Tuesday, March 16, 2010

အရောင်မဲ့ အထ္ထုပ္ပတ္တိ

အမေရေ
ဇာတိမြို့ကလေးမှာ မိုးတွေသည်းနေတဲ့ အချိန်တုန်းက
အဓိပတိဖွား သမီးကို လောကကြီးထဲ အရောက်
အမေ ပို့ဆောင်ပေးခဲ့တယ်နော်
ဖွားရခက်တဲ့ သမီးက
ခြေအစုံပစ် လောကကြီးထဲ ဇွတ်ဝင်ခဲ့တယ်လေ
နီတာရဲ သမီးလေးကိုပိုက်ပီး
အိမ်ခေါင်ရဲ့ မိုးယိုနေတဲ့တိုင်တွေကြား
အမေ ဗျာများနေခဲ့ဖူးတယ်နော်

အမေရေ
ဇာတိမြို့ကလေးကို ခွာပီး မြို့သစ်ကလေးဆီ အလာလမ်းမှာရော
စစ်ကားကြီးပေါ်က ပစ္စည်းထုပ်တွေရဲ့ကြား
အိမ်ဟောင်းလေးက ပစ္စည်းအတိုအထွာတွေနဲ့
ကလေးခြောက်ယောက်လက်ကိုဆွဲ
အမေ အံခဲပီး လမ်းလျှောက်ခဲ့တယ်နော်
လေးတိုင်စင်ဆောက်ထားတဲ့ တဲကလေးနံဘေးမှာ
စိတ်ဓာတ်တွေ အလံထူပီး
အမေ မယိုင်မလဲ အားတင်းနေခဲ့ဖူးတယ်နော်

အမေရေ
မိုးတွေသည်းနေတဲ့ မြေနီလမ်းလေးဘေးကနေ
အမိုးအကာမလုံတဲ့ တောကျောင်းကလေးဆီ
ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့
ခြေချော်လဲသွားစေမယ့် ရွှံ့ဗွက်တွေကြား
စာသင်ဖို့ သွားနေတဲ့
သမီးကလေးရဲ့မိုးကာအဝါလေးကို
တဲအိမ်ကလေးရဲ့ တံစက်မြိတ်ဘေးကနေ
အမေ ရပ်ကြည့်နေခဲ့ဖူးတယ်နော်

အမေရေ
အပျိုဖော်ဝင်စ အရွယ် စကားနည်းတဲ့သမီးက
စိတ်ကူးတွေ အတည်ကြီးတွေး
ဂေါက်တောက်တောက်ဥာဏ်လေးနဲ့
ကတ္တရာပုံးဖက် လေးနက်တဲ့အတွေးတွေ
အရှေ့လဲ မတိုး အနောက်လဲ မရောက်
လူတွင်ကျယ်မလုပ်ဘဲ ခပ်ကုပ်ကုပ်နေခဲ့တုန်းက
စကားနည်းတဲ့သမီးလေး
အမေ့နံဘေးမှာ အားကိုးရာလေးလို့ အမြဲပြောခဲ့ဖူးတယ်နော်

အမေရေ
အရွယ်ရောက်စပြုလာတဲ့ သမီးကလေ
စားဝတ်နေရေး ကူညီဖို့အတွေးနဲ့
လောကရဲ့ ဘဘာဝအထာတွေကို မသိသေးဘဲ
လှေကားထစ်လို အကျော်အတက် အခွအဆင်း
လုပ်ငန်းခွင်ထဲ အစ အဝင်မှာပဲ
လမ်းလျှောက်ရင်း လမ်းပျောက်
စိတ်ကူးတွေ အကုန်နောက်ခဲ့ဖူးတယ်
ချည့်နဲ့နေတဲ့ အတွေးနဲ့ အားငယ်နေတဲ့ သမီးလေးကို
ဒါ ဘဝပဲလို့ အမေ အားပေးခဲ့ဖူးတယ်နော်

