ကော်ဖီသောက်လျင် ရင်တုန်တတ်သည်ဟု ကြားဖူးသည်
လက်ဖက်ရည်တစ်ခွက် သောက်နေဆဲအချိန်တွင် ရင်ခုန်သံတွေ ရပ်တန့်ခဲ့ရသည်….
သူ့ရဲ့မျက်နှာပေါ်က အပြုံးတွေက လန်းဆတ်တက်ကြွလွန်းနေသည်.
သူ့ရဲ့ မျက်လုံးတွေကပါ လိုက်ပြုံးနေတာကို ကြည့်ရင်း ကျမရဲ့ နှလုံးခုန်သံတွေက တဖြည်းဖြည်း တိုးတိတ်လာခဲ့သည်. ကြိုတင်သိနှင့်နေပီးဖြစ်ပေမဲ့ သူ့ဆီက စကားလုံးတွေကိုကြားရဖို့ ကျမက အသက်ရှုသံကိုပါ ရပ်တန့်ထားခဲ့သည်.
ကျမက စိတ်မြန်သူပီပီ ကျမရှေ့က သူ့အတွက် လက်ဖက်ရည်ခွက်ကို သူ့ဘက်ကို တွန်းပို့ပေးလိုက်သည်.
“ကဲ ဆိုပါဦး… အခြေအနေ”
……………………………………………………………………………………………………………………….
ဒီလက်ဖက်ရည်ဆိုင်မှာပဲပေါ့ ဒီလို အပြုံးမျိုးလေ….
ပါးနပ်သည်လို့ ဆိုရမယ့် ကျမက သူ ဖွင့်မပြောမီကပင် ဘာကိုပြောချင်နေတယ်ဆိုတာကို ကြိုခန့်မှန်းမိနေခဲ့သည်.
သူ့ဆီက သူပြောချင်တဲ့စကားလုံးတွေက ဘာအတွက်ဆိုတာကို မျှော်လင့်ထားနေရင်းနဲ့တောင် ကြားလိုက်ရတဲ့အချိန်မှာတော့ ရင်ခုန်သံတွေတင်မကပါ အသက်ရှုနှုန်းတွေပါ ရပ်တန့်သွားတဲ့အထိ နာကျင်ခဲ့ရသည်. ကျမ အသည်း ဟက်တက်ကွဲခဲ့လေသည်. အသည်းနှလုံး ကွဲအက်လျင် ထွက်လာတတ်သည့် သွေးစိမ်းရှင်ရှင်တွေသည် လည်ချောင်းဝမှတစ်ဆင့် နှုတ်ခမ်းဖျားမှ ယိုစိမ့်ကာ လက်ဖက်ရည်ခွက်ထဲ စိမ့်ကျခဲ့သည် ထင်သည်. လက်ဖက်ခြောက်အရောင်က နီလွန်းနေခဲ့သည်.
“သူ့ကို ဖွင့်ပြောဖို့ ငါ သွေးမနည်းပါဘူးဟာ. ဒါပေမဲ့ နင်တို့က သူငယ်ချင်းတွေဆိုတော့…..
နောက်ပီး နင်က… ဟုတ်တယ် ဒီစကားကို ပထမဆုံးဖွင့်ပြောတာ နင့်ကိုပဲ.
တခြားဘယ်သူတွေမှ မသိကြဘူး. ငါ ဒီထက် ကြာရှည်တင်းမထားနိုင်ဘူးဟာ….
နင့်ကို ဖွင့်ပြောတယ်ဆိုတာက….. ငါ ခံစားရသမျှကို နားလည်ပေးနိုင်တာက နင်ပဲ ရှိတယ်လေ.”
စကားလုံးတွေရဲ့ ချည်နှောင်မှုအောက်မှာ ကျမက ဟန်ဆောင်ကောင်းခဲ့သည်.
သူ့ရဲ့ ရင်ဖွင့်စကားတွေက ကျမအတွက်တော့ တစ်စတစ်စ ရင်ကွဲအက်လာခဲ့တာကို သူ တကယ် မသိခဲ့ပါ.
သူ စကားတွေ အများကြီး ပြောခဲ့သည်. အဲ့သည် စကားလုံးတွေထဲမှာ သူမအပေါ် ချစ်ခြင်း
သူမအပေါ် သူ့ရဲ့ မြတ်နိုးမှု သူမအပေါ် သူ့ရဲ့ မျှော်လင့်ချက် သူမအပေါ် သူ့ရဲ့ …. သူ့ရဲ့……………..
သူက လက်ဖက်ရည်ဆိုင်ပိတ်တော့မှာကိုတောင် သတိမမူမိလောက်အောင် ကျမကို ရင်ဖွင့်စကားတွေ အများကြီးပြောနေခဲ့သည်. လက်ဖက်ရည်ဆိုင်ပိတ်နေခဲ့ပီး နောက်ဆုံး ကျမတို့ စားပွဲတစ်ခုတည်း ကျန်တော့တဲ့အချိန်မှ သူက ဘေးပတ်ဝန်းကျင်ကိုရော အချိန်နာရီတွေကိုပါ သတိထားမိခဲ့တာ ဖြစ်သည်.
“ဟာ နင် အိမ်ပြန်ဖို့ နောက်ကျနေပီ ငါ ပြန်လိုက်ပို့မယ်….”
“မလိုပါဘူးဟာ လမ်းတွေက တစ်လမ်းစီပဲဟာကို….
နောက်ပီး မလိုပါဘူး ငါ ပြန်နေကျပါ …
ဟုတ်တယ် ……ငါတစ်ယောက်တည်း ပြန်နေကျပဲ …. တော်ကြာ အဖော်လိုချင်နေမှဖြင့်ဟာ…..
ငါ့ဘာသာ အေးဆေးနေပါရစေ ထူးရယ်…….”
ကျမက တကယ့်ကို သူ့ကို ရယ်သွမ်းသွေးလိုက်ပေမဲ့ သူက ကျမရဲ့ စကားလုံးတွေအတွက် စိတ်မကောင်းဖြစ်သွားခဲ့သည်.
ကျမတို့နှစ်ယောက် ဘတ်စ်ကားဂိတ်ကို လမ်းလျှောက်သွားနေတဲ့အချိန်အတွင်း သူ့ဆီက စကားတစ်ခွန်းမှ ထွက်မလာခဲ့ပါ. မီးရောင်မှိန်မှိန်အောက်မှာ သူ ဘာစဉ်းစားနေသလဲ မသိသလို ကျမ ဘယ်လို ခံစားနေရသလဲ လဲ သူ မသိနိုင်ခဲ့ပါ.
ကျမ စီးရမယ့်ကား လာနေတဲ့အထိ သူက တိတ်ဆိတ်နေခဲ့သည်.
