ဝရံတာ အစွန်းပိုင်း အမှောင်ရိပ်ကျနေတဲ့ နေရာနားမှာ တကိုယ်လုံးကို ကပ်ထားမိတယ်.. အနည်းဆုံးတော့ အဲ့ဒီ အမှောင်ရိပ်အောက်မှာ နေခွင့်ရနေတာကို ကျေးဇူးတင်ရမလို.. ပူပန်ချင် ယောင်ဆောင် ရတာတွေလဲ နောက်ဆုံးတော့ ထူးမခြားနား ဇာတ်ပဲ ဆက်ကနေတာ မဟုတ်လား..
‘ဖုန်းလဲ ဆက်လို့မရဘူး.. ဧရိယာပြင်ပပဲ ရောက်နေတယ် ပြောတယ်.. ဒီကောင်ဟာ ဒီအချိန်အထိတောင် ဘယ်သဝေထိုးနေတယ် မသိဘူး.. ငါတော့ သေချင်တော့တာပဲ.. သူ့အဖေနဲ့ ကလဲ တရန်ပါပဲ..’
တတွတ်တွတ် ရွတ်နေတဲ့ ယောက္ခမ အမကြီးရဲ့ အသံကို ဝရံတာဘောင်ပေါ်ကနေ လမ်းထိပ်ကို မျှော်ကြည့်နေရင်း တချက် နားစွင့်လိုက်တယ်.. လမ်းအချိုးကွေ့လေးကို ကျော်မှ သူမတို့ တိုက်ခန်းဆီ ရောက်လာမှာ ဆိုတော့ မီးရောင်လဲ့လဲ့မြင်ရင် ကိုကိုများ ပြန်လာပြီလား လို့ မသိမသာ မျှော်နေမိတာ ပါပဲ..
အရင်တုန်းကတော့ အေးတိအေးစက် နိုင်တယ်လို့ ကိုကို စွပ်စွဲခဲ့ဖူးတဲ့ မိန်းမတယောက်ဟာ အခုတော့ အေးခဲနေတာမဟုတ်ဘဲ ခံစားချက်တွေ သေဆုံးနေတာလို့ ပြောရင် ကိုကိုက ဟားတိုက်များ ရီမလား..
‘မင်းဟာ လူမှ မဟုတ်ဘဲကွ.. စက်ရုပ်ပဲ.. ငါ့ကို လက်ထပ်လိုက်ရလို့ မင်း ဝမ်းနည်းနေတာ မဟုတ်လား နုနုထွေးရဲ့..မင်းကို ဘယ်တော့မှ ငါ ကွာရှင်းမပေးဘူး.. ငါစိတ်ဆင်းရဲရသလို မင်းလဲ စိတ်ဆင်းရဲစေရမယ်.. အဲ့တာ ငါ့ကျိန်စာ .. မင်း တသက် မှတ်ထား’
ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေကို အလန့်တကြား လက်ဖဝါးနဲ့ ခပ်ကြမ်းကြမ်း ပွတ်သုတ်လိုက်တယ်.. ဒီနေရာက တဖဝါးမှ မခွာချင်ဘူး.. ကိုကိုလာရင် တံခါးဖွင့်ပေးဖို့ ကြိုးစားရမယ်.. ဝတ္တရား ရှိတဲ့အတိုင်း ထမင်းစားပြီးပြီလား.. ဒါမှမဟုတ် ရေချိုးမလား မေးရမယ်.. ဝတ္တရားရှိတဲ့အတိုင်း အိပ်ရာဝင်ရမယ်.. ဒါ သူမ ရွေးချယ်ခဲ့တဲ့ ဘဝ..
နောင်တ မရခဲ့ဘူးလား လို့ တပါးသူ မေးမှာထက် ကိုယ့်ကိုယ်ကို ပြန်မေးရမှာကို သေရမှာထက် ကြောက်မိတယ်.. ရွေးချယ်မှုတိုင်းမှာ ၂ ခု ဒါမှမဟုတ် ဒီ့ထက်ပို များများစားစား ရှိနိုင်မလား.. သူမအတွက် ရွေးချယ်ခဲ့တာဆိုတာ ခေါင်းညိတ်ခဲ့တာ တခုပင်.. ရွေးချယ်စရာဟာ ဒါမဟုတ်ရင် ဒါပါပဲ.. ရွေးချယ်ခွင့် ရခဲ့တယ်လို့ လူရီချင်စရာ ဟာသလုပ် ပြောခွင့်ရချင်ခဲ့တာ..
အရင်တုန်းက နုနုထွေး ဆိုတာဟာ တခြားကမ္ဘာက ဂြိုလ်သားအသွင်.. ပြောင်းလဲခဲ့ပါပြီ..
‘အမေ အိပ်ချင် အိပ်လေ.. သမီး ဆက်စောင့်လိုက်ပါမယ်..’
ယောက္ခမ အမကြီးက စိပ်ပုတီးကို လက်မှာ ပတ်လိုက်ပြီး ဆက်တီခုံလက်ရန်းကို အားပြု ထရပ်လိုက်တယ်..
‘အေး အမေ ခဏလှဲလိုက်ဦးမယ်.. ပြန်လာရင်လဲ စကား များမနေနဲ့တော့.. အဖေကြီး အကြောင်းလဲ နည်းနည်းပါးပါး သတိပေးလိုက်ဦး၊ မနက်ကျရင်တော့ ပူညံပူညံ အသံတွေ ကြားရပါဦးမယ်’
အဖေက သူမကို သနားလို့ မနက်မိုးလင်းတာနဲ့ ကိုကိုနဲ့ ဆူညံပူညံဖြစ်တာဟာ ထုံးစံလို ဖြစ်နေပြီ.. ဒီနေ့ ၁၀ နာရီဟာ နောက်ကျတယ် ဆိုရင်.. မနက်မိုးလင်း ဆူညံသံကြားရပြီးတာနဲ့ ကိုကို့ အိမ်ပြန်ချိန်ဟာ ၁၁ နာရီဖြစ်ခဲ့ပြီ.. ဒီလိုနဲ့ အချိန်တွေဟာ နောက်ကျသထက် ကျလာခဲ့တယ်..
အခုတော့…
‘ဟုတ်တယ်.. အဲ့ဒီ မိန်းခလေးဟာ မင်းထက်တော့ ငါ့ကို ပိုပြီး အသက်ဝင်စေတယ်.. ငါရှိနေတယ်ဆိုတဲ့ အသိကို သူက အသိအမှတ်ပြုတယ်.. အေးတိအေးစက် မဆက်ဆံဘူး.. မင်း နားလည်လား.. မင့်ထက်’
‘တော်ပါတော့ ကိုကို.. တော်ပါတော့.. ဒီလောက် နှိပ်စက်ရ တော်ပါတော့..’
‘ဘာကွ မင်းကို ကွာရှင်းပေးရမယ် ဟုတ်လား၊ ကွာရှင်းဖို့အတွက် မင်းကို လက်ထပ်ခဲ့တာ မဟုတ်ဘူး..
မနက်ခင်းက ရန်ပွဲမှာ သွေးတစက်စက်ကျနေတဲ့ ကိုကို့လက်ဖဝါးကို အောက်ငုံ့ထားတဲ့ မျက်ဝန်းတွေက တဆင့် ကြည့်နေမိတယ်.. ကိုကို့ရဲ့ လက်အနာက မြင်သာတယ် ဆိုရင်တောင် နုနုထွေးရဲ့ ရင်ဘတ်ထဲက နှလုံးသားက သွေးတစိမ့်စိမ့် ယိုကျနေတာကို မမြင်သာတော့တာ အမှန်ပါ…
ဝရံတာဘောင်ကို တကိုယ်လုံး အားပြုပြီး မှီရပ်လိုက်တယ်.. ဆက်လက် အားပြုဖို့အတွက် အားအင်တွေ ပေးပါဦး.. ဒီလိုမျိုးပဲ မှောင်မိုက်တဲ့ ညတစ်ညမှာ လွဲချော်ခဲ့တဲ့ ကံကြမ္မာက သူမကို ဒီ့ထက် မှောင်တဲ့ အမှောင်တွေဆီကို တွန်းပို့ခဲ့တာပဲ မဟုတ်လား..
မျက်ရည် စို ငိုခဲ့ရဖူးတဲ့ ချစ်ဦးသူကို အခုအချိန်အထိ မမေ့သေးဘူးလို့ .. အဲ့ဒီလို အထင်တွေကို ဘယ်တော့များမှ ချေဖျက်ခွင့်ရပါတော့မလဲ…. ထားလိုက်ပါတော့လေ.. ဒါ သူမရဲ့ကံကြမ္မာပါပဲ..
မီးရောင်စူးရှရှ မြင်တော့ နှလုံးသားက လှိုက်ခနဲ ထခုန်သွားတယ်.. တက္ကစီကားက သူမတို့တိုက်ခန်းရှေ့ကို ထိုးရပ်လိုက်ပေမဲ့ ဆင်းလာတဲ့သူကတော့ ကိုကို မဟုတ်ခဲ့..
နာရီလက်တံ တချက်ချက်က သူမကို အချက်ပေးနေသလိုပင်.. ဒီနေရာမှာ ရပ်နေတာ အချိန်ဘယ်လောက်ရှိနေခဲ့ပြီမှန်း သူမ မသိတော့.. ဘာကိုမှ မသိချင်တော့.. ညောင်းချိနေတဲ့ ခြေထောက်တွေနဲ့ ပင်ပန်းနေပြီဖြစ်တဲ့ စိတ်ဒဏ်ရာတွေ အကြားမှာ ဘယ်အရာဟာ ပိုအလေးသာသလဲ.. အခုအချိန်မှာ မချိန်စက်ချင်တော့..
အိမ်ပြန်နောက်ကျနေတဲ့ လင်သားတစ်ဦးကို စောင့်ရတာဟာ သူများတွေ အသိမှာ သနားကရုဏာ သက်စရာနော်.. အလည်ကျူးနေတဲ့ အိမ်ကို ပြန်မလာချင်တော့တဲ့ လင်သားကို ပေတေပြီး စောင့်ရတဲ့ သူမ အဖြစ်ကို မဲ့ပြုံးတချက် ပြုံးမိလိုက်တယ်..
‘မင်းက သနားစရာ သူတော်ကောင်းမလေးပါ နုနုထွေးရဲ့. .အခု ငါဆိုးပြနေတာတွေဟာ မင်းကိုတော့ ဂုဏ်တက်စေပါတယ်ကွာ.. ဟားဟား.. အခုဆို ငါ့အဖေက အစ ငါ့ကိုဆို ဆိုးသွမ်းနေတဲ့ လူဆိုးတယောက်လို့ ထင်နေတာမဟုတ်လား.. မင်းကလဲ ဒီလိုပဲ လိုချင်နေတာ မဟုတ်လား’
ဒါဆို ဘာဖြစ်လို့များ နုထွေးကို လက်ထပ်ချင်ခဲ့ရတာလဲလို့ ဟိုးအရင် အစဦးပိုင်း အချိန်တွေတုန်းကတော့ ရန်ဖြစ်တိုင်း မေးခဲ့တာပင်..
‘မင်းကို သိပ်ချစ်လို့ကွ.’
