Sunday, September 25, 2011

အိပ်မက်အကြောင်း Feeling 27

ကျမတို့ မက်ခဲ့သော အိပ်မက်တွေသည် ဘဝတွေနဲ့ အလဲအထပ်လုပ်ပီးမှသာ မက်ခွင့်ရခဲ့သည်။ အိပ်မက်တစ်ခုကို မက်ခွင့်ရဖို့ဆိုသည်မှာ အိပ်မက်တွေကို နှလုံးသားထဲထည့်ပြီး လက်ထဲမှာ ကိုယ်ပိုင်ဆိုင်ခဲ့သမျှအရာတွေကို စုစည်း ဆုပ်ကိုင်ရင်း အနာဂတ်တွေကို ကံကြမ္မာနဲ့ လောင်းကြေးထပ်ခဲ့ကြရခြင်း ဖြစ်သည်.

အိပ်မက်တွေသည် မက်ခွင့်ရသည့်အချိန်မှာသာ လှပသလောက် အကောင်အထည်ဖော်နေရသည့် အချိန်တွင် နာကျင်စဖွယ် ကောင်းလှသည်. ပေးဆပ်ခဲ့ရသည်.. ရယူခဲ့ရသည့် အချိန်တွေလဲ ရှိသည်.. ဆုပ်ကိုင်ထားသမျှကို လက်လွတ်ခဲ့ရသည်.. လိုအပ်နေသေးသည့် အရာတွေကိုလဲ ထပ်ရခဲ့သည်.. အိပ်မက်တွေ ပြောင်းမက်ခဲ့ရသည်လည်း ရှိခဲ့သလို ဘဝတွေ ပြောင်းလဲသွားသည့်အချိန်တွေလဲ ကြုံခဲ့သည်.. ပြောင်းလဲဖို့အတွက် အချိန်သည် ခဏတာသာ ဖြစ်သည်.

အချိန်ခဏလး ပြောင်းလဲဖို့အတွက် အရင်းအနှီးတွေ တပုံကြီး ပေးဆပ်ခဲ့ရသည်.. မျှော်လင့်ချက်တွေ တသီကြီး ချခင်းခဲ့ရသည်.. စိတ်ကူးတွေ တစ်လှေကြီး တွေးတောခဲ့ရသည်.. သို့ပေမဲ့ ပြောင်းလဲသွား သည့် အချိန်သည် ခနတာသာဖြစ်သည်. အချိုးအကွေ့ အလှည့်အပြောင်း ဒါတွေသည် မြန်ဆန် သွက်လက်လှသည်..

အချိုးအကွေ့ မြန်သလို အလှည့်အပြောင်းလဲ မြန်လှသည်.. ဘဝ၏ အဆစ်အချိုးတွေတိုင်းတွင် ကိုယ်ပိုင် ဆုံးဖြတ်ခွင့်တွေနဲ့ ဆုံးဖြတ်ခဲ့ရတာတွေ ရှိနေသလို သူတစ်ပါးက ချခင်းပေးထားသည့် လမ်းတွေမှာ လျှောက်နင်းခဲ့ရသည် အချိန်တွေလဲ ရှိခဲ့သည်.. မျှော်လင့်သည့်အတိုင်း ဖြစ်မလာသော အိပ်မက်တွေနှင့် မျှော်လင့်ချက်တွေထက် ပိုမိုသာလွန်သည့် အိပ်မက်တွေကိုလဲ မက်ခွင့်ကြုံခဲ့နိုင်သည်..

