Sunday, September 13, 2009

စိတ်ကူးယဉ်အိပ်မက်

ကြွေကျလို့ မြေခပေမဲ့လဲ
ခရေပွင့်ကလေးခမျာ
သူ့သဘာဝအရ မွှေးမြနေတုန်းပဲ

ပင်ယံထက်မှာ ငွားငွားစွင့်စွင့်ရှိခဲ့တဲ့
ပန်းပိတောက်လဲ
တချိန်ချိန်တော့ ကြွေကျမြေခရတာပဲ အချစ်ရယ်

မင်းအတွေးနဲ့မတူ
တမူကွဲပြားတဲ့
စိတ်ကူးယဉ်အိပ်မက်တွေနဲ့ ကိုယ်မက်နေလဲ
တချိန်ချိန်တော့ အိပ်မက်က နိုးထရမှာပဲ

ငါက အချစ်မက်တယ်
မေ့မပစ်ရက်တာကလွဲလို့
အချစ်အတွက်ဆိုပီး
မင်းကို အသည်းနဲ့ထပ်တူ ချစ်မက်မိတယ်

ကောင်လေးရေ
ပြောပြခွင့်များရှိရင်လေ
ငါ မင်းအတွက်
ငါ့နှလုံးသားကိုပေးအပ်
ငါ့အသက်နဲ့ ထပ်တူ ထာဝရချစ်ပါရစေ……

ပြည့်စုံ (၉-၉-၂၀၀၉၊ ၁၁း၅၈ pm)

Friday, September 11, 2009

ကြေးမုံပြင်ထဲက နောက်တစ်ယောက် သို့မဟုတ် ကိုယ့်ကိုယ်ကို အမြင်ကတ်မိတဲ့အကြောင်းများ

သူတစ်ပါးက ကျမကို အမြင်ကတ်ရတဲ့အကြောင်းတွေကို ရေးတာဟာ မှန်းဆချက်သာ ဖြစ်လိမ့်မယ်လို့ ထင်မိတယ်လေ.. ဘာလို့ဆိုတော့ ချစ်ခင်တုန်း အချိန်တော့ ဘာလုပ်လုပ် ချစ်စရာကောင်းနေပီး အမုန်းဝင်လာပီဆိုရင်တော့ ချောင်းဟန့်တာက အစ ပြဿနာ ဖြစ်နေနိုင်တယ်လေ..

လူတစ်ယောက်နဲ့ တစ်ယောက်ဟာ အမြင်ချင်း ခံယူချက်ချင်း ယုံကြည်ချက်ချင်း မတူညီနိုင်ပါဘူး.. ယုတ်စွအဆုံး ကိုယ့်ရဲ့လက်ချောင်းကလေးတွေတောင် အတိုအရှည်မညီနိုင်သလို လက်မှာတောင် လက်ဖဝါးဘက်နဲ့ လက်ဖမိုးဘက်ဆိုပီး နှစ်ဘက်မတူတဲ့အတွက် လူတစ်ယောက်ရဲ့ စိတ်ဟာလဲ နှစ်မျိုး နှစ်စားရှိနိုင်ပါလိမ့်မယ်.

အဲ့ဒီတော့ အမြင်ကတ်တယ်ဆိုတဲ့ အကြောင်းရင်းဟာ စိတ်ခံစားချက်ပေါ် မူတည်ပီး ဖြစ်နိုင်တဲ့ မှန်းဆချက် သက်သက်မို့ ကျမကတော့ သေချာ ရေရာတဲ့ ကိုယ့်ကိုယ်ကို အမြင်ကတ်မိတဲ့ အကြောင်းကိုပဲ ပြောပြချင်မိတယ်…

ကျမတောင် ကိုယ့်ကိုယ်ကို အမြင်ကတ်မိရင် ကျန်တဲ့လူတွေလဲ ကျိန်းသေပေါက် အမြင်ကတ်ကြပါလိမ့်မယ်….. :P

ပထမဆုံးအချက် ကိုယ့်ကိုယ်ကို အမြင်ကတ်မိတဲ့အချက်က စိတ်ထိခိုက်ခံစားလွယ်တာပါ.. တစ်ခုခုဆို အပြင်းအထန်ခံစားပီး ခံစားချက်ပြင်းလွန်းမိတယ်.. စကားလေးတစ်ခွန်း အကြည့်လေးတစ်ချက် အပြုံးလေးတစ်ပွင့်နဲ့တင် ရင်တစ်ခုလုံး နာသွားတဲ့အထိ ခံစားချက်ပြင်းလွန်းပါတယ်… စိတ်ထိခိုက်တိုင်း စိတ်ထဲမှာ နာကျင်သွားတိုင်း စိတ်ထဲမှာ ဝမ်းနည်းသွားတိုင်း မျက်ရည်သွင်သွင် ကျမိတာပါပဲ.. အဲ့ဒီလို မျက်ရည်ကျတိုင်း ကိုယ့်ကိုယ်ကို မုန်းပါတယ်.. အမြင်ကတ်ပါတယ်.