သိပ်ချစ်တယ် ဆိုတဲ့သူဟာ ကိုယ်ချစ်တဲ့သူကို အနည်းလေးတော့ စိတ်ချမ်းသာစေချင်တယ် မဟုတ်လား ကိုကို.. အချိန်တိုင်း မယုံသင်္ကာအကြည့်နဲ့ စွပ်စွဲပြောဆိုချင်တဲ့သူရဲ့ စကားလုံးတွေကြားမှာ သူမ ဘယ်လောက်အထိ ခံနိုင်ရည်ရှိနေမလဲ ဆိုတာကို ကိုကို တွေးကြည့်မိဖူး ပါရဲ့လား..
ချစ်တယ် လို့ ခဏ ခဏ ပြောဖူးတဲ့ ကိုကိုဟာ ကိုယ့်ကို ချစ်ရဲ့လားလို့ ဘာလို့များ မမေးခဲ့တာလဲ.. ကိုယ့်ကို ချစ်ပါလို့ ဘာလို့များ မတောင်းဆိုခဲ့ဖူးတာလဲ .. အခုအချိန်မှာ စဉ်းစားစရာ မလိုတော့ဘူး.. သူမ မဟုတ်တဲ့ မိန်းခလေးတယောက်ရဲ့ အပြုအစုမှာ ကိုကို သာယာနေခဲ့ပြီ.. အမေနဲ့ အဖေရဲ့ မေတ္တာ စေတနာတွေကို နားလည်ပေမဲ့ ကိုကို့ရဲ့ လက်ရှိအခြေအနေကိုတော့ အသိမပေးချင်ခဲ့..
စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို အတိအကျ လိုက်နာခဲ့တဲ့ သူမရဲ့ သည်းခံနိုင်မှုတွေကြားထဲမှာ ကိုကို့ကို ဘယ်အချိန်အထိ သည်းခံရမလဲ.. သည်းမခံနိုင်တော့တဲ့ အခါတွေမှာ ဘယ်အရာကိုများ ထွက်ပေါက်ယူရမလဲ.. ဟင့်အင်း မသိချင်ပါဘူး.. ပြန်စရာ အိမ်မရှိတော့တဲ့ သူမ အတွက်တော့ အရာရာဟာ မှောင်အတိကျနေခဲ့တာပင်..
မှောင်မိုက်တဲ့ ညအလယ်မှာ အခုတော့ သူမ တယောက်တည်းပင်.. အယင်တုန်းကလဲ သူမ တယောက်တည်းပါပဲ.. အခုတော့လဲ တယောက်တည်းပါပဲ..နောင် ဘယ်အချိန်ထိများ တယောက်တည်း ရှိနေမလဲ ..
အမှောင်ဟာ သိပ်နက်နဲလွန်းလာတဲ့အခါ ပြောင်လက်ပြီး လှပလာတယ်လို့ ထင်လာမိတယ်.. ညအမှောင်ဟာ အထီးကျန်တဲ့စိတ်ကို ပိုပြီး အားကောင်းစေလာခဲ့တယ်.. အမှောင်ရဲ့ ဓာတ်ကို သဘောကျနေတဲ့ သူမ အတွက်တော့ ဘယ်အရာက ပိုမှောင်လာစေသလဲ မစဉ်းစားချင်ခဲ့တော့..
အိပ်မက်တွေထဲမှာ အိပ်မက်ပဲ ရှိခဲ့တဲ့ သူမအတွက်တော့ အမှောင်တွေထဲမှာလဲ အမှောင်ပဲ ရှိမှာပါ.. အလင်းတစ တွေ့ဖို့ စိတ်ကူးယဉ်နေတယ်ဆိုတာကို တဖြည်းဖြည်း သိလာခဲ့ပြီ…
လမ်းချိုးကွေ့ရဲ့ မီးတိုင်လင်းရောင်အောက်မှာ အနက်ရောင် စိတ်ကူးတစ လွင့်မျောလာနေခဲ့ပြီ.. သံဘာဂျာတံခါးကို အသာအယာ ထိတွေ့လိုက်တော့ အေးစက်နေတဲ့ အတွေ့က အထိတ်တလန့် ဖြစ်စေမိတယ်.. အသံမမြည်အောင် သတိထားနေရင်းကြားက သော့ခလောက်နဲ့ သံတိုင် ရိုက်ခတ်သံက နားစည်ကို ဆူညံသွားစေခဲ့တယ်..
လွတ်မြောက်ထွက်ခဲ့ပြီ.. နောက်ဆုံးတော့ သူမ မုန်းတဲ့ အမှောင်ထုထဲမှာကိုပဲ သူမဟာ အမှောင်တစကို ဖမ်းဆုပ်ချင်မိတဲ့သူ တယောက် ဖြစ်ခဲ့ပြီ.. အမှောင်ထုထဲ တိုးဝင်လာလေ.. အမှောင်ဟာ ပိုမှောင်လာလေပါပဲ..
တိတ်ဆိတ်နေတဲ့ ညမှာ ညှပ်ဖိနပ်သံပါးပါးက နောက်ကျောက လိုက်လာတဲ့ တစ္ဆေတကောင်လို သူမရဲ့နောက်ကျောကနေ ကပ်ပြီးလိုက်လာတယ်.. ကတ္တရာပါးပါး ခင်းထားတဲ့ လမ်းပေါ် ကျောက်စရစ်ခဲချည်း သပ်သပ်သာ ရှိနေတဲ့ လမ်းတလျှောက်မှာ ဘဝဟာ နောက်ကျောမလုံခဲ့ဘူးဆိုတာကို ပိုသိသာလာစေတယ်..
အားကိုးစရာ ခြေဖဝါးနဲ့ အိပ်မက်တွေကိုသာ ဆုပ်ကိုင်ခဲ့တဲ့ သူမရဲ့ ပိုင်ဆိုင်မှုတွေကြားမှာ သူမဟာ ဘာမှ မဟုတ်တော့.... သူမရဲ့ မိန်းမသားဘဝ.. သူမရဲ့ ကံကြမ္နာ၊ သူမရဲ့ အနာဂတ်၊ သူမရဲ့ ဖြစ်တည်မှု .. အားလုံး အားလုံးဟာ ပျောက်ဆုံးသွားခဲ့ပြီ..
ဒီလမ်းချိုးအကွေ့လေးကို လွန်ရင် ဘဝဟာ လွတ်မြောက်ထွက်ခဲ့ပြီလို့ သူမ ထင်နေခဲ့ပြီ..
ပါးပြင်ပေါ် စီးကျလာနေတဲ့ နှလုံးသားရဲ့ငိုကြွေးသံတွေကို ဘာကမှ မတားဆီးနိုင်တော့.. စူးစူးရှရှ ကားမီးလင်းတန်းအောက်မှာ သူမက တကိုယ်လုံး ပစ်ဝင်ခဲ့လိုက်ပြီ… နံဘေးကို ပြေးဝင်လာတဲ့ မော်တော်ကားရဲ့ အရှိန်နှုန်းကို သူမ ဝမ်းသာအားရ ကြိုဆိုမိလိုက်တဲ့ အခိုက်မှာပဲ ဘရိတ်အုပ်သံ ကျယ်ကျယ်လောင်လောင် ကြားရပြီး ကတ္တရာလမ်းမနဲ့ ကားဘီးပွတ်တိုက်သံက သူမ နားထဲ အရှိန်ပြင်းစွာ ဝင်ရောက်ခဲ့တော့တာ..
တံခါးဖွင့်သံ ကျယ်ကျယ်ကို ကြားရပြီး ပြေးဝင်လာတဲ့ ဖိနပ်သံတွေကြားမှာ သူမ အကြားချင်ဆုံး အသံကို ကြားလိုက်ရတယ်..
‘နုထွေး..’
တင်းထားတဲ့ စိတ်တွေ အကုန်လျှော့ချလိုက်တဲ့အခါမှာတော့ အမှောင်ထဲမှာ ပျော်တဲ့ မိန်းခလေးဟာ အမှောင်ထဲကိုသာ တိုးဝင်သွားတော့တာပါပဲ..
ပြည့်စုံ
12:36 pm, 23-1-2012
Sunday, January 22, 2012
Thursday, January 5, 2012
ဟဲလို နှစ်ထောင့်ဆယ့်နှစ်

လင်းလက်တဲ့ ကြယ်စင် ၆ လုံးနဲ့ တောင်ဆိတ်တကောင်ရဲ့ ဒဏ္ဍာရီကို မသိခင်ကတော့ ကိုယ်ဟာ မြင်မြင်ရာ ချိုနဲ့ဝှေ့ချင်တဲ့ ဒေါသသင့်နေတဲ့ မိန်းမငယ်တယောက်သာ ဖြစ်နေခဲ့တယ်.. ဘာကြောင့်များ ကိုယ့်ရဲ့ စေတနာ တွေဟာ မြင်သာတဲ့ အရာတွေ အဖြစ် ပြောင်းလဲမသွားတာလဲ.. လူတွေအပေါ် နာကျည်းချင်တတ်တဲ့ စိတ်က နှလုံးသားမှာ မကြာခဏ အမြစ်တွယ်ခဲ့ဖူးတယ်..
ဒါပေမဲ့ ခဏတာပါပဲ.. အတေးအမှတ် ကြီးတတ်တဲ့ မိန်းခလေးဟာ တခါတလေတော့လဲ အရာရာကို သင်ပုန်းချေပစ်လိုက်တာပါပဲ.. ကလဲ့စားချေဖို့အထိ ဥာဏ်ရည်မမှီတတ်တော့ အနုနည်းနဲ့သာ ဆန့်ကျင် သင်ပုန်းချေ ကန့်လန့်ကာ ပိတ်ခဲ့စေတော့တယ်..
ပင်လယ်နတ်ဖုရား ပိုဆိုက်ဒွန်ဟာ တောင်ဆိတ်တကောင် အသွင်ပြောင်းလိုက်ပြီး လှပတဲ့ လူမိန်းမသား သီအိုဖာနီကိုပါ တောင်ဆိတ်မ အသွင် ပြောင်း တူနှစ်ဖြာ မေတ္တာမျှ ချစ်ခင်စုံဖက်လို့ အလွန်တန်ခိုးကြီးပြီး ရွှေရောင်အတိပြီးတဲ့ အမွှေးအမျှင်နဲ့ အတောင်ပံ ပါပြီး လေမှာ ပျံဝဲနိုင်တဲ့ နတ်တောင်ဆိတ်ကြီး တကောင်ကို ဖွားမြင်တယ် တဲ့.. ဒါဟာ ပုံပြင်ရဲ့ အစပါပဲ..
ဒဏ္ဍာရီလာ နတ်ဖုရားတွေရဲ့ သမိုင်းမှာ ရွှေရောင်တောင်ဆိတ် တကောင် မွေးဖွားလာပုံ ပုံပြင်တပုဒ်..
ကိုယ့်ကတော့ ရက်ထပ်တဲ့ သင်္ကြန်ရက်ရဲ့ ပထမဆုံး အကြိုနေ့ တရက်မှာ ဖွားမြင်ခဲ့တယ်.. ရွှေရောင်တောက်ပ မနေတဲ့ ကိုယ့်ရဲ့ ငယ်ဘဝဟာ သူလိုကိုယ်လိုပါပဲ.. အဲ့ဒီမှာတင် ရွှေရောင်တောင်ဆိတ်တကောင်နဲ့ နက္ခတ်သာ တူတဲ့ မိန်းခလေး တယောက် မွေးဖွား လာခဲ့တာပါ.. ကိုယ်ဟာ ဒဏ္ဍာရီထဲကလိုလဲ ရွှေရောင် မတောက်ပဘူး.. သာမာန် မိန်းမငယ်တဦးပါ..