တချို့အိပ်မက်တွေသည် မက်နေရင်းနှင့် ပျောက်ဆုံးသွားခဲ့ဖူးသည်.. တချို့အိပ်မက်တွေသည် မက်ခွင့်ကြုံနေသည့် အချိန်တွင်ပင် လုံ့လစိုက်ထုတ်စရာမလိုဘဲကို အလိုလိုပြီးပြည့်စုံခဲ့သည်လည်း ရှိသည်.. တချို့ တချို့လူတွေအတွက်ကျတော့ အိပ်မက် မက်နိုင်ခွင့်တောင် မရှိပေမဲ့ တချို့ တချို့ လူတွေအတွက်ကတော့ အိပ်မက်တွေကို လိုသလောက် အထပ်ထပ် မက်ခွင့်ရခဲ့သလို မက်နိုင်ခွင့်တွေလဲ တစ်ပုံတစ်ပင် ရခဲ့ကြသည်.

အိပ်မက်မက်နေသည့်အဆုံးနှင့် အိပ်မက်မက်ခွင့်ရနေသည့်အချိန်တွင်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခွင့်ရလိမ့်မည်ဟုတော့ မမျှော်လင့်သင့်ပေ..

ပြည့်စုံ
(၁၀း၅၉ pm, 25-9-2011, Sunday)

Saturday, September 10, 2011

ပေးကား ပေးခဲ့ဖူးသည် လက်ခံခဲ့ဖူးပါသလား

သူပေးခဲ့ပေမဲ့ ကျမ မရခဲ့ပါ..

ဖြူစင်မှုတွေလို့ သူ ခေါင်းစဉ်တပ်ထားတဲ့ သူ့ရဲ့အကြင်နာတွေ၊ ဂရုစိုက်မှုတွေနဲ့ သူ့ဘက်က သူ ပေးခဲ့ပါတယ်လို့ ပါးစပ်က ဖွင့်ပြောခဲ့တဲ့ မေတ္တာတရားတွေကို ဖြစ်သည်..

သူပေးခဲ့တယ်ဆိုပေမဲ့ လက်ခံခဲ့သူ ကျမကပဲ အဓိပ္ပါယ်ကောက် လွဲခဲ့သလား ..

မကျိန်းသေပါ..

ကျိန်းသေတာ တခုကတော့ ကျမက အတွေးခေါင်သူ… အသလွတ် မာနကြီးသူ.. နာကျင်လောက် အောင် ခံစားတတ်သူဖြစ်၍ ချစ်ခြင်းမေတ္တာတရားကို အသက်ရှုသလိုကို လိုချင်ခဲ့သူဖြစ်လေသည်..

ဒီလိုနဲ့ သူနဲ့ကျမတို့ လွဲချော်ခဲ့ကြလေသည်..

သူ ပေးခဲ့သည်က ဖြူစင်တဲ့ ကြင်နာမှုဖြစ်ပြီး ကျမ ရချင်ခဲ့သည်ကတော့ နှစ်လိုဖွယ်အတိပြီးတဲ့ ချစ်ခြင်းမေတ္တာတရားသပ်သပ်ကိုသာ ဖြစ်လေသည်..

ပိုင်ဆိုင်မှုသဘောတရားတွေကို ဆွေးနွေးဖြစ်သောအခါ ကျမက ပေးဆပ်မှုသပ်သပ်အချစ်ကို လေးစားပေမဲ့ ပိုင်ဆိုင်ရလိုမှုကို လိုချင်သူဖြစ်ခဲ့သည်.. သူကတော့ ပိုင်ဆိုင်ရလိုမှုဆိုသည်ထက် ပေးဆပ်မှုသပ်သပ်ကိုသာ ပေးအပ်ခဲ့သည့်သူဟု ဂုဏ်ယူတတ်သူသာ ဖြစ်ခဲ့သည်..

သူက ပေးခဲ့သည်လို့ ပြောခဲ့ပီး ကျမက မပိုင်ဆိုင်ခဲ့ရလေသောအခါ ကျမတို့ ရိုးရိုးလေး ဝေးခဲ့ကြလေသည်..

