Wednesday, July 17, 2013

ကမ်းခြေမှာ အပန်းဖြေစရာ .. စိတ်အချဉ်ပြေခဲ့.....


သဲသောင်ပြင်လွလွပေါ် ကျောခင်းချလိုက်တော့ မိုးကောင်းကင်ယံပေါ်မှာ တိမ်စိုင်မျှင်တွေ လွင့်မျောနေတယ်... မိုးတိမ်တွေဆီက တဆင့် မိုးစက်မိုးမှုန်လေးတွေ မျက်နှာပြင်ပေါ် ကျဆင်းလာတော့ သာယာ ကြည်နူးစိတ်နဲ့ ကိုယ်တို့တွေ ရီမောမိခဲ့ကြ...

ဒီခရီး ဒီလမ်းဟာ စတင်ခဲ့ကတည်းက အဖျက် အမှောင့် အနှောင့်အယှက်များစွာကြားထဲက တမင် စီစဉ်ခဲ့ရတာမျိုး..

သုံးယောက်ပေါင်း လောင်းကျော် တဲ့... သရော်တော်တော် စကားပုံတခုကြားတော့ ကိုယ်တို့ ပြုံးမိသားပင်..
.
ဘန်ဂလိုသေးသေးလေးထဲ ကိုယ်တို့တွေ လွတ်လွတ်လပ်လပ် နေလို့ရ.. စားလို့ရ.. သောက်လို့ရ.. ပျော်လို့ရ... ကဲ ဘာလိုသေးလဲ...

မနက်မိုးလင်းရင် ပင်လယ်ထဲ လက်ပစ်ဆင်းကူး.. နေ့လယ်ခင်း ထမင်းစားတော့ ဂဏန်းဟင်းကို လက်နှစ်ဖက်နဲ့ ပယ်ပယ်နယ်နယ် ကိုက်ဖဲ့စားသောက်.. နေ့လယ်ခင်း ရွာထဲလမ်းလျှောက်... သောက်ဖို့ ရိက္ခာလိုက်ရှာ.. ညနေခင်း ပင်လယ်လှိုင်းတွေကြား မြူးတူးပျော်ပါး...
.
ဟိုးအဝေးကြီးကနေ လှိုင်းတွေအော်မြည်ပြေးလာတော့ ရွှင်မြူးတဲ့စိတ်နဲ့ လှိုင်းလုံးရိုက်ခတ်မယ့် လမ်းကြောင်းပေါ် ဘောကွင်းပိုက်ပြီး အလျားလိုက် ကူးခတ်...

လှိုင်းလုံးက ကိုယ်ပေါ်ကို ကျော်သွားတဲ့အခါ မျက်လုံးတွေ.. နားတွေ.. ပါးစပ်တွေထဲ ပင်လယ်ဆားငန်ရေတွေ ၀င်ရောက်ပြီး ငန်ကျိကျိဖြစ်လာတဲ့ သွားရည်တွေကို စု ... စိတ်ပေါက်ပေါက်နဲ့ အာခေါင်ခြစ်ပြီး ထွေးထုတ်လိုက်တယ်..

လှိုင်းလုံးတွေကြား ကိုယ်တို့တွေ ပင်လယ်ပျော်လင်းပိုင်တွေလို ရေသန့်ဘူးထဲ ထည့်ထားတဲ့ အချိုရည်တွေကို ခုံခုံမင်မင် သောက်သုံးပြီး အလျားလိုက် ကူးခတ်ပျော်မြူးလိုက်ကြ...

ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုခဲ့.. ဘယ်သူ့မှ စောင့်ကြည့်မနေတဲ့ ပင်လယ်ထဲ.. ဘယ်သူ့ကိုမှ အပြစ်တင်စရာ.. ဘယ်သူကမှ အပြစ်မြင်စရာ မရှိတဲ့ လှိုင်းလုံးတွေကြားမှာ... သဲသောင်ပြင်ပေါ်မှာ ကိုယ်တို့တွေ စိတ်ကြိုက်ပျော်ရွှင်လို့ ရခဲ့တယ်....