ရွှေရောင်တောင်ဆိတ်ဟာ လူ့ကမ္ဘာမှာ နေထိုင်ပြီး ဒုက္ခရောက်သူတွေကို ကူညီသတဲ့.. ကိုယ်တို့မှာ တူညီတာ ဒါပဲ ရှိတယ်.. ဒါနဲ့တင် ကိုယ်ဟာ ရွှေရောင်တောင်ဆိတ်လို လူတွေကို ကူညီချင်တတ်တဲ့ နတ်ဆိုး တကောင် ဖြစ်လာတော့တာပဲ.. ကိုယ်က လူတွေကို ကူညီချင်တယ်.. လူတွေက ကိုယ့်အကူအညီကို လိုအပ်တုန်းသာ အသုံးချချင်ပြီး ကိုယ့်နာမည်ကိုတော့ မေ့ထားချင်ကြတယ်.. ကိုယ်က အဲ့ဒီအတွက် မနာကျင်ခဲ့ပေမဲ့ သူတို့ကတော့ လိပ်ပြာမလုံခဲ့ဘူး.. အဲ့ဒီမှာတင် ပြဿနာတချို့ စတင်ခဲ့တော့တာ..
လူတွေဟာ ကိုယ်တိုင်က လိပ်ပြာမလုံတဲ့ အခါ .. လုံလောက်တဲ့ ဆင်ခြေတရားတွေကို အရူးအမူး ရှာဖွေတတ်တော့တာပါပဲ.. အဲ့ဒီမှာတင် ကမ္ဘာမီးလောင် သားတောင် ချနင်း သတဲ့.. ကိုယ်က အပြစ် မတင်ခဲ့ပါဘူး.. ဒါပေမဲ့ ကိုယ်ချစ်တဲ့သူတွေကိုတော့ အနည်းဆုံး လိပ်ပြာ လုံလုံနဲ့ ဝင့်ဝင့်ကြွားကြွား ဖြစ်စေချင်ခဲ့တယ်.. ဒါပေမဲ့ ကိုယ်ပဲ မှားခဲ့တယ်.. ကိုယ့်အပေါ် မကောင်းခဲ့တဲ့သူတွေ အပေါ် ကိုယ်က သူတော်ကောင်း လုပ်ချင်ခဲ့မှုတဲ့.. အဆုံးမှာတော့ ရေပေါ်မှာ အရုပ်ရေးသလို ကိုယ့်စေတနာတွေဟာ ရေတပွက်တောင် မပွက်ခဲ့.. အလဟဿဖြစ်ခဲ့ပြီ..
အဲ့ဒီအချိန်မှာပေါ့ လူ့ပြည်မှာ အဲ့သားမတ် ဆိုတဲ့ ဘုရင်က မိဖုရား နက်ပလီနဲ့ ပေါင်းဖက်ပြီး သားတော် ဖလစ်ဆပ်နဲ့ သမီးတော် ဟယ်လီကို မွေးဖွားသတဲ့.. ဒါပေမဲ့ အဲ့သားမတ်ဟာ လောဘကြီးတယ်.. အီဒို ဆိုတဲ့ အမျိုးသမီးကိုပါ မိဖုရားမြှောက်လိုက်တဲ့အခါ မိဖုရား နက်ပလီဟာ အချစ်ရေးမှာ အရေးနိမ့်သွားတော့တယ်..
အီဒို မိဖုရားက ချစ်ခြင်းကို အပြည့်အဝ ရတာတောင်မှ လောဘကြီးလွန်းတဲ့ အတွက် သူမရဲ့ နောင်မွေးလာမယ့် သားကလေး ထီးနန်း မရမှာစိုးလို့ မိဖုရား နက်ပလီရဲ့ သားတော်နဲ့ သမီးတော်ကို ယဇ်ပုလ္လင်မှာ ပူဇော်ဖို့ လင်သားကို သွေးဆောင်တော့တာပါပဲ..
ကိုယ်တော်ရဲ့ သားနဲ့သမီးကို ကိုယ်တော်ကိုယ်တိုင် ယဇ်ပူဇော်ဖို့ မိုက်မိုက်မဲမဲ စဉ်းစားနေတဲ့ ဘုရင် အဲ့သားမတ်ကို တောင်းပန် တိုးရှိုးလို့ မရတော့တဲ့ မွေးမိခင်ဖြစ်တဲ့ နက်ပလီက ရွှေရောင် တောင်ဆိတ်ကြီးကို အကူအညီ တောင်းရတော့တာပေါ့..
ကြင်နာတတ်ပြီး လူသားတွေကို ကူညီချင်တတ်တဲ့ ရွှေရောင် တောင်ဆိတ်က မောင်နှမ နှစ်ယောက်ကို ကျောပေါ် တင်ပြီး ပင်လယ် ကို ဖြတ်ပျံ ခဲ့ပေမဲ့ သမီးကလေး ဟယ်လီက ပင်လယ်ထဲကို ပြုတ်ကျရှာသတဲ့.. သားတော်လေး ဖလစ်ဆပ်ကိုတော့ Aries နတ်ဖုရားကို အပ်ခဲ့တယ်..
ရွှေရောင်တောင်ဆိတ်ကြီးဟာ သေအံ့ဆဲဆဲဖြစ်နေတဲ့ မောင်နှမ နှစ်ယောက်ကို သူ့ရဲ့ အသက်နဲ့ လဲထပ်ပြီး ထာဝရ ရှင်သန်တဲ့ နတ်ဖုရားတွေ အဖြစ် ပြောင်းလဲပေးခဲ့တယ်..
ဟယ်လီကလေးက ပင်လယ်နတ်သမီးဖြစ်သွားခဲ့ပြီး သားတော် ဖလစ်ဆပ်ကိုတော့ အေရီးစ် နတ်ဖုရားရဲ့ သမီးနဲ့ လက်ဆက်စေခဲ့တယ်.. ရွှေရောင်တောင်ဆိတ်ကြီးဟာ သူ့ရဲ့ ရွှေရောင်တောက်ပတဲ့ အရေခွံကိုသာ နတ်ကွန်းရှေ့မှာ ချိတ်ဆွဲပေးပါ ဆိုတဲ့ တောင်းဆိုမှုကိုသာ ပြုခဲ့ရှာသတဲ့..
ရွှေရောင်တောင်ဆိတ်ကြီးရဲ့ ကြင်နာတတ်တဲ့ အသည်းနှလုံးကို ချီးမြှင့်မြှောက်စားတဲ့ အနေနဲ့ ဇုနတ်မင်းကြီးက ကောင်းကင်ပေါ်မှာ တောက်ပ ကြည်စင်တဲ့ ကြယ်စင် ၆ လုံးနဲ့ ရွှေရောင်တောင်ဆိတ်ပုံကို မှတ်တမ်းထိုးစေခဲ့တယ်..
မြင့်မြတ်တဲ့ နှလုံးသားကို အရင်းခံပြီး အမှန်တရားဘက်က ရပ်တည်ပြီး အသက်ကို စတေး ပေးဆပ် ရဲဝံတဲ့ သဘာဝကို အမှတ်ရစေဖို့အတွက် ကြယ်စင်တွေရဲ့ အလင်းတန်းနဲ့ ထိတွေ့သူဟာ လူသားတွေကို အကျိုးပြုတဲ့ မြင့်မြတ်တဲ့သူတွေ အဖြစ် မွေးဖွားစေခဲ့သတဲ့..
ဒီနက္ခတ်တွေနဲ့ ယှဉ်မွေးခဲ့တဲ့ မိန်းခလေးဟာ လူသားအကျိုးပြု မြင့်မြတ်တဲ့ သူတဦး ဖြစ်ခဲ့ပါရဲ့လား.. အခုအချိန်မှာတော့ ကြယ်စင်ရဲ့ အလင်းကို ထိတွေ့မှာစိုးလို့ ကန့်လန့်ကာနောက်ကနေ ကောင်းကင်ကို တိတ်တခိုး မျှော်ကိုးကြည့်တတ်တဲ့ မိန်းခလေးမှာ အထီးကျန်စိတ်နဲ့ အတူ ကြင်နာတတ်တဲ့ နှလုံးသားတစုံ မပျောက်ဆုံးနိုင်သေးတာဟာလဲ ဘုရားပေးတဲ့ လက်ဆောင်တခုပါပဲ..
တစုံတရာကို မမျှော်ကိုးပေမဲ့ ရရှိလာတဲ့ ရလဒ်တွေကြားမှာ မလူးသာ မလွန့်သာ နာကျင်စရာတွေချည်းသာ အမြဲ ကြုံရတော့တာ.. ပေးဆပ်ခြင်းဟာ ရယူခြင်းအတွက် ပထမ အစ ခြေလှမ်းဆို ဘယ်အရာကို ပေးဆပ်လိုက်လို့ ဘယ်အရာကိုများ တောင်းဆိုခဲ့ရဖူးသလဲ.. ကိုယ် မစဉ်းစားတတ်ခဲ့.. ကိုယ်ပေးတဲ့ အကူအညီဟာ ထောင်တန်သလား၊ သောင်းတန် သလား၊ ကျိန်းသေတာကတော့ တန်ဖိုးမသိသူတွေကြားမှာ ပေါ့တန်စေခဲ့တယ် ဆိုတာပါပဲ..
ဘဝ လမ်းကြောင်းတလျှောက်မှာ တပါးသူတွေရဲ့ ပြဿနာ အခင်းအကျင်းတွေကြားထဲ မျောပါ တတ်ခဲ့တဲ့သူဟာ ကိုယ့်ဘဝအတွက်တော့ ရောင့်ရဲ တင်းတိမ်နိုင်တာချည်းပါပဲ.. ဦးဆောင် လမ်းညွှန်ဖို့ စိတ်ထက်သန်တဲ့ သူဟာ အဆုံးမတော့ ရှေ့တိုးရင်း ချောက်ထဲကျ.. ဘဝဟာ နောက်ကျောကို ထိုးတဲ့ ဓားတွေကို ဖယ်ရှားနေရတာနဲ့တင် တသက်တာ ကုန်ဆုံးစေခဲ့..
အို ရွှေရောင်တောင်ဆိတ်ကြီးရေ.. အသင့်မှာ အသက်နဲ့ထပ်တူ လဲထပ်ခဲ့တဲ့အတွက် နောင်တ ဆိုတာမျိုး ရခဲ့ဖူးပါသလား.. အို ကိုယ့်မှာတော့လေ တခါတလေမှာ နောင်မှ ယူကြုံးမရ နောင်တဆိုတာမျိုး ခဏ ခဏ ကြုံရဖူးတဲ့အတွက် နာကျင်ခံစားလိုက်ရတာ…
မိုးမြင့်ပျံ တိမ်ညွန့်စား စွမ်းပကားကို ပိုင်ဆိုင်ခဲ့ဖူးတဲ့သူတဲ့.. ကြယ်စင်တွေရဲ့ အလင်းတွေ လူတွေအပေါ် ထင်လင်းစေချင်လွန်းလို့ အချိန်တိုင်းသာ လမိုက်ည ဖြစ်စေချင်တဲ့သူ..ဒီလိုလူမျိုးမှာမှ အချိန်တိုင်းဟာ လပြည့်တယ်..