ဒုတိယအချက်က ဟန်မဆောင်နိုင်တာပါ.. ရင်ထဲမှာ တစ်ခုခု ခံစားလိုက်ရပီ ဆိုတာနဲ့ ဟန်ကို မဆောင်နိုင်တာပါ.. ဝမ်းနည်းသွားတယ်ဆိုရင် ချက်ချင်း မျက်ရည်ဝဲပီး ငိုချင်လာတယ်.. စိတ်ဆိုးသွားတယ်ဆိုရင် နှုတ်ခမ်းစူပီး ဒေါသထွက်လာတယ်.. စိတ်ထဲမှာ နာသွားတယ်ဆိုရင် မျက်နှာချင်းတောင် မဆိုင်ချင်တော့ပါဘူး.. ကိုယ့်ကိုယ်ကို ဟန်ဆောင်တတ်အောင် ဘယ်လိုပဲ လုပ်ယူပါစေ အခုအချိန်အထိတော့ ဟန်ဆောင် မကောင်းဆုံးထဲမှာ ပါနေသေးတုန်းပါပဲ.. ဒါပေမဲ့ အခုတော့ နည်းနည်းတော့ ရင်ထဲမှာ ဝမ်းနည်းပေမဲ့ နှုတ်ခမ်းတွေကို ပြုံးတတ်အောင် လေ့ကျင့်ထားပါတယ်.. မျက်လုံးတွေကတော့ ငိုရီရီ မဲ့တဲ့တဲ့နဲ့ပေါ့..

တတိယအချက်က စိတ်မြန်တာပါ.. လုပ်စရာရှိတာဆို သိပ်မစဉ်းစားဘဲ လုပ်ပစ်မိတာပါ.. အဲ့ဒီလို လုပ်မိတဲ့အတွက် ကိုယ့်ကိုယ်ကို ဖြေသိမ့်မိတဲ့ ဆင်ခြေကတော့ အဲ့ဒီတုန်းက ငါဘာကြောင့် မလုပ်လိုက်ရလေခြင်းထက် ငါလုပ်လိုက်မိတဲ့အဖြစ်ကို ငါခံမယ်ဆိုတဲ့ စိတ်တင်းထားချက်ပါပဲ.. အဲ့တာကြောင့်လဲ သူငယ်ချင်းတွေနဲ့ဖြစ်စေ မိသားစုထဲမှာဖြစ်စေ အလုပ်ထဲမှာပဲ ဖြစ်စေ လုပ်စရာရှိတာဆို လုပ်ပစ်လိုက်လို့ ကျမက အမြဲတိုက်တွန်းပါတယ်.. လုပ်ဖြစ်အောင်လဲ အတင်း တိုက်တွန်းပါတယ်.. တခါတလေ ကိုယ်က ဦးဆောင်ပီး လုပ်လိုက်ပါတယ်.. အဲ့ဒီအတွက် အပြစ်ကတော့ ကိုယ်က ဆရာကြီးသိပ်လုပ်တယ်လို့ သူများက ထင်တာ စွပ်စွဲတာပါပဲ..

စတုတ္တအချက်ကတော့ စိတ်မဝင်စားဘူးဆိုရင် ဘယ်လိုလုပ်လုပ် စိတ်ကို မဝင်စားတာပါပဲ.. စိတ်မဝင်စားတဲ့ အကြောင်းအရာဆိုလဲ ဘေးမှာ ဘယ်လောက် ထိုင်ပြောနေပါစေ ဘယ်လိုမှ ဟန်ဆောင်ပီး နားထောင်လို့ကို မရတာပါ.. ငယ်ငယ်တုန်းက စိတ်ဆိုရင်တော့ ထကို ထွက်သွားတာပါ.. ဒါမှမဟုတ် ပြောနေတဲ့သူက ဘေးက ပြောနေပေမဲ့ ကိုက နားကို မထောင်တာပါ. အခုတော့ အဲ့ဒီလို အရိုင်းစိတ်ကို ဖျောက်ပစ်နေရပါတယ်.. စိတ်မဝင်စားပေမဲ့လဲ အင်း….. လိုက်ရတဲ့ အလုပ်ကို လုပ်တတ်အောင် လေ့ကျင့်နေရပါတယ်.. စိတ်ဆင်းရဲခြင်းကြီးစွာနဲ့ပါ…

နောက်ဆုံးအချက်ကတော့ ကိုယ့်ကိုယ်ကို ဘယ်လောက်ပဲ ဆုံးမ ဆုံးမ ဦးနှောက်က ဒါမလုပ်နဲ့ဆို နှလုံးသားက လုပ်ဖြစ်အောင် လုပ်မိတဲ့အဖြစ်တွေကိုပါပဲ.. တစ်ခုခု လုပ်မိတိုင်း တစ်ခုခု ခံစားရတိုင်း ရင်ထဲမှာ နာကျင်ရတာ ဝမ်းနည်းရတာတွေကို ပြန်ပြန်စဉ်းစားတိုင်း ကိုယ့်ကိုယ်ကို မုန်းပါတယ် ကိုယ့်ကိုယ်ကို အမြင်ကတ်ပါတယ်..

