Wednesday, August 12, 2009

စိတ်ကူးယဉ်အိပ်မက်လေးရဲ့ တစ်လပြည့်မွေးနေ့

ဇူလိုင်လ ၁၃ ရက်နေ့မှာ စတင်ခဲ့တဲ့ စိတ်ကူးယဉ်အိပ်မက်ဘလော့ကလေး အခု သြဂုတ်လ ၁၃ ရက်နေ့မှာ တစ်လတင်းတင်း ပြည့်ပါပီရှင့်.

ပထမဦးဆုံး အနော့်ရဲ့ ဘလော့လေးကို အလည်အပတ်ရောက်ခဲ့တဲ့ အနော့်ရဲ့ သူငယ်ချင်းလေး မေလေးနဲ့ ပထမဦးဆုံး အနော့်ရဲ့ လူငယ်တစ်ယောက်ရဲ့အတွေးလေးပါ ဆိုတဲ့ လူငယ့်အတွေး စာစုလေးမှာ ကွန်မန့်ပေးခဲ့တဲ့ အကို ဧရာဝတီသား၊ ပထမဦးဆုံး အနော့်ရဲ့ဘလော့လင့်ကို စတင် ချိတ်ပေးခဲ့တဲ့ အနော့်ရဲ့ မမ မမဆုမွန်၊ နောက် အနော့်ရဲ့ဘလော့လေးကို အလည်အပတ်လာရောက်ခဲ့ကြတဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေ အပေါင်းအသင်းတွေကို တကယ့်ကိုကျေးဇူးတင်ပါတယ်ရှင်.

အခု ဘလော့ပုံစံဒီဇိုင်းလေးကို အလှဆင်ပေးသူကတော့ အနော့်ရဲ့ မမ မမဆုမွန်ပါ. အနော့်ရဲ့အတွေးထဲမှာ ရှိနေတဲ့ ပုံစံလေးအတိုင်း ဖြစ်အောင် လုပ်ပေးခဲ့တဲ့ အနော့်ရဲ့ မမကို တကယ့်ကို ကျေးဇူးတင်ပါတယ်.

ဘလော့လေးကို အရှိန်နဲ့လည်ပတ်နေရင်း စတင်ပီး ချစ်ခင်စွာ ညီအစ်မအရင်းလို နှုတ်ဆက်လာတဲ့ အမကတော့ ချစ်သော အမ jr ပါ. နောက် ခရမ်းမေ၊ နောက် သူငယ်ချင်းလေး ဖြူအကို ဧရာဝတီသားနာမည်တူ ချစ်သောအကို ပြည့်စုံမမ rose of sharonကြယ်ကလေးနဲ့ မမ choco၊ နောက် Anger Shaper၊ ကြွက်ပုံလေးဆွဲပေးတဲ့ အကို brook၊ နောက် ပို့စ်တိုင်းကို လာရောက်ကွန်မန့်ပေးတဲ့ အကို အမတွေကိုလဲ ကျေးဇူးတင်ပါတယ်ရှင်. နာမည်တွေကို စုံလင်အောင် မထည့်နိုင်တဲ့အတွက် အများကြီးတောင်းပန်ပါတယ်ရှင်.

အခုတော့ အနော့်ရဲ့ တစ်လသမီးလေးမှာ သူငယ်ချင်းတွေ အမတွေ အကိုတွေ အများအပြား ရှိလာပါပီရှင့်.

ဝမ်းနည်းနေတဲ့အခါ ဖြေသိမ့်ပေးတယ်၊ အလွမ်းတွေကို အတူတကွ မျှဝေခံစားပေးကြတယ်၊ မမောနိုင် မပန်းနိုင် ခရီးတွေကို အတူတူလိုက်လည်ပေးကြတယ်၊ စိတ်ကူးယဉ်ဇာတ်လမ်းတွေကို လာရောက်ဖတ်ရှုဝေဖန်ပေးကြတယ်၊ အတွေးတွေကို ဖြန့်ကျက်တွေးတောပေးကြတယ်၊ စိတ်ကူးယဉ်သမျှ လွမ်းသမျှ ရေးထားတဲ့ ဒိုင်ကြောင်ကလေးတွေကို မညည်းမညူ ဖတ်ရှုပေးတဲ့ အဖော်တွေ ဘေးမှာ ရှိနေတဲ့အတွက် အထီးကျန် မဆန်တော့ပါဘူးရှင်.