ဆယ်စုနှစ် တစုစာ အချိန်အတော်ကြာကြာ ဝေးခဲ့ပြီးသောအခါ သူ့မှာ ပိုင်ဆိုင်မှုတော်တော်များများ ရှိနေခဲ့ပြီး ကျမကတော့ လက်မဲ့တယောက်သာ ဖြစ်နေဆဲဖြစ်လေသည်..

ကျမတို့ ဂဲသားရင်းတစ်ခုမှာ ပြန်ဆုံခဲ့လေသည်..

သူ့နံဘေးမှာ ချစ်စဖွယ်မိန်းခလေးတယောက် ရှိနေခဲ့ပြီး သူကတော့ ဂုဏ်ယူဝံ့ကြွားတဲ့အပြုံးမျိုးနဲ့ ကျမကို ကြိုဆိုနှုတ်ဆက်ခဲ့လေသည်..

ကျမကတော့ ကိုယ့်နှလုံးသားကို ကိုယ်ပိုက်ပြီး သူ့ရှေ့မှောက်မှာ ချိုသာတဲ့အပြုံးကိုသာ အရိုးသားဆုံး ပြုံးပြဖြစ်ခဲ့လေသည်..

သူ မေးခဲ့သလို ကျမ ဘာကြောင့် တကိုယ်ထီးတည်းဖြစ်နေခဲ့သလဲ စဉ်းစားကြည့်လေသည်..

ကျမက ရယူလိုခဲ့သည်ဆိုပေမဲ့ ရတိုင်း မယူခဲ့ဘဲ အလိုလိုဖြစ်တည်လာမယ့် ချစ်ခြင်းမေတ္တာစစ်စစ်ကိုသာ အငမ်းမရရှာဖွေခဲ့သည့် သူသာ ဖြစ်ပြီး.. သူကတော့ ပေးဆပ်ခဲ့သည်လို့ပြောပြီး အလွယ်တကူရလာတဲ့ ချစ်ခြင်းမေတ္တာတွေကို အငမ်းမရ ပိုင်ဆိုင်ခဲ့သည့်သူ ဖြစ်ခဲ့လေသည်..

အချိန်ကပဲ နှလုံးသားတွေကို ပြောင်းလဲသွားခဲ့စေသလား နှလုံးသားတွေကပဲ အချိန်ကာလအလိုက် ပြောင်းလဲသွားခဲ့တာလား .. မကျိန်းသေပါ..

ကျိန်းသေသည်ကတော့ ကျမနှင့်သူသည် အယူအဆချင်း ကွဲလွဲနေတုန်းပင်ဖြစ်လေသည်…

ပြည့်စုံ
Saturday, September 10, 2011 (8း24 pm)

Monday, September 5, 2011

ခေတ်သစ်မိုးခါးရေ

ရွေးချယ်စရာမရှိမယ့်တူတူတဲ့
လာပါကွာ
စိတ်ကို ဒုံးချလိုက်ပါတယ်

အများလဲ မိုးခါးရေ
ကိုယ်လဲ မိုးခါးရေပေါ့

မြတ်စွာဘုရား
သောက်ပီးမှ မထူးဘူး
ငါမရူးမှန်းသိလိုက်တဲ့အခါ

စသောက်ကတည်းက သိသင့်တာ
ခေတ်သစ်မိုးခါးရေတဲ့ဗျာ…

ပြည့်စုံ
Tuesday, September 6, 2011 at 11:28am

Friday, September 2, 2011

အိပ်ပျက်တဲ့ညရဲ့ ရင်ခုန်သံ



ဆူဝေနေတဲ့ ခေါင်းထဲက လုပ်ငန်းစဉ်တွေ၊ အတွေးစတွေ၊ ရှုပ်ထွေးမှုတွေနှင့် လတ်တလော လုပ်ဆောင်ပေးရမည့် ကိစ္စရပ်များကို မေ့ပစ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည့်အချိန်သည် သာမန်အိပ်ချိန်ထက် အများကြီး စောသည့်အချိန်..