ရာသီအစ အဲ့ဒီ မိဿ ရာသီခွင်ကိုက ဒုက္ခရောက်နေသူတွေကို ကျောပေါ်ပိုးပြီး ဒုက္ခ အဆင်းရဲခံတတ်တဲ့ တောင်ဆိတ် တကောင်ကို ကိုယ်စားပြုတယ်.. ကိုယ့်မှာ တောင်ဆိတ်နဲ့ တူတာဆိုလို့ ဒုက္ခတွေကို ကျောမှာ ပိုးထားနေတုန်း ပိုးထားရတုန်းသာ ရှိနေခဲ့..
မလိုအပ်တဲ့ အကူအညီတွေ လျှော့ပြီး စေတနာပိုလွန်းအားကြီးတာတွေကို လျှော့လိုက်ပါတဲ့လေ.. ရွှေရောင်တောင်ဆိတ်တကောင်နဲ့ လူ့ပြည်က ဒုက္ခတွေကို ကျောပိုးထားတဲ့ မိန်းမငယ် တယောက်ကြားမှာ နက္ခတ်တူ ရာသီခွင် တူရုံကလွဲလို့ ဘာတွေများ ထူးခြားတာမျိုးတွေ ရှိနိုင်မလဲ..
စဉ်းစားချင်ပါရဲ့.. တွေးတောဖို့ ဦးနှောက်အစုံက အခုတော့ ပင်ပန်းလွန်းလို့ ရူးသွပ်ခဲ့ပြီ.. တော်ပါပြီလေ.. ကိုယ့်စိတ်ကို နာကျင်အောင် ဆုံးမလဲ.. အမှတ်မရှိတဲ့ မိန်းကလေးဟာ ကိုယ့်ကိုယ်ကို ယုံကြည်အားကိုး ရှေ့ကိုသာ ဆက်တိုးနေတော့တာ..
ကောင်းကင်က အလင်းလက်ဆုံး ကြယ်တွေကို စိတ်ကူးနဲ့ ပုံဖော်ထားတဲ့ တောင်ဆိတ်တကောင်ရဲ့ ပုံသဏ္ဍာန်ပေါ်နေတဲ့ မိဿရာသီခွင်ရဲ့ အရုပ်.. အင်္ဂါဂြိုလ်စိုးမိုးပြီး တနင်္ဂနွေဂြိုလ် နေမင်းရဲ့ အားကောင်းတဲ့ အစွမ်းကို ပိုင်ဆိုင်ထားတဲ့သူ.. ရန်အပြိုင်အဆိုင်တွေကို ရင်ဆိုင် ချေမှုန်း ဖယ်ရှားဖို့ ကြိုးပမ်းနေရတဲ့သူ.. ဘဝတိုက်ပွဲကို အမြဲတစေ ရင်ဆိုင် တိုက်ခိုက်နေရတဲ့သူ ဖြစ်ပါတယ်တဲ့..
တကယ်တော့ ကိုယ်ဟာ အေးအေးဆေးဆေး နေချင်ပါတယ်.. ထိတွေ့နေရတဲ့ အဝန်းအဝိုင်းကို သိမ်းသွင်းနိုင်သတဲ့.. ဖြစ်နိုင်ပါရဲ့လား.. ကိုယ် ဆိုတဲ့သူကလဲ ဗေထိ ဆိုတာနဲ့ အနည်းလေးတော့ နဖူးမှာ တချက် ကျောမှာ တချက် မြှားချက်က ထိမှန်ခဲ့စမြဲ ..
အသက်အရွယ် ကြီးရင့်လာတာနဲ့ အမျှ စိတ်တွေကလဲ မဖြူစင်နိုင်တော့.. အရင်လို ဖြူဖြူစင်စင် ကူညီမှုတွေ မပေးနိုင်တော့တဲ့အပြင် အခါ ထပ်ခါ ထပ်ခါ ပြောနေရတဲ့ စကားလုံးတွေကြားမှာ စိတ်မရှည်တတ်တော့.. လူတွေကို ကုန်းပိုးပြီးသာ လိုရာ သယ်ဆောင်ပေးလိုက်ချင်သည်.. သူတို့ရဲ့ ပြဿနာတွေကြား နာမခံချင်တော့..
လူတွေဟာ အယင်ကထက် ပိုပြီး ဒုံးဝေးလာတယ်လို့ ထင်နေရင်းနဲ့ကို တကယ်တော့ ပိုဝေးသွား တဲ့သူဟာ ကိုယ်ကိုယ်တိုင်သာ ဖြစ်နေခဲ့တော့တာ.. စကားတခွန်းကို ၂ ခါ ထပ်ပြောရင် ဒေါသတကြီး ဖြစ်လာတတ်တဲ့ ကိုယ်ဟာ တကယ်တော့ ပထမ တခွန်းမှာတင် စိတ်က တိုနှင့်ခဲ့ပြီ..
ကိုယ်က ရာနှုန်းပြည့် လူကောင်း မဟုတ်ပါဘူး.. လူဆိုးလဲ မဟုတ်ခဲ့ပါဘူးကွယ်.. ဒါပေမဲ့ အနည်းဆုံးတော့ ကိုယ့်စကားလုံးတွေဟာ သူတပါးရဲ့ အပြုံးတွေ အဖြစ် ပြောင်းလဲ သွားစေချင်ပါတယ်.. ကိုယ်ဟာ အရောင်ထည် ဖြစ်ခဲ့ရင်တောင် အဖြူရောင် မဖြစ်ချင်ခဲ့... လူတွေရဲ့ အပူတွေကို စုပ်ယူပေးနိုင်တဲ့ အနက်ရောင် ပုဝါထည် တစသာ ဖြစ်ချင်ခဲ့တယ်..
ရွှေရောင်တောင်ဆိတ်ရဲ့ အလင်းတန်းနဲ့ ထိတွေ့ခဲ့ပြီး မွေးဖွားခဲ့တယ် ဆိုတဲ့ သူဟာ ကူညီချင်တဲ့ ကြင်နာတတ် တဲ့ စိတ်တွေ ခေါင်းပါးလာပြီလို့ တွေးမိတဲ့အခါ တိတ်တဆိတ်သာ ဝမ်းနည်းလာလေတော့သည်.. နေနှင့်ပါဦးကွယ်.. အပြာရောင်ကြည်စင်တဲ့ ကောင်းကင်ပြင်သာ တိမ်ကင်းစင်တဲ့ တနေ့ ရောက်ခဲ့ရင် ကိုယ်လေ အယင်လို ပြန်ဖြစ်စေရပါ့မယ်လို့.. ဘယ်သူမှ မသိလဲ ဘေးမှာ မရှိနိုင်တော့တဲ့သူကို တိုင်တည် ဆုတောင်းခဲ့ဖူးပါရဲ့..
ရာသီစက်ဝန်းဟာ အခုတော့ တပတ် ပြန်လည်ခဲ့ပြီ.. အသစ် စတင်ဖြစ်ထွန်းတဲ့ နှစ်အသစ် အစမှာ အသစ်တဖန် မွေးဖွားခြင်းတွေနဲ့ ပြန်လည် သက်ဝင် လှုပ်ရှားမှုတွေ ပြန်လာနိုင်ဦးမယ်တဲ့.. အယင်လိုသာ ပြန်ရမယ်ဆို ဖြူစင်တဲ့ ဟိုအယင်လို ဘဝမျိုးသာ ပြန်ရချင်တော့တာ..
ပျောက်ဆုံးသွားတဲ့.. ကျရှုံးခဲ့ပြီလို့ ထင်ရတဲ့.. ပျောက်ကွယ်သွားခဲ့ဖူးတဲ့.. ဖြူစင်တဲ့ စိတ်နှလုံးနဲ့ အယင်လို အပြုံးမျိုးကို ပြန်ရချင်မိတဲ့ မိန်းခလေးဟာ.. လောကအလယ်မှာ ယက်ကန်ယက်ကန် ကူးခတ်နေရတုန်းပါပဲ.. ၂၀၁၂ ရယ် ဘဝမှာ အပျော်ဆုံးနှစ်သစ် တစ်နှစ်တော့ ဖြစ်ပါရစေဦး.. လုံးလုံးတော့ စိတ်က မပြောင်းသွားနိုင်ပေမဲ့ အတတ်နိုင်ဆုံးတော့… အရာရာ အကောင်းဘက်ကို ပြောင်းလဲသွားစေချင်ပါတယ်..
ပြည့်စုံ
(၁-၆-၂၀၁၁၊ ၁း၅၆ pm)
Monday, January 2, 2012
2012 အထိ ဒါတွေ ပါလာတယ်..
2011 နှစ်ထဲမှာ မပြောဖြစ်ခဲ့တဲ့ စကားလုံးတွေ အများကြီး ကျန်ခဲ့တယ်.. အကြွေးတွေလိုပဲ.. မေ့မသွားဘဲ 2012 အထိ သူတို့လိုက်လာတယ်..
ကိုယ်ရော စိတ်ပါ အတူတူ ပြောင်းလဲဖို့ ကြိုးစားတိုင်း ကိုယ်ရော စိတ်ပါ ပင်ပန်းတကြီး လဲပြိုသွားခဲ့ဖူးသည့် အတွက် ဘယ်တော့မှ အတင်းအကျပ် ပြောင်းလဲယူဖို့ မကြိုးစားဖြစ်တော့..
လွတ်ကျသွားတယ်.. လွင့်စဉ်ကျသွားခဲ့ပြီး.. အတော်ဝေးဝေးအထိ လိုက်မမှီနိုင်တော့တဲ့ အထိ .. ခပ်ဝေးဝေး နေရာအထိ လွင့်မျောသွားတဲ့ အရာတွေထဲ.. ပျော်ရွှင်ခြင်းတွေနှင့်အတူ လူတွေကို အကောင်းမြင်စိတ်ပါ ပါသွားခဲ့တယ်.. ပြန်မရခဲ့တော့ဘူး..
ရီမောခြင်းဟာ ပါးစပ်ဖျားက လာသလားလို့ သံသယဝင်နေရင်းနဲ့ စစ်မှန်တဲ့ ပျော်ရွှင်ခြင်းဟာ တန်ကြေးကြီးကြီးတွေနဲ့ လဲယူလို့ မရခဲ့ဘူး.. ပျောက်ဆုံးသွားပြီ..
ကိုယ်က ဘယ်သူပါ လို့ ဆိုတဲ့သူတွေကို သိကျွမ်းရတာထက် ကိုယ့်ဘာသာ ရှာဖွေယူရတဲ့ မိတ်ဆွေ အစစ်အမှန်တွေကိုပဲ တန်ဖိုးထားပါတယ်.. ဒါပေမဲ့ ကိုယ်ယုံကြည်တာတွေလဲ တခါတလေမှာ အမှားပါတတ်တယ်..
မိန်းမတွေဟာ ဦးစားပေးခံရတယ်လို့ ရှေးအစဉ်အဆက် ယုံကြည်ခဲ့တာတွေကို စိတ်ထဲ မှတ်ထင်ထားရင်း တကယ်တော့ အသနားခံ လူတန်းစားအဖြစ်သာ ပါးစပ်အရသာခံနေရမှန်း သိနေတဲ့အခါ သူတို့အစား ရှက်မိတယ်.. ကိုယ်သာ လိပ်ဆို ခေါင်းမပြူဝံ့တော့...