အမေရေ
လမ်းပျောက်နေပေမဲ့ လမ်းလျှောက်နေဆဲ သမီးအတွက်လေ
ကျောချင်းကပ်သူငယ်ချင်းရလို့ ကျေနပ်ခဲ့သမျှ
ရင်ချင်းအပ် ခါးကိုဖက်ပီး
နောက်ကျောကို ဓားနဲ့ထိုးသွားတယ် အမေ
အတောင်အလက်မစုံသေးပေမဲ့
အမြင့်ပျံချင်တဲ့ သမီးကလေ
မွေးရပ်မြေကိုခွဲ
စိတ်ကူးတွေထဲ အတောင်ပံတွေ တပ်ခဲ့တုန်းက
အမေက မျက်ရည်ဖုံးပေမဲ့ အပျော်ဆုံးဖြစ်နေခဲ့မှာပါနော်

အမေရေ
သမားရိုးကျ မိန်းမဘဝကို မျှော်လင့်နေမိတဲ့သမီးကလေ
အဖော်မင်ပေမဲ့ မပျော်ရွှင်ခဲ့ရဖူးတဲ့ လူငယ်သဘာဝတုန်းကတော့
လျှော်ပင်လို ဖမ်းဆုပ်ချင်စရာ
ချစ်သူတစ်ယောက် နှလုံးသားထဲ ကောက်ရခဲ့ဖူးပါရဲ့
အခုများကျတော့ရော..
ရစ်နှောင်ထားဖို့ မလိုအပ်ပေမဲ့
လက်ရှိရဲ့ အချစ်ကိုပဲ အရူးအမူးအတွေးနဲ့ ချစ်နေမိဆဲဆိုတာ
အမေများသိရင် အမေ့ထက် ပိုချစ်သူကို ရှာလို့ ဝမ်းနည်းနေမလားနော်

အမေရေ
ခေတ်မီတိုးတက်နေတဲ့ မြို့ကြီးပြကြီးထဲ
သမီးရဲ့ညခင်းမှာ မသာတဲ့ လမင်းကို
မလင်းတလင်း ကြယ်အစင်းရဲ့ အလင်းတွေအားကိုးပီး
အမေ့ရဲ့ ညခင်းမှာ လမင်းသာနေမှာပဲလို့
အားအင်တွေ မွေးခဲ့တယ် အမေ
အများညီ ဤကို ကျွဲမဖတ်ရတဲ့ ထုံးစံတွေထဲမှာ
သမီးကတော့လေ စိတ်ဓာတ်တွေကို ဇွဲအဖြစ်ပြောင်းပီး
အဆင်ပြေတယ်ဆိုတဲ့ သတင်းစကားနဲ့
အမေ သမီးရဲ့သတင်းကြားရရင် ပျော်နေမှာပါနော်

အမေရေ
အမေချက်တဲ့ ထမင်းဟင်းကို လွမ်းနေတိုင်း
အပိုအသိုင်းအဝိုင်းချဲ့ထားတဲ့ ညစာထမင်းဝိုင်းတွေထဲ
သမီးကလေ
အမေ မကြိုက်တဲ့ ခြေလေးချောင်းအသားတွေ
အမေ မကြိုက် ဘုရားမကြိုက်တဲ့ အချိုရည်တွေ သောက်ပီး
အမေရေလို့ စိတ်ကူးထဲ တပီး
အိမ်ပြန်ချင်တယ် ညည်းမိတိုင်း
မျက်ရည်တွေ ညတိုင်းဝိုင်းမိတယ် အမေ
အမေများသိရင် မချိတဲ့အတွေးတွေနဲ့ ဝမ်းနည်းနေမှာနော်

အမေရေ
အသက်ပဲကြီးလာတဲ့ သမီးကလေ
အခုအချိန်ထိတော့ ငယ်ကျင့်စရိုက်တွေ
မပြောင်းလဲသေးဘဲ တွေဝေနေတုန်းပဲ အမေရေ
သံန္နိဌာန်တွေ လေးလေးနက်နက်ချ
ဆုံးဖြတ်ရခက်တဲ့ စကားလုံးလှလှတွေနဲ့
ဘောင်ခတ်ထားတဲ့ အတွေးတွေကိုပဲ တွေးပီး
နှောင်တွယ်နေတဲ့ အဝန်းအဝိုင်းလေးမှာတင်ကို
အခုအထိလေ အိမ်ပြန်ချင်တဲ့ အတွေးတွေ
ဟိုးအမြင့်ကို ထပ်ပျံသန်းချင်တဲ့ အတွေးတွေနဲ့
စိတ်ကူးတွေ နှစ်ခွတွေးနေမိတုန်းပါပဲ အမေ…..

