လက်ပူတိုက်ထားတဲ့မြို့ လေးရဲ့ 
မျက်ရည်ဝနေတဲ့စည်းရိုးကြီးနံဘေး
ယားယံတတ်တဲ့လမ်းမများပေါ်က
ခေါင်းစဉ်တပ်မရတဲ့တေးသီချင်းတွေသီဆိုသူ။
အဲသည်မှာ
သားပျောက်ရှာတဲ့မိခင်တွေရဲ့ 
လက်သီးပွက်ထရာမြေ
…….
…….
အဲသည်မှာ
အဆုတ်ထဲကဆဲရေးသံတွေဟာ
မျက်ရည်ယဉ်ယဉ်လေးဖြစ်သွားတဲ့
သူ့ ညီမလေးရဲ့ တော်လဲသံတွေလဲရှိတယ်။
အဲသည်မှာ
ကိုယ့်အကိုင်းနဲ့ ကိုယ်သီးပွင့်ခွင့်မရတဲ့
နှင်းခါးကိုက်ခံရတဲ့ပန်းတွေရှိတယ်။
အဲသည်မှာ
ပယောဂအကိုက်ခံရဆဲရောဂါသည်တွေရဲ့ 
ချဉ်ဆီနဲ့ မျိုးဖောက်ထားတဲ့
မုန်တိုင်းရဲ့ လက်ဖျံရိုးတွေလဲရှိတယ်။
ရှိတယ်
ရှိတယ်
အဲသည်မှာအားလုံးရှိတယ်။
ကံကော်ပွင့်ကဇော်ဖေါက်သောက်ထားတဲ့
မုန်တိုင်းရဲ့ ဖုန်းဆိုးရာသီကိုအလဲထိုးဖို့ အတွက်
အလံထူထားတဲ့ကြိုးဝိုင်းမြေလေး
အလံထူထားတဲ့ကြိုးဝိုင်းမြေလေး။
ကိုကိုမောင်
(စိတ်ခွန်အားတက်စေတဲ့ ကဗျာတွေ စုစည်းမှု။ ဒီကဗျာရေးသူရဲ့ နာမည်ကိုပဲ သိပါတယ်။ ခေါင်းစဉ်ကိုတော့ မသိပါ။)
Wednesday, July 6, 2011
Friday, July 1, 2011
ကျောင်းဖွင့်ချိန်
ကျောင်းဖွင့်ချိန်
(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။
သူတို့ဟာ ...
ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ ...
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။
(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ ... “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့
ဝိညာဉ်တွေပဲ ...
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။
ခု ... သူတို့ရဲ့ ၀ိညာဉ်တွေဟာ
“ကမ္ဘာမကြေဘူး ... ... ...
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး ...”
သီချင်းလေး နားဆင်ရင်း
ရာဇ၀င်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို
မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။
(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈၇ - ၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖတ်နေကြတယ်။
တချို့ဖတ်တာ .. ကဗျာစာအုပ်
တချို့ဖတ်တာ .. သမိုင်းစာအုပ်
တချို့ဖတ်တာ .. နိုင်ငံရေးစာအုပ်
ရုတ်တရက်
အဖြူရိပ်တခုဟာ ထိုင်ရာကထ
“ဗမာပြည်ကို ကယ်တင်ရတော့မယ်”
နောက်ထပ် အဖြူရိပ်တခု စာအုပ်ပိတ်
“ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိတ်တုံးချွတ်ပေးရမယ်”
သူတို့ဟာ တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်။
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိပ်လွယ်သံများ
ဖိနပ်စီးသံများ အဆုံးမှာ
နောက်ထပ် အဖြူရိပ်တခု ထပ်ထွက် ...
... ... နောက်ထပ် ... ...
... ... နောက်ထပ် ... ...