တယောက်တည်း နေရတဲ့ ဘဝကို မက်မောမိပေမဲ့ ဘဝဟာ ကူးခတ်နေမှသာ မနစ်မြုပ်မှန်း သိရတော့တယ်.. ကောလဟာလတွေ၊ မနာလို အတင်းအဖျင်းတွေနဲ့ မစ္တရိယစိတ်တွေကြား ပေါလောမျောနေတဲ့ ဘဝပင်လယ်ကြီး.. ကမ်းမမြင် လမ်းမမြင် မျက်မမြင်.. ကိုယ်တယောက်တည်းပဲ စိတ်ကူးယဉ်..
ပြည့်စုံ
(Monday, January 2, 2012 at 4:14pm)

Monday, December 26, 2011
အေးအေးလူလူမြစ်
Tuesday, November 22, 2011
စိတ်ချင်းဆက်သွယ်မှု
ဘဝရဲ့မြစ်ပြင်ကျယ်ထဲ
အလျားလိုက် ကူးခတ်မရတော့လဲ
ဒေါင်လိုက် တရွတ်ဆွဲ ကူးခတ်နေရတာပါပဲ
လိမ့်ကျသွားတာက အမှားမဟုတ်ဘူး
ကူးခတ်ရဲတာကမှ ဘဝတဲ့
တခါတလေတော့လဲ
ကိုယ့်မျှော်လင့်ခြင်းတွေကို ကိုယ်ပြန်မျှား
ကိုယ့်အနားမှာ အရင်းနှီးဆုံးသူစိမ်းလေးကို ရှိစေချင်သူပါ
လက်တွဲထားရင်းနဲ့ လမ်းခွဲခဲ့
လမ်းခွဲရင်းနဲ့ပဲ လက်ပြနှုတ်ဆက်ခဲ့ပါတယ်…
ဝေးခဲ့ပါပြီ
ငယ်စဉ်က အတိတ်တွေနဲ့
ရွှေဝါရောင်အိပ်မက်တွေဟာ
ထပ်မတွေ့ချင်တော့ပါဘူး
စိတ်ကူးနဲ့ လက်တွေ့မအပ်စပ်တဲ့သူမျိုးတွေနဲ့
ဒီနံပါတ်ကိုခေါ်ပါ ဒီနေရာမှာ ကိုယ်ရှိချင်မှရှိနေနိုင်မယ်
လူကြီးမင်းက ဆက်သွယ်မှုဧရိယာပြင်ပကို ရောက်ချင်ရောက်မယ်
ဆက်သွယ်မထားတာမျိုးလဲ ဖြစ်နိုင်တယ်
ဒီနံပါတ်ကိုပဲ ခေါ်လိုက်ပါ
ကိုယ်ရှိချင်ရှိမယ် ကိုယ်မရှိချင်မရှိဘူး
ကျိန်းသေတွက်လို့ မရတဲ့အထဲ ဖုန်းဆက်ခြင်းပါမယ်ဆို
တယ်လီပသီနည်းနဲ့သာ ကိုယ့်ကိုဆက်သွယ်လိုက်ပါ....
ပြည့်စုံ
(၁၀း၀၁ am၊ ၂၃-၁၁-၂၀၁၁)

Wednesday, October 19, 2011
လက်ချောင်းများ အကြောင်း
လက်ညှိုးရဲ့ စကားကို မဆိုင်းမတွ ပြန်ပက်လိုက်ချင်သည့်စိတ်က လက်သူကြွယ်ရဲ့နှလုံးသားကို လာရောက်ဖိစီးလေသည်..
မင့်ဟာ ဒီကျောက်နီလက်စွပ်နဲ့ တန်တဲ့အကောင်စားမျိုးလားကွ.. လက်ညှိုးက ရယ်ရွှမ်းပတ်ရွှမ်းပြောလိုက်ပေမဲ့ သူ နာသွားသည်..
လက်ဖျစ်တတွတ်အတွင်း သူ ဒေါသအလျောက် ချက်ချင်းဆိုသလို တုန့်ပြန်ပြစ်လိုက်သည်.. စိတ်ထဲရှိသလောက် လက်ညှိုးကို ငေါက်ငေါက်ထိုးကာ ပြောပြစ်လိုက်သည်.. ဒေါသကလဲ ထွက်လှသည်..
လက်ညှိုးသည် ပြန်အပြောခံလိုက်ရသောအခါ ဖျတ်ဖျတ်ခါ နာသွားပြီး တုန်လှုပ်လွန်းသဖြင့် လက်မနှင့် သွားတိုက်မိသည်..
ထိုအခါ သူတို့ပြဿနာများအား လက်မက သတိထားမိသွားပြီး
ဘာရယ် ဒီလက်သူကြွယ်ဟာ မင့်ကို ဒီလိုပြောသလား.. ဒီကောင်က ဘာမို့လဲ.. နေနှင့်ဦး မင်းတော့လား.. ဟင်းဟင်း ဟု ကျုံးဝါးကာ..
အို ရှေ့ဆက် ရှေ့ဆက်.. စကားလုံးတွေ ပစ်ပေါက်ကြသည်.. မောဟတွေ ဒေါသတွေ မုန်တိုင်းထန်သွားသည်…
သူတို့ အကျိုးမဲ့ရန်ဖြစ်လိုက်ကြသည့် အကျိုးဆက်ကား ညာဘက်လက်သူကြွယ်သည် သူပိုင်ဆိုင်သည်ဟု အထင်ရှိထားသော ကျောက်နီလက်စွပ်ကလေးကို ဘယ်ဘက်လက်သူကြွယ်သို့ ပေးလိုက်ရလေတော့သည်..
သူ သတိမထားမိသည်ကား လက်ညှိုးတိုင်းကား လက်မများနှင့်နီးစပ်လှသည်.. အားကြီးသူအား မြှောက်ပင့်တတ်သော၊ အားနည်းသူအား နှိမ်ချလေ့ရှိသော လက်ညှိုးကား ညာဘက် လက်မအား ဆရာ ဟု ခေါ်လိုက်သည်နှင့် တပြိုင်နက် လက်မသည် သူ့စွမ်းအားအရှိန်အဝါကို အားကုန်သုံးကာ အခြင်းအရာအားလုံး ငြိမ်ဝပ်သွားသည် အထိ သူ့ခေါင်းကို မတ်မတ်ထောင်ကာ သူ့အား ပါဝါအာဏာပြခဲ့လေသည်..
အဆုံးတွင်ကား သူသာလျင် မှားခဲ့လေပြီ..
ဒေါသနဲ့ပြောမည့်စကားများအား မပြောခင် ခဏစောင့်ဆိုင်းပြီးမှ ၁၀ စက္ကန့်စာလောက် အချိန်ယူတွေးတောလိုက်ပါကွာ တဲ့.. အရင်တုန်းကတော့ မောက်မာလှပေမဲ့ အခုတော့ မာန်စွယ်ကျိုးသွားရှာသော တူထုမိသည့်အတွက် တခြမ်းစောင်းနေရှာသော ဘယ်ဘက်လက်မကြီးက သူ့အား နှစ်သိမ့်ရှာသည်..
သူသည် အဲ့ဒီစကားပုံအား သေသည်အထိ ခေါင်းထဲပစ်ထည့်လိုက်ရတော့သည်..
ညာဘက် လက်မသည် ဟိုဘက်ဒီဘက်လောကတွင် တချောင်းတည်းသော အပြစ်အနာကင်းစင်သော မာန်မာနထောင်လွှားခွင့်ရထားသူဖြစ်လေသည်.. သူ့ကိုကား အဘယ်သူမှ မထိပါးရဲကြ.. သူသည်ကား ဘာအလုပ်မှ မယ်မယ်ရရ မလုပ်သော်လဲ လက်ချောင်းအားလုံး၏ အချုပ်ဖြစ်လေသည်.. သူမရှိလျင်ကား မဖြစ်လေသောအခါ.. သူသည်သာ အဓိကဖြစ်လာလေသည်.. သူ့အား လက်ချောင်းများ၏ အဓိပတိ ဥသျှောင်ကြီးအဖြစ် သတ်မှတ်ထားလေသည်..
လက်ဆယ်ချောင်းစလုံးတွင် သူတို့ (သူတို့ဆိုသည်မှာ ညာဘက် လက်သူကြွယ်၊ ဘယ်ဘက် လက်သူကြွယ်၊ ညာဘက် လက်သန်း၊ ဘယ်ဘက်လက်သန်းတို့ကား) လက်ခလယ် နှစ်ဘက်စလုံးနှင့် ညာဘက် လက်မ တင်းပုတ်ကြီးကို ကြောက်ရသလို ညာဘက်ရော ဘယ်ဘက်ရော လက်ညှိုး နှစ်ချောင်းစလုံးအားလည်း ချန်လှပ်ထားခဲ့လို့ မရခဲ့ပေ..
လက်ညှိုးတို့ကား ခနဲ့သလို၊ ရွဲ့သလိုလို၊ မြှောက်ပေးသလိုလို၊ တွန်းအားပေးသလိုလိုနှင့် အဆုံးတွင်တော့ အဆင်းဘီးတပ်ပေးရုံမက ချောဆီပါ ထပ်ထည့်ပေးတတ်သော လက်အန္ဓတွေ ဖြစ်လေသည်.. သူတို့သည်ကား ကိုယ်တိုင်ကလဲ ဖြစ်ဖြစ်မြောက်မြောက် မရှိလှသော်လဲ လက်ညှိုးတထိုးထိုးဖြင့် အပြစ်ပြောရာတွင် သူမတူအောင် ပြောင်မြောက်လှသူတွေ ဖြစ်ပေသည်.. အပြစ်ပြောတတ်ရုံသာ မက သူတို့ထက် အားကြီးသူများ ဂုဏ်ပါဝါရှိသူများအား ရှေ့မှဦးဆောင် မြှောက်ပင့် ချီးကျူး ကြွားဝါတတ်ကာ.. မျက်နှာသာရအောင် သူများအားလဲ လက်ညှိုးထိုးကာ ခိုင်းစေတတ်လှသည်.. သို့ရာတွင် သူတို့အား အပြစ်ပြောလျင်ကား ရှောင်လင်သိုင်းသမားတွေထက် အရှောင်အတိမ်းကျွမ်းလှလေတော့သည်.. လက်ချောင်းလောကတွင် သူတို့သည် နာမည်ကောင်းမရှိလှသော်လည်း သူတို့အား လက်ချောင်းတိုင်းက သတိထားရလေသည်..
သူတို့သည်ကား - သူတို့ဆိုသည်မှာ သူ (လက်သူကြွယ် ၂ ချောင်း) နှင့် သူမ (လက်သန်း ၂ ချောင်း) တို့ကား အောက်ကိုဖိ အထက်ကို ဖားကြသော လက်ချောင်းများကြားတွင် ညပ်နေပေလေသည်.. လက်မ၊ လက်ညှိုးနည်းတူ သူတို့သည်လည်း နောက်လက်တချောင်းအားလည်း အလွန်အမင်းကြောက်ရသေးသည်..
ထိုသူကား လက်ခလယ်ပင်တည်း.. လက်ခလယ်ကား သူကိုယ်တိုင်၏ သန်မာထွားကျိုင်းမှု၊ အားအင်ကြီးမားမှုကို အင်မတန် ဂုဏ်ယူလှလေသည်.. သို့မို့ကြောင့် သူသည် လက်တိုင်းအား ကိုယ်ကာယအားကိုး၊ ဗလအားကိုးကာ အမြဲတစေ နှိပ်စက်ကလူပြုချင်လှလေသည်..