သူများတွေတော့ ကိုယ့်ကို အမြင်ကတ် မကတ် မသိပေမဲ့ ကျမကိုယ်တော့ ကျမ အင်မတန် အမြင်ကပ်ပါတယ်.. ကိုယ့်ကိုယ်ကို စိတ်ဆိုးတိုင်း မျက်ရည်ကျရတဲ့အဖြစ်ကိုလဲ အင်မတန် မုန်းပါတယ်.. မျက်ရည်တွေ မကုန်နိုင်တာကိုလဲ မုန်းပါတယ်… အမြင်ကတ်ပါတယ်…

ဝက်ဝံလေးရေ မရေးဖြစ် မရေးဖြစ်နဲ့ ခင်ခင်မင်မင် တဂ်ထားတဲ့ သူငယ်ချင်းလေးကို အားမနာ ပါးမနာ စာကို မရေးဖြစ်ဘူး ဖြစ်နေတယ် စိတ်မဆိုးနဲ့တော့နော် အခု ရေးလိုက်ဘီ သိလား…

တဂ်ထားတာနဲ့ ကိုက် မကိုက်တော့ မသိဘူး ရေးပစ်လိုက်တယ် ဟိဟိ…

လာဖတ်တဲ့ သူငယ်ချင်းတွေလဲ အနော့်ရဲ့ အမြင်ကတ်စရာအကြောင်းတွေ ဖတ်ပီး အနော့်ကို အမြင်မကတ်ကြပါနဲ့နော် ချစ်ကြမယ်ဆိုရင်တော့ အားကြီးပျော်မှာပဲ ဟိဟိ

ချစ်တယ်ဟုတ် …. (ချစ်သူနဲ့ ခင့်ကို မေးနေကျအတိုင်းလေး)

Thursday, September 10, 2009

မျှော်လင့်ချက်

ဖြစ်နိုင်မယ်ဆို
ကလေးဘဝကနေ မကြီးပြင်းပါရစေနဲ့တော့လား
လွတ်လပ်ပေါ့ပါးတဲ့ ဘဝအတွက်
လူကြီးအဖြစ်က အသက်ရှုကျပ်သလားလို့

ဖြစ်နိုင်မယ်ဆို
မေမေ့ဘေးက ဝေးမသွားပါရစေနဲ့တော့လား
ငြိမ်းချမ်းအေးမြတဲ့ ဘဝအတွက်
လုံခြုံရာ ရင်ခွင်တစ်ခု လိုအပ်နေသလားလို့

ဖြစ်နိုင်မယ်ဆို
ငါချစ်တဲ့သူနဲ့ အတူတူနေခွင့်ရပါရစေလား
ရင်ခုန်ကြည်နူးခွင့်ရမယ့် ဘဝအတွက်
ထီးတည်းနေရမှုက ခြောက်ကပ်နေသလားလို့

ဖြစ်နိုင်မယ်ဆို
ငါ့မြို့ကလေးကနေ ခွဲမသွားပါရစေနဲ့တော့လား
ခေတ်မီတိုးတက်တဲ့ လူနေမှုစနစ်က
လူပီသမှုကို ခြိမ်းခြောက်နေသလားလို့

ဖြစ်နိုင်မယ်ဆို
ကိုယ်ယုံကြည်ရာသာ ကိုယ်လုပ်ခွင့်ရပါရစေလား
မျှော်လင့်နေတဲ့ အောင်မြင်မှုပန်းတိုင်အတွက်
စိတ်ဓာတ်ခွန်အားက ပိုလိုအပ်သလားလို့

ဖြစ်နိုင်မယ်ဆိုရင်လေ
ငါယုံကြည်ရာ
ငါစွဲကိုင်ထားတဲ့ ငါ့အယူအဆနဲ့
ငါဖြတ်သန်းရာ ငါ့အတိတ်က
ငါ့သမိုင်းကို မော်ကွန်းထိုးစေချင်လို့ပါ….