(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတခုမှာ
အရိုးစုတအုပ် အစည်းအဝေးလုပ်နေတယ်။
အရိုးစုတခုက ... ထိုင်ရာမှ ဖြည်းညှင်းစွာထ
“ကျနော်တို့ တော်လှန်ရေး
အာဏာရှင်တွေ နောက်ဆုံးနေ့အထိ”
စသည်ဖြင့် ပြောကြား
အားလုံးငြိမ်သက်နားထောင်နေကြတယ်။
အခန်းထဲမှာ
အကျဉ်းထောင်က ပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေ
သတ္တိဗုံးကို နှောင်ထုံးခတ်
ပတ်ကြားအက်နေတဲံ ရန်သူ့မျက်နှာတွေ
အဲဒီမှာ ... အရိုးစုတခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးလေးပြော
“တောက အဖေနဲ့အမေတော့
ကျနော့်ကို မျှော်နေကြတော့မယ်ဗျာ”
ကြေကွဲစွာ သူ့မျက်လုံးပေါက်တဲက
မျက်ရည်ဖြူတစက်
စီးသက်ကျလာတယ်။
(၅)
ငါတို့ကျောင်းတော်ကြီးရဲ့
ပရ၀ဏ် အ၀င်အထွက်လမ်းတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်းနှင်နေကြတယ်။
အဲဒီကားကြီးတွေထဲမှာ
“ကမ္ဘာမကြေ၊ ဗမာပြေ .. ဒါတို့ပြေ
ဒါတို့ပြေ ..တို့ပိုင်တဲ့ မြေ” ဆိုတဲ့
တေးသံသာယာ
ညီညာစွာ ပဲ့တင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ
အချုပ်ကားပြာပြာကြီးရဲ့ ဦးထိပ်မှာ
သူတို့ရဲ့ တံဆိပ် ... တို့ရဲ့အလံ
ဦးခေါင်းခွံမှာ အရိုးနှစ်ချောင်း ကန့်လန့်ဖြတ်ထားတဲ့ သဏ္ဍန်သာ ဖြစ်တယ်။
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်
ပြေးလိုက်ခလုပ်တိုက်ပြီး လဲပြိုကျ
ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား
“သားရေ အမေ လိုက်ရှာနေတယ်လေ .. သားရေ”
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇ၀င်တုန်ခါအောင် မြည်ဟည်းလာခဲ့ပြီ။
(၆)
ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီး၊ လမ်းငယ်များမှာ
ဒေါင်းအလံတလူလူလွှင့်ထူလို့
ကျောင်းသားတွေ ချီလာပါပြီ
ရင်တအုံလုံးပွင့်ထွက်နေတဲ့ ကျောင်းသားက
ရှေ့ဆုံကအလံကိုင်ပြီး သွေးပွက်ပွက်အန်ထွက်နေတဲ့
ကျောင်းသားတွေက
နောက်က ချီတက်လိုက်ပါလာတယ်။
“ဒီမိုကရေစီရရှိရေး ... တို့အရေး”
“အာဏာရှင်စနစ်ကျဆုံးရေး ... တို့အရေး” တဲ့။
ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲံ ငါတို့ရဲ့တော်လှန်ရေး
ဘယ်တော့မှ ... အရှုံးမပေးဘူးဟေ့ ...
သေနတ်သံတချက်ဖောက်ရင်
ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ် ...
နောက်ဆုံးနေ့အထိ ...
(၇)
ငိုက်မြည်းနေတဲ့ အင်းလျားရေပြင်ဟာ
ရုတ်တရက် ရဲရဲနီစွေးသွားတယ်။
ချက်ခြင်းပဲ ရေငွေ့ပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ် မိုးစက်ခို
ကျောင်းတော်ကြီးကို မိုးသွေးတွေ ပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေခြိမ်း ... ... ...
ဒိန်းဒုံး ဆူညံသွားတယ် ...
အဲဒီအခါ ... ကျောင်းတော်မှာ ...