“ငါသွားပီ ထူးရေ… နင်လဲ မိုးမချုပ်စေနဲ့ဦးနော်. ငါ အကောင်းဆုံးနည်းလမ်းကို စဉ်းစားလာခဲ့မယ်လေ နော် …
ဟုတ်ပီလား ဘိုင့်ဘိုင့် ဆီးယူ နောက်မောနင်း …..”
စသည်ဖြင့် ကျမက ပါးစပ်ထဲက ပေါက်ကရ စကားလုံးတွေ ဟစ်အော်ရင်း လူကျပ်နေတဲ့ ကားပေါ်ကို အတင်းတိုးတက်ခဲ့သည်.
ကားအောက်မှ သူလက်ပြနေတာကို ခပ်ဝါးဝါးမြင်ရတော့မှ ကျမ မျက်ရည် ကျနေမှန်း သိရသည်.
ကျမတို့ရဲ့ သူငယ်ချင်းအုပ်စုလေးထဲမှာ မိန်းကလေး ၅ ယောက် ယောကျာ်းလေး ၃ ယောက် ရှိသည်.
အဲ့သည့်အထဲမှာ ထူးက ကျမအတွက်တော့ အချစ်ဆုံး သူငယ်ချင်းလေးပင်.
ကျမ အာပေါင်အာရင်းသန်သန် စကားပြောလျင် ချစ်မြတ်နိုးစွာကြည့်တတ်တဲ့ သူ့ရဲ့မျက်လုံးတွေကို ကျမ သိပ်နှစ်သက်ခဲ့သည်. ကျမအတွက်လို့ အမြဲ ဂရုစိုက်တတ်တဲ့ သူ့ရဲ့အကြင်နာတွေအပေါ် ကျမ နှစ်ခြိုက်ခဲ့သည်. မသိတဲ့လူတွေအတွက်တော့ မျက်နှာကြောမာသလောက် ကျမရဲ့ သူငယ်ချင်းလေးတွေအတွက်တော့ ကျမက ဂျိုကာပင်.
ကျမ သိပ်ချစ်ရတဲ့ ချစ်သူ ကျမ တိတ်တခိုးထားခဲ့တဲ့ သူ့အပေါ် ချစ်ခြင်း ကျမရဲ့ ချစ်လှစွာသော သူငယ်ချင်းလေး. ကောင်းပီ
သူပျော်ရွှင်နေတာကိုသာ ကျမက အစဉ်အမြဲ ကြည့်လိုခဲ့သည်.
သူ သိပ်ချစ်နေတဲ့ မိန်းကလေးကရော…
သူမကိုလဲ ကျမ သိပ်ခင်သည်. သူမရဲ့ အေးဆေးတဲ့အပြုံးနဲ့ စကားသံချိုချို
တည်ငြိမ်လှတဲ့ သူမရဲ့ အနေအထိုင်တွေက သူနဲ့တကယ့်ကို လိုက်ဖက်လှပါသည်.
သူမကို ချစ်သည့် သူ ကံကောင်းသလို သူ သိပ်ချစ်တဲ့အတွက်လဲ သူမ ကံကောင်းလှပါသည်.
ကဲ ဒါဆိုရင် ကံဆိုးသွားတာက ဘယ်သူလဲ……
အောင်သွယ်သည် အခန့်မသင့်လျင် ဗီလိန်ဖြစ်သွားနိုင်သလို ဇာတ်ကောင်လဲ ဖြစ်နိုင်ပါသည်.
ဒါပေမဲ့ ကျမကတော့ ဘာတစ်ခုမှ မဖြစ်ချင်ခဲ့တော့ပါ.
ကျမအတွက် မဟုတ်သည့် ချစ်ခြင်းအတွက် ကျမက ဘာကိုမှ မလိုချင်တော့ပါ.
စည်းဘောင်ကျော်ကာ စိတ်ကူးယဉ်ခဲ့မိတဲ့ ကျမကိုယ်တိုင်မှာပဲ အပြစ်ရှိခဲ့ပါသည်.
ဘယ်သူမှ မသိခဲ့တဲ့ အချစ်အတွက် ဘယ်သူမှ မသိလိုက်တဲ့ အသည်းကွဲမှု အတွက် ကံဆိုးသူပါလားဟု စာနာစရာ မရှိရပါ.
ကျမက သူတို့ ရင်ဖွင့်သမျှ နားထောင်ပေးသည့် ရင်ဖွင့်စရာ ဟစ်တိုင်သာလုပ်ခဲ့သည်.
သူတို့ရဲ့ အသည်းနှလုံးတွေကို ပိုပိုပီး နီးကပ်လာအောင်
သူတို့ရင်ထဲက စကားလုံးတွေ ပွင့်ထွက်လာအောင် ကျမက နားထောင်သမားလုပ်ပေးခဲ့သည်.
အတင်းတိုက်တွန်းတာ အကြံဥာဏ်ပေးခဲ့တာ ဘာတစ်ခုမှ မလုပ်ပေးခဲ့ပါ.
တကယ်တော့ မလိုအပ်ပါ. ချစ်သူတွေဖြစ်ဖို့ဆိုလျင် ဘေးပယောဂ မပါဘဲ ကိုယ်ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ရမည်ဖြစ်သည်.
သူတို့အတွက် လိုအပ်သည်က ယုံကြည်ရသည့် ရင်ဖွင့်ဖော်ပင်ဖြစ်ပါလိမ့်မည်.
အခြေအနေတွေက ထင်ထားတာတွေထက်ပင် ပို အဆင်ပြေနေခဲ့သည်.
သူတို့နှစ်ယောက် တရားဝင်ချစ်သူတွေ မဖြစ်ကြသေးပေမဲ့ သူငယ်ချင်းအုပ်စုထဲမှာ အတွဲတစ်တွဲအဖြစ် အသိအမှတ် ပြုခဲ့ကြသည်.
သူမကလဲ အပြင်းအထန် ငြင်းဆန်မှု မလုပ်ခဲ့ပါ. ပရိုပို့စ်လုပ်ခဲ့ပီးပေမဲ့ သူမက အဖြေမပေးသေးဘဲ အလေးအနက် စဉ်းစားနေခဲ့သည်.
သည်အချိန်အတွင်းမှာ ဆောက်တည်ရာမရ ခံစားနေသူက ကိုထူးသာ ဖြစ်သည်.
သူ အလူးအလဲ ခံစားနေရတာကို ကြည့်ပီး ကျမ အမှန်တကယ် စိတ်မကောင်းဖြစ်ခဲ့သည်.
တစ်နည်းဆိုလျင် ကျမလဲ သူနှင့်ထပ်တူ အသည်းကွဲနေခဲ့တာဖြစ်သည်.