ပြည့်စုံ
(၁၀-၉-၂၀၀၉၊ ၁၀း၂၀ pm)

Monday, September 7, 2009

စိတ်ထွက်ပေါက်

နှုတ်ခမ်းတစ်စုံရဲ့ အပြုံးအမဲ့မှာ
ရှုံးနိမ့်နေရပီလား
မျက်နှာပြင်ကောက်ကြောင်းတွေနဲ့
ဇောင်းထနေတဲ့ အတွေး
ပြောင်းမရတဲ့ ဓလေ့တွေအတွက်
တခါတလေတော့လဲ စဉ်းစားတွေးမိပါတယ်
လောကကြီးကပဲ မတရားတာလား
ငါကပဲ မှားနေသလား
အရာရာကို ဖြေစရာရှာလဲ
မသေချာတာတွေက များနေသေးတယ်

ခြေထောက်ပေါ် ရပ်နိုင်အောင် အရင်ကြိုးစား
ပြောခဲ့တဲ့ အဖေ့ရဲ့စကား
အခုတော့ ခြေထောက်ပေါ် ရပ်နေတာလား
အသည်းနှလုံးပေါ် ရပ်နေတာလား
မရေရာသေးဘူး

စိတ်ကိုပြတ်အောင်ဖြတ်
မနူးမနပ်စိတ်အတွေးနဲ့
အခု အဖြေထွက်အောင်ရှာလဲ
မေးခွန်းတွေနဲ့ပဲ ဝဲလည်နေသေးတယ်

တခါတလေမှာ ….

ဘာမှ မဟုတ်ပါဘူး အသေးအဖွဲလေးပါ
ဒါနဲ့ပဲ လဲပြိုရမလား

အကြည့်တစ်ချက်
ဒါနဲ့ပဲ လဲပြိုရမလား

ပါးစပ်ဖျား ခိုနား
ဒါနဲ့ပဲ လဲပြိုရမလား

အထင် အမြင်
ဒါနဲ့ပဲ လဲပြိုရမလား

မဆိုးပါဘူး ချီးကျူးစကား
ဒါနဲ့ပဲ လဲပြိုရမလား

ခေါင်းညိတ် ဟုတ်ကဲ့
ဒါနဲ့ပဲ လဲပြိုရမလား

မသက်မသာ စိတ်အတွေး
ဒါနဲ့ပဲ လဲပြိုရမလား

လဲပြိုဖို့ နေရာရွေး
အမေ့ရင်ခွင်ဘေးပဲ
အသက်သာဆုံးဖြစ်မယ်ထင်ရဲ့……

ပြည့်စုံ (၆-၉-၂၀၀၉၊ ၈း၂၆ pm)

Friday, September 4, 2009

နှစ်သက်မိတဲ့ ဘလော့တွေထဲမှ ဘလော့ ငါးခု တဂ်ပို့စ်လေးပါ

အကိုမြစ်ကျိုးအင်းရဲ့ ဘလော့ဂါပွဲခင်းလေးထဲကို အလည်အပတ်ရောက်တဲ့အချိန်မှာပဲ ဝက်ဝံလေး ဖွင့်ထားတဲ့ သရဲအိမ်ထဲကို စိတ်ဝင်တစား ဝင်အကြည့်မှာ သရဲလေးကောင်အဖွဲ့ ဆိုပီး သရဲအိမ်ထဲ ဝင်သမျှ လူတွေကို ခြောက်လှန့်နေတဲ့ သရဲလေးကောင်ကို သဘောတကျ ကြည့်နေတုန်းမှာပဲ ဓားကောက်ကြီးကို ဟိုထိုးဒီထိုးနဲ့ ဝတ်ရုံအနက်ကြီး ခြုံပီး ဟိုအော်ဒီအော်ကာ ခြောက်နေတဲ့ သရဲမကလေးကို ဘယ်သူတုန်း ကြည့်နေတုန်း အနော်ဖြစ်နေတာဗျို့………… ခွိခွိ …

ဝက်ဝံလေးက သရဲလေးကောင်ထဲက အနော် ဆိုတာ ယောက်ျားလေးပဲ ဆိုပီး အထင်မှားမိပေမဲ့ သူ အနော့်ကို တွေ့လိုက်ရတဲ့အခါတော့ ခပ်ချောချော သရဲမလေး အနော်ကို ခင်မင်ရင်းနှီးစွာနဲ့ တဂ်လိုက်တဲ့ ပထမဆုံး တဂ်ပို့စ်လေးဖြစ်ပါတယ်ရှင် :P

ပထမဆုံး တဂ်ပို့စ်လေးဖြစ်တော့ အနော် ခေါင်းထဲ သေသေချာချာကို စဉ်းစားနေရပါတယ်ရှင်.. ဘယ်သူ့ကို ကြိုက်လဲ အယ့် ဟုတ်ပါဘူး ဘယ်ဘလော့ကို အကြိုက်ဆုံးလဲ .....

ဒါလဲ စဉ်းစားစရာပဲရှင့်..