ပန်းတွေ ဖျတ်ကနဲ ပွင့်ကြ
ငှက်ဆိုးတွေ ဝေါကနဲ ထပျံကြ
သစ်ရွက်တွေ တလက်လက်တောက်ပကြ
ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ
မြေကြီးတွေ တုန်ခါတော်လဲကြ
တို့အရေး .. တို့အရေး .. တို့အရေး .. တို့အရေး
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီး တ၀ုန်းဝုန်းရုန်းကန်
နိုးထပြီး နောက်ဆုံးငြိမ်သက်သွားတဲ့အခါ
ငါတို့ကျောင်းတော်ကြီးဟာ ... ...
တလဲ့လဲ့ တ၀င်းဝင်း
သွေးနီရောင် တောက်ပခါ ...
အာဇာနည် သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ် ...။
(၈)
ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု ... သွေးပင်လယ်ကြီးခြားနေပါပြီ ...
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ အာဏာရှင်တွေဟာ
သွေးပင်လယ်ကြီးကို ကျော်နင်း
ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်။
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ် ...
အဲဒီထဲက တချို့ဟာ ...
“အကြောင်းကြောင်းကြောင့်ပါ” လို့
စိတ်မကောင်းစွာပြောရင်း ...
ထုံးတံတားကို လျှောက်နင်း ...
ကျောင်းခန်းအတွင်း ၀တ္တရားအရထိုင်
ငါတို့ ... နားလည်ခွင့်လွှတ်နိုင်ပါတယ် ...
တချို့ကတော့ ...
“ဂုဏ်တုဂုဏ်ပြိုင်” ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ ပန်းခင်းကိုဖြတ် ...
ရီးစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်။
အဲဒီလို ... လူစားတွေကိုတော့ ...
ငါတို့က ခွင့်လွှတ်သည့်တိုင်အောင်
ရာဇ၀င်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ ... သမိုင်းမှာ ...
“သစ္စာဖောက်” များသာဖြစ်တယ်။
(၉)
ကျောင်းသားနဲ့ကျောင်း
တနေ့တော့ ပေါင်းရမှာပဲ
ငါတို့တွေ သွေးပင်လယ်ကို ဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်။
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ် ဆူပွက်
ထက်ကောင်းကင် မုန်တိုင်းတို့ အစပျိုး
သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်
ငါတို့တွေ
ငါတို့တွေ လှည့်မပြန်ဘူး၊
ငါတို့ထဲက တချို့ဟာ ...
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ် ခင်းရိုက်
ငါတို့အထဲက တချို့ဟာ ...
ကိုယ့်လက်ဖ၀ါး ကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မုန်တိုင်းကို ခွဲဝင်
သွေးပင်လယ်ကို ဖြတ်ပြီး
ကျောင်းတော်ကြီးဆီသွားဖို့
လုပ်နေတယ်...။
(၁၀)
နောက်ဆုံးမှာ ...
ဒေါင်းအလံကို ... ဇြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို ... သူရဲကောင်းတို့
အို ... ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း ...
သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ ...
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏။
ထိုသော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို ... သူရဲကောင်းတို့
အို ... ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူအံ့
မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ
ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။
(ရွှေဘုန်းလူ)
(ခွန်အားတက်စေမည့် ကဗျာများ စုစည်းမှု)

Wednesday, June 29, 2011
ကျောင်းသားအတ္ထုပ္ပတ္တိ
(၁)
မင်းရဲ့ ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်
အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံငါတို့ဆုတောင်း
မင်း.. ကောင်းရာသုဂတိလားပါစေ..လို့
ငါတို့ရဲ့
သွေးတစ်စက်ကို ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ယင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ..မို..က..ရေ..စီ..
ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်
ညီလေးရယ်
ရနိုင်မယ်ဆိုယင်
မင်းရဲ့အရိုးတစ်မှုံကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားရှင်ကို ပြကြည့်ချင်တယ်..
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်
မင်းဟာ အာဇာနည်လေးဖြစ်တယ်
မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။
(၂)
ရေငတ်သလို.. ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး”ဟာ
အကျဉ်းထောင်ထဲမှာ
သင်္ချိုင်းမြေမှာ
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ.. ရှိနေတယ်..