တမင်တကာ ကျမ ခွင့်ရက်ရှည်ယူပီး သူတို့ကြားထဲက ရှောင်ထွက်ပေးခဲ့သည်.
ဒီကြားထဲက သတင်းတွေလဲ ကျမ မကြားရအောင် နေခဲ့သည်.
သူတို့နှစ်ဦးအတွက် ကျမတတ်နိုင်တာထက်ကို အစွမ်းကုန် ကူညီပေးခဲ့ပီးပီ.
အခုကိစသည် သူနှဲ့ သူမရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်နေခဲ့ပီ.
ကျမ တာဝန်ပြီးဆုံးခဲ့ပီဟု ကျမက ယူဆနေခဲ့မိသည်.
ကျမရဲ့ အသည်းနှလုံးအတွက် ကုစားမှုလဲ လုပ်ရဦးမည် ဖြစ်သည်.
ကျမအသည်းက အပြင်မှာ မကွဲသလို ဟန်ဆောင်နေနိုင်ပေမဲ့ အတွင်းမှာတော့ ပြန်ဆက်လို့မရအောင် တစ်စစီဖြစ်နေခဲ့ပီ.
မိုးချုပ်နေပီ ဖြစ်သော်လဲ ဖုန်းလာသည့်အတွက် ကျမ အံ့အားသင့်ခဲ့သည်.
ကျမ ထွက်လာခဲ့မယ်လို့ ကတိပေးခဲ့ပေမဲ့ တကယ်တော့ ကျမ မသွားချင်တော့ပါ.
ဒါပေမဲ့ ရောက်သွားတဲ့အချိန်မှာတော့ ကျမ အင်မတန်ကို စိတ်မကောင်းဖြစ်ခဲ့ရသည်.
သူ ကျမကို စောင့်ဆိုင်းနေတဲ့ အချိန်အတွင်းမှာတောင် မတ်မတ်မရပ်နိုင်ခဲ့ပါ. သူ့ရဲ့ မျက်လုံးကနေ ရစ်ဝဲလာတဲ့ မျက်ရည်ကြည်တွေကို ကျမက ရင်နာနာနဲ့ စိုက်ကြည့်နေခဲ့သည်.
သူမရဲ့ မထင်မှတ်တဲ့ အငြင်းအတွက် သူတကယ်ကို ရင်ကွဲအက်နေခဲ့သည်.
အရက်အမူးသောက်ပီး အသည်းကွဲခြင်းကို ကုစားဖို့ စဉ်းစားခဲ့ပေမဲ့
သူ့စိတ်ကူးထဲမှာ အရင်ဆုံး သတိရခဲ့သူမှာ ကျမ ဖြစ်နေခဲ့သည်တဲ့လေ.
ကျမသာ သူ့ရဲ့ ရင်ကွဲနာကို လျော့ပါးအောင် လုပ်နိုင်သည်လို့ သူက ယုံကြည်နေခဲ့သည်.
ကျမတို့နှစ်ယောက် လေးဖြူရဲ့ အိပ်မက်ကဗျာ သီချင်းကို တိုးတိုးလေးဖွင့်ထားသည့် မီးရောင်မှိန်မှိန် လက်ဖက်ရည်ဆိုင်လေးတွင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်.
သူ့ရဲ့ စကားသံတွေက အဝေးကြီးက လာနေသလိုပင် တိုးသဲ့လွန်းလှသည်.
“ဘာအပြစ်မှ မရှိပါဘူးတဲ့ တကယ်တမ်း ရှိခဲ့တယ်ဆိုရင်တောင် သူ့ဆီမှာပဲတဲ့….
မချစ်နိုင်ဘူးတဲ့ ခွင့်မလွှတ်ပါနဲ့တဲ့ဟာ…… ငါ တကယ် မခံစားနိုင်ဘူး… ငါ ရူးသွားချင်တယ်…
သူ ငါ့ကို ချစ်နေတယ် ငါသိတယ် ယုရယ်…. ဒါပေမဲ့ ငါ မသိတာက သူဘာလို့ ငါ့ကို မချစ်နိုင်ဘူးလို့ ငြင်းရတာလဲ…”
အဲ့သည့်ညက ကြယ်တွေ သိပ်လင်းလွန်းနေခဲ့သည်. ကျမက သူ့ကို နှစ်သိမ့်ဖို့ စကားလုံးတွေ ရှာနေခဲ့ပေမဲ့ နှုတ်ခမ်းဖျားက တစ်ခွန်းမှ ထွက်မလာခဲ့ပါ. သူ့ရဲ့စက်ဘီးနောက်မှာ ထိုင်လိုက်ရင်း သူ့ရဲ့ ကျောပြင်မှာ ပါးအပ်ထားမိခဲ့သည်. သူ့ရဲ့ ကြေကွဲမှုအတွက် ကျမမှာ တာဝန်ရှိပါသည်. သူတို့နှစ်ယောက်ကို အဆုံးအထိ လက်တွဲနိုင်အောင်လုပ်နိုင်သူမှာ ကျမသာ ဖြစ်ရမည်လေ. အဘယ်ကြောင့်ဆိုသော် နှစ်ယောက်စလုံးရဲ့ ရင်ဖွင့်စကားတွေကို နားထောင်ခဲ့ရသူသည် ကျမသာ ဖြစ်သည်. ဒီအချိန်အထိရောက်မှတော့ ရှောင်လွှဲနေသည်မှာ သရဲဘောကြောင်ရာ ရောက်သည်.
သူမမှာ စဉ်းစားငဲ့ညှာစရာ ဘာရှိသလဲ အရင်ဆုံးသိအောင် လုပ်ခဲ့ရသည်.
သူမက ကျမရဲ့ မျက်လုံးတွေကို ဖတ်နိုင်ဖို့ကြိုးစားနေသည်တဲ့လေ.
ရယ်ချင်စရာပါ.. ဗလာမျက်လုံးမျိုးမှာ ဘယ်လို ခံစားချက်မျိုးရှိနိုင်မှာလဲကွယ်.
ဟန်ဆောင်စကားတွေကို စိတ်အရင်းအတိုင်း ပြောဆိုပီးသည့် နောက်မှာတော့…………….
…………………………………………………………………………………………………………………….
သူ့ရဲ့ မျက်လုံးတွေရော နှုတ်ခမ်းတွေကပါ ပြုံးနေခဲ့သည်.
သူ့ရဲ့ အပြုံးက လက်ဖက်ရည်ခွက်တွေထဲကိုပင် စီးဝင်နေခဲ့သည် ထင်သည်.
လက်ဖက်ရည်သည် ချိုစိမ့်မဟုတ်ဘဲ ချိုမြနေခဲ့သည်.
ကျမ သိပ်ဝမ်းသာပါသည်.