လက်ခလယ် ၂ ချောင်းစလုံးရဲ့ မိုက်ရိုင်းစော်ကားပုံကား အမြဲတစေဆိုသလို သူတင်မက လက်သန်းတွေကိုရော လက်ညှိုးတွေကိုပါ ထိခိုက်လှသည်.. လက်ခလယ် မစော်ကားဝံ့သည်က လက်မတွေသာ ရှိမည်ထင်ပါသည်..
ထိုထိုလက်သုံးချောင်းကား ပြန်လှန်မပြောရဲသည့် လက်များအား ထည့်မတွက်ခဲ့သည်လား၊ အမှုထားစရာ မလိုဟု ထင်ထားခဲ့လေသလား… စော်ကားမြဲ စော်ကားနေလေသည်..
တနေ့တွင်တော့ သူသည် ပြဿနာတစ်ခု၏ အလယ်ဗဟိုသို့ ကျရောက်ခဲ့လေတော့သည်..
ညာဘက်လက်မကား သူ့အား သက်ညှာသောအားဖြင့်ဟု ခေါင်းစဉ်တပ်ကာ အပြန်ပြန်အလှန်လှန် စဉ်းစား၍ ပေးလိုက်သည်ဟု ဆိုသော ငွေရောင်လက်စွပ် အပေါအပဲကလေး တခုအား မချွတ်တမ်း စွပ်ထားဖို့ လာပေးလေသောအခါ သူသည် အစော်ကားခံရလေခြင်းဟု နှလုံးသားတွင် တနုံ့နုံ့ခံစားခဲ့ရလေတော့သည်..
စဉ်းစားကြည့်ပါလေ.. ရွှေစင် တပဲသားနှင့်ကွပ်ထားသော ကျောက်နီပဲခြမ်းကလေးကိုတောင် သူရယူခဲ့ရစဉ်က သူ့တန်ဖိုးသည် သည်လောက်နှင့် မထိုက်ဟု ယူဆခဲ့ပေမဲ့ လက်ဆောင်အဖြစ် တမြတ်တနိုးထားခဲ့ဖူးသည်.. အဲ့သည်လက်စွပ်ကလေးအား လက်ညှိုးနှင့်ပြဿနာတက်မှုကြောင့် ဘယ်ဘက်လက်သူကြွယ်ကို အလိုမတူဘဲ ပေးလိုက်ရစဉ်က နောင်တ တဖန် ဝမ်းနည်းခဲ့ရတဲ့သူသည် .. မပေးလျင်လည်း မပေးပါနှင့်ပေါ့.. သို့သော် ဘယ်လက်နှင့်မှ မတော်တဲ့ ဘယ်သူမှ မဝတ်ချင်တဲ့ ငွေရောင်ပျက်ပြယ်စ ဒီအစုတ်ပလုတ် လက်စွပ်မှ သူ့လာပေးရသလား.. သူသည် ထောင်းခနဲ ဒေါသထွက်သွားလေသည်..
လက်ခလယ်နှင့်လက်မက ပမာမခန့်ပြုံးနေပြီး၊ လက်သန်းကလေးကတော့ စိတ်မကောင်းလှသည့် မျက်နှာထားကို ပြလေသည်..
အမြဲ သရော်ခနဲ့နေကျ ဗီဇမဖျောက်နိုင်လှသည့် လက်ညှိုးက ရုတ်ချည်းထ၍
ဒါမျိုးနဲ့မှ လက်သူကြွယ်က တန်တာကွ.. ဟေ့ကောင် မင့် ဒီတခါတော့ ဒီလက်စွပ်ကို မဆုံးရှုံးစေနဲ့နော်.. ဒါမှ မဟုတ်ရင်တော့ မင့်တော့ ဒီတသက် လက်စွပ်ဝတ်ဖို့ မစဉ်းစားနဲ့တော့ဟေ့…
ဟား ဟား ဟား ဟား ဟား.. အောက်ကလိ အောက်ကလာ လက်ဝါးချင်းတိုက် စည်းဝါးကိုက်ပြီး အော်ဟစ် လှောင်ပြောင်လိုက်သံများသည် သူ့ရင်ကို နာကျင်စေသည်..
ပါးစပ်ကို ပြင်လိုက်စဉ် ခဏမှာပင် လက်ညှိုးရဲ့ မထီတရီအကြည့်က သူ့ကို စကားပြောနေသယောင်.. ဟေ့ကောင် ငါ့ကို မင့် ပြန်ပြောဝံ့ရင် ပြောကြည့်လေ.. ဘာဖြစ်သွားမယ်ထင်သလဲကွ..
ရုတ်တရက် မှတ်သားထားသော စကားပုံက ဦးနှောက်ထဲ ဝင်လာလေတော့သည်..
သည်းခံပါ.. ဒေါသဖြင့် ပြောမည်ပြင်လျင် မပြောခင် ဆယ်စက္ကန့်လောက် စဉ်းစားပါတဲ့..
စဉ်းစားစမ်း.. မဖြစ်ဘူး လက်မက လက်ညှိုးကို အမြဲကာကွယ်ပေးမှာ.. ဒီလက်စွပ်လေးကို ခဏယူဝတ်လိုက်.. နောင်မတော်တော့မှ ပြန်ချွတ်ပေးဖို့ ဦးနှောက်ကို တိတ်တဆိတ် လာဘ်ထိုးလိုက်ရင် ဖြစ်သားပဲ… ဟိုလိုသာဆို ဟိုလိုဖြစ်မယ်.. ဒီလိုသာဆိုရင်.. ဒီလိုသာဖြစ်ရင် ဘယ်လိုလုပ်မလဲ.. စသည်ဖြင့် ဆယ်စက္ကန့်စာလောက် တွေးလိုက်သောအခါ သွေးနည်းသွားလေသည်.. အနည်းငယ်ကြောက်ရွံ့သော စိတ်ကလေး ဝင်လာလေသောအခါ...
သူသည် ပါးစပ်ဖျားကိုရောက်လာသော စကားလုံးတွေကို အတွဲလိုက် အတွဲလိုက် မျိုသိပ်လိုက်လေသည်.. မဖြစ်သေးပါဘူးကွယ် လက်ရှိရပိုင်ခွင့်တွေ ဆုံးရှုံးသွားမှဖြင့်..
သူသည် သည်းခံလိုက်လေသည်.. သည်းခံသည်ဟု သူ့ကိုယ်သူ နှစ်သိမ့်လိုက်ကာ ခဏတဖြုတ် မျက်စိမှိတ် အညံ့ခံလိုက်လေတော့သည်..
အနည်းငယ် နောက်ကျသွားသည်ဆိုပေမဲ့ သူလည်း သူတို့နှင့်နည်းတူ ဟဲဟဲ ဟဲဟဲဖြင့် လိုက်ရီလိုက်လေတော့သည်..
သဘောတူကြောင်း အညံ့ခံလိုက်ကြောင်း ပြသသည့် ရီသံကြောင့် လက်ညှိုးသည် မထင်ထားသောအဖြစ်ကို မြင်လိုက်ရသူလို အံ့သြသွားလေသည်..
လက်ညှိုးကိုယ်တိုင်က ပထမ တခါလို ပြန်ပက်မည်ထင်ထားပြီး မရဲတရဲ သွေးတိုးစမ်းသည့်သဘောမျိုး လက်ချောင်းများ၏ အုပ်စုအားကိုးဖြင့် စော်ကားလိုက်ခြင်း ဖြစ်သော်လဲ လက်သူကြွယ်ရဲ့ အညံ့ခံမှုကို မြင်လိုက်သောအခါ..
နောင်တွင် ဒီ့ထက်ပို စော်ကားလျင်လည်း လက်သူကြွယ် ဘာမှမတတ်နိုင်ဟု ယူဆကာ ခပ်ကျောကျော ပခုံးပုတ်ကာ အနားမှ ထထွက်သွားလေသည်..
လက်ညှိုးရဲ့နောက် လက်ခလယ်က သူ့ကို ခပ်လှောင်လှောင်ပြုံးကာ လက်မကတော့ ပိုသာ မာန်ဝင့်သွားလေ သည်..
လက်သန်းကလေးရဲ့ အားကိုးရာမဲ့ မျက်လုံးကလေးကို သူမြင်မိသောအခါ..
ခန္တီစ သည်းခံခြင်းတရားကို လက်ကိုင်ထားလိုက်တာပါကွာ.. ဒီကောင်တွေက ဒီလိုပဲ မဟုတ်လားကွဲ့.. နို့မို့ရင် အရှည်အရှည်နဲ့ သူတို့ကို နိုင်အောင် ပြန်မပြောချင်ပါဘူးကွယ်.. စကားရှည်ပါတယ်.. အနိုင်လိုချင်သူ အရှုံးပေးတော့ နှလုံးအေးတာပေါ့.
အရွှတ်စကား သူဆိုပေမဲ့ လက်သန်းသည် စိတ်ပျက်လက်ပျက် ခေါင်းခါကာ သူ့အား ဖယ်ကျဉ်သွားလေတော့သည်..
သည်းခံခြင်းသည် အောင်မြင်ရာ၏ တဲ့.. သူသည် သူ့ကိုယ်သူ အားတင်းထားသော်လဲ လက်တွေ့တွင်မူကား ထိုကဲ့သို့ စိတ်ခံစားချက်မျိုး သူ့ကိုယ်နှိုက်က မခံစားရလေသောအခါ သူသည် စိတ်ဓာတ်ကျစပြုလာလေသည်..
စိတ်ကျရောဂါ စွဲကပ်လာသော လက်သူကြွယ်သည် အရင်ကလို မပျော်ရွှင်တော့ပေ .. လက်ချောင်းတိုင်းသည် သူ့ကို ခိုင်းဖတ်သဖွယ် ချဉ်ဖတ်သဖွယ် သဘောထားသည်ဟု ထင်လာသည်.. အမှန်တကယ်လဲ သူ့အား နှိမ်ချလှလေသည်.. ပွဲလမ်းသဘင်များကို သူမသွားရဲပေ.. သူသည် လက်ချောင်းများများ ဆုံမိလျင် စိတ်ညစ်လှသည်.. စိတ်ရွှတ်သဖြင့် စနောက်သည်ဟု အကြောင်းပြသော စကားလုံးများသည် သူ့အား ဓားပါးဦးချွန်ကလေးနှင့် တဆတ်ဆတ်စွသလို ခံစားလာရသောအခါ သူသည် ဝမ်းနည်းသွားလေသည်..
ငိုလျင်လည်း ကျစရာ မျက်ရည်မရှိတော့သော သူသည် အကန်းသဖွယ်သာ အမှောင်ထဲတွင် ပျော်မွေ့လေသည်.. သူသည် အယင်ကဆိုလျင်တော့ သူ့အား တခွန်းရွှတ်တိုင်း၊ တခွန်း နာကျင်အောင် ပြောလိုက်တိုင်း မျက်ရည်များသည် တာတမံဖွင့်ချလိုက်သလို အရှိန်အဟုန်မဲ့ အတားအဆီးမဲ့ ကျဆင်းကာ ငိုကြွေးမိလေသည်..