မင်း.. စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်...
မင်းအတွက်...
“နောက်ထပ်စာအုပ်အသစ်လဲပါ” တဲ့
စာအုပ်မလုံလောက်မှု
ဖောင်တိန်မလုံလောက်မှု
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု.. စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ..
ခွပ်ဒေါင်းရဲ့
တစ်ကြောင်းစာချွန်
သမိုင်းစင်ကိုထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ... ။
(၃)
ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာမနက်ဦးများမှာ
ဒို့ ကမ္ဘာကို
ပြန်လာဦးမှာလား.. ဟင်...
“အမျိုးဘာသာ သာသနာအတွက်
သား .. နှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်ရဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားတယ်..
မင်းရဲ့ မေမေဟာ
အခန်းထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတစ်ခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် “လု” နေရှာတော့မယ်။
“ကောင်းမွန်စွာ
သင်္ဂြိုဟ်ပြီးစီးပါကြောင်း” .. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်...
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့ အတ္ထုပ္ပတ္တိဟာ
အတောင်ပံပါတယ်
တိုက်ပွဲဝင်တယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာဘ၀အဆက်ဆက်မှာ
မင်း.. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ် ... ။
(၄)
အိမ်ထရံမှာ
တခါခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေးခေတ်ဒဏ်သင့်နေရှာတယ်..
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး”ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆိုယင်
ရဟန္တာဖြစ်တဲ့အထိ လိမ္မာမယ်”
ဒါပေမယ့်...
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်..
ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်..
စစ်မောင်းသံကြားယင်
ခွာတရှပ်ရှပ်ဖြစ်ချင်တဲ့
ခေတ်ရဲ့ စစ်မြင်းကလေးလို မင်းဟာ
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ ညီလေးရေ
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံစေ
မင်းရောက်ရာအရပ်က ကြားပါစေ...
(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ
စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်”တော့နော်
စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး
တလောကလုံး လင်စေအားကွယ်..
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့ .. အောင်မြင်မှာပါ
ဗမာပြည်အတွက်
လိုအပ်တဲ့
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဖက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ
စစ်မြင်းတွေ ပြိုင်လာပြီ
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ..
ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့..
သြော်..
ဒေါင်းအလံကို ပန်းလို ပန်လို့
လှလို့ပါပဲ .. ညီလေးရယ်.... ။ ။
ရွှေဘုန်းလူ
(ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမ္မဂ္ဂများအဖွဲ့ချုပ်မှ ထုတ်ဝေသော “အရေးတော်ပုံမှ ထွက်လာသော ၀ိညာဉ်များ၏ ပုံရိပ်များ” ကဗျာစာအုပ်တွင် ဖော်ပြထားသော ကဗျာကို မူရင်းသတ်ပုံအတိုင်း ဖော်ပြထားပါသည်)

Tuesday, June 21, 2011
တစ်ခန်းရပ်ပြဇာတ်
ရပ်နေပေမဲ့ သွားနေတုန်း
စိတ်တွေက
ဟိုးအသေင်္ချာ အင်္သချာကမ္ဘာတွေဆီ
အလင်းနှုန်းရဲ့အမြန်နဲ့
စိတ်အလျဉ်ကိုအားကိုးပြီး
အရောက်သွားခဲ့တယ်..
လင်းတလှည့် မှိန်တလှည့်
ငါ့အနာဂတ်မှာ
ပျော်ရွှင်မှုတွေချည်း ကြီးစိုးပါလို့
တောင်းဆုတွေ ခြွေခဲ့ဖူးတယ်..
