဖတ်တဲ့အတွက် ကောင်းကျိုးက မြန်မာစာဂုဏ်ထူးထွက်ခဲ့သလို.. ဆိုးကျိုးက ကျမ မျက်လုံးကို ဆိုးဆိုးဝါးဝါး မှုန်ဝါးသွားစေခဲ့တယ်.. တစ်ခု လိုချင်တဲ့အခါ တစ်ခုမရတာ ထုံးစံလို ဖြစ်နေခဲ့တဲ့ သဘောပါပဲ….

ဆယ်တန်းအောင်စာရင်းတွေ ထွက်လာပီးတဲ့နောက်မှာ အဖြစ်ချင်ဆုံး ဗိသုကာကျောင်းသူကြီး မဖြစ်ရတဲ့အပြင် တက္ကသိုလ်တက်ခွင့်လဲ ဆုံးရှုံးခဲ့ပါတယ်.. အဝေးသင်တက္ကသိုလ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရရှိခဲ့တာကတော့ အလုပ်အတွေ့အကြုံတွေရယ်၊ ရလာတဲ့ လုပ်ခလစာနဲ့ ကျမ မျက်မှန်တစ်လက် ဝယ်နိုင်ခွင့်ရယ်ပါ.. ပထမ စစဆုံး မျက်စိစမ်းတဲ့အချိန်က အဝေးသင်တက္ကသိုလ် ဒုတိယနှစ် တက်နေတဲ့အချိန်.. စမ်းတဲ့နေရာက ရဲမျက်မှန်… ကျမ မျက်စိကို ကွန်ပျူတာနဲ့အရင်စမ်းပီး ဆရာဝန်နဲ့တွေ့ရတဲ့အခါ ဆရာဝန်က မျက်မှန်ကို ဘာကြောင့် စောစောစီးစီး မလုပ်ရတာလဲဆိုတာကို အပြစ်တင်ဆုံးမနေခဲ့သေးတယ်..

ပထမဆုံး တပ်ရတဲ့ မျက်မှန်လေးက အညိုရောင်လေး မှန်က ဝိုင်းဝိုင်းလေး.. မျက်မှန်တပ်နေမကျတော့ ကျမ မျက်မှန်တပ်ပီး ခြေထောက်က ယိုင်တိုင်တိုင်.. မူးတူးတူးဖြစ်နေခဲ့… ပထမဆုံး မျက်မှန်တပ်တော့ ရုတ်တရက် ထင်းခနဲ ရှင်းခနဲ လင်းခနဲ ဖြစ်သွားတဲ့ မြင်ကွင်းတွေကြောင့် လန့်ပီး မျက်လုံးရှေ့ကနေ လက်နဲ့တောင် ကာလိုက်မိတယ်… မျက်မှန်လေးကြောင့် မြင်ကွင်းတွေ ရှင်းလင်းခဲ့ပေမဲ့.. နားအနောက်နားမှာ အမြဲ အပူဖုလေးတွေ ထနေခဲ့တယ်.. မျက်မှန်ကိုင်းကြောင့် နှာနုရိုးနာတဲ့အပြင် နားအနောက်ဖက်က အနာလေးတွေရဲ့ ဒဏ်ကိုလဲ မကြာခန ခံရပါတယ်.. အခုတော့ ကျမ မျက်မှန်နဲ့နေသားကျနေခဲ့ပီ.. မနက်မိုးလင်း အိပ်ရာနိုးနိုးချင်း မျက်မှန်ကို စမ်းရတာကိုက အရသာ …..