ပြည့်စုံ
(၁၆-၃-၂၀၁၀၊ ၅း၅၈ pm)

Saturday, February 27, 2010

နေရစ်ခဲ့တော့ ချင်းမိုင်ရေ

နေရစ်ခဲ့တော့ ချင်းမိုင်ရေ..
ရင်ထဲမှာ ဒဏ်ရာနက်နက်စူးဝင်ခဲ့
တစ်ကိုယ်ထီးတည်းပါပဲ
ကိုယ့်အပိုင်ဆိုတာ မရှိခဲ့ပါဘူး
ပြန်တွေးမိကာမှ ဘဝဟာ ပိုအဓိပ္ပါယ်မဲ့လာတယ်
အကောင်အထည်တော့ ရှိပါရဲ့
အရိပ်မပါတဲ့လူလိုပဲ
ထူးရင်တောင် ခေါ်မယ့်သူမရှိခဲ့ပါ
ကြားနေရတဲ့ နားလဲ ရှိပါရဲ့နဲ့
ပြန်ပြောဖို့တော့ တိတ်တဆိတ်ဆွံ့အလို့
မရှိတဲ့နေရာဘေးမှာ ချောင်ကပ်နေခဲ့ရင်း
အရိပ်မဲ့ရတဲ့ဘဝများ အလင်းရောင်မှာတောင်
မှောင်ရိပ်ကျနေခဲ့

နေရစ်ခဲ့တော့ ချင်းမိုင်ရေ
မြို့ရိုးတစ်ပတ် ကျုံးဘေးမှာ ဆိုင်ကယ်နဲ့ပတ်ခဲ့တုန်းက
မြို့ကလေးရဲ့ အေးချမ်းမှုနဲ့
ပန်းရနံ့တွေရဲ့ ဆွဲဆောင်မှုက
အိနြေ္ဒကြီးတဲ့ အပျိုကြီးတစ်ယောက်လိုပ
တည်ငြိမ်ပေမဲ့ သူစိမ်းဆန်လှတယ်
ချင်းမိုင်ရဲ့ အလင်းယိုင် ညချမ်းတွေမှာ
မြူးတူးပျော်ရွှင်ခဲ့တုန်းက
စိမ်းသူကြီးလို ခံစားရတာကလွဲလို့
ပျော်သလိုတော့ ရှိပါရဲ့
သဟဇာတမဖြစ်တဲ့ အတွေးတွေက
တခါတလေမှာ ရင်ခွင်ကို ခပ်ပြင်းပြင်းရိုက်ခတ်ခဲ့

နေရစ်ခဲ့တော့ ချင်းမိုင်ရေ
ဘဝဟာ သမားရိုးကျမဖြစ်ခဲ့ပါဘူး
ဒီလိုအတွေးတွေနဲ့ပဲ ချင်းမိုင်ကိုစွန့်ခဲ့တယ်
……....
နေရစ်ခဲ့တော့ ချင်းမိုင်ရေ.....

ပြည့်စုံ
(၂၇-၂-၂၀၁၀၊ ၆း၀၀ pm) (Tak)

Wednesday, February 10, 2010

ကံပစ်ချတဲ့ ဘ၀တွေ

သူတို့ရဲ့ မျက်ရေးကြောင်းတွေက
ဘဝကို ဒုံးခံပီး ရင်ဆိုင်မယ့် သတ္တိအပြည့်ရှိကြတယ်
သူတို့တွေရဲ့ စိတ်ဓာတ်အရင်းခံကလဲ ရိုးသားကြတယ်
သူတို့မှာ ဆန်းပြားတဲ့ အတွေးတွေလဲ သိပ်မရှိဘူး