တခဏတာ အပျော်နဲ့
တစ်ဘဝစာအဖော်လို
ပျော်ရွှင်စွာ ငါ့အနား မင်းမနေခဲ့ဘူး
စာနာမှုဆိုတာတွေကလဲ
သွားတော့မယ်ပြောပြီး
ထွက်ခွာမသွားသေးတဲ့ ခြေလှမ်းတွေတပြင်ပြင်နဲ့
ငါ့စိတ်တွေကို မီးတိုက်နေတုန်း
ဗြုန်းဆို လေနီကြမ်းတွေဝေ့တော့
အဆောတလျင်ဝေးခဲ့ရပြီပေါ့
ဝေးတုန်းခဏပဲ
ငါ့အတွေးထဲ မင်းကို မေ့သွားတယ်
ရုတ်တရက် သတိတရရှိတော့
ငါတို့နှစ်ယောက်ချစ်ခြင်း
စွဲလမ်းခြင်းတွေပဲဆိုတာ သိလာရတယ်
ဒါနဲ့များတောင် အချစ်တွေလို့ ထင်ယောင်မှားနေတုန်း
ရုန်းမရတဲ့အတွေးတွေကို ဆတူဖြတ်
မင်းနဲ့ငါ တစ်ခန်းရပ်ပြဇာတ်ကခဲ့ကြတယ်..
ဒီဇာတ်လမ်း
အသဲကွဲဇာတ်လမ်းလို့ အမည်တပ်လိုက်ပါတယ်..
တစ်ခန်းရပ်ပြဇာတ်အနေနဲ့ပေါ့..
ပြည့်စုံ
12:30 pm , 24-6-2011

Monday, May 16, 2011
လတ်တလော စိတ်ဆန္ဒများ
အနော် စာမရေးပဲ အပျင်းတစ်နေတဲ့အရင်အချိန်တုန်းကလဲ ကိုအုပ်ကြီးပဲ လာပြီးတဂ်လို့ တဂ်ပို့စ်တစ်ပုဒ် ထွက်လာရတယ်..
ကိုယ်ကသာ ချစ်တဲ့ဘလော့ဂါသူငယ်ချင်းတွေရဲ့ အဝေးကို ရောက်.. ပို့စ်အသစ်မတင်ဖြစ်တာ.. ကိုယ့်သူငယ်ချင်းလေးတွေက ကိုယ့်ကို မမေ့မလျော့ သတိတရ တဂ်ပြီး အိမ်စာလုပ်ခိုင်းတဲ့အတွက် ကျေးဇူးတင်မိတယ်..
အိမ်စာဆိုတာမျိုးကလဲ ဆရာမက ရိုက်မယ်ဆိုမှ လုပ်ဖြစ်တဲ့အမျိုးမဟုတ်လား.. တဂ်ပို့စ်လေးတွေ ကလဲ ကိုယ်က ရေးတာနောက်ကျရင်တောင် စိတ်ထဲ မကောင်းဖြစ်မိတဲ့အထိ.. အဲ့တော့ကာ
ကိုယ့်အကြောင်း ကိုယ်ရေးထားတဲ့ တဂ်ပို့စ်လေးကို ခင်းကျင်းပြလိုက်ပါတယ် ဟိဟိ..
စပြီး ဝမ်း တူး သရီး………. ဒန့်တန်တန်
(1) အစားချင်ဆုံးအစားအစာ - ပါးစပ်နဲ့တွေ့တဲ့အစာ
(2) နေ့တိုင်းစားဖြစ်တဲ့အစား - ထမင်းနဲ့ဟင်း၊ အခုတော့ ဆိုင်ထမင်း ဆိုင်ဟင်း ပြောင်းသွားပြီ :P
(2) အလိုချင်ဆုံးရေမွှေး - မရှိ/မကြိုက်
(4) သုံးဖြစ်နေတဲ့ရေမွှေး - မရှိ၊ ကိုယ်က ကြာညိုနံ့မသင်းတောင် မနံဟု ယူဆ :PPP
(5) အလိုချင်ဆုံးမွေးနေ့လက်ဆောင် - အသက် ၂၅ နှစ်ပြည့်တုန်းက ရခဲ့တဲ့ မဟာမြတ်မုနိဘုရားမှာတောင်းပေးတဲ့ဆုလေးတဆု အဲ့တာမျိုးလေး ထပ်ရချင်တယ် …
(6) အလိုချင်ဆုံးဖုန်း - Blackberry (အိုဘားမား သုံးလို့ မဟုတ် :P)
(7) သုံးဖြစ်နေတဲ့ဖုန်း - Nokia E63 ဒါလေးလဲ ဘလက်ဘယ်ရီဒီဇိုင်းလေးပါပဲ
(8) အရူးသွပ်ဆုံးအရာ - သီချင်းအော်ဆိုခြင်း
(9) အနီးစပ်ဆုံးဂီတ - ဂစ်တာ (တခါတရံ တဒေါင်ဒေါင်တဒင်ဒင်တီးခြင်း)
(10) အလိုချင်ဆုံးစာအုပ် - အကုန်လုံးပါပဲ.. ဖြစ်နိုင်ရင် စာကြည့်တိုက်မှာ အလုပ်လုပ်ချင်တယ်..