လိုချင်ခဲ့တာတွေ …. လိုအပ်နေတာတွေ… ရရှိခဲ့တာတွေ… ရခဲ့ဖူးပေမဲ့ သိမ်းရုံ သိမ်းဆည်းခဲ့မိတာတွေ… မရခဲ့ဖူးတဲ့အရာပေမဲ့ သူများတကာတွေ ပိုင်ဆိုင်နေတဲ့အရာတွေကို ငေးရုံ ငေးကြည့်မိတဲ့အခါတွေ… ဒီလိုနဲ့ပဲ ဘဝကို ဖြတ်သန်းနေခဲ့.. လိုချင်ခဲ့တာတွေကို ပိုင်ဆိုင်ခဲ့ဖူးတယ် မပိုင်ဆိုင်ခဲ့ဖူးဘူး ဒီလိုမျိုးတွေ တွေးတောဝမ်းနည်းနေမယ့်အစား ရခဲ့ဖူးတဲ့ အရာလေးတွေအတွက် ကြည်နူးဝမ်းသာဖြစ်မိပီး မရခဲ့တဲ့ အရာတွေကိုတော့ သူ့အတိုင်းလေး ထားခဲ့ရုံပါပဲ… တခါတလေ အမှတ်ရ တမ်းတမိမယ်.. ဒီလိုနဲ့ပဲ ကိုယ့်စိတ်ကိုယ် ဖြေသိမ့်နေခဲ့ရတာပါပဲ.. ဥပက္ခာတရားလက်ကိုင်ထားလို့ပေါ့ …

အခုအချိန်မှာ အလိုချင်ဆုံးအရာတစ်ခု ရှိပါတယ်.. အဲ့တာကတော့ ကိုယ့်အပိုင်အိမ်လေးတစ်လုံးပါ.. အိမ်လေးကတော့ ဟုတ်ပါတယ်.. တစ်ယောက်တည်း နေမလို့လားလို့ မေးခွန်းတွေ အထုတ်ခံရတဲ့ အခါ မျက်နှာပြောင်တတ်တဲ့ ထုံးစံအတိုင်း အိမ်ရှိရင် နေမယ့်သူက အလိုလိုရောက်လာမှာပေါ့လို့ စပ်ဖြဲဖြဲ ပြန်ပြောမိတယ်.. ဟုတ်တယ် အခုလိုချင်တာကတော့ အိမ်လေးတစ်လုံး ဒါမှမဟုတ် ကိုယ့်အတွက် ဆိုတဲ့ သီးသန့်အခန်းလေးတစ်ခု.. ကိုယ့်အိမ်ကလေးပေါ့.. ညနေ နေစောင်းတဲ့အချိန်တိုင်း အိမ်ပြန်ချင်တဲ့ စိတ်က ဘယ်လိုနေရာ ဘယ်လိုအချိန်မဆို သည်းခြေထိအောင်ကို တိုးဝင်ရောက်လာတတ်တယ်…အဲ့ဒီအချိန်တိုင်း ဝမ်းနည်းမှုက ဒီရေလို မြင့်တက်ခဲ့.. နေညိုရင် မေပျို ငိုချင်တယ်ပေါ့လေ... ကိုယ့်အိမ်ကလေးသာ ရှိနေရင် နေစောင်းတာနဲ့ အိမ်လေးကို ပြန်နိုင်ဖို့ ကြိုးစားမယ်.. အဲ့ဒီအသိတစ်ခုတည်းနဲ့ပါပဲ…

ဘဝမှာ လိုချင်ခဲ့တာတွေ… လိုအပ်နေတာတွေ.. အလိုရှိခဲ့တာတွေ.. လိုချင်ပေမဲ့ မရနိုင်တော့တာတွေ အကြိမ်ကြိမ်အခါခါ ကြုံခဲ့ဖူးပါတယ်.. လိုချင်တယ်ဆိုတဲ့ စိတ်ကလေးတော့ ရှိနေတယ်.. ရလာမယ့် အချိန်ကိုလဲ မျှော်လင့်နေမိပါတယ်.. ဒါပေမဲ့ အခု မရသေးတာကိုတော့ ကိုယ် ဘာတတ်နိုင်ဦးမလဲ.. ကံကို ယုံပီး ဆူးပုံမနင်းပေမဲ့ ကိုယ့်မှာ ဝီရိယရယ် ဥာဏ်ရယ် မျှော်လင့်ချက်ရယ် ရှိတယ်လေ..

တစ်နေ့နေ့တော့......

