Wednesday, July 17, 2013
ကမ်းခြေမှာ အပန်းဖြေစရာ .. စိတ်အချဉ်ပြေခဲ့.....
သဲသောင်ပြင်လွလွပေါ် ကျောခင်းချလိုက်တော့ မိုးကောင်းကင်ယံပေါ်မှာ တိမ်စိုင်မျှင်တွေ လွင့်မျောနေတယ်... မိုးတိမ်တွေဆီက တဆင့် မိုးစက်မိုးမှုန်လေးတွေ မျက်နှာပြင်ပေါ် ကျဆင်းလာတော့ သာယာ ကြည်နူးစိတ်နဲ့ ကိုယ်တို့တွေ ရီမောမိခဲ့ကြ...
ဒီခရီး ဒီလမ်းဟာ စတင်ခဲ့ကတည်းက အဖျက် အမှောင့် အနှောင့်အယှက်များစွာကြားထဲက တမင် စီစဉ်ခဲ့ရတာမျိုး..
သုံးယောက်ပေါင်း လောင်းကျော် တဲ့... သရော်တော်တော် စကားပုံတခုကြားတော့ ကိုယ်တို့ ပြုံးမိသားပင်..
.
ဘန်ဂလိုသေးသေးလေးထဲ ကိုယ်တို့တွေ လွတ်လွတ်လပ်လပ် နေလို့ရ.. စားလို့ရ.. သောက်လို့ရ.. ပျော်လို့ရ... ကဲ ဘာလိုသေးလဲ...
မနက်မိုးလင်းရင် ပင်လယ်ထဲ လက်ပစ်ဆင်းကူး.. နေ့လယ်ခင်း ထမင်းစားတော့ ဂဏန်းဟင်းကို လက်နှစ်ဖက်နဲ့ ပယ်ပယ်နယ်နယ် ကိုက်ဖဲ့စားသောက်.. နေ့လယ်ခင်း ရွာထဲလမ်းလျှောက်... သောက်ဖို့ ရိက္ခာလိုက်ရှာ.. ညနေခင်း ပင်လယ်လှိုင်းတွေကြား မြူးတူးပျော်ပါး...
.
ဟိုးအဝေးကြီးကနေ လှိုင်းတွေအော်မြည်ပြေးလာတော့ ရွှင်မြူးတဲ့စိတ်နဲ့ လှိုင်းလုံးရိုက်ခတ်မယ့် လမ်းကြောင်းပေါ် ဘောကွင်းပိုက်ပြီး အလျားလိုက် ကူးခတ်...
လှိုင်းလုံးက ကိုယ်ပေါ်ကို ကျော်သွားတဲ့အခါ မျက်လုံးတွေ.. နားတွေ.. ပါးစပ်တွေထဲ ပင်လယ်ဆားငန်ရေတွေ ၀င်ရောက်ပြီး ငန်ကျိကျိဖြစ်လာတဲ့ သွားရည်တွေကို စု ... စိတ်ပေါက်ပေါက်နဲ့ အာခေါင်ခြစ်ပြီး ထွေးထုတ်လိုက်တယ်..
လှိုင်းလုံးတွေကြား ကိုယ်တို့တွေ ပင်လယ်ပျော်လင်းပိုင်တွေလို ရေသန့်ဘူးထဲ ထည့်ထားတဲ့ အချိုရည်တွေကို ခုံခုံမင်မင် သောက်သုံးပြီး အလျားလိုက် ကူးခတ်ပျော်မြူးလိုက်ကြ...
ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုခဲ့.. ဘယ်သူ့မှ စောင့်ကြည့်မနေတဲ့ ပင်လယ်ထဲ.. ဘယ်သူ့ကိုမှ အပြစ်တင်စရာ.. ဘယ်သူကမှ အပြစ်မြင်စရာ မရှိတဲ့ လှိုင်းလုံးတွေကြားမှာ... သဲသောင်ပြင်ပေါ်မှာ ကိုယ်တို့တွေ စိတ်ကြိုက်ပျော်ရွှင်လို့ ရခဲ့တယ်....
ညနက်လေ အရှိန်တက်လာတဲ့ ဥာဏ်ကွန့်မြူးမှုတွေကြားထဲ ဘ၀ရဲ့ အတွင်းပိုင်းနက်နက်ထဲက အတွေးအခေါ်တွေ ပေါ်ပေါက်လာတယ်..
ဘာတဲ့.. "အချစ်ဆိုတာ ချစ်လို့ကို ချစ်တာတဲ့".. လေးနက်တဲ့ အဘိဓမ္မာတွေ ထွက်လာတဲ့အခါလဲ ရှိခဲ့...
"မဟုတ်ဘူး၊ အဲ့တာ ရူးတာ.. လူတိုင်းဟာ အချိန်တခု ရောက်တဲ့အခါ ရူးသွပ်တတ်ကြတာမျိုးဟ" စတဲ့.. ဘာမှန်းမသိတဲ့ ဒိုင်ကြောင်တွေ ထွက်လာ..
နောက်တော့ တယောက်ကို တယောက် အပြန်အလှန် ထိန်းကျောင်းရင်း အိပ်ရာထဲ ခေါင်းထိုးဝင်ပြီး အိပ်လိုက်ကြ...
မနက်မိုးလင်းတော့ မနေ့က အရှိန်နဲ့ လူတကိုယ်လုံး ကိုက်ခဲ နာကျင်.. ဒါပေမဲ့ လှိုင်းလုံးတွေကြားထဲ ပြန်ရောက်သွားပြန်တော့လဲ အကြောအချင်တွေ ပြေပျော့သွားတာ အမှန်ပင်..
ပင်လယ်ဟာ စိတ်အညစ်အကြေးတွေကို သန့်စင်သွားအောင်အထိ မဟုတ်ပေမဲ့ အတန်အသင့်တော့ ဆေးကြောပေးနိုင်တယ်ဆိုတာ အင်မတန် မှန်ကန်တယ်..
စိတ်ပေါ့ပါးတယ်.. လွတ်လပ်ရွှင်ပျတဲ့ အတွေးအခေါ်မျိုး.. ဘ၀ကို ခင်တွယ်တဲ့ ခုံမင်မြတ်နိုးစိတ်တွေလဲ ပြန်ပေါ်လာတယ်...
လက်ရှိဘ၀ထဲက ကိုယ် ခေတ္တ ထွက်ပြေးလွတ်မြောက်ချင်တဲ့အခါ ကိုယ့်လက်ကို အတူတူဆွဲပြီး ကိုယ်နဲ့အတူ သွားချင်ရာကို သွားဖို့ အသင့်လိုက်ပါနိုင်တဲ့ သူငယ်ချင်းတွေရယ်..