(11) အခုဖတ်ဖြစ်နေတဲ့စာအုပ် - အိမ်သာတက်တိုင်း ဖတ်တယ် တွေ့တဲ့စာအကုန်
(12) အကြားချင်ဆုံးစကား - ချစ်တယ် :O :D (ချစ်တဲ့သူတွေ အားလုံး အားလုံးဆီက :P )
(13) အဖြစ်ချင်ဆုံးဆန္ဒ - ဆရာကောင် :P
(14) အလိုချင်ဆုံးဆု - အလုပ်မလုပ်ရဘဲ နေချင်တယ်၊ ပျင်းလို့ :@ တကယ်
(15) အသွားချင်ဆုံးနေရာ - အမေ့အိမ်
(16) သွားဖြစ်နေတဲ့နေရာတွေ - ဟိုမှသည်
(17) အကြည့်ချင်ဆုံးရုပ်ရှင် - သရဲကား အခုတလော သရဲကားမကြည့်ဖြစ်တာ အတော်ကြာနေပြီ ကြည့်ဦးမှ
(18) အပြောချင်ဆုံးစကား - နားလည်ပါ နားလည်ပါ ကိုယ်ပြောရင် တခွန်းထဲနဲ့ နားလည်ပါ (ထပ်တလဲလဲ ပြောရလွန်းသဖြင့် အမြှုပ်ထွက်လုမတက်ဖြစ်နေပီ)
(19) အယုံကြည်ဆုံးလူသား - အမေ (ကိုယ်ဘာပြောပြော လက်ခံတာဆိုလို့ အမေပဲရှိတာကိုး)
(20) မယုံကြည်ဆုံးအရာ - ကိုယ့်ကို ပိန်သွားပါလား၊ ချောလာပါလား ပြောလျင် :P ဒန့်တန်တန်
(21) အမုန်းဆုံးအရာ - တခွန်းပြောရင် တခါထဲနဲ့ နားမပေါက်သည့်လူများ
(22) အသောက်ဖြစ်ဆုံးအအေး - မကြိုက်၊ မသောက် ရေပဲကြိုက်တယ်
(23) လတ်တလောအထိတွေ့ဆုံးအရာ - ကီးဘုတ်နဲ့ ဒတ်စဘုတ် :P
(24) မကောင်းတဲ့ကျန်းမာရေး - ခေါင်း၊ မျက်စိ
(25) အကောင်းဆုံးအဖော် - အင်တာနက်
(26) လက်ရှိအကြိုက်ဆုံးသီချင်း - အောင်လရဲ့ တောင်းပန်တယ် သီချင်း (နားကိုညည်းနေတာပဲ)
(27) အကြောက်ဆုံးအလုပ် - စကားကို ထပ်ခါထပ်ခါပြောရတာ (အဲ့ဒီစကားတွေကိုပဲ ပြောပြီးပြော :@#$$)
(28) တန်ဖိုးအထားဆုံးအရာ - ပိုက်ဆံ
(29) အကြောက်ဆုံးတိရိစ္ဆာန် - ခွေး (ဟိုနေ့က ဆိုင်ကယ်နဲ့ကို လိုက်ဆွဲတာ ကိုယ်လဲ ပြန်အော်ရော ခွေးတောင် အမြီးကုပ်သွားတယ်.. ဘေးကလူတွေမပြောနဲ့ အရှေ့က လာနေတဲ့ကားတောင် ရပ်သွားတဲ့အထိ )