ပထမဆုံး ဒီဘလော့လေးကို စတင်မယ်ဆိုတော့ အနော့်ရဲ့ စိတ်ကူးထဲမှာ တွေးမိတာက နာမည်ပါ.
ဘလော့ရဲ့ နာမည်အပြင် အနော့်ရဲ့ဘလော့မှာသုံးဖို့ နာမည်လေးကို စဉ်းစားမိတဲ့အခါ ချစ်သူခေါ်တဲ့ နာမည်လေးကို ပေးချင်မိတယ်. နာမည်အရင်းကို သုံးချင်ပေမဲ့ နာမည်အရင်းထက် အနော် ဆိုတဲ့ နာမည်လေးကိုပဲ သုံးချင်မိပါတယ်. ဟိဟိ

အိပ်စက်ရင် အိပ်မက် မက်ရမယ်လို့ ပုံသေကားကျ သတ်မှတ်မထားတဲ့ လောကကြီးထဲမှာ မအိပ်ဘဲ မက်တဲ့ အနော့်ရဲ့အိပ်မက်လေးတွေကို မျှဝေချင်တဲ့စိတ်နဲ့ ဒီဘလော့လေးကို စတင်တည်ဆောက်ခဲ့တာပါ.

အနားမှာ အမြဲရှိမနေနိုင်တဲ့ ချစ်သူအစား အနော့်ကို အမြဲအဖော်လုပ်ပေးနိုင်မယ့် အကောင်းဆုံးအဖော် က ဒီစိတ်ကူးယဉ်အိပ်မက်လေးပါပဲ.

ဒီဘလော့လေးကို စတင်ဖို့ စိတ်ကူးမိတဲ့အချိန်က အနော့်ရဲ့ ကွန်ပျူတာလေးထဲက Personal Folder လေးထဲမှာ Microsoft File လေးတွေ သိပ်များလာတာက စတာပါပဲ. ကဗျာလေးတွေ ရေးလိုက် သိမ်းထားလိုက် ဝတ္ထုတိုလေးတွေ ရေးထားလိုက် ဟိုလူ့ပြလိုက် သည့်လူပြလိုက်နဲ့ပေါ့. ပီးတော့ ဘလော့တွေ လိုက်ဖတ်လိုက် အတွေးတွေရတော့ စာလေးတွေ ရေးလိုက်နဲ့ လုံးလည်ချာလည် လိုက်နေတုန်း ဘလော့ရေးမယ်လို့ စတင်စိတ်ကူးမိခဲ့တာပါပဲ.

ဘလော့လေး အလှအပ ပြင်ဆင်နေတဲ့အချိန်မှာ ပျော်ရွှင်မှုက အတိုင်းထက် အလွန်ပါပဲ.
ပို့်စ်တွေ တင်လို့ရပီဆိုတာနဲ့ အနော်က ရှိသမျှ ဖိုင်တွေထဲက ကဗျာတွေ စာတွေကို တင်တော့တာပဲရှင့်.

ဟစ်တွေရဲ့ တဝက်လောက်က အနော်ပဲ ဝင်လိုက်ထွက်လိုက် လုပ်နေတာပါ. ဟိဟိ (ဝန်ခံပါတယ်)

လာလည်တဲ့ ဧည့်သည်စာရင်းလေးတွေကို တစ်နေ့ တစ်နေ့ ကြည့်ရင်းနဲ့ ပျော်ရွှင်နေမိတယ်.

စီဘောက်မှာ လာအော်ရင် ရင်တွေခုန်လွန်းလို့ ရင်ဘတ်ကို ဖိထားရတယ်.

ပီးတော့ ကွန်မန့်တွေကို မော်ဒရိတ် လုပ်ထားတယ်. ဘာလို့ဆိုတော့ ကိုယ့်ဘလော့လေးကို ဖွင့်လိုက်တိုင်း ကွန်မန့်မော်ဒရိတ်မှာ ဘယ်သူတွေများ ဘယ်လိုလေးတွေ ပြောခဲ့သလဲ သိချင်လို့ ဖွင့်ကြည့်လိုက်ရင် 1 comment moderate ဆိုတာလေးများ တွေ့လိုက်ရင် ဖဲသမား ဖဲပွတ်သလိုပါပဲ မောက်စ်ကလေးနဲ့ အသာလေး ထိလိုက်ပီး ကလစ်ကို ခပ်ဖွဖွလေး နှိပ်လိုက်ရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်တဲ့ အရသာပါပဲရှင်.

နောက် သူများဘလော့လေးတွေကိုလည်ပတ်နေရင်း ကိုယ့်ရဲ့ဘလော့လေးကို လင့်ထားတာများ မြင်လိုက်ရရင် ပျော်ရွှင်မှုက အတိုင်းထက် အလွန်ပါပဲရှင်. လင့်ပေးထားတဲ့ အကို အမ သူငယ်ချင်းတွေကို တကယ့်ကို ကျေးဇူးတင်ပါတယ်နော်.