ည ရှစ်နာရီခွဲ…

စူးစူးဝါးဝါးထိုးဟောင်လိုက်သည့် ခွေးအူသံများကြောင့် အလန့်တကြားနိုးထလာသည့်အချိန်သည် ည ၁း၃၀ အတိ..

မှောင်မည်းတိတ်ဆိတ်ကာ မီးမှိတ်ထားသည့်အခန်းအတွင်း ကျမရဲ့မွေ့ရာနံဘေးမှာ အမြဲတမ်း ထားထားသည့် လက်ကိုင်ဖုန်းက နာရီလက်တံတွေက ည ၁း၃၀ တိတိကို ညွှန်ပြနေခဲ့သည်..

အဲ့သည့် ခွေးအူသံ.. ကျမ ကြောက်လှသည့် အဲ့သည့် ခွေးအူသံသည် အချိန်တိတိကျကျရှိလှသည်..

အရင်နေ့တွေတုန်းကတော့ အဲ့ဒီခွေးအူသံသည် ကျမရဲ့နားနှစ်ဖက်ကို ပိတ်ထားတတ်သည့် နားကျပ်၂ဖက်ကြောင့် ကြားခွင့်ရပေမဲ့ မကြောက်တတ်လှ..

ဒီနေ့ကတော့ အလွန်အမင်းအိပ်မောကျနေသည်ဖြစ်သည့်အပြင် ကိုယ့်ခေါင်းရင်းနားက စွဲစွဲငင်ငင် အူလိုက်သံက ကိုယ့်ခြေရင်းမှာပင် ရပ်ကြည့်နေသလို.. အလင်းရောင်ဝိုးတဝါးအောက်က အရိပ်တချို့က စိတ်ကိုအရောင်ပြနေခဲ့..

ဟိုးလမ်းမတဖက်ထိပ်ဆီကနေ အူလာသည့်ခွေးတွေရဲ့အသံက ကြောက်လန့်တကြားနိုင်လှပြီး အဲ့သည့်အသံတွေက နေရာအပိုင်းလိုက် စဉ်လိုက်တစိုက် ကြားနေရပြီး ကျမတို့အိမ်ရှေ့က လမ်းမထိပ် တဖက်ကို ရောက်သွားသောအခါ အသံတွေက တိခနဲကို ပြတ်တောက်သွားခဲ့တော့သည်..

အဲ့သည့် အချိန်မှန်မှန် နေရာမှန်မှန် ကြားနေရသည့် ခွေးအူသံတွေကို စတင်သတိထားမိခဲ့တဲ့အချိန်က တော့ ၁၃ ရက်ကျသည့် သောကြာနေ့ တနေ့ပင်ဖြစ်သည်..

စိတ်လွတ်ကိုယ်လွတ် အိမ်ရှေ့က ဝရံတာဝိုင်းလေးမှာ စကားဝိုင်းထိုင်ပြောနေကြသည့်အခိုက်ပေါ့.. ပထမတော့ နေကြာစေ့အထုပ်ကြီးကို အလယ်ချ.. ဂစ်တာတလက်ဆွဲကိုင်ထားသူက သံစဉ်တွေ ဆိုတီးနေပြီး ရောက်တတ်ရာရာ စကားပြောနေကြရင်းမှ.. နောက်တော့ တယောက်က ဘီယာဘူးတွေ သွားဝယ်လာခဲ့သည်.

ညက ထမင်းစားပြီး လက်ကျန် ကြက်သားဟင်းခွက်ကို သယ်ချလာပြီး ဝရန်တာ တံစက်မြိတ်အောက်က အိမ်ရှေ့မှာ စကားကောင်းနေလိုက်ကြတာ.. ည ၁၂ နာရီကျော်လို့ ၁ နာရီပင် ထိုးလုပြီ..