သူတို့မှာ လျှောက်ရမယ့်လမ်းတွေကလဲ ရွေးစရာ သိပ်မများဘူး
သူတို့ရဲ့လိုဘတွေကလဲ အခြေခံလိုအပ်ချက် ပြည့်စုံဖို့ပဲ
သူတို့ရဲ့ မျက်နှာတွေမှာ အားမာန်တော့ အပြည့်ရှိကြတယ်
သူတို့က အရာရာကို ကံကိုပဲ ပုံချ
ငတ်ရတာကိုက ရှေးကံမကောင်းခဲ့လို့တဲ့
သွားမရှိတော့တဲ့ အဘွားအိုက ခွက်ကလေးတလုံး လက်ဆွဲပီး ပြောရှာတယ်

"ဘယ်သူ့ကိုများ အပြစ်တင်ရမလဲကွယ်
ဘဝတွေကိုက ဆိုးလွန်းပါတယ်
ရင်ထဲက မချိတာတွေအတွက်
သူတပါးကိုတောင် အပြစ်မတင်ရက်ရှာဘူး"


သူတို့ရဲ့ အနာဂတ်အိပ်မက်မှာ
ဇိမ်ခံစည်းစိမ်တွေ မပါဝင်ဘူး
ကိုယ့်မိသားစု ကိုယ့်တဲကလေးနဲ့
မိသားစုတွေ ထမင်းဝိုင်း
အပိုအသိုင်းအဝိုင်း မပါတောင်
ထမင်းကြမ်းခဲကလေးကို ပဲကလေး ဆီဆမ်းစားရတာကိုက
လောကနိဗ္ဗာန်တဲ့လေ

သူတို့ရဲ့ နေ့စဉ်ဝတ္တရားတွေကလဲ
အစဉ်အလာအတိုင်းပဲ လှုပ်ရှားကြတယ်
သူတို့က နိုင်ငံရေးဆိုတာ ဘာလဲ မသိကြဘူး
သူတို့က လူ့အခွင့်အရေး ဘာလဲ မသိကြဘူး
သူတို့က သူတို့ရပိုင်ခွင့်ကိုတောင် ဘယ်သူဆီက တောင်းရမှန်း မသိကြဘူး….

ပြည့်စုံ (၂-၅-၂၀၀၉၊ ၂း၃၅ am)

(နာဂစ်နှစ်ပတ်လည်အတွက် ရေးစပ်ထားတဲ့ တင်ပီးသား ပို့စ်အဟောင်းလေးပါ.. လှိုင်သာယာစက်မှုဇုန်က လစာငွေတစ်သောင်းကျပ်လေးတိုးပေးဖို့အရေး လက်နက်ကိုင်လူသတ်သမားတွေရဲ့ ရှေ့မှာ လည်စင်းပေးနေရရှာတဲ့ တိုက်ပွဲဝင် ရဲမေတွေရဲ့ မျှော်လင့်ချက်မဲ့မျက်လုံးတွေအတွက် ဒီကဗျာလေးကို ပြန်တင်လိုက်တာပါရှင်..)

Monday, February 1, 2010

မိုးတိမ်ထဲဝယ်

နေရာဌာနေ အတည်တကျ မရှိခဲ့ပါဘူး
ဒီလိုနဲ့ပဲ လေနှင်ရာ မျောလွင့်ခဲ့
ဖမ်းဆုပ်မရတဲ့ တိမ်လွှာစိုင်သက်သက်ပါပဲ
ကိုယ့်အပူရှိန်နဲ့ကိုယ် ငွေ့ရည်ဖွဲ့ခဲ့ရတယ်
လေးလံလာတဲ့ ကိုယ့်ရင်ငွေ့တွေကြောင့်
တောင်တန်းတွေရဲ့တစ်ဖက်ကိုရောက်တော့
မိုးရေအဖြစ်နဲ့ ရွာချခဲ့တယ်

မိုးခါးရေတော့ မဟုတ်ခဲ့ပါဘူး
ရွာကျတဲ့ မိုးရေနဲ့ပဲ ဘဝဟာ စိုစွတ်ခဲ့ရတယ်
တစ်ကိုယ်စာလုံတဲ့ ထီးရှာပေးပါ
တစ်ဘဝစာအတွက်တော့ ဒီအတိုင်းက ဒီအတိုင်း
စိတ်ကူးတွေ မရိုင်းခဲ့ပါဘူး
စိတ်ရိုင်းတွေတော့ တစ်ခါတစ်ခါ ပေါက်မိတယ်
လူရိုင်းတစ်ယောက်ဖြစ်ခဲ့ရင်လဲ အကောင်းသား
ရခဲ့တဲ့နောင်တတွေက အရောင်တွေပြယ်လို့
ဒါနဲ့တောင် နက္ခတ်တွေ လွဲခဲ့သေးတယ်