သူတို့နှစ်ယောက်ရဲ့ လက်တွေ ခိုင်ခိုင်မြဲပါစေလို့ ကျမ တကယ့်ကို ဆုတောင်းပေးခဲ့သည်.
အဲ့သည့်နေ့က လက်ဖက်ရည်တစ်ခွက် သောက်နေဆဲအချိန်တွင် ရင်ခုန်သံတွေ ရပ်တန့်ခဲ့ရသည်.
ပြည့်စုံ (၆း၂၂ pm, သောကြာနေ့ ၂၀၀၉ မေလ)
(မေလေးဘလော့တွင် ဖော်ပြပီး)
Saturday, August 1, 2009
Friday, July 31, 2009
ဇာတ်သိမ်းခန်း
ဒီလိုနဲ့ပဲ ဇာတ်ကားတစ်ခုလုံး နိုင်နင်းအောင် သရုပ်ဆောင်လာလိုက်တာ
ဇာတ်သိမ်းခန်းတောင် ရောက်တော့မှာပါလား
ဒါ့ထက် ဘယ်လိုဇာတ်သိမ်းရပါ့…….
အစကတည်းက ဇာတ်သိမ်းမပါတဲ့ ရုပ်ရှင်တစ်ကားမှာ
ဇာတ်ကားပီးခါနီးဆို ရောက်လာတတ်တဲ့ ရဲသားတွေတောင် စောင့်နေပီ
မင်းသမီးကို အသေသတ်ရမလား
မင်းသားနဲ့ ပေါင်းပေးရမလား
သေကွဲက ပရိသတ်ရဲ့ရင်ကို ဖမ်းစားနိုင်ပါ့မလား
ပျော်ရွှင်စွာ ပေါင်းဖက်ပေးရမလား
မင်းသမီးအမေမှာ ဘာလို့ နှလုံးရောဂါရှိမနေတာလဲ
မင်းသားမှာ မွေးစားအမတစ်ယောက်လောက် ပါရင်တောင် ဇာတ်က လှနေရဲ့
ဒါတွေကလဲ ရိုးလွန်းလှရဲ့
နောက်ထပ် ဇာတ်ပို့တစ်ယောက်လောက် ထည့်ထားရမှာ
အခုတော့……..
ဒါဆို နောက်ဆုံးမိနစ်ရောက်တဲ့အထိ မျှော်လင့်ချက်တွေပေးထားရမလား
ဇာတ်သိမ်းက ခပ်ဆန်းဆန်းဆို ပရိသတ်စိတ်ဝင်စားမလား
နဂိုထဲက ဇာတ်သိမ်းမပါတဲ့ ဇာတ်ကားကို
ဒါရိုက်တာက လက်ရှောင်ချင်နေတယ်
ထုတ်လုပ်သူက ဇာတ်ဆွဲစန့်ချင်တယ်
မင်းသားက မင်းသမီးပြောင်းစေချင်နေပီ
မင်းသမီးက နောက်တစ်ကားအတွက် ပညာကုန်ထုတ်သုံးနေလေရဲ့
ဇာတ်ရံတွေကတော့ နေ့တွက်ကိုပဲ စိတ်ဝင်စားနေတယ်
မဆီမဆိုင် လူကြမ်းတွေက ဇာတ်သိမ်းမှာ သူတို့လုပ်ကွက် အပြည့်ရချင်တယ်ဆိုပဲ
မာမီတွေက မင်းသမီးနဲ့ ထုတ်လုပ်သူအကြောင်း မဲ့ရွဲ့တင်းဆိုနေလေရဲ့
ဒီဇာတ်ကို ဘယ်လိုသိမ်းမလဲ
ပါဝင်တဲ့သူတွေရဲ့ ဖြစ်ချင်လောဘတွေက ဇာတ်သိမ်းဖို့ ခက်နေပီ
တုံးတိတိကြီးဖြတ်လိုက်ရင် ရုံတင်ရင် ရင်တုန်ရလိမ့်မယ်
ပြီးပါပီ စာတန်းထိုးဖို့ အချိန်ကလဲ နီးနေပီ
ဇာတ်ကို ဘယ်လိုသိမ်းရပါ့…….
ဒီလိုနဲ့ပဲ ဇာတ်သိမ်းခန်းကို ရောက်လာပါတော့တယ်……..
ပြည့်စုံ (၃၁-၇-၂၀၀၉၊ ၉း၃၂ pm)

Wednesday, July 29, 2009
သတိရခြင်းများ (၂)
ချစ်ခြင်းဟာ နီးခြင်း ဝေးခြင်းနဲ့ ဆိုင်သလား
သူ့ကို သတိရခြင်းများမှာ တခါတလေ မြူတွေလိုပင် လျော့ပါးလာနေပီ.
ကိုယ့်ရဲ့ နေ့စဉ်လူမှုဘဝမှာ အချိန်ကုန်ရင်း....
ကိုယ့်ရဲ့ ဘလော့လေးမှာ ပျော်မွေ့ရင်း...
ကိုယ့်ရဲ့ ကဗျာတွေနဲ့ ကာရံစပ်နေရင်း....
ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောနေရင်း...
ကိုယ့်ရဲ့ ယုံကြည်ချက်တွေမှာ စီးမျောရင်း....
ကိုယ့်ရဲ့ ချစ်သူကို တရံတခါမှ သတိရခြင်းတွေ များလာတဲ့အခါ.....
ချစ်ခြင်းဟာ နီးခြင်း ဝေးခြင်းနဲ့များ ဆိုင်နေသလား ချစ်သူ.......
ဒီလိုအချိန်တိုင်း ကိုယ့်ကိုယ်ကို အပြစ်တင်တဲ့စိတ်က
မင်းကို သတိမရတာထက် ကိုယ့်ရင်ကို ပိုထိခိုက်စေပါတယ်
ဟိုမှာဘက်ကမ်းက မင်းက သတိရတယ်လို့ ခန ခနပြောနိုင်ပေမဲ့
ဒီမှာဘက်ကမ်းက ငါကတော့ သတိရတယ်ဆိုတဲ့ အတွေး
နှုတ်ဖျားက ဖွင့်ဟဖို့တောင် အချိန်မအားနိုင်တဲ့အဖြစ်
တကယ်တော့လေ
ဖွင့်ဟပြောတဲ့ အချစ်မှ တန်ဖိုးကြီးသတဲ့လားကွယ်
ပြည့်စုံ (၂၈-၇-၂၀၀၉၊ ၁း၁၅ am)

ကမ္ဘာသိ လျို့ဝှက်ချက်များ
တခါတလေမှာ တချို့စကားလုံးတွေက မလိုအပ်ဘဲ မပြောသင့်ပါဘူးကိုယ့်အကြောင်းကို ကိုယ်မှလွဲရင် တခြားဘယ်သူမှ ခရေစေ့တွင်းကျမသိပါဘူး
ကိုယ့်အကြောင်းကို ကိုယ်ကိုယ်တိုင်ပြောမှပဲ သူများက သိတာပါ
ဒါကို ဟိုလူ့တော့ မသိပါစေနဲ့ ဒီလူ့ကိုတော့ မပြောပါနဲ့
ထားလိုက်ပါ ဒီလောက်တော့ နားလည်ပေးနိုင်ပါတယ်
လူတိုင်းမှာ လျှို့ဝှက်ထားချင်တာလေးတွေ ရှိနိုင်ပါတယ်.