ကောင်းကင်မှာ ညက လအရောင်ကြောင့် ကြည်လင်နေပေမဲ့ တဖြည်းဖြည်း မည်းမှောင်လာခဲ့တဲ့ အလင်းရောင်ကို သတိထားနေရင်းပင် တိမ်တအုပ်က အဲ့သည်လရောင်ကို ဖုံးအုပ်ဖို့ အကြံခံလိုက်ရတာပါပဲ..

အဲ့သည့်အချိန်မှာပဲ စွဲစွဲငင်ငင် စူးစူးရှရှအူလိုက်တဲ့ ခွေးတကောင်ရဲ့အသံကို မထိတ်သာမလန့်သာ စတင်ကြားလိုက်မိတော့တာ..
ကျမတို့ရဲ့စကားဝိုင်းမှာ အသံတိတ် ဂစ်တာသံဆိတ်သွားတော့သည်.. အဲ့သည့် ခွေးအူသံက လမ်းမ ဟိုဖက်ထိပ်ကနေ စကြားလာရတာဖြစ်ပြီး လမ်းတလျှောက် ခွေးတွေက ရောယောင်အူနေတော့တာ ဖြစ်သည်..

ကျမတို့ စကားဝိုင်းနားမှာ နေပြီး အကင်အစအနတွေ၊ ကြက်ရိုးတွေကို လာရောက်စားနေတဲ့ ခွေးကတော့ စောစောဏကတင် လမ်းမဆီ ပြေးထွက်သွားခဲ့ပြီ..

အဲ့သည့်ခွေးက လမ်းမ အလယ်ခေါင်တည့်တည့်မှာ ရပ်နေပြီး စူးစမ်းဟန်က အပြည့်ရှိနေခဲ့သည်. ပိုထူးခြားတာကတော့ သူ့ရဲ့အမြီးပဲဖြစ်သည်..

သူ့ရဲ့အမြီးက ပထမတော့ အပေါ်ကို ထောင်ထောင်မတ်မတ်ဖြစ်နေပြီး အစုလိုက်အပြုံလိုက် အူနေတဲ့ ခွေးအူသံတွေ တစထက် တစ နီးလာသောအခါ အဲ့သည့်အမြီးက ခွေလာပြီး နောက်တော့ အိန် အိန် ဆိုပြီး အမြီးကုပ်ကာ ကြောက်လန့်တကြား ထွက်ပြေးသွားတော့သည်..

ကျမတို့စကားဝိုင်းရဲ့ အရှေ့ အိမ်ခြံဝန်းသံပန်းတံခါး အရောက်မှာတော့ အဲ့သည့်အူနေတဲ့ အူသံတွေရော ခွေးတွေရဲ့အသံပါ ဓားနဲ့ဖြတ်ပိုင်းလိုက်သလိုပင် တိတိပပ ရပ်ဆိုင်းသွားခဲ့တော့သည်..

ရုတ်တရက်ဖြစ်ပေါ်သွားတဲ့ ထူးခြားတဲ့အခြေအနေမှာ တကိုယ်လုံးကြက်သီးမွေးညှင်းတွေ တဖျင်းဖျင်း ထလာခဲ့ပြီး လူက စိတ်နဲ့ကိုယ်နဲ့ မကပ်ဖြစ်သွားတော့သည်.. မတ်တပ်ထရပ်လိုက်ဟန်ရှိတဲ့ တယောက်ကြောင့် ဘီယာပုလင်းခွံကို တိုက်မိပီး ပြုတ်ကျသွားသည့် အသံသည် တိတ်ဆိတ်နေတဲ့ညမှာ ယောင်ယမ်း အော်ဟစ်လိုက်သံနှင့်တောင် တူနေတော့သည်..

နောက်တော့ ကျမတို့တွေ စကားဝိုင်းသိမ်းကာ အိမ်ထဲဝင်ခဲ့ကြတော့သည်.. အဲ့ဒီညက ဘယ်သူမှ ကောင်းကောင်း အိပ်မပျော်ကြပါ.