ရိုးသားမှုနဲ့ ယုံကြည်မှုရယ်သာ ရှိနေရင် ဘာလိုသေးလဲနော်...
ကျေးဇူးတင်ပါတယ် ပင်လယ်ကြီးနဲ့ လှိုင်းလုံးကြီးတွေရယ်..
ပြည့်စုံ
(9း02 pm, 17-7-2013)
2-7-2013 to 5-7-2013, ချောင်းသာကမ်းခြေ အပန်းဖြေခရီးစဉ်
Friday, May 10, 2013
ဆယ်နေကဲ
နေရောင်ဟာ ပူလောင် အက်ကွဲ
ကျီကျီတောက် ..
နေရောင်ဟာ အခိုးအငွေ့တွေကြားထဲ
အပူတွေရှပ် ..
နေရောင်ဟာ ကတ္တရာစေးတွေ ပျော်နေတဲ့ လမ်းပေါ်
မှောက်လျားထိုးပြီး အိပ်..
နွေခေါင်ခေါင်ကြီးပါတဲ့
နေရောင်ဟာ နဖူးက ချွေးတစကို လက်ကိုင်ပ၀ါနဲ့ထသုတ်တယ်..
နေရောင်ဟာ အိုက်စက်လို့
ပြောရင်းနဲ့တောင် ယပ်တောင်ကို တဖျတ်ဖျတ် ခတ်ပြနေတယ်..
ကံဆိုးသူမတွေ စုထားတာတောင်
ရွာပြစရာ မိုးတစ မရှိဘူး..
နေရောင်ကြောင့် ချွေးအဖြစ် အငွေ့ပျံပျောက်သွားတယ်တဲ့..
ဒီလိုနဲ့ပဲ
စကားပုံတွေဟာ လမ်းတွေပေါ် ကဆုန်ပေါက် ပြေးလွှား
နေရောင်ကို ရှောင်ရင်း အော်ဟစ် ပြေးကစားနေရတယ် ..
ပြည့်စုံ (၅း၀၃ pm၊ ၅-၆-၂၀၁၃)

Monday, May 6, 2013
မသိခြင်းများစွာ
ငယ်ရွယ်စဉ် ကလေးဘဝကတော့ မသိဘူး ဟု ပြောသည့်စကားများသည် အလွန်ရိုးသားပြီး ချစ်စရာကောင်းသော အမူအကျင့်များ ဖြစ်ခဲ့သည်။ ကြီးရင့်လာသော အခု အသက်အရွယ်တွင်တော့ မသိဘူး ဟု ပြောလိုက်သည့် စကားတစ်ခွန်းသည် ကိုယ့်ရဲ့လက်ရှိဖြစ်တည်နေမှုတွေကို မသုံးသပ် မဆင်ခြင်တော့ဘဲ စိတ်ထဲရှိသလောက် အထင်အမြင်အသေးခံလိုက်ရခြင်း ဖြစ်သည်..
မသိဘူး ဆိုသည့် စကားတခွန်းနှင့် မဆုံစည်းချင်ခဲ့သောကြောင့် လက်တွေ့ဘဝနှင့် မအပ်စပ်သော တချို့အဖြစ်အပျက်တွေကို ဇွတ်အတင်း နားလည်ချင်ယောင်ဆောင်ရတော့သည်။ သို့အားဖြင့် ကျမတို့တွေသည် ဟန်ဆောင် ကောင်းသော သူများ ဖြစ်လာကြလေသည်..
အဲ့ဒီခံစားချက်ဟာ ဘာနှင့်တူသလဲဆိုရင်တော့ လက်သီးဆုပ်ထဲမှာ ရှိမနေသည့် အရာကို အခြားသူများ ယုံကြည်အောင် ကြွားဝါပြရသော ကလေးတယောက်နှင့်သာ အလားသဏ္ဍာန်တူသည်..
ရုပ်ရှင်ကားကောင်းကောင်း တကား ကြည့်ခဲ့ရသော ကျမအတွက် ဝမ်းသာအားရ တခြားသူကို မျှဝေလိုက်တဲ့အခါမှာ သူပြန်ပြောလိုက်သော အော်စကာဆုဝင် ဇာတ်ကားများစွာကို မသိခဲ့သဖြင့် ကိုယ့်ခံစားချက်တွေ ဖီလင်အောက်ခဲ့ရသည့် အကြိမ်ရေ များစွာ ကြုံခဲ့ရသည်.. ဝမ်းနည်းဖွယ်ရာပင်..
အခု အသက်အရွယ်အထိ ကျမ ဖတ်ခဲ့ဖူးသော စာအုပ်များစွာထဲမှာမှ သူတို့ပြောသော စာအုပ်များ၏ ခေါင်းစဉ်ကို မဖတ်မိသော ကျမအဖို့ အရာရာဟာ ခေတ်နောက်ကျကျန်ခဲ့ပြီ..
ဘယ်လိုခံစားချက်မျိုးလဲလို့ မေးမှာပင်..
ပြောပြဖို့ ခံစားချက် မရှိတော့သော သူအဖို့ သူတို့ဖတ်ဖူးသော သူတို့ ကြည့်ဖူးသော အရာများစွာကို အရူးသဖွယ် လိုက်လံကြည့်ရှုခဲ့သော ကျမအတွက် အရာရာဟာ လိုက်မမှီနိုင်တော့..
အယ် ဒါလေးတောင် မလုပ်တတ်ဘူးလား.. ဟင်းဟင်း .. လှောင်ရီသံအောက်တွင် ကော်ဖီဖျော်စက်ထဲက ကော်ဖီကို ကော်ဖီခွက်ငယ်ထဲ ဘယ်လိုထည့်ရမလဲ မသိ ခေါင်းရှုပ်နေသော ကျမအတွက် အားကိုးဖွယ်ရာပင်.. သောက်ခဲ့သော ကော်ဖီရဲ့ အရသာ ခါးခါးအောက်မှာ ကျမ ခံစားချက်တွေလဲ ခါးသွားခဲ့ဖူးသည်..
မှန်တံခါးတချပ်ကို ဆွဲရမလား တွန်းရမလား မကြာခဏ ဝေခွဲ မရတတ်သော ကျမရဲ့ ရင်ခုန်သံတွင် မရိုးသားမှု အများအပြား ပါဝင်ကြောင်း ဝန်ခံပါသည်.. ဘဝရဲ့ လိုအပ်ချက်များစွာထဲမှာ မှန်တံခါး တချပ်ဟာ ဆွဲရမလား တွန်းရမလား မသိခြင်းသည်လည်း အကြီးမားဆုံး လိုအပ်မှုတခုဖြစ်ကြောင်း တချို့သူတွေကြောင့် သိခဲ့ရတော့သည်..