ပြည့်စုံ
(၂၇-၄-၂၀၁၀၊ ၁၁း၃၀ pm)

Sunday, April 11, 2010

ဘူတာစဉ် ၂၆

နေ့လေးတစ်နေ့ပေါ့.. ကလေးလေးတစ်ယောက် လက်အစုံကို မြှောက် ခြေထောက်တွေကို စုံကန်ပီး လောကကြီးထဲ ဂျွမ်းထိုးမှောက်ခုံ ဝင်ရောက်ခဲ့တယ်လေ.. အဲ့ဒီသင်္ကြန်အခါတုန်းက ရက်ထပ်တဲ့နှစ်မို့ သင်္ကြန်ရက်က ရက်တစ်ရက် ထပ်တိုးခဲ့တာ.. အဲ့ဒီနေ့က မှတ်မှတ်ရရ ဧပြီလ ၁၂ ရက် သင်္ကြန်အကြိုနေ့တဲ့လေ….

မနက်ခင်း နေတက်ရေတက်မှာ ဖွားမြင်ခဲ့တဲ့ အဓိပတိဖွား ကြာသပတေး သမီးလေးတဲ့… အေးအေးချမ်းချမ်း ဘဝတစ်လျှောက်လုံး ပြည့်ပြည့်စုံစုံ နေစေချင်တဲ့စိတ်နဲ့ အမေက နေ့နံမကိုက်ပေမဲ့ ကိုယ့်ဘဝအတွက် နာမည်နာမတစ်ခု ပေးအပ်ခဲ့တယ်…

ဘဝက ပကာသနမဖက်ပေမဲ့ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့တယ်.. မောင်နှမ ခြောက်ယောက်.. ရိုးသားတဲ့ မိဘနှစ်ပါးရဲ့ အဆုံးအမတွေနဲ့ ကြီးပြင်းလာခဲ့တဲ့ မိန်းခလေးက နည်းနည်းတော့ မာနကြီးတတ်ခဲ့တယ်..

အငိုအရီနည်းပီး စကားပြောချိန်နောက်ကျခဲ့တဲ့ ကလေးလေးက အမေကိုလဲ ဒုက္ခမပေးခဲ့ဖူးဘူးတဲ့.. ထားတဲ့နေရာနေ ကျွေးတဲ့ အစာ စားပီး အေးဆေးတဲ့ ကလေးလေးက သုံးနှစ်အရွယ်မှာ ဆင်ဝက်သတ်ပေါက်ပီး ပစ်ရမလို အဖျားကြီးပီး.. မိဘကို ပူပန်ဆင်းရဲဖြစ်စေခဲ့ဖူးတာလေးပါပဲ..

အခုတော့ စကားက များ ဆင်ခြေတွေက ကန်.. ဂျစ်တီးဂျစ်ကန်.. အငြင်းအခုန်ကလဲ သန်သေး.. ပြောလိုက်ရင် ပေစောင်စောင်နဲ့ စကားပြောချင်သလို မပြောချင်သလိုကလဲ လုပ်တတ်သေး.. အဲ့ဒီအမှုတွေနဲ့ပဲ လူအမြင်ကပ်ပေါင်းလဲ များပီ.. အခုအထိကို ပြင်ချင်စိတ်မဝင်သေး.. တရားကား ဟော၏ တရား မရ ဆိုသလိုပါပဲ…

နေ့ရက်တွေ တစ်ရက်ပီး တစ်ရက်… မွေးနေ့တွေ တစ်ခုပီး တစ်ခု ဒီလိုနဲ့ပဲ ဖြတ်ကျော်ခဲ့.. .. ဖြစ်ချင်ခဲ့တာတွေ.. မျှော်လင့်ချက်တွေ.. ရင်ခုန်သံတွေ.. ယုံကြည်ချက်တွေ.. ဆုံးရှုံးခဲ့ရမှုတွေ.. သူငယ်ချင်းတွေ.. ဘဝတွေ.. လောကဓံ အနိမ့်အမြင့် ဒီလိုတွေနဲ့ အသက်တမ်းသာ အလျင်အမြန် ကြီးပြင်းလာခဲ့တယ်