ဒါပေမဲ့ TOP SECRET, TOP BIG ISSUE ဆိုပီး ကမ္ဘာနဲ့တောင် ချီလောက်တဲ့ လျှို့ဝှက်ချက်တွေကို
ဘယ်သူမှ မသိပါစေနဲ့နော် ဒါကလေ အရမ်းအရေးကြီးတဲ့ကိစ္စမို့လို့ပါ သူများတွေသိလို့မဖြစ်ဘူး.
OPEN SECRET လုပ်တတ်ပါတယ်…
လူတိုင်းကို မသိလဲ မသိစေချင်
သူလုပ်တယ်ဆိုတာကိုလဲ လူတိုင်းကို သိစေချင်ပါတယ်
ဒါကို OPEN SECRET လို့ ကျမကတော့ အမည်တပ်ထားပါတယ်
ဒါပေမဲ့ သူပြောလိုက်တဲ့သူကို အမူတွဲ ဆွဲတတ်ပါတယ်။
နင့်မို့ပြောတာသိလား ဆိုပြီး နင်တွေ တန်းစီနေတတ်ပါတယ်။
ဒီသတင်းပေါက်ကြားရင် ပြောခံရသူကပဲ ဖွတာဆိုပီး တရားခံခေါင်းတပ်လိုက်တာပါ.
အစကတည်းက လူတွေမသိစေချင်ရင် ဘာလို့ပြောကြပါသလဲ
နောက်ပီး ဘယ်သူမှ ဘယ်သူ့ကိုမှ အတင်း
အစ်အောက် ရိုက်နှက်ပီး မေးနေတာမဟုတ်ဘူး.
စကားကြုံလို့ ပြောလိုက်ရတာလဲ မဟုတ်ဘူး.
တမင်တကာ လာပြောပြီးကာမှ
သူများ မပြောပါနဲ့တော့ဆိုတဲ့ စကားလောက် အခံရခက်တာလည်း ရှိမယ်မထင်ဘူး
ကိုယ့်ဘာသာနေရင်းတန်းလန်းနဲ့ လာပြီး အမူတွဲဆွဲတဲ့ သဘောပါပဲ
သိစေချင်လို့ လာဖွပီးကာမှ ပြန်ပိတ်တတ်တာလောက် ရိုင်းစိုင်းတဲ့ အပြုအမူလည်းမရှိပါဘူး။
လူတိုင်းဟာ ကိုယ့်အလုပ်နဲ့ ကိုယ် ကိုယ့်ဘဝနဲ့ကိုယ်
ကိုယ်အသက်ရှင်မှုနဲ့ ကိုယ် ကြိုးစားရုန်းကန် နေရတဲ့သူတွေချည်းပါပဲ
ကိုယ့်နှာခေါင်းပေါက်တောင် ကိုယ့်ဟာကို တခါတလေ အသက်ရှုလို့ မဝပါဘူး
သူများနှာခေါင်းကို အသက်ကူမရှုပေးနိုင်ပါဘူး.
သူများကိစ္စတွေကို တတ်နိုင်ရင် ၀င်မပါတာ အကောင်းဆုံးပါပဲ ဖြစ်နိုင်ရင် နားတောင် မထောင်သင့်ပါဘူး။
ကျမ အဖေ အမြဲပြောတဲ့ စကားတခွန်းရှိပါတယ်
“သမီးလေး သူများ ကိုယ်ပျက်တိုင်း မပျက်နဲ့ ကိုယ်ပါ လိုက်ပီး ကိုယ်ပျက်တတ်တယ်.
ကိုယ်ပျက်တယ်ဆိုတာ နူတာပဲတဲ့. ဘယ်တော့မှ အနူမဖြစ်စေနဲ့တဲ့လေ.”
Tuesday, July 28, 2009
လွမ်းမပြေ
ငါ့ရှေ့က လမ်းကလေး
ဒီအတိုင်းပဲ ထိုင်ငေးနေမိတယ်
မင်းရောက်မလာတာက လွဲလို့
ငါ့စိတ်က အရင်အတိုင်းပဲ မပြောင်းလဲခဲ့ဘူးကွယ်
တိတ်တိတ်လေးပဲ ထိုင်နေတယ်
မေ့လိုက်ပါ ချစ်သူ
ဒီစကားကို အကြိမ်ကြိမ်အခါခါပြောလဲ
မင်းက လက်မခံခဲ့ပြန်ဘူး
ကဲဒါဆိုလဲ ချစ်သူ
ကြိုက်တဲ့လမ်းကို မင်းရွေး
မင်းအဝေးကို သွားကတည်းက
ငါ ထိုင်ငေးနေခဲ့တယ်
မင်းထွက်သွားတဲ့ လမ်းကလေးကိုလေ…..
အချစ်မှာ ရယူခြင်းရှိပါလိမ့်မယ်
ငါ့အတွက်တော့
ဘာမှမလိုဘူး
မင်းရှိနေတယ် ဆိုရုံနဲ့
အရာရာပြီးပြည့်စုံတယ်
ပြန်လှည့်မကြည့်နဲ့ချစ်သူ
မင်းထားခဲ့တဲ့အတိုင်း
ငါနေရဲတယ်
မပြေတဲ့ အလွမ်းတွေနဲ့လေ…
ပြည့်စုံ (၂၅-၇-၂၀၀၉၊ ၁၁း၄၄ pm)

Monday, July 27, 2009
အချစ်ရူး
ရှင်သန်ရုံသက်သက်နဲ့တော့
ဘဝဟာ ရင်ခုန်စရာ မကောင်းပါဘူးတဲ့
မေးခွန်းတိုင်းမှာ အဖြေရှိသလိုမျိုး
ငါ့ရင်ထဲမှာ မင်းအမြဲတမ်းရှိတယ်
အချစ်ဟာ လောင်းကစားသလိုမျိုးလား
တွက်ချက်ပီး ပုံအောလိုက်တာ
ဟာ ဒိုင်ပြေးသွားပါပကောလား
ရယ်ရင်း မောရတယ် ချစ်သူ
စိတ်ကူးတွေ အိပ်မက်တွေချည်းပဲနဲ့တော့
အချစ်ကို မျိုးစေ့ချလို့မရဘူးတဲ့
ရေချည်းပဲတော့ မလုံလောက်ဘူး
မြေသြဇာလဲ ထည့်ရမတဲ့လေ
အချစ်ဦးဆိုတဲ့အတိုင်း
မချစ်ဖူးတဲ့ အချစ်ရူးမလေးမှာ
အများတကာရဲ့ ဆိုရိုးတွေနောက်
တကောက်ကောက်လိုက်နေရင်း
အဆုံးမတော့
အပြုံးတွေလျော့လာပါလေရောလားကွယ်…..