အခုသော်ကား သူသည် မကြာခဏမှသည် အမြဲတစေ အစော်ကားခံရ အနှိမ်ချခံရသောအခါ သူ့တွင် ငိုလျင် ကျစရာ မျက်ရည်များ တတိ တတိဖြင့် ကုန်ဆုံးသွားလေတော့သည်..
လက်ချောင်းများနှင့် ခဏတာ ကင်းဝေးသော တိတ်ဆိတ်လှသော ညအမှောင်ကမ္ဘာတွင်သာ သူသည် မူလအဖြစ်ကို ပြန်ရလေသည်..
အလင်းရောင်ဖြင့် နွေးထွေးလှသော၊ သစ်ပင်ပန်းမန်တို့ဖြင့် စိုပြေစိမ်းလန်းလှသော အသက်ရှိကမ္ဘာကြီးတွင် သူသည် အသုံးမကျသော လက်သူကြွယ်တချောင်းသာ ဖြစ်လေတော့သည်.. မျက်ရည်များ မထွက်တော့သဖြင့် မငိုတတ်တော့သော သူသည် ဟဲဟဲ ဟဲဟဲဖြင့်သာ လက်ချောင်းများကြားတွင် အပေါကြီးအဖြစ် အယောင်ဆောင်ကာ မပျော်သော နှလုံး၊ မရွှင်သော မျက်လုံးတို့ကို မနည်းပြူးပြဲကာ ရှင်သန်နေရလေသည်..
သူသည် နာကျင်လွန်းသဖြင့် ထပ်မနာနိုင်တော့သော၊ ဒဏ်ရာများ ရလွန်းသဖြင့် အကောင်းနေရာ တစိုးတစိတောင် မကျန်တော့သောအခါ မျက်နှာဖုံးအတုတခု ထပ်စွပ်ထားသလို ခံစားမှုထုံနေသော၊ နာကျင်မှု ဟုန်နေသော မျက်နှာထားဖြင့် ခပ်ပေါပေါလက်ချောင်းကြီးတခုအဖြစ်သာ အသွင်ပြောင်းထားလိုက်လေတော့သည်..
ရာစုနှစ်များ တပွန်းတပဲ့ဖြင့် လျင်မြန်စွာ၊ ရှည်ကြာစွာ၊ နာကျင်စွာ ဖြတ်သန်းသွားသော အကြိမ်များစွာ ပြီးမြောက်သွားသော မမျှော်လင့်ခဲ့သော တနေ့တွင် သူသည် လွတ်မြောက်ရာလမ်းစတခုကို ခလုတ်တိုက်မိသလို တွေ့လိုက်ရလေတော့သည်..
ပြည့်စုံ
(၄း၂၃ pm, 19-10-2011)

Saturday, October 15, 2011
ဖူးသစ်စရင်ခုန်သံ
မျက်လုံးဒေါင့်စွန်းလေးမှာ မြင်လိုက်ရတဲ့ အရိပ်တခုကြောင့် ရင်ထဲက တဖျတ်ဖျတ်ခါလာပြီး လူက ကတုန်ကယင် ဖြစ်လာချင်သလိုလို အယောင်ယောင်အမှားမှားနဲ့… အဲ့ဒီအရိပ်နောက်ကိုပဲ စိတ်က လိုက်ချင်တော့တာ.. သူရောက်လာပီဆိုတဲ့ အသိက ရင်ထဲမှာကြည်နူးခြင်းသပ်သပ်သာ..
အို ဘယ်လိုများလဲကွယ်.. ကိုယ့်ကို ကြည့်ချင်လည်း တည့်တည့်က ကြည့်ပါတော့လား.. စိတ်ထဲက မြူးတူးတူးဖြစ်လာတဲ့အခါ မျက်နှာကပါ ကိုယ်လုံးနောက် လိုက်လည်ပြစ်လိုက်တယ်..
ဟော တွေ့ပါပြီ အကြည့်သူခိုးရယ်ပေါ့..
သူ့မျက်နှာက နီနီရဲရဲ ပြုံးစေ့စေ့နဲ့ ကိုယ့်ကို မကြည့်တခိုး ကြည့်တခိုးနဲ့.. သူ့လက်ထဲမှာ ကိုင်လာတဲ့ စာအုပ်ကို လေထဲမှာ ဟိုယမ်းလိုက် ဒီယမ်းလိုက်..
ဟေ့ကောင် သူလာပြီလား.. ဘေးနားက သူငယ်ချင်းရဲ့စကားကို ရှက်စနိုးရောင် မျက်လွှာချထားမိတယ်.. အို ဘယ်လိုမျိုး ခံစားချက်များလဲကွယ်.. ရင်တခုန်ခုန် လှိုက်တဖိုဖိုနဲ့..
ဒီအချိန်လောက်ဆို သူရောက်ရောက်လာတတ်ပြီ.. အခန်းရှေ့ ဝရံတာမှာ သူ့သူငယ်ချင်းအုပ်စုတွေနဲ့ ရပ်ချင်ရပ်၊ ဒါမှမဟုတ် သူ သတ္တိရှိတဲ့နေ့ဆို တယောက်တည်း ရပ်ပြီး အခန်းထဲကို တစေ့တစောင်း လှမ်းလှမ်းကြည့်တတ်တဲ့ သူ့ရဲ့မျက်ဝန်းတွေက ကြည်စင်လှတာကိုပဲ သူမက ရင်တွေခုန်လှသည်..
ဆယ်တန်း ဘီခန်းကနေ အေခန်းကို လာလာရှိတ်တတ်တဲ့ သူ့ကို အတန်းထဲက ကောင်တွေက သိပ်မကြည်လှ.. သူရောက်လာပြီဆိုတော့ အတန်းရှေ့ကနေ ပုဆိုးပြင်ဝတ်တဲ့သူက ဝတ်.. ဒါမှမဟုတ် သူ့အနားမှာ အင်အားပြတဲ့သူက ပြပေါ့.. ကိုယ့်အတန်းထဲက မိန်းခလေးကို နှမသားချင်းသဖွယ် စောင့်ရှောက်တဲ့သဘော... ကိုယ့်နှမကလေးက အဲ့ဒီတခန်းကျော်က သူဘက်က ပါနေတာ သူတို့ မသိ..
တကယ်တော့ ဆယ်ကျော်သက် ဘဝရဲ့ ရင်ခုန်သံက လေတိုက်လို့ သစ်ရွက်လှုပ်တာကိုတောင် ရီတတ်တာမျိုးတဲ့.. တကယ်တော့ သူနဲ့ ကိုယ်က ဘယ်တုန်းကများ စကားကို နှစ်ခွန်းပြည့်အောင် ပြောဖူးခဲ့သလဲ မစဉ်းစားတတ်ခဲ့.. အဲ့ဒီနေ့က မုန့်စားကျောင်းဆင်းတော့ ကိုယ်လက်လှမ်းမမှီတဲ့ မုန့်ကို ယူပေးဖို့များ ပြောမိလိုက်သလား.. အို မတွေးတတ်ပါဘူးနော်.. ဒါပေမဲ့ ကိုယ့်လက်ထဲ အဲ့ဒီမုန့်ကို ထည့်ပေးသွားတဲ့ သူ့ရဲ့အပြုံးက .. အိုး ရင်တုန်လိုက်တာ..
အတန်းချိန် တစ်ချိန်နဲ့တစ်ချိန်ကြားမှာ သူရောက်လာတတ်မယ့်အချိန်ကိုပဲ မျက်လုံးဒေါင့်စွန်းလေးနဲ့ ခိုးခိုးကြည့်နေမိတယ်.. ဟော.. အဖြူရောင်အရိပ်တခု.. ဘေးအစွန်က ပြူတင်းပေါက်မှာ လာရပ်လိုက်တော့ ကိုယ့်လက်ထဲက ကွန်ပါဘူးပြုတ်ကျပြီး သံထောက်ချွန်က ကိုယ့်ခြေမကို စိုက်မိတော့တာပေါ့…
ငိုလိုက်ရတဲ့ မျက်ရည်တွေ ခြေမက ပတ်တီးဖွေးဖွေးပေါ်ကျတော့ သူပါ ယောရောင် နာကျင်နေတဲ့ပုံနဲ့ ကိုယ့်ကို မသိမသာခိုးကြည့်ရင်း စိတ်မကောင်းဖြစ်နေရော.. အို ကိုယ်လေ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာတော့ ဘေးက သူငယ်ချင်းတွေက မငိုနဲ့ပြောလေ ကိုယ်က ပိုငိုချင်လေ.. အို မျက်ရည်တွေသာ ချောင်းဖြစ်ရင် အခန်းထောင့်စွန်းက ခုံနားလေးမှာ မယောင်မလည်ရပ်ပြီး ခိုးကြည့်နေတဲ့သူ့ဆီ စီးဆင်းသွားချင်မိတာ.. တကယ်တော့ ကိုယ် သိပ်မနာပါဘူးကွယ်.. သူ စိတ်မကောင်းတာမြင်တော့ ကိုယ် ဝမ်းနည်းတာပေါ့..
သီတင်းကျွတ် ကျောင်းဆယ်ရက်ပိတ်တော့ အဖြူရောင်အရိပ်လေးနဲ့ ခဏဝေးရတော့တယ်.. တကယ်တော့ ဆယ်တန်းဆိုတာ ကျောင်းစာတွေရော ကျူရှင်က စာတွေပါ အသေအလဲ ကျက်နေရတဲ့အချိန် မဟုတ်လား.. အို ကိုယ်ကတော့ ကျောင်းစာတင်မက အပြင်စာတွေပါ ခိုးဖတ်ချင် ဖတ်နေတတ်တာမျိုးလေ.. အဲ့ဒီ စာအုပ်တွေထဲက ချစ်သူရည်းစားမျိုးဆိုတာ အပြင်က ကိုယ့်မျက်ဝန်းရှင်လေးလောက် ရင်ခုန်စရာကောင်းပါ့မလားနော်.. တွေးကြည့်ရင်းနဲ့ ရင်ဖိုလာမိတယ်.. ကိုယ် အသည်းယားပါရဲ့..
ကျူရှင်က ဆင်းတော့ သူငယ်ချင်းတွေ အုပ်စုလိုက် လမ်းထိပ်က အသုပ်ဆိုင်ကိုအသွား.. လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ ကိုယ့်ရဲ့အဖြူရောင်အရိပ်လေးကို တွေ့လိုက်ရတာပေါ့.. အို ဘာလို့ ကျူရှင်အထိ လိုက်လာရတာလဲ.. တွေးမိတော့ ရင်ဖိုလာပြန်ရော.. သူငယ်ချင်းတွေ သိမှာစိုးတော့ ခပ်တင်းတင်းလျှောက်ရတယ်.. နဂိုကတည်းက လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်မလျှောက်ရဲတဲ့သူ ဆိုတော့ နီနီ့လက်ကို တင်းတင်းဆုပ်ထားရင်း အသက်အောင့်ထားမိတယ်.. ကံဆိုးတယ် အဲ့ဒီနေ့က ရှက်လို့ ခလုတ်တိုက်သေးတယ် သိလား..