တခါတလေတော့လဲ ကိုယ်ပိုင်အသိဥာဏ်တွေနဲ့ တခါတလေတော့လဲ အမေမိဘတွေရဲ့ ဖြစ်စေချင်မှုတွေနဲ့ တခါတလေတော့လဲ ယောင်တောင်ပေါင်တောင် သူများယောင်လို့ အမောင်ယောင်မိတာတွေနဲ့.. ပြဿနာတွေ.. အခက်အခဲတွေ.. ပဋိပက္ခတွေ.. အရှုပ်အထွေးတွေ.. ခြေထိုးတာတွေ.. ခြေချော်လဲတာတွေ.. အိုး အစုံစုံ အဖုံဖုံပါပဲ…

မာနကြီးပီး တစ်ယူသန်စိတ်ကြီးလှတယ်လို့ အမြဲ အထင်ခံရတဲ့ ကျမအတွက်တော့ လူ့သဘာဝရဲ့ အထာတွေနဲ့ ဟန်ဆောင်ပီး ပြုံးပြတတ်ဖို့ မနည်းကျင့်ယူနေရတုန်းပါပဲ… စိတ်အားငယ်တိုင်း အမေကို တပီး အော်ဟစ်ငိုကြွေးနေတုန်းပါပဲ… တခါတလေတော့လဲ ရှိရင်းစွဲအသက်ထက် ဆယ်နှစ်လောက် ပိုကြီးချင်နေခဲ့မိသေးတယ်..

ငယ်ငယ်က ဖတ်ဖူးတဲ့ စာသားတစ်ခုမှာ ပေးပါလို့ တောင်းဆိုတဲ့သူက ငိုပြတာနဲ့တူပီး မပေးနိုင်တဲ့သူကတော့ မပေးနိုင်တဲ့အခါ ပြန်ငိုပြရတတ်တယ်လို့ ဖတ်ခဲ့မိဖူးတယ်.. အဲ့ဒီကတည်းက အဲ့ဒီစာသားကို အရိုးစွဲခဲ့တယ် ထင်ပါရဲ့.. ကိုယ်ကသာ လူမသိအောင် ခန ခန ငိုမိဖူးပေမဲ့ ကိုယ့်ရှေ့မှာ ပြန်ငိုပြမယ့်သူတွေကို တတ်နိုင်သလောက် မျက်နှာလွှဲချင်မိတဲ့အခါ.. လိုချင်တာ လိုအပ်နေတာတွေကို မတောင်းတော့ဘဲ နှုတ်ဆိတ်နေမိရင်း တစ်ခုပီး တစ်ခု ဆုံးရှုံး..…

အရာရာတိုင်းမှာ ကိုယ်က ဖွင့်ဟပြောလိုက်ရင် ရမယ်ဆိုတာ သိပေမဲ့ ပြောမှ သိရမယ့် စကားလုံးတွေထက် အလိုက်တသိ ပေးမယ့် အရာတွေကိုသာ အလေးထားတတ်လွန်းတဲ့အခါ… ရှိရင်းစွဲသံယောဇဉ်တွေမှာ နားမလည်နိုင်မှုတွေနဲ့ တဖြည်းဖြည်း ဝေးကွာရင်း ဒီလိုနဲ့ပဲ အထီးကျန်လာခဲ့တယ်..

ထားလိုက်ပါလေ… ထပ်တိုးလာမယ့် သံယောဇဉ်တွေထက် ထပ်ပိုးလာမယ့် နာကျင်မှုတွေကိုလဲ ကြောက်လှပါတယ်… ဒီလိုနဲ့ပဲ ခိုင်မာတဲ့ သံယောဇဉ်တွေ တစ်ခုပီး တစ်ခု ထပ်တိုးရစ်နှောင်လာခဲ့..

အခုဆို အသက်က ၂၆ နှစ် တင်းတင်းပြည့်ပြန်ပီ.. ကဲ နောက်ထပ် ဘယ်နှနှစ်လောက် ဆက်ရှင်သန်နေနိုင်ဦးမလဲ….