တသမတ်တည်း စီးဆင်းနေခြင်းမရှိသော ဘဝရဲ့ အခွင့်အရေးတချို့ တို့သည်လည်း အဆိုပါ တံခါးချပ်တွေလိုပင် တွန်းဖွင့်ဝင်ရမလား ဆွဲဖွင့်ယူရမလား ဝေဖန်ပိုင်းခြားနေရတာနှင့်တင် ..
…..
ပင်ပန်းလှသည်…
ပြည့်စုံ
၎း၁၄ pm၊ ၅-၆-၂၀၁၃ (တနင်္လာနေ့)
Friday, December 14, 2012
အထူးကား
ဆောင်းတွင်းချမ်းချမ်းကြီးထဲ
အထူးကားကျပ်ကျပ်ကြီးပေါ်
ပူးပူးကပ်ကပ် ရပ်နေကြရ
လက်ဖျံရိုးချင်း ချွေးထုတ်ရတာမျိုး မကဘူး
ထိုင်ခုံပေါ်လဲ ငုတ်တုတ်
ကျပ်ထုပ်ထားသလို ထိုင်နေရတယ်
နေ၀င်ချိန်တိုင်းသာ အိမ်ပြန်ချိန်ဆို
ရင်ဘတ်တိုင်းရဲ့ အမောဟာ
အိမ်ပြန်ချင်တဲ့ ဇောတွေ ကပ်နေကြတယ်
ပုရွတ်ဆိတ်အုံထဲ ထန်းလျက်တခဲ ပစ်ချကြည့်မိတယ် ဆိုပါစို့
...
မှတ်တိုင်တတိုင်မှာ ရပ်လိုက်တဲ့ကားပေါ်
ပြုံတက်သွားတဲ့ လူတွေဆိုတာ
ခွေးမကြီးနို့ကို ခွေးကလေးတွေ ပြုံစို့ကြသလို
အားလုံးဟာ တို့လို့တွဲလောင်း...
၃၁ ဘုံ
လောကီကို စိတ်ကုန်နေတဲ့
မောင်းနေတဲ့ ကားသမားက အော်တယ်
မြန်မြန်တက် မြန်မြန်ဆင်း
ရှေ့မှာ ကားတစင်းရှိသေးတယ် တဲ့
ဇောတွေနဲ့ အမောတွေရယ် ပေါင်း
ဟော့ဒီ ခေါင်းထဲမှာတော့
အိမ်ပြန်ချင်တဲ့ အတွေးနဲ့
ကားကျပ်ကျပ်ကိုပဲ အတင်းတိုးဝှေ့ဆင်း
အိမ်ပြန်ရင် မီးလင်းနေရင် ကောင်းမယ်..
လမ်းဆုံးတိုင်း ခရီးဆုံးမရောက်သေးတော့ ခက်တယ်...
ပြည့်စုံ
(၂း၀၈ pm၊ ၁၅-၁၂-၂၀၁၂)

Tuesday, October 2, 2012
ဆုံမိတဲ့ တနေ့
ယောက်ျားတယောက် ကိုယ့်ရှေ့မှာ အော်ဟစ် ငိုနေတာကို ကျမ မမြင်ဖူးခဲ့.. သူ့မျက်ရည်တွေနဲ့ သူ့မျက်နှာကို မမြင်ရပေမဲ့ သူစိတ်ထိခိုက်နေတာ ဒေါသဖြစ်နေတာကတော့ အသေအချာပင်... စိတ်ဆိုးနေတဲ့ ကလေးငယ်တွေ အော်ငိုတဲ့ အခါ လုပ်သလိုပဲ.. ကျမကို ကျောခိုင်းထားရင်း သူအော်ဟစ်နေခဲ့တယ်.. လက်တွေကို လေထဲမှာ ဝှေ့ယမ်းပြီး ကပေါက်တိကပေါက်ချာ သူ အော်ဟစ်နေခဲ့တယ်.. ခနနေတော့ ၀ရံတာမှာ လက်နှစ်ဖက်ကို ထောက်ထားပြီး သူ ငြိမ်သက်သွားခဲ့တယ်.. ကျမကတော့ သူ့ရဲ့ အနောက်နားကျကျက ဆိုဖာပေါ်မှာ ထိုင်နေရင်း သူ့ကို ငြိမ်ငြိမ်သက်သက် ထိုင်ကြည့်နေခဲ့တယ်..
သူတို့ ဟိုတယ်အခန်းထဲမှာ ကြဲပြန့်နေတဲ့ ဘီယာဘူးခွံတွေနဲ့ စားလက်စ အာလူးကြော် အိတ်တွေ ပြီးတော့ လဲနေတဲ့ အရက်ပုလင်း လေးထောင့်တလုံး ဆိုဒါပုလင်းခွံတချို့.. ဖန်ခွက်တွေက မှောက်တဲ့ခွက်နဲ့ ကွဲတဲ့ ခွက် တချို့.. အဲ့ဒီအခန်းထဲမှာတော့ ကိုချိုရယ် ကျမရယ် သူရယ် သုံးယောက်သာ ရှိနေတယ်..
တကယ်တော့ ကျမက ဒီအခန်းထဲမှာ ရှိနေရမှာ မဟုတ်တဲ့အပြင်.. သူနဲ့လဲ နာမည်ကြီးသူချင်းမို့သာ သိနေခဲ့ပြီး စကားတခွန်းတောင် ဟက်ဟက်ပက်ပက် မပြောခဲ့ဖူးခဲ့.. ကိုချို ကျမကို လာခေါ်တဲ့ အချိန်မှာ ကျမက ဟိုတယ်ခန်းထဲမှာ အနားယူနေချိန်ပင်.. တံခါးကို ခပ်ပြင်းပြင်းခေါက်တော့ အတူတည်းနေတဲ့ အမကတောင် ဘယ်သူမှန်း မသိ တံခါးကို ဖွင့်မပေးချင်..
အလန့်တကြားပင် ကိုချိုက ကျမကို ခဏလောက် အပြင်လိုက်ခဲ့ဖို့ခေါ်တယ်.. နင် တားမှဖြစ်မယ်တဲ့.. ဘာဖြစ်ကြလို့လဲဆိုတော့.. ရန်ဖြစ်နေကြတယ်ဟ ဟိုဘက်က တအုပ်တမကြီး.. သူတယောက်တည်းမို့ တဲ့..