သူ ကျောင်းမတက်ဘူးတဲ့.. နေများ မကောင်းလို့လား မသိဘူးနော်.. ကိုယ်စိတ်တွေပူလိုက်တာ.. သူနဲ့တွဲတဲ့ သူ့သူငယ်ချင်းတွေကတော့ ပျော်ပျော်ပါးပါး ရီရီမောမောပဲ.. တယောက်ယောက်ကို မေးကြည့်လိုက်ရင် သူဘာလို့ ကျောင်းမတက်သလဲ သိရမှာပဲ.. ဒါပေမဲ့ ကိုယ်မမေးရဲဘူးရယ်.. ကိုယ့်ကို လှောင်လိုက်မှာလား.. ဒါမှမဟုတ် အထင်သေးသွားမလား .. အဲ့ဒီနေ့က ရင်မောရတယ်.. အလိုလိုလဲ ငိုချင်မိတယ်.. ကိုယ်က မျက်ရည်လွယ်တယ်..
ကျောင်းစာတွေက များတဲ့အပြင် ကျူရှင်ကလဲ သိပ်ပင်ပန်းတာပဲ.. အစာအိမ်နာတဲ့ရောဂါ အပြင် ရင်ခုန်ရတဲ့ရောဂါကလဲ မသေးဘူးနော်.. မင်းရဲ့ရီဝေဝေ အကြည့်ကလဲ ကိုယ့်ကို ဖမ်းစားနေတဲ့အချိန် ဆိုတော့ ပိုဆိုးတာပေါ့.. စာမေးပွဲဖြေဖို့ နီးလာလေ.. ကိုယ် မင်းနဲ့ဝေးရတော့မှာပဲလို့ တွေးထင်လာမိလေ.. အို မဝေးချင်လို့ မင်းဘက်က တခုခုပြောလိုက်ရင် ကိုယ်ဘယ်လိုပြန်ဖြေရမလဲ ဟင်..
‘နင်ကလဲ ရူးပါ့.. ဘာဖြစ်လဲ သူများတွေလဲ ရည်းစားထားတာပဲ.. နင်လဲ ရည်းစားထားပေါ့’..
‘အိမ်က သိသွား ဘယ်လိုလုပ်မလဲဟဲ့’
ကိုယ်တကယ်ကြောက်ပါရဲ့.. ဒီအတိုင်းလေးသာ ကိုယ်ရင်ခုန်ပါရစေနော်..
စာမေးပွဲကြီးနီးတော့ ကျောင်းကြီးတက်ဖို့ အချိန်မရတော့.. ကိုယ်နဲ့ သူရဲ့ ဇာတ်လမ်းလေးကလဲ ဒီလိုသာ ခဏမေ့ထားရ.. ခေါင်းထဲမှာ စာ.. အိပ်ရာဝင်တော့ စာ.. ထမင်းစားချိန်မှာပါ စာနဲ့သာ နပန်းလုံးနေရပြီး.. ကျူရှင်ထိပ်က လက်ဖက်ရည်ဆိုင်ကိုတော့ မျက်လုံးဒေါင့်စွန်းလေးနဲ့သာ ခိုးကြည့်ခဲ့ရ.. သူ မရောက်လာတတ်တော့.. အို သူလဲ စာကျက်နေရမှာပေါ့.. ကိုယ့်ကို သတိရနေပါနော်..
စာမေးပွဲဖြေဖို့ ခုံနံပါတ်တွေ သွားထုတ်ရတော့ ကျောင်းကို ပြန်ရောက်ခဲ့တယ်.. သူ့ကို သတိရလိုက်တာ.. ကိုယ့်အတွက် စာမေးပွဲဖြေဖို့ ကတ်နဲ့ ခုံနံပါတ်ထုတ်အပြီး ပြန်လာတဲ့ လမ်းတလျှောက် သတိရလိုက်တာ.. အဖြူရောင်အရိပ်တွေထဲ သူ့ကိုသာ မြင်နေရတယ်.. သူ့မျက်လုံးကြည်ကြည်ဝိုင်းဝိုင်းလေး.. ကိုယ်ရှာပါတယ် မတွေ့ခဲ့တော့ သတိရလှတယ်..
ကိုယ်တို့ စာမေးပွဲဖြေတော့ ခုံနံပါတ်တွေက နာမည်အနောက်က စာလုံးနဲ့ စီတယ်တဲ့.. ဒီလိုဆို ကိုယ်နဲ့ မင်းနဲ့ တကျောင်းတည်း ကျပါ့မလားဟင်.. မင်း ဘယ်မှာများနေသလဲ ကိုယ်မှ မသိခဲ့တာ.. စကားလဲ မပြောဖြစ်ခဲ့ဘူး မဟုတ်လား.. ကိုယ်တို့ ပြန်မတွေ့ဖြစ်ရင် ဒီလိုသာ ဝေးကြမလား မသိဘူးနော်..
ဝေးတော့မှာပဲ ဆိုတဲ့အသိ အဲ့ဒီကတည်းက ဝင်လာမိခဲ့တာလား .. အို ကိုယ် တကယ်မသိခဲ့ပါဘူးနော်.. အချစ်အကြောင်းလဲ ကိုယ်မသိပါဘူး.. ဝေးရမှာလဲ မသိဘူး. အလွမ်းလဲ မသိခဲ့ဖူးပါဘူး.. ဒါပေမဲ့ မင်းကို သတိရတိုင်း ရင်ခုန်ကြည်နူးမှုလေးတော့ အမြဲရတယ်..
ဟော့ဒီရင်ဘတ်ကလေ တဖြည်းဖြည်းနဲ့ တငြိမ့်ငြိမ့်လေး .. လှိုက်ခနဲ ဝမ်းသာလိုက် လှိုက်ခနဲ ရင်ခုန်လိုက်နဲ့.. အတွေးထဲ အဖြူရောင်အရိပ်လေးနဲ့သာ လွင့်မျောစီးဆင်း.. အို ကိုယ်လေ ဒီလိုအတိုင်းလေးသာ အမြဲခံစားချင်မိတော့တာပါပဲ.
စာမေးပွဲ စဖြေရတော့ .. အကိုအကြီးဆုံးက စက်ဘီးနဲ့လိုက်ပို့ခဲ့တယ်.. လက်ထဲမှာ အဲ့ဒီနေ့ဖြေမယ့် ဘာသာတွဲစာအုပ်ရယ်.. ကွန်ပါဘူးရယ် ကိုင်ထားပြီး မျက်လုံးအစုံက အဖြူရောင်အရိပ်တွေ အများကြီးကြားထဲက အဖြူရောင်ရင်ခုန်သံလေးကို လိုက်ရှာကြည့်နေမိတယ်..
ကိုယ်စာမေးပွဲဖြေရတဲ့ အခန်းက နှစ်ထပ်ဆောင် အောက်ထပ်က အစွန်ဆုံးအခန်းလေ.. အခန်းထဲ မဝင်ခင်အချိန်အထိ လွယ်အိတ်တွေထားတဲ့ ခုံဘေးမှာ ကိုယ်တို့ ကမန်းကတန်း စာကြည့်ရတယ်.. အို ကိုယ့်ရင်ထဲက လှိုက်ခနဲခုန်တက်လာတဲ့ ခံစားချက်ကြောင့် ကိုယ်သိလိုက်တယ်.. အဖြူရောင်အရိပ်လေး..
ဝရန်တာကို ကျော်ပြီး ကိုယ့်ခေါင်းကို အပြင်ထုတ်လိုက်တယ်.. ပြီးတော့ အပေါ်ကို မော့ကြည့်လိုက်တယ်.. ငုံ့ကြည့်နေတဲ့ သူ့မျက်လုံးတွေက ကြည်စင်ဝင်းပလိုက်တာ.. သူက လက်ထဲက စာအုပ်ကိုကိုင်ထားရင်း ကိုယ့်ကို အံ့အားတသင့် ငုံ့ကြည့်နေခဲ့တယ်.. စာမေးပွဲဖြေနိုင်ပါစေနော်..
အခန်းအပြင်က အဖြူရောင်အရိပ်လေးကြောင့် လက်ထဲက အဖြေလွှာစာရွက်ကို တင်းတင်းဆုပ်ထားမိတယ်.. စာမေးပွဲပြီးတဲ့ အချိန်ခေါင်းလောင်းထိုးသံကြားတော့မှ ခုံပေါ်က မတ်တပ်ရပ်လိုက်တယ်.. မင်းအပြုံးလေးနဲ့တင် ကိုယ်အားရှိပါရဲ့.. နောက်နေ့တွေလဲ ကျက်ထားတဲ့ စာတွေ တိုးပါစေ.. မင်းအတွက်ရောပေါ့..
စာမေးပွဲနောက်ဆုံးနေ့ဖြေပြီးတော့ ကိုယ့်စိတ်တွေ ပေါ့ပါးသွားတယ်.. ဒီနေ့ နောက်ဆုံးနေ့ဆိုတော့ သူငယ်ချင်းတွေစုပြီး နီနီတို့အိမ်ကို အလည်သွားကြမယ်လို့ စီစဉ်ထားခဲ့တယ်.. အဲ့ဒီတော့ ကိုယ့်ရဲ့လွယ်အိတ်ကို အကိုကြီးကို သွားပေးရမယ်.. စာမေးပွဲဖြေနိုင်ကြောင်း ပြောရမယ်..
နီနီ့အဖေက ကားနဲ့လာကြိုပေးမယ်ဆိုတော့ လူတွေ မရှုပ်ခင် အပြင်ကို မြန်မြန်ထွက်ဖို့ ကြိုးစားရတယ်.. သူ့ကို ရိပ်ခနဲမြင်လိုက်ပေမဲ့ နီနီ့ရဲ့လက်တွေကြားမှာ မရုန်းသာခဲ့.. အဖြူရောင်လေးရေ..
ကိုယ့်ရဲ့လည်တပြန်ပြန်အကြည့်မှာ သူက ခြေဖျားထောက်ပြီး လူအုပ်ကြားမှာ ညပ်ပြီးကျန်ရစ်ခဲ့ရှာတယ်.. သူ့မျက်လုံးရဲ့ရီဝေဝေအကြည့်မှာ ကိုယ် တမေ့တမော ဝမ်းနည်းခဲ့ရ..
စာမေးပွဲဖြေပြီးပြီးချင်းပဲ သူ့ရဲ့ဇာတိ မန္တလေးကို ပြန်သွား၇တယ်ဆိုတဲ့ သတင်းက ကိုယ်တို့ စကားစပ်မိရင်း ဆရာကန်တော့ပွဲနေ့မှာ သိခဲ့ရတယ်..
ခြေဖျားထောက် လည်ပြန်အကြည့်နဲ့တင် ကိုယ်တို့ ကျေနပ်ခဲ့ရတာပါပဲ..
အို ကိုယ်လေ ပြန်တွေးတိုင်း ရင်ခုန်ကြည်နူးနေတုန်းပါ အရိပ်ကလေးရေ.. စကားတခွန်းမှ မဆိုခဲ့.. အပြုံးတစွန်းတစ.. အကြည့်တစုံတရာနဲ့တင် ကိုယ့်ရဲ့ရင်ခုန်သံအဦးဆုံးဖြစ်ခွင့်ရခဲ့တာပါပဲ..
ပြန်မတွေ့ဖြစ်ခဲ့တာ အခုဆို ဆယ်စုနှစ်ကျော်ခဲ့ပါပြီ..
ကိုယ် သတိရနေတုန်းပါပဲ..
ပြည့်စုံ
(၁၁း၅၆ pm, 15-10-2011)

Subscribe to:
Posts (Atom)