အားလုံး အားလုံးဆီမှာ အနော့်အတွက်တော့ အကြိုက်တစ်မျိုးစီရှိပါတယ်…အနော်ရဲ့ စိတ်ကူးယဉ်အိပ်မက်လေး စမလုပ်ခင် ကတည်းက ဘလော့တွေကို လိုက်ဖတ်ရတာ သိပ်ဝါသနာထုံတာလေ.. အဲ့ဒီထဲမှာ တချို့ ဘလော့လေးတွေက ကဗျာလေးတွေ တချို့က ဝတ္ထုလေးတွေနဲ့ တချို့က အတွေ့အကြုံ တချို့က မှတ်သားစရာ ဗဟုသုတ တချို့က ခရီးသွားဆောင်းပါးနဲ့ တကယ့်ကို.... ပြောရရင် ရသအမျိုးစုံကို တထိုင်တည်းနဲ့ကို အစုံအလင်ပေးပါတယ်.. စာအုပ်စာပေ ရွေးဖတ်ရရင်တောင် ဒီလောက် စုံလင်တဲ့ ရသမျိုးစုံကို အချိန်တိုအတွင်းမှာ ခနလေးနဲ့ ရနိုင်မယ် မထင်ပါဘူး..

ဒီတော့ကာ ……………ဝက်ဝံလေးက မိမိအကြိုက်နှစ်သက်ဆုံး သွားလည်နေကျ ဘလော့ ၅ ခု နှင့် ဘာကြောင့် ထိုဘလော့များအား ကြိုက်နှစ်သက်ရသလဲ တဲ့ တဂ်လိုက်တဲ့အခါ....

အနော် မြန်မာပြည်ရဲ့ အင်တာနက်စွမ်းအားနဲ့သာ ဂျီမေးနဲ့ ဂျီတော့လောက်ကို မနည်း ဖြစ်ဖြစ်မည်အောင် သုံးဖူးခဲ့တာပါ.. အခု မြန်မာပြည်ရဲ့ အပြင်အပကို ရောက်တဲ့အခါမှာ ပထမဦးဆုံး အိမ်နဲ့ သူငယ်ချင်းတွေဆီကို အဆင်ပြေတဲ့ အကြောင်း mail ပို့မယ်ဆိုပီး စာရိုက်ပီး send ခလုတ်ကို နှိပ်လိုက်တဲ့အခါ ရုတ်တရက် အနော့်ရဲ့ မျက်စိအောက်ကနေ ရိုက်ထားတဲ့စာလေး လှစ်ဆို ပျောက်သွားပါလေရော.. လန့်သွားပီး ‘ဟယ် ငါနှိပ်လိုက်တာ ဘယ်ရောက်သွားလဲ မသိဆိုပီး မမ ကို ညီမလေးတော့ ဘာမှားနှိပ်မိလဲ မသိဘူး ရိုက်ထားတဲ့စာတွေ ပျောက်ကုန်တယ်ဆိုတော့မှ’ မမက ‘ဟဲ့ပို့လိုက်ပီ ဒီမှာ Send Mail မှာ ပြန်ကြည့်ဆိုတော့မှ’ ရယ်လိုက်ရတာ..

အနော်တို့ ပြည်တွင်းမှာ အင်တာနက်သုံးခဲ့တုန်းကဆို loading က အကြာကြီး တခါတလေ Send နေရင်းနဲ့ Connection Out သွားလို့ အသစ်က ပြန်စလုပ်ရတာနဲ့ တကယ့်ကို ကွာခြားမှုကို မြင်လိုက်ရတဲ့အခါမှာ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်.

အဲ့တာနဲ့ လွဲကုန်ပါပီ ဟိဟိ.. ပြန်ဆက်ရရင်…………

ဘလော့စပေါ့ ဆိုတာကို ပထမဆုံး စသိမိတဲ့ ဘလော့လေးကတော့ မနိုင်းနိုင်းစနေရဲ့ ဘလော့လေးပါပဲ.. အနော် အနှစ်သက်ဆုံးကတော့ အမ နိုင်းနိုင်းစနေရဲ့ စာသားလေးတွေနဲ့ ဒဿနလေးတွေပါ. တချို့စကားလုံးလေးတွေဆို ရင်ထဲကို တိုက်ရိုက် ထိသွားလောက်အောင်ကို စိတ်ထဲမှာ ကျေနပ်သွားမိတယ်. ရိုးသားပီး ပွင့်ပွင့်လင်းလင်း ရှိပုံရတဲ့ လားဟူသူ အမ စနေရဲ့ မျက်နှာလေးကိုလဲ သဘောကျတာ ပါပါတယ်. အနော် အမြဲတမ်း တစ်နေ့မပြတ်သွားလည်တဲ့ ဘလော့လေးတစ်ခုပါ.