ပြည့်စုံ (၂၆-၇-၂၀၀၉၊ ၆း၃၅ pm)
ဘဝဟာ ရင်ခုန်စရာ မကောင်းပါဘူးတဲ့
မေးခွန်းတိုင်းမှာ အဖြေရှိသလိုမျိုး
ငါ့ရင်ထဲမှာ မင်းအမြဲတမ်းရှိတယ်
အချစ်ဟာ လောင်းကစားသလိုမျိုးလား
တွက်ချက်ပီး ပုံအောလိုက်တာ
ဟာ ဒိုင်ပြေးသွားပါပကောလား
ရယ်ရင်း မောရတယ် ချစ်သူ
စိတ်ကူးတွေ အိပ်မက်တွေချည်းပဲနဲ့တော့
အချစ်ကို မျိုးစေ့ချလို့မရဘူးတဲ့
ရေချည်းပဲတော့ မလုံလောက်ဘူး
မြေသြဇာလဲ ထည့်ရမတဲ့လေ
အချစ်ဦးဆိုတဲ့အတိုင်း
မချစ်ဖူးတဲ့ အချစ်ရူးမလေးမှာ
အများတကာရဲ့ ဆိုရိုးတွေနောက်
တကောက်ကောက်လိုက်နေရင်း
အဆုံးမတော့
အပြုံးတွေလျော့လာပါလေရောလားကွယ်…..
ပြည့်စုံ (၂၆-၇-၂၀၀၉၊ ၆း၃၅ pm)
Sunday, July 26, 2009
အိပ်မက်ထဲက သူငယ်ချင်း
မေ့ထားတာကြာပီဖြစ်တဲ့ တချိန်တုန်းက သိပ်ချစ်ခဲ့ရသော ကျမရဲ့ သူငယ်ချင်းကို အိပ်မက်ထဲတွင် ထူးထူးဆန်းဆန်း မြင်မက်ခဲ့သည်.
အိပ်မက်ထဲတွင်ပင် ကျမတို့နှစ်ယောက် အရင်ကအတိုင်း ပြန်မဖြစ်ခဲ့ကြပါ.
အိပ်မက်သည် ပြင်ပနှင့် ထပ်တူကျတဲ့ ခံစားမှုမျိုးကို ပေးနိုင်ပါသလား
အိပ်မက်တွေကို ပြောင်းပြန်ယူရသည်ဟု လူကြီးတွေ ပြောခဲ့ဖူးတာ မှတ်မိနေသည်.
ထူးထူးဆန်းဆန်း သူမကို စိတ်မစွဲပါဘဲ မက်ခဲ့သည့်အိပ်မက်ထဲတွင် သူမနှင့် ကျမသည် စိမ်းကားအေးစက်နေဆဲပင် ဖြစ်သည်. အပြင်မှ သူမနှင့် ကျမရဲ့ စိမ်းကားအေးစက်မှုသည် အိပ်မက်ထဲတွင်လဲ ထပ်တူကျသည့်ခံစားချက်ကို ပေးပါသည်.
အိပ်မက်ထဲမှ ကျမတို့နှစ်ယောက်ရဲ့ စိမ်းကားအေးစက်မှုသည် အိပ်မက်က လန့်နိုးချိန်တွင်ပင် အဲ့ဒီခံစားချက်က ပြယ်ပျောက်မသွားပါ. ခါးသီးသည့် အရသာကို ပါးစပ်ထဲတွင်ပါ ခံစားခဲ့ရသည်.
ကျမက သူမကို သိပ်ချစ်ခဲ့သည်. ကျမရဲ့ ညီအစ်မအရင်းသဖွယ် ချစ်ခဲ့ပါသည်. သူမနှင့်ကျမသည် အမြွှာလို့ပြောရင် ယုံရလောက်အောင် မျက်နှာပေါက်ချင်းရော ရယ်ပုံချင်းရော အရပ်အမောင်းချင်းရော တူညီပါသည်. ယုတ်စွအဆုံး ကံမကောင်းခဲ့ပုံချင်းပါ တူညီခဲ့လေသည်. မိသားစုထဲမှာ အလတ်ဖြစ်တဲ့သူမနှင့် မိသားစုထဲမှာ နို့ညှာဖြစ်တဲ့ ကျမသည် သည့်ပြင်သူတွေထက် ပိုပီး ချစ်ခင်ခဲ့သည်မှာ အံ့သြစရာမရှိခဲ့ပါ.
သူမနှင့် ကျမရဲ့ကြားမှာ ထိန်ချန်ထားစရာ ကွယ်ဝှက်ထားစရာ ဘာတစ်ခုမှ မရှိခဲ့ပါ. သူမရဲ့ အချစ်ရေး သူမရဲ့ စိတ်ခံစားချက် သူမရဲ့ ပျော်ရွှင်မှု သူမရဲ့ ပြဿနာ သူမရဲ့ … စသဖြင့် ကျမ သိရှိခဲ့သလို ကျမရဲ့ ခံစားချက်တွေကိုလဲ သူမ သိခဲ့သည်. အခုအခါမှာ ပြန်တွေးကြည့်ရင် အဲ့ဒီလိုသိခဲ့တာတွေကပဲ ကျမတို့နှစ်ယောက်ကို ဝေးကွာစေခဲ့သလား မသိခဲ့ပါ.
သူမက မြန်မာနိုင်ငံမှာ မွေးသည့် နိုင်ငံသားတရုတ်လူမျိုးဖြစ်ပီး ကျမကတော့ ဗမာစစ်စစ် ဖြစ်သည်. ကျမတို့နှစ်ယောက်ကို တွေ့တဲ့သူတိုင်းက ဇဝေဇဝါနှင့် အမြွှာတွေလားလို့ မေးခဲ့လျင် ကျမက ဂုဏ်ယူစွာနှင့် ဟုတ်သည်လို့ ပြန်ဖြေခဲ့ဖူးသည်. ကျမ သူမကို သိပ်ချစ်ပါသည်.