ကိုယ်ပေါ်မှာ ညအိပ်ရုံ ခပ်ပွပွ ၀တ်ထားတဲ့ တီရှပ်ပွပွအပေါ်က အနွေးထည်အင်္ကျီကို ထပ်ဝတ်လိုက်ပြီး အခန်းဖော် အမကို ခဏ အပြင်လိုက်သွားလိုက်ဦးမယ် လို့ ပြောခဲ့ပြီး.. လှေကားထစ်တွေကို နင်းဖြတ်ကာ ကိုချိုတို့ အခန်းဘက်ကို လိုက်လာခဲ့မိတယ်.. ကိုချိုရဲ့ သူ ဆိုတာ ဘယ်သူ့ကို ပြောမှန်း ကျမက သိခဲ့သားပင်.. ဒီလို ပြဿနာတွေ ဖြစ်လာနိုင်မှန်းလဲ သိနေခဲ့တယ်.. သူတယောက်တည်း ဆိုတဲ့ အသိနဲ့ ကျမ ဘာကိုမှ ရှည်ရှည်ဝေးဝေး မစဉ်းစားနိုင်တော့..
တကယ်တော့ ကျမတို့ ဒီမြို့လေးကို ရောက်လာခဲ့တဲ့ တခုတည်းသော အကြောင်းက မတူညီတဲ့ အကြောင်းပြချက်တွေနဲ့ အဖွဲ့အစည်းတွေကြားထဲ တူညီမှု တခု ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရောက်ခဲ့တာပင်.. အစည်းအဝေး တက်ရောက်သူ စာရင်းမှာ သူ့နာမည်ကို မြင်တော့ ကျမ နည်းနည်း မျက်ခုံးတွန့်သွားမိတယ်.. ဒီကို သူရောက်လာခဲ့ပြီတဲ့လား..
သူ့မှာ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ မျှော်လင့်မှုတွေ ပါလာနိုင်မလဲ.. သေချာတာတော့ မတူတာတွေ ခွဲလုပ်ပြီး တူတာတွေ တွဲလုပ်ဖို့ ဆိုတာ .. ခပ်ဝေးဝေးမှာပဲ ရှိသေးတယ်.. အားလုံး မာန်မာနတွေ မလျှော့နိုင်သေးသမျှပေါ့လေ.. ကျမတို့ကတော့ ဖိတ်ကြားခံရသူ သပ်သပ်သာမို့ သူ လာတဲ့အပေါ် ကြိုဆိုခဲ့သလို.. သူ့သတင်း တချို့တလေအတွက်လဲ သူနဲ့ တွေ့ချင်တယ်..
ပထမရက် စတော့ သူက အပေါ်ထပ်က ရှေ့ဆုံးခုံမှာ ထိုင်ပြီး သူ့စာတမ်းအတွက် အလုပ်ရှုပ်နေချိန် ကျမက အောက်ဘက်နားက ရီဆက်ရှင်းမှာ အလုပ်ရှုပ်နေချိန်.. မတော်တဆ မဟုတ်တဲ့ မျက်လုံးချင်း ဆုံခဲ့မိတာပဲ ရှိခဲ့တယ်.. ဒါပေမဲ့ ကျမကတော့ ယုံကြည်တယ် မပြန်ခင်ရက်ပိုင်းမှာတော့ သူနဲ့ ထိတွေ့မှုတခုတော့ ရှိကိုရှိရမယ်လို့လေ.. အခုတော့ တိုက်တိုက်ဆိုင်ဆိုင်..
ကိုချိုရဲ့ ခြေလှမ်းကျဲကျဲနောက်မှာ အမှီလိုက်ရင်း ဘယ်လိုဖြစ်ကြတာတဲ့လဲ လို့ မေးမြန်းလိုက်တယ်..
ပထမတော့ ငါတို့ အစည်းအဝေးအပြီး အေးအေးဆေးဆေး အခန်းထဲမှာ ဘီယာသောက်နေကြတာပဲ.. သူတို့က အရင် ဘလိုင်းကြီး အရက်ပုလင်းတွေ ကိုင်ပြီး အခန်းထဲ ၀င်လာတာဟ.. သိတဲ့အတိုင်း ငါတို့က သိုးမည်းတွေလို ဖြစ်နေတာပဲ.. သီးသီးသန့်သန့် နေပါတယ်ဟာ.. ဒါပေမဲ့ သူတို့က အရက်အတူသောက်ချင်တယ်ဆိုတော့လဲ ငါပဲ အခန်းထဲမှာ သောက်လို့ဖြစ်အောင် စီစဉ်ပေးလိုက်တယ်.. ခဏနေတော့ စကားဝိုင်းက ပိုပြင်းထန်လာတယ်.. သူ့ကိုလဲ ၀ိုင်းပြီး ပြောကြဆိုကြ.. ဒီကောင်က စကားပြောတာတော့ တော်တော် အဆင်ပြေပြေ ပြန်ပြောပါတယ်.. နောက်တော့ အင်္ကျီတွေ ဘာတွေ ဆွဲပြီး ထိုးမယ်ကြိတ်မယ်တွေ ဖြစ်လာတာဟ.. ငါလဲ တော်တော်စိတ်ဆိုးသွားတယ်.. အဲ့တာနဲ့ ခေါ်လာတဲ့သူတွေကို မောင်းထုတ်လိုက်တယ်.. ဒါပေမဲ့ အဲ့လောက်နဲ့ မပြီးသွားဘူး.. သူ့ကို မပြန်ခင် စကားတခွန်းပြောသွားတာက ပိုဆိုးသွားတာ.. ဒီကောင်က အရက်ဝိုင်းက ခွက်တွေကို ကန်ချလိုက်ပြီး အဲ့မှာတင် ၀ုန်းဝုန်းဒိုင်းဒိုင်း ဖြစ်ကုန်တာ.. အောက်က ၀ိတ်တာတွေ တက်လာတော့ တော်ကြာ လူကြီးတွေ သိမှာစိုးပြီး အားလုံးက ကိုယ့်လူကိုယ်ထိန်းပြီး ပြန်ကုန်ကြလို့..
အခန်းတံခါးကို ဖွင့်လိုက်တော့ ခုနက ပုံစံအတိုင်း သူ ဒေါသတကြီး ဖြစ်နေခဲ့တယ်.. တကယ်ဆို ကျမနဲ့ ဘာဆိုင်သလဲ.. အမှန်တော့ လိုက်ကိုမလာသင့်ဘူး.. ကိုချိုက မူးလဲ မူး စိတ်လဲ ပင်ပန်းနေတော့ မဟန်နိုင်ဘဲ ခုတင်ပေါ်တက်ပြီး စောင်ခေါင်မြီးခြုံကာ အိပ်နေတော့တယ်..