(30) တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ - အွန်လိုင်းပေါ်မှာဆိုရင်တော့ ချိုကိုသဇင်၊ အိန်ဂျယ်၊ အရူးလေး၊ သူတို့နဲ့ တခွန်း၂ခွန်း သုံးလေးခွန်း ပြောဖြစ်တာပါပဲ
(31) အပြင်သွားတိုင်းပါတဲ့ပစ္စည်း - လွယ်အိတ်တလုံး (စုံစီနဖာ)
(32) သွားဖြစ်နေတဲ့နေရာတွေ - ဟိုဟိုသည်သည်ပါဆို ဘယ်မှမရောက်တာ ကြာပေါ့
(33) စိတ်အညစ်ဆုံးအချိန် - လကုန်တဲ့အချိန် (စာရင်းရှင်းရလို့ )
(34) အနေချင်ဆုံးနေရာ - အိမ်မှာပါဆို
(35) ကြားလိုက်မိတဲ့ဟာသလေးတစ်ခု - အတင်းကြီး ကိုယ်ရည်သွေးနေရင်
(36) ပေးချင်တဲ့သတင်းတစ်ခု - ၂၀၁၂ ကျရင် ကမ္ဘာပျက်မှာ ဘာမှကြိုတွေးမပူကြပါနဲ့ ခင်ဗျားးးးးး
(37) အပျော်ဆုံးဖြစ်မယ့်အချိန် - သောကြာသားကြီး ရှောမယ့်အချိန် ))
အနော် နေတဲ့နေရာက အနီတွေဆန္ဒပြကတည်းက အင်တာနက်က ပိတ်လိုက်တယ်ထင်ပါရဲ့.. စီဘောက်တွေလဲ မမြင် ဘလော့တွေမှာ မန့်လို့မရတဲ့အခါကျတော့ ကိုယ်က သူငယ်ချင်းတွေ အသစ်တင်တိုင်း ရောက်ပေမဲ့ ရောက်ကြောင်းလေး ဘာလေးညာလေးတောင် မပြောဖြစ်ခဲ့ရဘူး.. စိတ်လဲ မကောင်းဘူး ကိုယ့်ကိုကိုယ်လဲ တာဝန်မကျေဘူးလို့ ခံစားရတော့ အဲ့ခံစားချက်က စာရေးဖို့ကိုပါ လက်တွန့်စေမိတယ်..
ဟိုနေ့က စီဘောက်တွေလဲ ပြန်ပွင့် ဘလော့လဲ ပြန်မန့်လို့ရတော့ ဝမ်းသာအားရ လိုက်မန့် လိုက်ပြောလိုက်တာ နောက်နေ့လဲကျရော blogger.com ကြီး ပိတ်သွားတဲ့အထိ.. အဲ့လို လပ်ကီးကောင်းတဲ့ မမပါ ဟီးး.
ကျေးဇူးပါ အကိုအုပ်ကြီးရေ.. တဂ်ပို့စ်လေးမှာ တဂ်တဲ့အတွက်.. အနော် စာမရေးဖြစ်လဲ စာရေးကောင်းတဲ့ ကိုယ့်အကိုရဲ့လက်ရာ ကဗျာတွေကို ဖတ်ချင်ပါတယ်.. အသစ်တင်တိုင်းလဲ ရောက်ပါတယ်. အမြဲတမ်းဖတ်ဖြစ်ပါတယ် အကိုရေ..