ကျမတို့နှစ်ယောက်ရဲ့ ခိုင်မြဲသည့် ချစ်ခင်မှုသည် ရေရှည်တည်တံ့မည်ဟု ထင်မှတ်ခဲ့ခြင်းသည် လောကဓံကို အာခံရာရောက်ခဲ့သည်.
ကျမက စိတ်မြန်သည် သူမက စဉ်းစားတွေးခေါ်မှု ပိုများသည်. တချို့ကိစ္စတွေမှာ ကျမက ဦးဆောင်သူဖြစ်ခဲ့သည်. ဒါပေမဲ့ ကျမသည် သူမကို လွှမ်းမိုးဖို့ကြိုးစားခဲ့တာ မဟုတ်ဘူးဆိုသည်ကို ဘယ်အချိန်ဖြစ်ဖြစ် ကျိန်ပြောရဲပါသည်. လူအများအမြင်မှာ သူမကို လွှမ်းမိုးချုပ်ကိုင်ထားသူဟု မြင်ရလောက်အောင် သူမ လုပ်ချင်တဲ့အရာတွေကို ကျမက အားပေးခဲ့သည်. ဟုတ်တယ် အားပေးခဲ့တာပဲ ဖြစ်သည်. သို့ပေမဲ့ ကိစမရှိပါ. ကျမသည် ဝေဖန်မှုတွေကြားထဲတွင် မတုန်မလှုပ် နေနိုင်စွမ်းရှိသည်. အထင်မှားမှုတွေ အလွဲထင်မှုတွေကိုသာ ရှင်းပြရလျင် ကျမ စိတ်အနှောင့်အယှက် ကောင်းကောင်းဖြစ်နိုင်သည်. ကျမက ပျော်ပျော်သာ နေလိုသည်.
ရုတ်တရက် သူမရဲ့ စိမ်းကားအေးစက်လာမှုကို သတိထားမိသည့် တစ်နေ့တွင် ကျမနှင့် သူမ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ထိုင်နေခဲ့သည်. ကျမရဲ့အမေးတွေကို သူမက စိတ်အနှောင့်အယှက်ဖြစ်စွာ မေးတစ်ခွန်း ပြောတစ်ခွန်း ပြောနေခဲ့သည်. ကျမ ဝမ်းနည်းလာသည်. ကျမရဲ့ သူငယ်ချင်းလေးသည် ကျမကို ဘာအတွက်များ စိတ်ဆိုးနေခဲ့ပါသလဲ. ကျမ အကြာကြီး ငိုင်နေမိပီးမှ သူမကို စတင် တောင်းပန်ခဲ့သည်.
ငါ မသိလိုက်ပေမဲ့ နင် စိတ်ဆိုးခဲ့တယ်ဆိုရင် ငါတောင်းပန်တယ်. ငါမှားခဲ့ရင်လဲ ငါတောင်းပန်တယ်. ဘာများဖြစ်နေသလဲ.
သူမရဲ့ မျက်နှာပေးသည် ကျမအသည်းကို ဓားနဲ့မွှန်းသလို ခံစားရသည်. ကျမ မျက်ရည်ကျသည်ကို သူမက တိတ်တဆိတ်သာ ထိုင်ကြည့်နေခဲ့သည်.
ကျမ ဘယ်တုန်းကမှ မပြောခဲ့သည့် စကားတွေအတွက် သူမထံတွင် နားနှင့်ဆတ်ဆတ်နားထောင်ခဲ့ရသည့် သက်သေရှိသည်ဆိုသော စကားလုံးတွေကို ကျမ အံ့အားတသင့်ဖြစ်ခဲ့ရသည်. သူမ ဖွင့်ဟပြောနေခဲ့သည့် ကျမကိုစွပ်စွဲချက်တွေကို ကျမ မျက်ရည်အတွေသားနှင့် ထိုင်နားထောင်နေခဲ့သည်.
ကျမမှာ ပြောစရာ ငြင်းစရာ စကားလုံးရှာမရခဲ့ပါ. ကောင်းပြီ ကျမတို့နှစ်ယောက်ကြားတွင် ရှိနေခဲ့သော ယုံကြည်မှု ချစ်ခင်မှု သံယောဇဉ် ဒါတွေအားလုံး သံသယအောက်တွင် ပျောက်ဆုံးခဲ့ပြီ.
ကျမကတော့ ကျမတို့နှစ်ယောက်ရဲ့ချစ်ခင်မှုကို မနာလိုမှု တခုနှင့် လုပ်ကြံဇာတ်ခင်းခဲ့သည့် ကျမ မသိခဲ့ရသည့် လူတစ်ယောက်အပေါ် မနာကျည်းခဲ့ပါ. ကျမ နာကျည်းခဲ့သည်ကတော့ သူမရဲ့ ကျမအပေါ် မယုံကြည်မှုသာ ဖြစ်သည်.
ကျမသာ သူမနေရာတွင် ထိုစကားလုံးတွေအတွက် ကျမ စိတ်အနှောင့်အယှက် အဖြစ်မခံပါ. သူမရဲ့ ဇဝေဇဝါနိုင်မှုနှင့် အဲ့ဒီစကားလုံးတွေအပေါ် ယုံကြည်မှုတွေက ကျမအတွက် တကယ်ကို စိတ်အနာကြီး နာခဲ့ရသည်. ဝမ်းနည်းခဲ့ရသည်.
သူမကို စကားတခွန်းထဲသာ ပြောခဲ့သည်.
ငါတို့နှစ်ယောက်ရဲ့ကြားက ယုံကြည်မှုက ပျောက်ခဲ့ပီ နင် ငါ့ကို မယုံသလို ငါလဲ နင့်ကို ယုံမှာ မဟုတ်တော့ဘူး အချိန်တခုကို ကြည့်ပါ တကယ်လို့ နင်ထင်ထားတာတွေ မဟုတ်ခဲ့ဖူးဆိုရင်တောင် ငါတို့နှစ်ယောက်က အရင်အတိုင်း ပြန်ဖြစ်မှာ မဟုတ်တော့ဘူး နှုတ်ဆက်တယ် ငါတို့ ကိုယ့်စိတ် အတိုင်းပဲ နေကြတာပေါ့.
အရင်တုန်းက ကိစ္စရပ်တွေ အတိုင်းပင် ကျမကပဲ ဒီပြဿနာကို ဆုံးဖြတ်ချက်ချခဲ့သည်. ကျမတို့နှစ်ယောက် အရင်အတိုင်းပဲ အလုပ် အတူတူ လုပ်ကြသည်. အလုပ်ကိစ စကားပုံမှန်အတိုင်းပဲ ပြောကြသည်. ဒါပေမဲ့ အေးစက် ခါးသက်မှုတွေနဲ့ အတူပေါ့. လူတွေက ပထမတော့ သတိမမူမိပေမဲ့ နောက်တော့ သတိမူလာကြသည်. သူတို့ သိပ်အံ့သြကြသည်. ကျမကတော့ အစဉ်အမြဲ ပြုံးနေတတ်သည့် မျက်နှာပေးမျိုးနှင့်ဖြစ်ပေမဲ့ သူမကတော့ သူမရဲ့ မျက်နှာကို ထိန်းချုပ်မထားနိုင်ခဲ့ပါ.