- ကိုယ့်ဘဝ အဆုံးသတ်မရောက်ခင်အချိန်အထိ အမိအဖကို လုပ်ကျွေးပြုစုနိုင်မယ့်သူ ဖြစ်ချင်တယ်..
- မမကြီးကို ကူညီနိုင်မယ့် လက်တစ်ဖက်လောက် ဖြစ်ချင်တယ်..
- ကိုယ့်နာမည်ကို ပြောလိုက်ရင် ‘ဟာ သိတာပေါ့’ ဆိုတဲ့ မကောင်းတာဖြစ်ဖြစ် ကောင်းတာပဲဖြစ်ဖြစ် ငါဟာ ငါသာဖြစ်တယ်ဆိုတဲ့အကြောင်း သူများတွေ သိစေချင်တယ်
- ယုံကြည်ချက်တွေနဲ့ ပေါင်းစပ်ထားတဲ့ မျှော်မှန်းထားတဲ့ ပန်းတိုင်ကို အမြန်ဆုံး ရောက်ချင်နေတယ်.
- စစ်မှန်တဲ့ ဖြူစင်တဲ့ သံယောဇဉ်တရားတွေကို အပိုင်ရချင်တယ်…


နေ့လယ်က အိမ်ကိုဖုန်းဆက်တော့ အဖေက ဖုန်းလာကိုင်တယ်.. သမီးလေးရေ နေကောင်းအောင်နေနော်.. ဘန်ကောက်မှာ အနီတွေ သောင်းကျန်းနေတာ အဖေ အရမ်းစိတ်ပူနေတယ်တဲ့.. အသံကို နဂိုအသံထက် ရွှန်းရွှန်းဝေအောင် အဖေ့ကို စကားတွေ အများကြီးပြောမှ အဖေ စိတ်အေးသွားတယ်.. မွေးနေ့အတွက် အိမ်မှာတော့ အမေက ဘုန်းကြီးတွေကို ဆွမ်းချိုင့်လှုပေးမယ်.. အိမ်နီးချင်းတွေကို မုန့်လုံးရေပေါ် ဝေမယ်တဲ့..

ဒီနှစ်မွေးနေ့လေးက ကျမကို ခံစားချက်တွေ အမျိုးစုံပေးစွမ်းခဲ့တယ်.. ကျမ မျှော်လင့်မထားတဲ့ သူတွေဆီက မွေးနေ့ဆုတောင်းစကားတွေ ကြားခဲ့ရသလို.. ကျမ သိပ်ချစ်တဲ့ အကိုတွေ အမတွေဆီကလဲ ကျမအတွက် မွေးနေ့ဆုတောင်း ပို့စ်လေးတွေ လက်ဆောင်ရခဲ့တယ်.. သူငယ်ချင်းအသစ်လေးတစ်ယောက်လဲ ထပ်ရခဲ့သေးတယ်.. ကျမရဲ့ Facebook Page က Wall မှာ မွေးနေ့ဆုတောင်းတွေ မွေးနေ့ကိတ်မုန့်တွေအတွက်လဲ အရမ်းကျေးဇူးတင်မိတယ်. နောက်ပီး မွေးနေ့ မွေးနေ့နဲ့ ဒီနေ့ မတိုင်ခင်ကတည်းက ကြိုရင်ခုန် ကြိုမျှော်လင့်နေတဲ့သူတွေလဲ ရှိခဲ့ကြတယ်.. ဘုရားရေ ကျမလေ အရမ်းကို ဝမ်းသာကြည်နူးမိတယ်.. ခန ခန မျက်ရည်ဝဲမိသေးတယ်.. ဝမ်းသာလွန်းလို့လေ…

ကျမရဲ့ ချစ်သူငယ်ချင်းလေး ဖြူက ကဗျာလေးတစ်ပုဒ်ရေးပေးတယ်.. သူက ရေးမပေးခင် ကျမကို စုံနေအောင် အင်တာဗျူးတော့တာပဲ.. ကျမက ပြန်နောက်လိုက်တယ်.. အနော့်ကိုများ စလစ်ဘရစ်တီမှတ်လို့ ဗျူးနေတာလား မသိလို့.. အဲ့ဒီအကြောင်းအရာတွေကို အခြေခံပီး သူက ကဗျာလေးတပုဒ် ကျမအတွက် မွေးနေ့လက်ဆောင်ပေးခဲ့တယ်.. နောက်ပီး ကျမရဲ့ဓာတ်ပုံကို photoshop နဲ့ မှန်ဘောင်လေးတွေ လုပ်ပီး ပြင်ပေးခဲ့တယ် ကျေးဇူးပါ ဖြူရေ…