သူက ၀ရံတာမှာ လက်ထောက်ကာ ရပ်နေပြီး ကျမဘက်ကို လှည့်ကြည့်ကာ.. ခင်ဗျားတို့လူတွေဟာ ဒီအတိုင်းကြီးပဲလားဟင် ဟုတ်လား.. ဘာကြောင့် ဒီလိုပြောရတာလဲ ပြောစမ်းပါဦး ခင်ဗျားတို့ ဒီလိုပြောလိုက်လို့ ဘာများ ပိုပြီး အကျိုးထူးသွားမယ်လို့ ထင်လို့လဲ.. သူက ကြိတ်မနိုင် ခဲမရ ကျမကို ဒေါသနဲ့ ပြောနေခဲ့တယ်.. ကျမကတော့ အေးအေးဆေးဆေးပင်..
သူ့မျက်နှာက ဒေါသကြောင့် နီရဲနေပြီး သူ့ရဲ့ ဆံပင်တွန့်တွန့်ကွေးကွေးလေးတွေက မီးရောင်အောက်မှာ အရောင်လဲ့နေခဲ့တယ်.. ကျမက ပခုံးနှစ်ဖက်ကို အသာတွန့်လိုက်ပြီး ..
ဒါတွေ ကိုယ်မသိဘူး.. ကိုယ်သိတာတော့ ကိုချိုက လိုက်ခဲ့ပါဦး ဒီမှာ ပြဿနာဖြစ်နေတယ်ဆိုလို့ လိုက်ခဲ့တာပဲ..
သူက ဟက်ခနဲ ရီလိုက်ပြီး .. ပြောစမ်းပါဗျာ ခင်ဗျားလဲ.. ခင်ဗျား မကျေနပ်တာတွေ ခင်ဗျားတို့ အယုံအကြည်မရှိတဲ့ အဆိုတွေ.. ခင်ဗျားတို့ပဲ အနစ်နာခံ လုပ်ခဲ့ရတာတွေ ပြောစမ်းပါ.. ဒီနေ့လောက်တော့ ကျနော့်ဘ၀မှာ တော်တော် စိတ်ထိခိုက်ရတဲ့ နေ့ မရှိတော့သလိုပါပဲ.. ပြောစမ်းပါဦး.. ခင်ဗျားတယောက်နဲ့တော့ ကျနော်လဲ ထူးပြီး စိတ်မတိုတောင်းနိုင်တော့ပါဘူး...
ကျမက မတ်တပ်ထရပ်လိုက်ပြီး.. ဒီပုံ အတိုင်းဆို မင်းတော်တော် စိတ်ကိုထိန်းချုပ်နိုင်ပြီပဲ.. ကိုယ် ဒီကိုလိုက်လာတာ အကျိုးမရှိဖြစ်သွားပြီ. ကဲ ကိုယ်ပြန်တော့မယ်.. မင်းဘာလိုချင်လဲ .. အောက်က ရီဆက်ရှင်းကနေ လာပို့ခိုင်းလိုက်မယ်..
ဒီလိုပြောတော့ ကျမရဲ့ အေးဆေးမှုအတွက် သူ ခဏ တွေဝေသွားပြီး..
အဆင်ပြေမယ်ဆို မပြန်ပါနဲ့ဦးဗျာ.. ကျနော် တော်တော် စိတ်လွတ်သွားတယ်.. ခုနက အော်မိတာ တောင်းပန်ပါတယ်ဗျာ.. အခုလိုဆိုတော့လဲ သူက သိမ်သိမ်မွေ့မွေ့ ရှိသားပင်..
သူနဲ့ ကျမ ၀ရံတာဘက်ကို ထွက်လိုက်ပြီး အဲ့ဒီက ခုံတွေပေါ် ထိုင်မိကြတယ်.. အပြင်မှာ လက တခြမ်းပဲ့ပေမဲ့ လမ်းမီးအလင်းရောင်တွေကြောင့် လင်းတ၀က် မှိန်တ၀က် ရှိနေခဲ့တယ်.. သူက စီးကရက်ကို မီးညှိလိုက်ပြီး ကျမဘက်ကို စီးကရက်ဘူး လှမ်းပေးတယ်.. ခေါင်းခါပြီး ငြင်းလိုက်တော့.. ဒါဆို ဆေးလိပ်သောက်လို့တော့ ရတယ် မဟုတ်လား တဲ့..
သူက ငြိမ်သက်ပြီး ဆေးလိပ်ကိုပဲ အခိုးငွေ့တွေအဖြစ် မှုတ်ထုတ်နေတယ်.. စိတ်တည်ငြိမ်သွားတဲ့အချိန်အထိ ငြိမ်နေပြီးမှ သူ ရီတယ်.. ကိုချိုက တကယ့်လူကိုမှ ခေါ်လာတာပဲ တဲ့.. ကျမလဲ သူနဲ့အတူ လိုက်ရီမိပြီး.. ရန်ဖြစ်နေကြတယ်ဆိုတော့ ကိုယ်က ထိပ်ပေါက်ခေါင်းကွဲများ ဖြစ်ကုန်ပြီလား မှတ်တာလို့ အလိုက်သင့် ပြန်ပြောလိုက်တယ်..
သူက ခေါင်းကို ခါယမ်းလိုက်ပြီး .. ကျနော် မနက်ဖြန် ပြန်တော့မယ်တဲ့.. အမှန်တော့ ကျနော့်အစီအစဉ်က ဒီတနေ့တည်း အတွက်ပဲ .. ဒါပေမဲ့ ကျန်တဲ့ရက်တွေ ဒီမှာနေချင်သေးတာ.. အကြောင်းတွေ အများကြီးထဲမှာ ခင်ဗျားနဲ့လဲ တွေ့ချင်တာ ပါတယ်.. အခုတော့ မလိုတော့ပါဘူး.. မထင်မှတ်ဘဲ အခုလို ခင်ဗျားနဲ့ဆုံတယ်.. ကျနော်လဲ ပြောချင်တဲ့ အကြောင်းအရာတွေကို တင်ပြပြီးပြီ ဆိုတော့ မနက်ဖြန်ပဲ ပြန်တော့မယ်ဗျာ..
ကျမက ဘာမှ အများကြီး မပြောဖြစ်.. သူလဲ မပြောဘဲ အချိန်အတော်ကြာ ထိုင်နေမိကြတယ်..