ဒုတိယ တစ်ခုကတော့ ဒေါက်တာလွဏ်းဆွေရဲ့ ဘလော့ပါ.. အနော် မနက်မိုးလင်းလို့ အိပ်ရာနိုးတာနဲ့ ကွန်ပျူတာကိုဖွင့် ပီးရင် သတင်းဆိုက်အနေနဲ့ ဆရာ့ရဲ့ဘလော့လေးကို ဖွင့်လိုက်တာပါပဲ. သတင်းအစုံကို တစ်နေရာတည်းမှာ လင့်စုပီး ဖော်ပြပေးထားတဲ့အတွက် update သတင်းတွေကို မျက်ခြည်မပြတ်ကို ဖတ်ရပါတော့တယ်. ဒီလိုစုပီး ဖော်ပြပေးတဲ့အတွက်လဲ ဆရာ ဒေါက်တာလွဏ်းဆွေကို တကယ့်ကို ကျေးဇူးတင်မိပါတယ်.

တတိယတစ်ခုကတော့ မေတ္တာရပ်ဝန်းမီးဖိုဆောင်လေးက အမ လုလုပါပဲ. အမကြီးကြီး တစ်ယောက်လိုပါပဲ မောင်ငယ် ညီမငယ်လေးတွေကို ဟင်းအမယ် စုံစုံလင်လင် ချက်ကျွေး တတ်တဲ့ ချက်နည်း ပြုတ်နည်းတွေကိုလဲ သေသေချာချာ စနစ်တကျ ရေးပေးထားတဲ့ စေတနာအားကြီးတဲ့ အမပါ. ရောက်စက မမ က ဟင်းချက်တော့မယ် ဆိုတာနဲ့ အင်တာနက်ပေါ် တက်ပီး ဘယ်ဟင်းကို ဘယ်လို ချက်ရသလဲ မမ လုလုရဲ့ ဘလော့လေးကို ဖွင့်ပီး ချက်နည်းကိုကြည့်ပီး ချက်ကျွေးတော့တာပဲလေ… အမေ့ကို လွမ်းတိုင်း အိမ်ထမင်း အိမ်ဟင်းကိုလွမ်းတိုင်း အမ လုလုရဲ့ ဘလော့လေးကို အမြဲသွားကြည့်ပီး သွားရည်ယိုရပါတယ်…

စတုတ္ထတစ်ခုကတော့ အကို သားကြီးရဲ့ ဘလော့ပါ.. အနော် အကိုသားကြီးရဲ့ ဘလော့လေးကို လင့်တွေ လျှောက်ကြည့်ရင်းနဲ့ ရောက်ဖြစ်တာပါ.. အကိုသားကြီး ဘလော့ကို တွေ့တော့ အနော် စိတ်ဝင်တစား စာလေးတွေ လိုက်ဖတ်ကြည့်ပါတယ်. အဲ့ဒီမှာ ဘာတွေ့လဲဆိုတော့ လူငယ်စရိုက် ပီပီသသနဲ့ ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ဘာကိုမှ ဂရုမစိုက်ဘဲ အရိုင်းဆန်ဆန် ရေးသား ထားတဲ့ စာတွေကို လူငယ်ပီသစွာ အနော်က သဘောကျသွားမိတယ်.. အနော် အကိုသားကြီး ဘလော့လေးကို ဖတ်မိတဲ့အချိန်မှာ အေးအေး ဆေးဆေး တိတ်တိတ် ဆိတ်ဆိတ်လေးပဲ ရှိနေပါသေးတယ်.. အခုတော့ အကိုသားကြီးမှာ ခင်မင်တဲ့ သူငယ်ချင်းများစွာရှိနေပါပီ. ရေးလိုက်သမျှ စာတွေတိုင်းကလဲ ဟာသ ရသ အပြည့်ပါပီး ဖတ်ရတာ တကယ့်ကို အမောပြေစေပါတယ်. နောက် စကားကိုလဲ ကပ်တီးကပ်ဖဲ့ ပြောတတ်တဲ့ ညဉ်လေးလဲ မပျောက်သေးပါဘူး. ဒါပေမဲ့ အရင်တုန်းကလိုတော့ အရိုင်းဆန်မှု လျော့ပါးသွားတယ်လို့ ထင်မိပါရဲ့. ဒါပေမဲ့ အနော်ကတော့ အကိုသားကြီးရဲ့ ဘလော့လေးဆီကို အမြဲတမ်း ရောက်ဖြစ်ပါတယ်.