ညနက်လေ အရှိန်တက်လာတဲ့ ဥာဏ်ကွန့်မြူးမှုတွေကြားထဲ ဘ၀ရဲ့ အတွင်းပိုင်းနက်နက်ထဲက အတွေးအခေါ်တွေ ပေါ်ပေါက်လာတယ်..

ဘာတဲ့.. "အချစ်ဆိုတာ ချစ်လို့ကို ချစ်တာတဲ့".. လေးနက်တဲ့ အဘိဓမ္မာတွေ ထွက်လာတဲ့အခါလဲ ရှိခဲ့...

"မဟုတ်ဘူး၊ အဲ့တာ ရူးတာ.. လူတိုင်းဟာ အချိန်တခု ရောက်တဲ့အခါ ရူးသွပ်တတ်ကြတာမျိုးဟ" စတဲ့.. ဘာမှန်းမသိတဲ့ ဒိုင်ကြောင်တွေ ထွက်လာ..

နောက်တော့ တယောက်ကို တယောက် အပြန်အလှန် ထိန်းကျောင်းရင်း အိပ်ရာထဲ ခေါင်းထိုးဝင်ပြီး အိပ်လိုက်ကြ...

မနက်မိုးလင်းတော့ မနေ့က အရှိန်နဲ့ လူတကိုယ်လုံး ကိုက်ခဲ နာကျင်.. ဒါပေမဲ့ လှိုင်းလုံးတွေကြားထဲ ပြန်ရောက်သွားပြန်တော့လဲ အကြောအချင်တွေ ပြေပျော့သွားတာ အမှန်ပင်..

ပင်လယ်ဟာ စိတ်အညစ်အကြေးတွေကို သန့်စင်သွားအောင်အထိ မဟုတ်ပေမဲ့ အတန်အသင့်တော့ ဆေးကြောပေးနိုင်တယ်ဆိုတာ အင်မတန် မှန်ကန်တယ်..

စိတ်ပေါ့ပါးတယ်.. လွတ်လပ်ရွှင်ပျတဲ့ အတွေးအခေါ်မျိုး.. ဘ၀ကို ခင်တွယ်တဲ့ ခုံမင်မြတ်နိုးစိတ်တွေလဲ ပြန်ပေါ်လာတယ်...

လက်ရှိဘ၀ထဲက ကိုယ် ခေတ္တ ထွက်ပြေးလွတ်မြောက်ချင်တဲ့အခါ ကိုယ့်လက်ကို အတူတူဆွဲပြီး ကိုယ်နဲ့အတူ သွားချင်ရာကို သွားဖို့ အသင့်လိုက်ပါနိုင်တဲ့ သူငယ်ချင်းတွေရယ်..
ရိုးသားမှုနဲ့ ယုံကြည်မှုရယ်သာ ရှိနေရင် ဘာလိုသေးလဲနော်...

ကျေးဇူးတင်ပါတယ် ပင်လယ်ကြီးနဲ့ လှိုင်းလုံးကြီးတွေရယ်..



ပြည့်စုံ
(9း02 pm, 17-7-2013)

2-7-2013 to 5-7-2013, ချောင်းသာကမ်းခြေ အပန်းဖြေခရီးစဉ်

1 comment:

  1. "ဘာမှန်းမသိတဲ့ ဒိုင်ကြောင်တွေ ထွက်လာ" ဆိုတဲ့ နေရာမှာ ရီကို ရီမိတာ။
    ဟုတ်တယ် ဘ၀ကို ခင်တွယ်ဖို့ ကိုယ့်ကိုကိုယ် သတိပေးနေရတာ သိပ်ခက်တာပဲ။ အဲလို လေ့ကျင့်ခန်းလေးတွေ ဆင်းပေးရတယ် ..း)

    ခင်

    ReplyDelete