ခနနေတော့ ကော်ဖီသောက်ရရင် ကောင်းမယ်တဲ့.. အချိန်က မနက် ၃ နာရီလောက်များ ရှိပြီလား မသိဘူး.. ဒီအချိန် ရီဆက်ရှင်မှာ လှမ်းမှာလိုက်မယ်လို့ သူ့ကိုပြောတော့ ကျနော်တို့ ရေကူးကန်နားမှာ ထိုင်ရင် ကောင်းမလား မသိဘူးနော် တဲ့.. သွားကြတာပေါ့လို့ ဆိုတော့ သူက အခန်းထဲကို ပြန်ဝင်လိုက်ပြီး ဆိုဖာပေါ် ခေါက်တင်ထားတဲ့ သူ့သားရေဂျာကင်ကို ယူပြီး ကျမတို့ အခန်းထဲက ထွက်လာခဲ့ကြတယ်.. ကိုချိုကတော့ အိပ်မောကျလို့..
ကျမတို့ အတူတူ အာရုဏ်တက်တဲ့အချိန်ကို ထိုင်ကြည့်နေမိတယ်.. သူ့ဂျာကင်ရဲ့ခြုံထည်နံ့က ရီတီတီ ရနံ့တမျိုး မွှေးနေတယ်.. ကျမက အသာ ငုံ့နမ်းမိတော့ သူက ကျနော့်ဂျာကင်က အနံ့တွေများ ထွက်နေလား မသိဘူး ဆိုပြီး အားနာနေတယ်.. မဟုတ်ပါဘူး ငြင်းတော့ သူက ရီဝေေ၀ အကြည့်တမျိုးနဲ့ ကျမကို ငေးစိုက်ကြည့်နေတယ်..
ရေကူးကန်ဘေးနားက ခုံတန်းလျားမှာထိုင်ရင်း အလှဆင်ထားတဲ့ အုန်းပင်ပုလေးတွေရဲ့ လက်တံရှည်တွေက တရှဲရှဲနဲ့ မြည်သံကို နားထောင်ရတာ သဘောကျဖို့ ကောင်းတယ်.. သူက စကားတချို့ ပြောနေပြီး တချို့စကားတွေက အရွှန်းဖောက်စရာမို့ ကျမလဲ အလိုက်သင့် ရီမောနေမိတယ်..
တချို့စကားတွေကို နှစ်ယောက်သား အတိုင်အဖောက်ညီညီ ပြောပြီး တချို့စကားတွေကိုတော့ သူကသာ ဦးဆောင်ပြီး ပြောနေတယ်.. ကျမတို့ တော်တော် စကားပြောဖြစ်ကြသားပဲ ဆိုတော့.. ခင်ဗျားက အငြင်းအခုံမှ မလုပ်ဘဲ နားပဲ ထောင်နေတာကိုးတဲ့.. ပြီးတော့ ဟက်ဟက်ပက်ပက် အော်ရီမိကြတယ်..
လက်ထဲက ကော်ဖီခွက် ကုန်တော့ သူက ကျနော် ဗိုက်ဆာလာသလိုပဲ.. အခု ဘယ်နှနာရီ ထိုးပြီလဲ မသိဘူး ဆိုတော့ ကျမတို့ ဟိုတယ်ဝင်းထဲ ပြန်ဝင်ဖို့ ရီဆက်ရှင်ရှေ့ကနေ ပြန်ဖြတ်လာကြတယ်.. ဂျူတီလဲတဲ့ ကောင်မလေးတွေက အံ့အားတသင့် ကျမတို့ နှစ်ယောက်ကို ကြည့်နေပြီး ဂွတ်မောနင်းလို့ နှုတ်ဆက်တယ်.. ကျမက ဘာသာစကားတမျိုးနဲ့ ပြန်နှုတ်ဆက်လိုက်တယ်..
နှစ်ယောက်စလုံး တညလုံး မအိပ်ဘဲ စကားတွေထိုင်ပြောနေခဲ့ပေမဲ့ အခုအချိန်အထိတော့ အိပ်ချင်စိတ် မရှိသေးဘူး.. မနက်စာ တခုခု ထွက်စားရအောင် ကျနော် ဟိုတယ်စာ မစားချင်ဘူး ဆိုတော့.. ကျမက ကိုချိုကို နှိုးပြီး ကျမကို ဟိုတယ်ရှေ့က စောင့်နေလေ.. ကျမ ပြန်ဆင်းခဲ့မယ်လို့ ပြောလိုက်တယ်..
ကျနော် ညကားနဲ့ မြို့ကြီးကို သွားမယ်.. အဲ့ဒီမှာပဲ မူရင်းရက်အတိုင်း လေယာဉ်ကို စောင့်လိုက်တော့မယ် တဲ့.. ကျနော် ခင်ဗျားနဲ့ စကားပြောဖြစ်ခဲ့တဲ့ ညကို ဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး တဲ့.. ကျနော် ဒီကိုလာတဲ့ ရည်ရွယ်ချက်တခု ပြည့်ခဲ့တယ် ဆိုရမလားပဲ လို့ သူက ထပ်ပြောသေးတယ်.. ကျမကတော့ သူ့ကို အသာအယာ ပြုံးပြလိုက်တယ်..
နေ့တွေ အများကြီးနဲ့ ညတွေ အများကြီး ထပ်ကျော်ဖြတ်ရဦးမှာပါပဲ.. အဲ့ဒီရက်တွေထဲမှာ ဒီနေ့လေးကိုတော့ ဘယ်တော့မှ မေ့မယ် မထင်ဘူး.. သီးခြားစီ ဖြစ်နေတဲ့ ဘယ်တော့မှ ဆုံမှာမဟုတ်ဘူးလို့ တွက်ဆထားတဲ့ လူနှစ်ယောက် မထင်မှတ်ဘဲ ဆုံတွေ့ဖြစ်တယ်ဆိုတာ အိပ်မက်မှ မဟုတ်ဘဲကိုး..
ကျမရဲ့ စိတ်ကူးအတွေးထဲမှာ သူ့ကို သဘောကျမှုတွေ တော်တော်များနေတဲ့အချိန် သူကလဲ ကျမနဲ့တွေ့ရဖို့ စိတ်လှုပ်ရှားနေတဲ့အချိန် မထင်မှတ်တဲ့ နေရာ မထင်မှတ်တဲ့အချိန်မှာ တွေ့မိကြတော့ ပိုပြီး စိတ်အာရုံမှာ ညိတွယ်မိသွားသလို ဖြစ်သွားတယ်..