နောက်ဆုံး ဘလော့ကတော့ ကိုသက်ပိုင်သူရဲ့ ဘလော့လေးပါပဲ. ကိုသက်ပိုင်သူကို စတင် သတိထားမိတာကတော့ စာရေးဆရာမ ဂျူးရဲ့ ဝတ္ထုတပုဒ်ဖြစ်တဲ့ အနော် အကြိုက် အနှစ်သက်ဆုံး ချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ် ဝတ္ထုကို ကျောင်းနောက်ဆုံးနှစ် ပရော့ဂျက်အဖြစ် ရွေးချယ်ခဲ့ပီး ဂျူး၏ စကားပန်းများကို ဖန်တီးခြင်း ခေါင်းစဉ်နဲ့ ပြဇာတ်တစ်ပုဒ် ဖန်တီးခဲ့ခြင်းက စတာပါပဲ. ပြဇာတ် ထဲမှာ မျောပါရင်း ကိုသက်ပိုင်သူရဲ့ အရေးအသားတွေထဲမှာ မျောပါရင်း ဆရာမဂျူးရဲ့ မူရင်းဝတ္ထုထဲမှာ မျောပါရင်းနဲ့ ကိုသက်ပိုင်သူရဲ့ ဘလော့လေးကို အမြဲလာရောက်ဖတ်ရှုဖြစ်ပါတယ်. နောက်တော့ ပုလင်းကွဲကချေသည် နောက်တော့ နောက်တော့ နောက်တော့နဲ့ အခု အနော် အကြိုက်ဆုံး ပို့စ်ကတော့ ဂေရှား Geisha နှင့် အနုပညာပါပဲ. ဂေရှားမယ်လေးတွေရဲ့ ဘဝအခြေခံကနေစပီး စီးဝင်မျောပါသွားမိတာ နောက်ဆုံး ပို့စ်လေး အဆုံးသတ်တဲ့အထိပါပဲ. စာဖတ်တဲ့သူတွေအပေါ် စေတနာပါပါနဲ့ သေသေချာချာကို ရေးသားတဲ့ အကို သက်ပိုင်သူရဲ့ ဘလော့လေးကို နှစ်ခြိုက်မိပါတယ်.

အနော် အခု စိတ်ကူးယဉ်အိပ်မက်လေး စတင်တဲ့အချိန်မှာ သိကျွမ်းခင်မင်ခွင့်ရခဲ့တဲ့ ဘလော့ဂါ အကို အမတွေထဲမှာ အနော်ရဲ့အချစ်ဆုံး မောင်နှမတွေသာဖြစ်ရင် ဘယ်လောက်ကောင်းမလဲ တောင့်တမိတဲ့ ဘလော့ဂါတွေကတော့ အကို Brookချစ်သော ကိုယ့်ရဲ့ခင်ချစ်သော sis ခရမ်းမေတို့ပါပဲ. တခါမှ အပြင်မှာ မမြင်ဖူးပေမဲ့ စိတ်ထဲမှာ အရမ်းကို ချစ်ခင်မိတယ်. နောက် အရမ်းချစ်တဲ့ အကိုတစ်ယောက်ကတော့ အချစ်တတ်ဆုံး အသည်းကွဲ လူပျိုကြီး အကိုပြည့်စုံပါပဲ.. လူချင်း မမြင်ဖူးပေမဲ့ ချစ်ခင်တဲ့ သံယောဇဉ်တွေနဲ့ ခင်နေမိတဲ့ သူငယ်ချင်းလေးကတော့ သူငယ်ချင်းလေး ဖြူပါ. နောက် စာရေးသားတဲ့နေရာမှာ လေးစားမိတဲ့ အရမ်းခင်တဲ့ အကိုနှစ်ယောက် ကတော့ အကို ဧရာဝတီသားနဲ့ အကို ရန်ကုန်သားတို့ပါပဲ. အကို ဧရာဝတီသားဆို အနော့်ထက် တစ်နှစ်တိတိ ငယ်ပေမဲ့ လေးစားသမှုနဲ့ အနော်က အကို အကို ခေါ်တာကို အောင့်သက်သက် ခံရရှာလေရဲ့…. ခွင့်လွှတ်ပါ အကို :P

ဝက်ဝံလေးရဲ့ တဂ် အရ အကြိုက်ဆုံးဆိုပီး ဘလော့ငါးခုကို ရွေးပေးလိုက်ရတာပါရှင်. အနော့်ရဲ့ စိတ်ကူးယဉ်အိပ်မက်လေးကို စတင်ခဲ့တဲ့အချိန်မှာ အနော် တကယ့်ကို သဘောကျမိတဲ့ ဘလော့ဂါတွေ အများအပြားရှိပါတယ်. တခုချင်းစီကိုသာ ပြောပြရမယ်ဆိုရင် ဝက်ဝံလေးရေ ဆယ်ခါလောက် ထပ်တဂ်မှ ငါးယောက် ငါးယောက်နဲ့ အယောက် ငါးဆယ်အကြောင်း စုံစုံလင်လင် ပြောပြဖြစ်မယ်ထင်ရဲ့ အခုတော့ ငါးယောက်တည်းဆိုတော့လေ :( (လောဘကြီးတာပေါ့လေ ဟိဟိ)

ဘာပဲဖြစ်ဖြစ် အနော့်ကို ခင်ခင်မင်မင်နဲ့ တဂ်တဲ့ ဝက်ဝံလေးကို တကယ့်ကို ကျေးဇူးတင်ပါတယ်နော်. ပထမဆုံးတဂ်ပို့စ်လေးဆိုတော့ ပြောချင်တာများပီး တဂ်ထားတာနဲ့ လိုက်ဖက်ရဲ့လား မသေချာပေမဲ့ နောက်ကျမှ ရေးပီး တင်ရလို့ ခွင့်လွှတ်ပါနော် သူငယ်ချင်း ဝက်ဝံလေးရေ ……………….