သံပန်းတံခါးရဲ့ပြင်ပဆီကနေ စူးစိုက်ကြည့်နေသည်လို့ သံသယရှိလှသည့် အထင်တလုံးနှင့် ကျမတို့တွေ နောက်ပိုင်းစကားဝိုင်းတွေကို အဲ့သည့်ဝရံတာလေးမှာ ထပ်မလုပ်ဖြစ်ကြတော့..

မှတ်မှတ်ရရ ရှိလှသည်ကတော့ အဲ့ဒီခွေးအူသံသည် ည ၁း၃၀ တိတိတွင် ကြားရခြင်းဖြစ်လေသည်..

မနေ့က ညသည် အိပ်မောကျနေရာက ရုတ်တရက်နိုးထလိုက်ရသည့်ညဖြစ်ပြီး ပြန်အိပ်ဖို့ကြိုးစားသော အခါ အိပ်မက်ဆိုးများနှင့် နပန်းလုံးရသော ညဖြစ်လေသည်..

ဒီနေ့ည ၁း၃၀ တွင်လည်း ဒီခွေးအူသံကို ကျမကြားရဦးမှာပင်ဖြစ်လေသည်..

ပြည့်စုံ
(9း48 pm, 2/9/2011, Friday Night)

Friday, August 19, 2011

စိတ်အန်ဖတ်

စိတ်

ကျမရဲ့စိတ်တွေက ကျမရဲ့လက်ချောင်းဖျားလေးတွေဆီမှာ ရှိမနေခဲ့..
စိတ်အတွင်းက အတွေးတွေကို ဖောက်ထုတ်ပစ်ဖို့ မဖြစ်မနေ လိုအပ်လာနေတဲ့အချိန်မှာတောင် နှလုံးသားဆီကနေ စကားလုံးတွေက လက်ချောင်းတွေဆီအရောက်မှာပဲ ပျောက်ပျက်သွားခဲ့တာ.. ခံစားချက်အသေတွေ ပစ်ထုတ်ဖို့ မဖြစ်မနေ လိုအပ်လာတယ်ဆိုရင်တောင် အဲ့ဒီနေရာက ကျမရဲ့စိတ်ကူးယဉ်အိပ်မက် မဖြစ်စေချင်ခဲ့တော့..

ည ..

လ သိပ်သာတဲ့အချိန်မျိုးမှာ မျှော်လင့်တကြီး တောင့်တခဲ့ဖူးတာက သံစဉ်ချည်းသပ်သပ်သာ တီးခတ်နေမယ့် ဂစ်တာသံသဲ့သဲ့ကိုသာ.. ညတွေမှာ ကိုယ်ဟာ ဇီးကွက်တကောင်အဖြစ် အိပ်တန်းမဝင်နိုင်သေးတဲ့အခါ စိတ်လိုအင်အနေနဲ့ ဂစ်တာသံသဲ့သဲ့ကို ဆာလောင်ငတ်မွတ်ခဲ့ဖူးတယ်..

ဖျောက် ..

မီးဖွင့်သံအဆုံးမှာ နာခံမှုမရှိတဲ့ လက်ချောင်းတွေက ကွန်ပျူတာကီးဘုတ်ပေါ် အပြေးအလွှား စကားလုံးတွေ စီနေခဲ့တယ်.. ဒါပေမဲ့ ခဏပဲ.. လမ်းတဝက်အရောက်မှာ စကားလုံးတွေ ပျောက်ရှသွားတော့တာ.. ဒါနဲ့ပဲ ဟိုအရင်လို အချိန်မျိုး ခဏရောက်.. ကျမအတွက် လိုအပ်ချက်တွေ ပျောက်ဆုံးသွားခဲ့တော့တာပါပဲ..

သူငယ်ချင်း ..