ဒါပေမဲ့ သူ့အချိန်ရောက်တဲ့အခါကျတော့လဲ ကျမတို့ဘ၀တွေက သီးခြားစီ ပြန်ဖြစ်သွားတော့တာပါပဲ...ကျမတို့ နှစ်ယောက် မခွဲခွာခင်မှာ လက်ဆွဲနှုတ်ဆက်ဖြစ်ခဲ့ကြပါတယ်...
ပြည့်စုံ
(၂း၀၇ pm, ၂-၁၀-၂၀၁၂)

Sunday, May 6, 2012
ပြတ်တောက်သွားတဲ့ သံယောဇဉ် ကြိုးတမျှင်
မတည်မြဲခြင်းတရားတွေ ဖျတ်ခနဲ ပေါ်လာ ဖျတ်ခနဲ ပျောက်သွားလောက်အောင် အချိန်တွေ ဒလဟော မြန်ဆန်နေတဲ့ ခေတ်ဆိုးခေတ်ပျက်ကြီးမှာမှ ကျမတို့တွေ လူအဖြစ်ကို ရခဲ့ကြတာကိုပဲ တရား မရနိုင်သေးဘဲ လက်ရှိ ပစ္စုပ္ပန်လေးတွေမှာ ကုပ်ကတ် ပျော်မွေ့ရင်း ဒုက္ခတွေကို သုခ အချိုရည်လေး ကပ်ကပ်ပြီး မျိုချနေခဲ့ရင်းနဲ့ အသက်ဓာတ်လေးတွေကို ရှင်သန်အောင် အဆင်ပြေအောင် ကြိုးစား မွေးမြူနေခဲ့မိတယ်..
ကျမ အကိုအငယ်ဆုံးကို နောက်ဆုံးမြင်တွေ့လိုက်ရတဲ့ ခုနှစ်နဲ့ အချိန်တွေက လွန်ခဲ့ပြီးသော နှစ် တစ်နှစ်စာ ရက်ပေါင်း ၃၆၅ ရက်ကျော်ကျော်..
ကျမ အိမ်ကနေ ထွက်သွားဖို့ အဆင်သင့်မဖြစ်ခင် အချိန်တုန်းကတော့ အကိုအလတ်ကို သူ့အသက် ၃၃ နှစ်မှာ ဆုံးရှုံးလိုက်ရတာ.. အခု အကို အငယ်ဆုံးကိုတော့ သူ့အသက် ၃၆ နှစ် ကျမ အိမ်ကို ပြန်ဖို့ အဆင်သင့်မဖြစ်ခင်အချိန်မှာပဲ ထပ်မံ ဆုံးရှုံးလိုက်ရပြီ..
သွေးသားရင်း အကို ၂ ယောက် ဆုံးရှုံးပြီးနောက်မှာတော့ ကျမတို့ မိသားစုလေးမှာ အားကိုးအားထားစရာ ထပ်မံ ဆုံးရှုံးစရာ အဖိုးမဖြတ်နိုင်တဲ့ အဖေ အမေနဲ့ ကျမတို့ အဝေးတနေရာမှာ ကျဲပြန့်ပြီး ရောက်နေတဲ့ မောင်နှမ လေးယောက်သာ ကျန်ရစ်ခဲ့တော့တယ်.
အိုမင်းမစွမ်းတဲ့ အဖေနဲ့ အမေရဲ့ အနီးအနားမှာ ဘယ်သူမှ မကျန်ရစ်ခဲ့တော့.. အဖေ အမေ လိုအပ်တာ မေတ္တာတရားနဲ့ အနီးကပ် ပြုစုနိုင်မယ့် သားသမီးတွေ ဆိုတာကို သိနေရက်နဲ့ ကျမတို့တွေ အိမ်ကိုပြန်ဖို့ ခြေလှမ်းတွန့်နေဆဲ.. အိမ်ကိုပြန်ဖို့အတွက် အဆင်သင့်မဖြစ်နိုင်သေးတဲ့ ရုပ်ဝတ္ထု၊ ပစ္စည်း၊ ငွေကြေး စတာတွေကို စဉ်းစားနေမိရင်းနဲ့ အခုတော့ ဆုံးဖြတ်မထားခဲ့လည်း ဆုံးဖြတ်ချက် တခုကို ပိုင်ပိုင်နိုင်နိုင် ချမှတ်နိုင်ခဲ့ပါပြီ..
NO Number နဲ့ ပေါ်လာတတ်တဲ့ အင်တာနက်ကနေ ခေါ်ဆိုတဲ့ ဖုန်းတွေထဲမှာ ၂၀၁၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ ည ၈း၁၆ မိနစ်အချိန်မှာ ပေါ်လာတဲ့ ဖုန်းခေါ်ဆိုမှုက ကျမရင်ကို တင်းတင်း ဆို့နင့်သွားစေမိသည်အထိ. လိုင်းမကောင်းတဲ့ကြားက အမေက ဟိုဘက် ဖုန်းလိုင်းကနေ ကျမဆီကို သတင်းပို့ခဲ့တယ်.. အောင်ကြီး ဆုံးပြီတဲ့. ဒီနေ့ ညနေ ၆ နာရီက ဆုံးတယ် သမီး ဆိုတဲ့ အသံနောက်မှာ.. နေမကောင်းဖြစ်နေတယ်ဆိုတဲ့ သတင်းလဲ မကြားရ.. အဆင်မပြေဖြစ်တယ်ဆိုတဲ့ သတင်းစကားလဲ မသိရဘဲ ကျမရဲ့ သွေးသားရင်း အကိုတယောက် ဆုံးရှုံးခဲ့ပြီ..
ပူပြင်းလောင်မြိုက်လှတဲ့ နွေရာသီရဲ့ အပူလှိုင်းဖြတ်မှုနောက်မှာ အခုတော့ အကိုအငယ်ဟာ သူ့အသက်ဓာတ်ကိုပါ ဖြတ်တောက်ပြီး နွေရာသီရဲ့ အပူလှိုင်းတွေ နောက် လိုက်သွားခဲ့ပါပြီ..
အဝေးမြေမှာ ရောက်ရှိနေခဲ့တဲ့ လေးနှစ်တာ အတွင်း အိမ်ကို ပထမဆုံးအကြိမ် ပြန်ဖြစ်တဲ့အချိန်မှာ အဖေ အမေရဲ့ အနီးအနားမှာ အကိုအငယ် တယောက်သာ ရှိနေခဲ့တယ်. အဖေနဲ့ အမေရယ် မြေးကလေး ၂ ယောက် နောက် အကိုအငယ်ရယ်သာ.. အကိုအငယ်က အိမ်သားတွေထဲမှာ စကားအနည်းဆုံး.. လူငယ်ဘဝ အနာဂတ်ပျောက်နေတဲ့ လူတွေကြားထဲမှာ သူတို့တွေရဲ့ လူငယ်ဘဝတွေကို စွန့်ပစ်ခြေမွခံခဲ့ရတဲ့ လူငယ်တယောက်.. အပေါင်းအသင်း မင်ပြီး လူတိုင်းကို ကူညီတတ်တဲ့ အကိုအငယ်ကို လူတိုင်းက ချစ်ခင်ကြတယ်..