အလည်လာတဲ့သူငယ်ချင်းတွေကို ဧည့်ဝတ်မကျေပွန်ခဲ့ရင် စိတ်ကူးယဉ်အိပ်မက်ဘလော့လေးကနေ လှိုက်လှိုက်လှဲလှဲ တောင်းပန်ပါတယ်နော်. အမှားအယွင်းတွေ လိုအပ်ချက်တွေရှိခဲ့ရင်လဲ ခွင့်လွှတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်ရှင်.

15 comments:

  1. ဒီနှစ် အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန်ရသွားတဲ့ အနော့်ရဲ့ ကြိုးစားမှုတွေကို ပိတ်ကားပေါ်မှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်လား ခင်ဗျာ ..
    အဲ ဟုတ်ပါဘူး.. ရောင်ကုန်ဘီ .. ဟီး
    ဂျစ်လို့ စတာပါ။ ၁ ယူမလို့ စောင့်နေရတာ.. ဒီက ..
    အနော်ကလည်း ပွင့်ပွင့်လင်းလင်းနဲ့မို့ တကယ့်ကို ကိုယ့်ညီမလေးလို ချစ်မိ ခင်မိတာပါ။
    present ကတော့ ခုနက တိတ်တိတ်လေး ပေးပြီးဘီနော်။ ဘယ်သူမှ သိစေနဲ့။ :)))))))))

    ReplyDelete
  2. ဝေးးးးးးးးးးး
    အနော်လို့ပဲခေါ်နော်။ အကြောင်းရှိလို့  အဟိ။....
    ပေါ်ပြီ ပေါ်ပြီ အနော်ရေ...ဟိဟိ
    ကွန်မန့် မော်ဒရိတ် ခံစားချက်လေး နဲ့ လင်ခ့်လေး သူများအိမ်မှာတွေ့ ရင် ဖြစ်သွားတဲ့ ခံစားချက်လေးတူတယ်။
    ဘာနဲ့ မှကို လဲလို့ နှိုင်းလို့မရတဲ့ ခံစားချက်ပဲနော်။
    အနော်ရေ အောင်မြင်ပျော်ရွှင်ပါစေနော်။

    ReplyDelete
  3. စိတ်ကူးယဉ်အိပ်မက်လေးကိုဝမ်းပန်းတသာပဲကြိုဆိုပါတယ်ခင်ဗျ
    ကျနော်လည်းလင့်လိုက်ပါရစေဦးးးး
    စာရေးကောင်းသူအဖြစ်သတိထားမိပါတယ်
    နောင်လည်း ပိုစ်ကောင်းပေါင်းများစွာကိုဖတ်ပါရစေဦးး
    ဒါနဲ့ အနော်လို့ပဲခေါ်ရမယ်ထင်တယ် ဟုတ်လားမသိဘူး

    ReplyDelete
  4. Congratulation! စာပေချစ်သော အနော်တစ်ယောက် ဒီထက် စာတွေ အများကြီးရေးနိုင်ပါစေ ....... စိတ်ကူးရင်အိပ်မက်တွေ ထဲမှာလဲ အလှတရားတွေနဲ့ သာ ပြည့်စုံပါစေ ကျနော်က တော့
    မန့် တွေ မျှော်ရလို့ သစ်ကုလားအုပ် တစ်ပိုင်းဖြစ်နေပါပြီ ...... ပို့ စ် တိုင်း မပျက်မကွက် ဖတ်ပြီး ဝေဖန်ပေးတဲ့ သူငယ်ချင်းကို ကျေး ဇူးတွေ အခါခါ တင်နေမိပါတယ် ..... သူငယ်ချင်းရဲ့ ကွန်း မန့် တွေ ဟာ ကျနော် အတွက် အမြဲလို ပဲ စားရေးဖြစ်ဖို့ အား တစ်ခု ဖြစ်စေ ပါတယ် ...... အေးမြသာယာသော ဘဝကို သူငယ်ချင်း အနော် ပိုင်ဆိုင်ပါစေ ဗျာ ........ (ရန်ကုန်သား)

    ReplyDelete
  5. အနော်ရေ ရှေ့ဆက်လျှောက်စို့ဟေ့။
    နာ့တို့အားလုံး ဘဝတူတွေဘဲ။
    ကော့မန်တစ်ခုတိုးလာရင် လစာ ၁၀၀ တိုးတာထက်တောင်
    ပျော်သေးဒယ်။
    နင့်စာရေးအရမ်းကောင်းဒယ်။
    ဒါကြောင့် အောင်မြင်တာ။
    နာ့ဖြင့် ဘယ်နှစ်လ ပြည့်မှန်းတောင် သိတော့ဘူး။
    ဟီးးးးး