သူ့အကိုင်းနဲ့သူ သီးပွင့်နေပေမဲ့ ပင်စည်တခုတည်းက ရေသောက်မြစ်မကြီးကို မှီခိုခဲ့ကြတာချင်း အတူတူ .. ပန်းသီးပွင့်တွေ ပွင့်နေတဲ့ ပင်စည်ပေါ် ကိုယ်တယောက်တည်း သစ်သော့သီးဖြစ်နေခဲ့.. ဒီလိုနဲ့ပဲ ရွက်ကြွေတွေ လွင့်လာတော့မယ့် မဝေးတော့မယ် နွေဦးရာသီကို တယောက်တည်း မျှော်နေမိတာပါပဲ..

ချစ်သူ ..

အရိုးသားဆုံး နီးစပ်ခဲ့မှုတွေအတွက် ထူးထွေဆန်းပြားစွာလဲ ဝေးကွာမသွားခဲ့ဘူး.. ဖြစ်ရိုးဖြစ်စဉ်.. ဒီလမ်းမှာ ဒီအနမ်းကို မတမ်းတခဲ့ဖူးပေမဲ့ ဒီအလွမ်းတွေကိုလဲ လက်သင့်ခံခဲ့ရတာပါပဲ.. ဒီလိုနဲ့ပဲ အိပ်မက်တွေထဲ ကြည်နူးစွာမက်ခွင့်လေးတော့ ပေးခဲ့ဖူးတာ ကျေးဇူးတင်စရာ..

နေရာ ..

အတည်အကျ နေခဲ့ရပေမဲ့ ကိုယ်ကိုယ်တိုင်က အသားမကျသေးခဲ့.. ရှေ့သိပ်ရောက်လွန်းတဲ့အခါ ဘဝရဲ့နောက်ကျောတွေထဲ စိုက်ဝင်လာတဲ့ ဘရုတပ်စ်ရဲ့ဓားတွေကိုတော့ လက်သင့်ခံပါတယ်.. မျက်နှာချင်းဆိုင်တည့်တည့် စကားလုံးမြှားမိုးတွေ ရွာချမခံခဲ့ရတဲ့အတွက် နေပျော်ပါတယ်.. သူလိုကိုယ်လို..

မိတ်ဆွေ ..

လမ်းချင်းတူလို့ လူချင်းပေါင်းသင်းခဲ့ဖူးတဲ့ လူတွေ.. တခါတလေတော့လဲ တလှေတည်းစီးပေမဲ့ တခရီးတည်း မဟုတ်တဲ့အခါ လက်ပြနှုတ်ဆက် လမ်းခွဲ.. ဆင်သေကောင်ကို စီးပြီး ပင်လယ်ဝ ရောက်တဲ့အခါ ပျံခွင့်မရတော့တဲ့ ကျီးမိုက်လို တခါတလေတော့လဲ သာဓက အဟောင်းတွေကို လက်ဆုပ်လက်ကိုင်ပြုထားခဲ့..

အိမ် ..

ဘယ်အချိန်မဆို တူညီစွာမက်တတ်တဲ့အိပ်မက် .. အနာဂတ်မျှော်လင့်ချက်တွေထဲ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်သေးတဲ့နေရာ .. နာကျင်မှုတဝက် ကြင်နာမှုတဝက်နဲ့ အိမ်ကို မက်တဲ့အိပ်မက်တွေကို နေ့လယ်ခင်းအိပ်မက်တွေထဲ မြင်သာထင်သာမက်နေခဲ့.. ဒီလိုနဲ့ပဲ ဝေးသထက် ဝေး.. ပိုပိုဝေးသွားခဲ့..

ဘဝ ..