နောက်လဲ တဂ်ပို့စ်လေးတွေမှာ တဂ်လို့ ရပါတယ်. တူတူပုန်းတမ်းဆော့တဲ့ကလေးတွေလိုမျိုး ကိုယ့်ကို လာဖမ်းမယ့် ကစားဖော်၊ ကိုယ့်ကို သတိတရ လာတဂ်မယ့် ဘလော့ဂါသူငယ်ချင်းအဖော်တွေကို စောင့်မျှော်နေပါကြောင်း
(((ဟမ်))) ပိုပြီ သူ :PPPP
အဲ့တာနဲ့ပဲ ပထမဆုံးအကြိမ် အနော်ကနေ ပြန်တဂ်မယ့် ဘလော့ဂါသူငယ်ချင်းများ (အမ်) လန့်မသွားပါနဲ့ ဗိုလ်အောင်ဒင် သေနတ်ထုတ်တာပါ ခွိခွိ.. ကဲ လာထား အနန္တောအနန္တငါးပါး ဦးထိပ်ထား၍ ))
မမချိုကိုသဇင်၊ ချစ်တဲ့ခင်၊ Angle Shaper၊ မမ rose of Sharon၊ အကိုဘရွတ်ခ် တို့ကို ပြန်တဂ်ပါတယ်။။ လတ်တလောစိတ်ဆန္ဒများ လို့ ခေါင်းစဉ်တပ်လိုက်ပါတယ်။ ရေးပေးကြပါနော် ဟိဟိ

Thursday, May 12, 2011
ဒိန်းဂျား (အန္တရာယ်)
ဒီလိုပါပဲ
ကိုယ်ဟာ ဘယ်လောက်အလေ့ကျသလဲဆို
ရွက်ကျရာ ပင်ပေါက်လိုက်တဲ့အထိ
ခံစားချက်ကရောတဲ့
ချစ်သလား မုန်းသလား မဝေခွဲနေတော့ဘူး
သူလိုကိုယ်လို
သူ့အတွက်တဲ့
မပြောရက်လို့ ပြောမထွက်လိုက်တဲ့ စကားလုံးတွေစုသိမ်း
ခပ်စိမ်းစိမ်း ပြုံးပြလိုက်ပါတယ်..
မျှော်လင့်ချက်တွေနဲ့တဲ့
အဲ့ဒီသံသေတ္တာကို နာမည်တပ်ပေးလိုက်မယ်
မင်းကိုယ်မင်း မရေရာရင်
အဲ့ဒီသော့မှာ ပတ်စဝပ်မထည့်လိုက်နဲ့
ပြောတာပါပဲ
ဒီလိုဟိုလိုတွေများဆိုတာ
အမှန်တရားဆိုတဲ့ဟာတွေချည်းပဲတဲ့
သူ့စိတ်ထဲ
မသေချာမှုတွေ များလွန်းလို့တဲ့
အဲ့တာကရော သေချာရဲ့လား
မေးခွန်းမှာကိုက မရေမရာ
အချစ်လား အမုန်းလား
နှစ်ခုလုံး တွဲမထားပါနဲ့
သူတို့တွဲနေတာကို
အန္တရာယ်..
ပြည့်စုံ
12/5/2011, 3:25 pm

Friday, March 25, 2011
ကမ္ဘာမြေဆွဲအား
ကမ္ဘာကြီးလေ
အရင်တုန်းက အချစ်ကြီးလို့
သူ့ဆွဲအားကို အားကုန်သုံး
ကမ္ဘာကြီးတခုလုံးကို တွယ်ဖက်ထားတယ်..
အခုတော့ နာကျင်
စာတင်လောက်အောင် ရက်စက်လွန်းတဲ့လူတွေကြောင့်
ဒေါသ အမျက်ကြီး
ကမ္ဘာကြီင်္းလေ
ဆောက်တည်မရအောင် ယိမ်းထိုးလှုပ်ရှား
သူ့အပါးမှာရှိသမျှ အရာအားလုံး
အကုန်လုံး သိမ်းကြုံးမုန်းပစ်လိုက်တယ်..
ပြည့်စုံ
(24/3/2011 - 8:44 pm) (7.0-magnitude earthquake strikes Myanmar)

Subscribe to:
Posts (Atom)