ကျမချစ်တဲ့ အကိုဘရွတ်ခ်ကလဲ ကျမအတွက် အမှတ်တရ ပို့စ်လေးတစ်ပုဒ်ရေးပေးခဲ့တယ်.. သူနဲ့ ကျမနဲ့ လိုင်းပေါ်မှာတွေ့လို့ စကားစမြည်တွေ ပြောဖြစ်တိုင်း အမြဲ စိတ်ပေါ့ပေါ့ပါးပါး ရီမောဖြစ်တာ များတယ်.. တခါတလေ သူက စိတ်လိုလက်ရရှိရင် ပုံပြင်တွေ သီချင်းတွေ စာအုပ်တွေအကြောင်း ပြောပြတယ်.. အမြဲပြောတတ်တဲ့ အကြောင်းက လေလွင့်သူ.. လေလွင့်သူထဲက ညီမလေးကို သိပ်ချစ်တတ်တဲ့ အကိုအကြောင်း.. ပြောတိုင်း မျက်ရည်ဝဲသတဲ့.. နောက် သူက မွေးနေ့လက်ဆောင် သူငယ်ချင်းလေးတစ်ယောက် လက်ဆောင်ပေးသေးတယ်.. မယ်ရာတဲ့ Mirror . မကြေးမုံလေးပေါ့.. ကျေးဇူးတင်ပါတယ်နော်..

ကျမ သိပ်ချစ်တဲ့ ညီအစ်မအရင်းလို အရမ်းချစ်တဲ့ အမ နှစ်ယောက်ဆီက ဖုန်းကော်လ်တစ်ခုလဲ ရခဲ့သေးတယ်.. အလုအယက် စကားတွေပြောနေရင်း ရင်ဘတ်ထဲ အတွင်းပိုင်းနက်နက်ထဲကကို ဝမ်းသာကြည်နူးမိတယ်.. ချစ်တဲ့ ခင်ဆီက မွေးနေ့လက်ဆောင် အနမ်းတွေ အများကြီး ဖုန်းထဲက ရခဲ့သလို ချစ်တဲ့ ခရမ်းလေးက ကျမအတွက် ပို့စ်လေးတစ်ပုဒ် ရေးပေးခဲ့တယ်. ညီမလေးရေ ....ဘုရားသခင်ဆိုတာ တကယ်ရှိပြီး ဖန်ဆင်းခဲ့တာဆိုရင် အနော်လေးက တကယ့် gifted လေးပါ ။
တဲ့.. ကျမကြောင့် ချစ်တဲ့သူတွေ အနည်းဆုံးလေး ပြုံးပျော်သွားတယ်ဆိုရင် ကျမ စိတ်ချမ်းသာပါတယ်.. သူတို့ကြောင့်လဲ ကျမ အမြဲ ပျော်ရွှင်ခဲ့ရဖူးတယ်..

သူတို့ရဲ့ မွေးနေ့လက်ဆောင် စကားလေးတွေ မွေးနေ့လက်ဆောင် ပို့စ်လေးတွေ မွေးနေ့အတွက် အမှတ်တရတွေ ဒါတွေ ဒါတွေဟာ ကျမအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်မှုကြီးပါ.. တကယ့်ကို ကျေးဇူးတင်မိတယ်.. တကယ့်ကိုလဲ ဝမ်းသာကြည်နူးမိတယ်..