သိပ်ကြီးကျယ်လွန်းတယ်.. သုံးနှုန်းရတာကိုက ဘဝင်လေဟပ်စေတဲ့ စကားလုံး.. ပျော်တုန်းတော့ တပြုံးပြုံးနဲ့ မော်မဆုံးနိုင်.. ဟော အခုတော့ ဘကုန်းနဲ့ ဝလုံး တဲ့.. လူ့စိတ်များပြောပါတယ်.. အခုတော့ ပစ်မှတ်ထားပြောစရာ ပိန္နဲတိုင်ကြီးလိုဖြစ်နေတဲ့ စကားလုံး.. ကိုယ်လဲ မကြာခဏ သုံးနှုန်းပါတယ်.. ဘဝ ဘဝ..

ပြည့်စုံ
12း46 pm, saturday, Aug 20, 2011

Tuesday, August 16, 2011

သူငယ်ချင်းတစု



တယောက်က အခါးဆို
တယောက်က အချိုရော.
တယောက်က ပြုံးတော့
တယောက်က ရီ..
တယောက်ကို တယောက်က ကြည့်လို့
ငါတို့အတွေး
စိတ်ကူးတွေထဲတောင် ထပ်တူကျခဲ့ကြတာ..


ဒီလိုနဲ့ ....
တယောက်ကို သတိရတော့
တယောက်က အလိုလိုလွမ်း..
တယောက်ကို လက်ကမ်းတော့
တယောက်ရဲ့လက်ကို
တယောက်က ဆုပ်လို့..
ဒီလိုသာ စိတ်ကူးနဲ့မှန်း တွေးကြည့်မိတယ်. .
အတွေးထဲတင် အပျော်တွေစု
အဲ့တာ ငါတို့ သူငယ်ချင်းတစုပေါ့....

ပြည့်စုံ
Monday, August 15, 2011 at 10:40pm

Wednesday, July 6, 2011

ခေါင်းစဉ် မသိတဲ့ ကဗျာ

လက်ပူတိုက်ထားတဲ့မြို့ လေးရဲ့ 
မျက်ရည်ဝနေတဲ့စည်းရိုးကြီးနံဘေး
ယားယံတတ်တဲ့လမ်းမများပေါ်က
ခေါင်းစဉ်တပ်မရတဲ့တေးသီချင်းတွေသီဆိုသူ။

အဲသည်မှာ
သားပျောက်ရှာတဲ့မိခင်တွေရဲ့ 
လက်သီးပွက်ထရာမြေ
…….
…….

အဲသည်မှာ
အဆုတ်ထဲကဆဲရေးသံတွေဟာ
မျက်ရည်ယဉ်ယဉ်လေးဖြစ်သွားတဲ့
သူ့ ညီမလေးရဲ့ တော်လဲသံတွေလဲရှိတယ်။

အဲသည်မှာ
ကိုယ့်အကိုင်းနဲ့ ကိုယ်သီးပွင့်ခွင့်မရတဲ့
နှင်းခါးကိုက်ခံရတဲ့ပန်းတွေရှိတယ်။

အဲသည်မှာ
ပယောဂအကိုက်ခံရဆဲရောဂါသည်တွေရဲ့ 
ချဉ်ဆီနဲ့ မျိုးဖောက်ထားတဲ့
မုန်တိုင်းရဲ့ လက်ဖျံရိုးတွေလဲရှိတယ်။
ရှိတယ်
ရှိတယ်
အဲသည်မှာအားလုံးရှိတယ်။
ကံကော်ပွင့်ကဇော်ဖေါက်သောက်ထားတဲ့
မုန်တိုင်းရဲ့ ဖုန်းဆိုးရာသီကိုအလဲထိုးဖို့ အတွက်
အလံထူထားတဲ့ကြိုးဝိုင်းမြေလေး
အလံထူထားတဲ့ကြိုးဝိုင်းမြေလေး။

ကိုကိုမောင်

(စိတ်ခွန်အားတက်စေတဲ့ ကဗျာတွေ စုစည်းမှု။ ဒီကဗျာရေးသူရဲ့ နာမည်ကိုပဲ သိပါတယ်။ ခေါင်းစဉ်ကိုတော့ မသိပါ။)