    ReplyDelete
  6. တစ်လနဲ့တောင်ညလေးအများကြီးရေးနိုင်တယ်..။
    ကြိုဆိုပါသည်..။
    ဒိထက်စာကောင်းပေမွန်တွေများများရေးနိုင်ပါစေ..။
    (ဆရာမကြီးလေသံဖြင့်...kwi kwi)

    ReplyDelete
  7. ဝေး ... တစ်လမှသည် နောင်နှစ်ပေါင်းများစွာထိ ရေးသားနိုင်ပါစေသတည်း. ညည်းလာလာလည်ခြင်းကို သတိပြုမိပြီး ခင်ပါ့ :)

    ReplyDelete
  8. စာရေးကောင်းတဲ့အနော်လေးရေ... တစ်လပြည့်ဆိုလို့အံ့သြသွားတယ်...
    တကယ့်နာမည်ကြီးစာရေးဆရာတယောက်လိုရေးနိုင်တဲ့ အနော်လေး တစ်လပြည့်မှစ၍ အောင်မြင်မှုတွေ ဒိထက်တိုးပြီးရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်....

    ReplyDelete
  9. အရမ်းဝမ်းနဲတယ်
    လူတွေအရမ်းတန်ဖိုးထားတဲ့ ကောမဲန်း လေးတောင်မှန်မှန်သွားမရေးပေးနိုင်တဲ့ဘဝ

    ပူပြင်းတဲ့ရာသီဥတုမှာတနေ့၁၃ နာရီခိုင်းတဲ့သူဌေးကြောင်.

    ReplyDelete
  10. တစ်လသမီးလေး " စိတ်ကူးယဉ်အိမ်မက် " အတွက်...
    စိတ်ကူးဆန်းဆန်း၊ အတွေးလှလှပို့စ်ပေါင်းများစွာကို ဒီ့ထက်မကပိုမိုရေးသားနိုင်ပါစေ....
    စကားမစပ် မုန့်လဲကျွေးဘူး .. မွေးနေ့လက်ဆောင် ကော်မန့်ပေးတယ်လေ.. :P

    ReplyDelete
  11. ရှေ့ဆက်ချီတက်ပါလေ...အားမလျှော့ပါနဲ့...။
    ဆုံးမစကား ဖြစ်သွားမှာစိုးလို့ ဘာမှထပ်မပြောတော့ပါဘူး...။
    အဆိုးတွေကြုံလာခဲ့ရင်လည်း တည်ငြိမ်စွာဖြတ်ကျော်နိင်ပါစေဗျာ...။

    ReplyDelete
  12. တစ်လသမီးလေးအနော်ကျန်းမာရွှင်လန်းစွာနဲ.စာတွေအများကြီးဆက်ရေး
    နိုင်ပါစေလို.ဆုတောင်းလိုက်ပါတယ်။

    ReplyDelete
  13. အဲ ... ကိုဧရာဝတီသားက ပထမဆုံး ကွန်မန့်ပေးတာလား၊ သိပါဘူးဗျာ။ အဲဒီ့ ပိုစ့်လေးကို ကြိုက်လွန်းလို့ ကွန်မန့်ပေးဖြစ်တာပါ။ ဘာပဲဖြစ်ဖြစ် အမှတ်တရ ရှိတယ့် အတွက်ဝမ်းသာပါ၏၊ စာမေးပွဲရက် အတွင်းလာအားပေးတဲ့ အတွက်လည်း ကျေးဇူး။

    ဘလော့လေးရဲ့ သက်တမ်းက တစ်လ ဆိုပေမယ့်
    ငါ့ညီမ ရေးတဲ့ စာတွေက ဘလော့သက်တမ်းထက်
    အများကြီး ပိုရင့်ကျက်တယ် ဆိုတာကို
    ရင်ထဲမှာ ရှိတယ့် အတိုင်း ရိုးသားစွာ
    ပြောခဲ့ ပါရစေ ညီမရေ။


    စာတွေအများကြီး ရေးနိုင်ပါစေ
    ခင်တဲ့

    ReplyDelete
  14. ဆုတောင်းပေးသွားကြတဲ့ သူငယ်ချင်းတွေနဲ့ အကို အမတွေကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်

    ReplyDelete
  15. အနော်ရေ.. ၁လပြည့်မွေးနေ့လေးကို ဖတ်သွားပါတယ်။ ဒီဘလော့လေး နောင်နှစ်ပေါင်းများစွာအထိ စာကောင်းပေမွန်များစွာနဲ့ ရှင်သန်နေပါစေလို့ ဆုတောင်းပေးပါတယ် ညီမလေး...

    ReplyDelete