ဘဝ ဆိုတာ ခုတ်မောင်းသွားနေတဲ့ မီးရထားတစ်စင်းဖြစ်တယ်ဆိုပါစို့... ကျမက ဘူတာစဉ် ၂၆ ခုကို ဖြတ်ကျော်ခဲ့ပီးပီ.. ကိုယ့်ကို ဖြတ်ကျော်မောင်းနှင်သွားတဲ့ အမြန်ရထားတို့ အစုန်ရထားတို့ အဆန်ရထားတို့လဲ ရှိခဲ့ဖူးရဲ့.. ကိုယ့်ရထားပေါ်မှာ လိုက်ပါလာပီးမှ ကြားဘူတာစဉ်တွေမှာ ကျန်ရစ်ခဲ့တဲ့သူတွေရော.. အခုအထိ လိုက်ပါလာတဲ့သူတွေရော.. ကွမ်းတံတွေး ထွေးချချင်တဲ့သူတွေရော.. ရထားမိုင်းဗုံးထောင်ချင်သူတွေရော… အဖျက်အမှောင့်တွေ ရှိနေနိုင်သလို လာကူတွဲမယ့် ခေါင်းတွဲလေးတွေ.. အနောက်ကနေ လာချိတ်ဆက်မယ့် ရထားတွဲတွေ.. ဒီလို အကြင်နာတရားတွေနဲ့ ကျမရဲ့ ရထားလေးက လမ်းချော်သွားတယ် ဆိုပါစို့.. ကျမကတော့ သံလမ်းရှိသလောက် ရထားကို အတင်းကာရော မောင်းနှင်နေဦးမှာပါပဲ..

ပြည့်စုံ (၁၂-၄-၂၀၁၀)

Thursday, April 1, 2010

ထာဝရ

ထာဝရဆိုတဲ့ စကားလုံးဟာ
ငါ့ရဲ့အဘိဓာန်မှာတော့
ဝေးကွာခြင်းဆိုတဲ့ အဓိပ္ပါယ်အတွက် သပ်သပ်ပဲ
အမှန်တရားရေ
မသိချင်ယောင်ဆောင်ပီး တိတ်တဆိတ်ထောက်ခံပေးပါ

ထာဝရ….
မင်းကိုငါ……
ဒါလဲ ဝေးကွာဖို့အတွက် သပ်သပ်ပဲ

ထာဝရထက်
မင်းကိုငါ….
ဒီလိုနဲ့ပဲ ဝေးကွာခဲ့ကြတယ်…

ကံကြမ္မာ ဇာတ်ဆရာ အလိုကျ
ငါ့ဘဝရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေထဲ
ထာဝရဆိုတာထက်
အသာမရခဲ့ဖူးတဲ့
ဇာတ်ကျောရိုးတွေထဲမှာ
ဝေးကွာခြင်းက ခြေကုပ်မြဲခဲ့တယ်…..

ကနဦး အစ
ထင်ယောင်ထင်မှား အိပ်မက်တွေထဲ
ထာဝရ ဆိုတဲ့ စကားလုံးကိုပဲ
ငါက အသုံးမှားခဲ့သေးတယ်..
ဝေးကွာမြဲ ဝေးကွာလျက်ပဲ….

ချစ်သူရေ
ထာဝရ ဆိုပီး..
ငါရေးခဲ့မိတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းထဲ
တချို့တချို့နေရာတွေက အသံတိတ်လျက်
တချို့တချို့နေရာတွေက အမူအရာတွေ ဆွံ့လျက်
တချို့တချို့နေရာတွေက လူနဲ့နေရာနဲ့ လွဲလျက်
တချို့တချို့နေရာတွေက ခံယူချက်တွေ စွဲလျက်
တချို့တချို့နေရာတွေက ယုံကြည်ချက်တွေ ကွဲလျက်
တချို့တချို့နေရာတွေက ပြင်ဆင်မှုတွေ မွဲလျက်
တချို့တချို့နေရာတွေက မှုန်ရီပြာဝေနေတဲ့ အတိတ်မှာသာ ရှိလျက် ..
လွမ်းခြင်းနဲ့ အတိတ်ပေါင်းစပ်လျက်ရှိတဲ့ အိပ်မက်ထဲ
ချစ်သူရေ တစ်ရက်ထက်တော့ ပိုလွမ်းပေးပါ…

ပြည့်စုံ
(၁-၄-၂၀၁၀၊ ၂း၅၆ pm)