ဇာတ်လမ်းထဲက စကားလုံးတွေနဲ့ပါ
ပြုံးစေချင်မိတယ် ပျော်စေချင်တာ တစ်ခုတည်းနဲ့ပဲ
ငါလဲ အရူးအမူးကျရှုံးခဲ့
ဇာတ်သိမ်းမှာ ရှုံးနိမ့်ကျန်ခဲ့ရမယ်မှန်း သိခဲ့ရက်နဲ့
ရူးရူးမိုက်မိုက် သရုပ်ဆောင်နေမိခဲ့တယ်
ဇာတ်ညွှန်းတွေ အခါခါ ပြောင်းလဲ
ဇာတ်သိမ်းတော့ မပြောင်းခဲ့တာ သေချာတယ်
မရေရာတဲ့ အတွေးတွေနဲ့ပဲ
ဇာတ်ညွှန်းဆရာကို မျက်နှာချိုသွေးနေမိတယ်

ရခဲတဲ့လူ့ဘဝတစ်ခုအနေနဲ့ပေါ့
ကောင်းကင်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်းအကြား
ဗြဟ္မာကြီးလေးဦးနဲ့ အာဒမ် ဧဝ
တူနှစ်ဖြာပေါင်းစပ်မှုတဲ့
သုခကမ္ဘာချည်းထင်ထားခဲ့သမျှ
ဓားသွားထက်က ပျားရည်စက်ကို မျှော်တပ်မက်မိနေတုန်း
အဆုံးမှာတော့ ဖမ်းဆုပ်ခဲ့စရာ မြက်ပင်လေးကို
ချောက်ကမ်းပါးဘေးမှာ ပေါက်စေချင်မိသူပါ

ဒီလိုနဲ့ပဲ တစ်ဖန် မျောလွင့်ခဲ့ပြန်တယ်….

ပြည့်စုံ
(၃၁-၁-၂၀၁၀၊ ၁၁း၂၁ pm)

Saturday, January 16, 2010

နေမင်းရဲ့လင်းနေခြည်

တစ်နေ့ခင်းလုံး အဖော်လုပ်ပေးပြီးမှ
ဆည်းဆာတောက်ချိန် နေညိုချိန်မှာ ပစ်ပြေးရက်တယ်
ညခင်းမှာ လမင်းရဲ့ မှုန်ပျပျအလင်းစက်အောက်
နင့်ရဲ့ နွေးထွေးတဲ့အနမ်းတွေကို တမ်းတနေရင်း
ဟိုးကမ္ဘာတစ်ဖက်ခြမ်း
နင်လွမ်းနေမှန်း ငါသိနေနှင့်ခဲ့.......

ပြည့်စုံ
(၁၆-၁-၂၀၁၀။ ၅း၁၀ pm)

Tuesday, January 12, 2010

ရလဒ်

ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ကိုကျော်ပြီး
အညွှန်း ထက်ပိုသောက်ခဲ့မိလို့ . .
အချစ် အဆိပ်တွေတက်ခဲ့ပေါ့ . .

ဝေးနေကြတာ နီးရဖို့အတွက်တဲ့
ဟုတ်ရဲ့လား . . .

တွေးကြည့်တော့ ပေါ့ပါးလိုက်တဲ့. . “အချစ်“
လက်တွေ့ကတော့ ရင်မောရတဲ့ . .“အဖြစ်“

မဆုံနိုင်မှန်း သိနေမှတော့ . .
ကြုံနေတုန်း “ခဏ“ တာလေးမှာ
ဘာကြောင့် . . .

တစ်ယောက်ကိုတစ်ယောက်
ဝေဒနာတွေပေးနေကြဦးမှာလည်း . . .