ပြည့်စုံ (၄-၉-၂၀၀၉၊ ၁း၃၀ am)

Thursday, September 3, 2009

စိမ်းသက်ခြင်း


အရာရာဟာ ခပ်စိမ်းစိမ်း
တစ်တောလုံး စိမ်း
တစ်တောင်လုံး စိမ်း
အစိမ်းရောင်မြက်ခင်းတွေကြား
လှဲလျောင်းရင်း မော့ကြည့်
ကောင်းကင်လဲ စိမ်း
တိမ်တွေလဲ စိမ်း
လေပြည်လဲ စိမ်း

အစိမ်းရောင် နံနက်ခင်းမှာ
အစိမ်းရောင်ဝမ်းဆက်နဲ့
ခပ်စိမ်းစိမ်း မျက်လုံးအစုံကို
စိမ်းဖန့်ဖန့်ဖြစ်အောင် အရောင်စုံဆိုး
နှုတ်ခမ်းရောင် အစိမ်းနဲ့
ခပ်စိမ်းစိမ်း အရောင်စိမ်းတွေကြားထဲ
လူတစိမ်းတစ်ယောက်လို လျှောက်သွားမိ

မြင်ဖူးတဲ့ မျက်နှာတွေက အစိမ်း
နှုတ်ခမ်းဖျားက စကားလုံးတွေ အစိမ်း
နှလုံးသားတွေ အစိမ်းနဲ့
ကြည့်စမ်း
အပြုံးတွေကပါ အစိမ်း
လက်ပြနှုတ်ဆက်တယ် ခပ်စိမ်းစိမ်း
ကျောခိုင်းထွက်ခွာ အစိမ်း
တယောက်တည်း ခပ်စိမ်းစိမ်း ထိုင်နေမိတယ်

ရင်ထဲမှာ အစိမ်း
စကားလုံးတွေက အစိမ်း
မျက်လုံးတွေက အစိမ်း
ခင်မင်မှုတွေ အစိမ်း
ယုံကြည်မှုတွေ အစိမ်း
သံယောဇဉ်တွေ အစိမ်း
အစိမ်းရောင်လွင်ပြင်ထဲ
အစိမ်းရောင်တွေနဲ့ မျောပါမိ
မျက်လုံးအစုံကို မှေးမှိတ်လိုက်မိတယ်
အမှောင်ကပါ အစိမ်းရင့်ရောင်ဖြစ်လို့
မဖော်ရွေပုံများ ပြောပါတယ်

ဒီလိုနဲ့ အိပ်မက်တွေပါ စိမ်း
စိတ်ကူးတွေပါ စိမ်း
လူတစ်ကိုယ်လုံး အစိမ်း
အသွေးအသားတွေပါ အစိမ်းရောင်ပြောင်းကုန်ပီထင်ရဲ့

စိမ်းသက်တဲ့လောကကြီးရဲ့ သဘာဝထဲ
အစိမ်းရောင် လူသားတွေရဲ့ အလယ်
အစိမ်းရောင်နှလုံးသားတစ်စုံနဲ့
ခပ်စိမ်းစိမ်းပဲ ရှင်သန်တော့မယ်

ပြည့်စုံ (၃-၉-၂၀၀၉၊ ၀၂း၀၂ pm)

Wednesday, September 2, 2009

ချစ်ခြင်းရဲ့ အိုအေစစ်

မင်းအတွက်ပေါ့
ကို့အချစ်တွေက သေချာတယ်
ကို့မြတ်နိုးမှုတွေကလဲ ရေရာတယ်
သေချာတာတွေထဲမှာ တစ်သက်စာ ချစ်ခြင်းတွေပါမယ်
အကြင်နာတွေပါမယ်
သံယောဇဉ်တွေရောပေါ့

မသေချာတာတွေများနေတဲ့ ဒီလောကထဲမှာ
မရေရာတာတွေလဲ ရောပါနေတယ်
ဖြေသာစရာ ရှိသေးတာက
ကိုယ့်မှာ မင်းရှိသေးတယ်လေ

တကယ်တော့
အချစ်ရယ်
ငါ့အတွက် မင်းဆိုတာ
ရှင်းပြစရာတောင်မလိုတဲ့ အိုအေစစ်လေးပါ
အိပ်မက်လေးပါ
စိတ်ကူးယဉ်အတွေးလေးပါ
နောက်ဆုံးထွက်သက်ကလေးပါပဲ ချစ်သူ…..

ပြည့်စုံ (၂၉-၈-၂၀၀၉၊ ၄း၁၄ pm)