နောက်တော့ သူမက အဝေးကို ပျံသန်းဖို့ စတင်စိတ်ကူးခဲ့သည်. ကျမတို့နှစ်ယောက်ကြားတွင် မယုံနိုင်စရာကောင်းလောက်အောင် ဆက်စပ်ပတ်သတ်မှု လုံးဝမရှိခဲ့ပါ. သူမ စင်ကာပူကို သွားဖို့ အစစအရာရာ စီစဉ်ပြီးချိန်ကျမှ ကျမ သိခဲ့ရသည်. ကျမလဲ ကျမရဲ့ဘဝတိုးတက်ဖို့ ကြံစည်ခဲ့ခြင်းကိုလဲ သူမ မသိခဲ့ပါ.
သူမ သွားခါနီး စကားပြောချင်နေတာကို သတိထားမိသည်. လက်ကျန်သံယောဇဉ်ကို စုစည်းပီး ကျမကပဲ သူမကို စတင်စကားပြောခဲ့သည်. ငါတို့ အပြင်မှာ ဆုံကြရအောင်. ဟိုမှာဆိုတာ ဒီမှာလိုတော့ ဟုတ်မှာ မဟုတ်ဘူး. ဘာအတွက်ပဲဖြစ်ပါစေ ကိုယ်သွားမယ်လို့ ရည်စူးထားပြီးတဲ့ ရည်မှန်းချက်ကို အပျောက်မခံပါနဲ့လို့ သူမကို သတိပေးစကားပြောခဲ့သည်.
ကျမက ကော်ဖီသောက်ပီး သူမကတော့ ရေခဲမုန့်စားခဲ့သည်. သူမအတွက် လက်ဆောင် ပို့စကတ်လေးနှင့် အင်္ကျီတထည် ကျမပေးခဲ့သည်. သူမဆီက ပြန်ရခဲ့သည့် လက်ဆောင်ကတော့ ဘာပဲဖြစ်ဖြစ် တောင်းပန်ပါတယ် ဆိုတဲ့ စကားတစ်ခွန်းပင်. ဒါတွေဟာ မလိုအပ်တော့ပါ. ကျမသည် တည်ငြိမ်နေခဲ့ပီ. သူမအပေါ် ဘာခံစားချက်မှ ရှိမနေအောင် ကြိုးစားရင်း အမှန်တကယ်ကို တည်ငြိမ်နေခဲ့ပီ.
ယုံကြည်မှုပျောက်ဆုံးခဲ့ပီဖြစ်တဲ့ ချစ်ကြင်နာမှုအတွက် ဘယ်လို အရာ၊ ဘယ်လို စကားတခွန်းကမှ အရင်အခြေအနေကို ပြန်ရအောင် မစွမ်းဆောင်နိုင်တော့ပါ.
သူမနှင့် စကားတွေ အများကြီးပြောခဲ့သည်. ရင်ထဲမှာ နွေးထွေးမှုတော့ တစ်စက်မှ ရှိမနေခဲ့ပါ. ကော်ဖီကပဲ ခါးသလား ခံစားချက်ကပဲ ခါးနေသလား မသိပါ. အဲ့ဒီအခါးက သူမကို သတိရတိုင်း ပါးစပ်ထဲကပါ အလိုလိုလိုက်ခါးနေမိသည်. ကံကောင်းပါစေလို့ နှုတ်ဆက်စကား ဆိုအပြီးမှာ ကျမတို့နှစ်ယောက် လှည့်မကြည့်ဘဲ လမ်းခွဲခဲ့ကြသည်.
သူမ အဆင်ပြေသလား ဘယ်လိုအခက်အခဲတွေများ ကြုံတွေ့နေသလဲ ဘာမှ မသိ မကြားရအောင် နေခဲ့သည်. တကယ့်ကိုပင် စိတ်ထဲမှာမေ့နေခဲ့ပီ. မှတ်မှတ်ရရ ညက အိပ်မက်မက်သည်.
အိပ်မက်ထဲတွင် သူမသည် လက်ဖက်ရည်ဆိုင်မှာထိုင်နေတုန်းက မျက်နှာသေမျိုးနှင့်ပင် ကျမကိုစိုက်ကြည့်နေခဲ့သည်. ကျမ ပါးစပ်ထဲတွင်လဲ အခါးရည်တွေ ပြည့်နေခဲ့သည် ထင်သည်.
ကျမအတွက်တော့ လူတစ်ယောက်ကို ယုံကြည်မှုနှင့်ပင် ပေါင်းသင်းဆက်ဆံချင်ပါသည်. ယုံကြည်မှု ပျက်ပြားသွားခြင်းသည် လူတစ်ဦးနှင့်တစ်ဦးအကြား ချစ်ခင်မှု ကြင်နာမှု သံယောဇဉ်ဖြစ်မှုတွေကို ရိုက်ချိုးလိုက်ခြင်းပင်ဖြစ်သည်.
ယုံကြည်မှုမရှိတော့သည့်အတွက် ဘယ်အရာမှ အရင်အတိုင်း ပြန်မဖြစ်တော့ပါ.
ကျမသည် ယုံကြည်မှုနှင့်ပင် သူငယ်ချင်းတွေကို ပေါင်းသင်းသည်.
ယုံကြည်မှုနှင့်ပင် ကျမ ချစ်သူကို သိပ်ချစ်ခဲ့သည်.
ယုံကြည်မှုနှင့်ပင် လုပ်ဖော်ကိုင်ဖက်တွေနှင့်အတူ အလုပ်လုပ်ခဲ့သည်.
ယုံကြည်မှုနှင့်ပင် ဘဝကို ရှေ့ဆက်ချင်ပါသည်.
ဘဝအတွက် အရေးအကြီးဆုံးသည် ယုံကြည်မှုဖြစ်သည်လို့ ကျမကတော့ ခံယူထားသည်.
မှတ်မှတ်ရရ ညက အိပ်မက်မက်ခဲ့သည်
ပြည့်စုံ (၁၇-၈-၂၀၀၈ တွင် မေ့ပစ်ခဲ့သော ကျမရဲ့ သူငယ်ချင်းမလေးအတွက်)
(မဆုမွန် ဘလော့တွင် ဖော်ပြပြီး)

Subscribe to:
Posts (Atom)