လရောင်

Friday, January 8, 2010

အိမ်ပြန်ချိန်

နေတက်ရေတက် မနက်အာရုဏ်တက်မှာ
သူများနဲ့ တမူကွဲပြား
ခြေက ဖွားခဲ့ရတဲ့ သားလေ
လောကကြီးထဲ ခြေစုံပစ်
အမေ့ကို ဒုက္ခအသစ်တွေပေးခဲ့ပေမဲ့
အဓိပတိဖွား ဥာဏ်ထက်တဲ့သားလို့
အမေဂုဏ်ယူခဲ့တုန်းက
သားက ကော်လံထောင်ပီး
လိုတာထက်ပိုမာန်တက်ခဲ့မိတယ် အမေ

ဘဝမုန်တိုင်းထဲ
လေဆန်ခရီးမှာ ရွက်လွှင့်ထွက်ခဲ့တုန်းက
အိမ်ပြူတင်းဝက အမေ့ကို
ရောမမြို့ကြီး
တစ်နေ့တည်း အပြီးဆောက်မယ်လို့
ကြွေးကြော်ခဲ့တဲ့သားလေ
အခုတော့ လက်တွေ့ဘဝမှာ
ပန်းရံဆရာကိုင်တဲ့ သံလျက်တောင်
အိပ်မက်ထဲ ပိုင်ခွင့်မရသေးဘူး အမေ

နေရာတစ်နေရာ ကျောခင်းစာအတွက်
အစာအိမ်ဗလာ ဝမ်းတစ်ထွာအတွက်
ကြုံရာနေရာ မှီခိုစားခဲ့ရတုန်းက
သားရဲ့အဖြစ် စိတ်မညစ်ခဲ့ဘူးအမေ
ဒါပေမဲ့ အမေ့ရဲ့အချစ် စာကညစ်ပေါ်မှာ ထုတ်ဖတ်ခွင့်ရတော့မှပဲ
ဂုဏ်မတက်ခဲ့တဲ့သားလေ
မွေးရကျိုးမနပ်ခဲ့တဲ့အမေ့အတွက်
အားရအောင် ငိုခဲ့မိတယ် အမေ

သက်ထားကလျာ မဒီသည်းညှာကို
တစ်ပါးသူလက် နှင်းအပ်ခဲ့ချိန်တုန်းက
အသည်းနှလုံး ကြိမ်မီးအုံးသလို ခံစား
အကြံတွေ ထွေပြားခဲ့ရတုန်းက
စိတ်ကူးထဲ အမေခေါ်
ပြန်မပေါ်လာတော့မယ့် ပစ္စုပ္ပန်ထဲ
သားမိုက်လေ
အရက်အိုးထဲ ခေါင်းစိုက်မိခဲ့တယ် အမေ

အခုအချိန်အထိတော့ အိပ်မက်တွေ ဗလာကျင်း
လက်တွေ့မှာ ရှိသမျှ ချရင်းခဲ့ရတဲ့
သားမိုက်လေ
ဘဝတစ်သက်စာ အမေ့မျက်ရည်တွေနဲ့ရင်းပီး
ပေတေလေလွင့်
စိတ်ဓာတ်တွေ ချို့ယွင်းခဲ့ရချိန်တိုင်း
အမေ့အိမ်ကိုပြန်ဖို့ ခြေတွန့်
ရေရွတ်မိတဲ့ အမေ့ကို တမိတဲ့စကားတွေကလဲ
လေထုထဲ မျောလွင့်
အမေကြားရင် ရင်နင့်မိမှာစိုးမိတယ်

အချိန်တန်လို့မှ အိမ်မပြန်နိုင်ခဲ့တဲ့
သားမိုက်လေ
လမ်းဟောင်းလေးကနေ ပြန်လာမယ့်သားအတွက်
ရာသီစာ စိုက်ခင်းလေးတွေကြားထဲ
ဝေမှုန်ပြာရီနေတဲ့ မျက်ဝန်းအစုံနဲ့
မျှော်ငေးနေမယ့်အမေ့အတွက်
နောင်တတွေ တပွေ့တပိုက်နဲ့
အခုအချိန်အထိ
အိပ်ပေါက်နဲ့ အိပ်မက်အသေတွေ လိုက်ကောက်နေမိတုန်းပဲ…

ပြည့်စုံ
(၉-၁-၂၀၁၀၊ ၁၂း၀၀ pm)