တအိမ်လုံး ဘယ်သူနဲ့မှ မတူဘဲ အသားဖြူဖြူ ဆံပင်ကောက်ကောက် အကိုအငယ်ဟာ သူ့လိုပဲ ချစ်စရာကောင်းတဲ့ သမီးကလေးတယောက်ကို အမေ့ဆီမှာ အမွေပြန်ပေးခဲ့တယ်.. မိန်းမ ရပြီး ကလေးတယောက် ရချိန်အထိ အမေ့ကို ကလေးတယောက်လို မုန့်ဖိုးကပ်တောင်းနေတုန်း. အမေနဲ့ တကြိတ်ကြိတ် ရန်ဖြစ် ဆူပူနေဆဲ အကိုအငယ်ဟာ ရုတ်တရက် ဖျတ်ခနဲ အသက်ဓာတ် ပျောက်သွားခဲ့ပါပြီ.. ဘယ်လိုဖြေတွေးတွေး ကျမတို့အတွက်တော့ စိတ်ထိခိုက်စရာချည်းပါပဲ...
၂၀၁၁ ခုနှစ် ပထမဆုံး အကြိမ် ကျမ အိမ်ပြန်ဖြစ်တဲ့အချိန်မှာ ကျမလက်ကို ဆွဲပြီး ဒါ ငါ့ညီမလေးလေ.. ကျောင်းတက်နေတာပေါ့.. တလမ်းလုံး ကြွားဝါလာခဲ့တာ.. ကိုကြီးတို့အိမ်ကို လိုက်ခဲ့ပါဦး.. ဟိုမှာ နင့်အမနဲ့ မိတ်ဆက်ပေးချင်လို့တဲ့.. ကျမ မမြင်ဖူးတဲ့ ကျမ ယောင်းမကို မြင်ရဖို့ သူတို့အိမ်ကို လိုက်သွားခဲ့တယ်. ဖိနပ်ချွတ်မှာ ကျမ စီးလာတဲ့ဖိနပ်ကို ချွတ်လိုက်ပြီး အိမ်ပေါ်ကို ခပ်ဖွဖွ နင်းတက်လိုက်တော့.. ဖိနပ်ကို အကိုအငယ်က ကောက်ကိုင်ပြီး အိမ်ပေါ်ဆင့်ကို လှမ်းတင်လိုက်တယ်..အောက်မှာပဲ ဖိနပ်ကို ထားပါ.. ဘာလို့လဲ ဆိုတော့.. ဖုန်ပေမှာစိုးလို့တဲ့..
ဘာစားချင်လဲဆိုပြီး တတွတ်တွတ် မေးနေခဲ့ပြီး ငါ့ညီမလေး ပြန်ရင် ဆိတ်သားခြောက် ကြော်ပေးမယ်... ချဉ်ပေါင်ကြော်ရော ယူဦးမလား.. ငါကိုယ်တိုင် ကြော်မှာပါဟ တဲ့.. သူ့မိန်းမကတော့ အိမ်ကို အလည်လာတာ အအေး သွားဝယ်လိုက်လေ.. ညီမကို တိုက်ရအောင် ဆိုတော့ မလိမ္မာတဲ့ ကျမက နေ နေ.. သမီး မြို့ထဲသွားပြီး သူငယ်ချင်းတွေနဲ့သွားတွေ့မလို့.. မတိုက်နဲ့ဆိုတော့.. အကိုက စိတ်မကောင်းဘူး.. အေး ဟုတ်ပါတယ်.. မြို့ထဲကျမှပဲ အအေးသောက်တော့ ဟိုက အအေးတွေက ပိုကောင်းတယ်တဲ့.. ကောင်းခြင်း မကောင်းခြင်းထက် သူတို့ အလုပ်ရှုပ်မှာစိုးတဲ့စိတ်နဲ့ အကိုအငယ် တိုက်တဲ့ အအေးကို ကျမ မသောက်ဖြစ်ခဲ့ဘူး.. ဆိတ်သားတွေလဲ အများကြီး မကြော်နဲ့နော်.. ဟိုမှာက အစစ ရတယ်..အဆင်ပြေတယ်လို့ ပြန်ပြောခဲ့တာ.. တကယ်တော့ မေတ္တာတရားသပ်သပ်နဲ့သာ ကျမကို စားစေချင်တဲ့ စားစရာကို ကျမက အလုပ်ရှုပ်နေမှာစိုးတဲ့စိတ်နဲ့ ငြင်းဆိုခဲ့တာ..
အေးပါဟာ.. ယူတော့ ယူသွားမယ် မဟုတ်လား.. ကြော်ပြီး မနက်ဖြန် ယူလာပေးခဲ့မယ် တဲ့..
သူတို့အိမ်မှာ ဖင်ပူအောင် မထိုင်ဖြစ်ဘဲ သူငယ်ချင်းတွေနဲ့တွေ့ဖို့ နောက်ကျမှာစိုးတဲ့စိတ်နဲ့ ကမန်းကတန်း ပြန်ထွက်လာခဲ့တာ.. လိုင်းကားစီးဖို့ သွားတော့ ကားပေါ်အထိ လိုက်တင်ပေးခဲ့တာ.. ကားအောက်ကနေ လှမ်းပြီး သတိထားစီးဦး ခါးပိုက်နှိုက် သတိထားလို့.. စိုးရိမ်တကြီးပြောတော့.. ကျမက ခေါင်းသာ အသာညိတ်ပြခဲ့တာ.. ဘယ်သိခဲ့မလဲနော်.. ဒီလိုသာ ကျမတို့ အသက်မမှီနိုင်လောက်အောင် သေကွဲ ကွဲရမယ်ဆိုတာ သိရင် ကျမ အကိုကို ဆိတ်သားတွေ အများကြီး ကြော်ခိုင်းမှာ.. နင်ကြော်ပေးတဲ့ ချဉ်ပေါင်ကြော်က စားကောင်းတယ် ဆိုပြီး ခန ခန ပြောပြမိမှာ.. နောင်တတွေပါပဲ..
ငယ်ငယ်ကတော့ မောင်နှမတွေ တကျက်ကျက်နဲ့ ရန် ခန ခန ဖြစ်ကြတာပါပဲ.. အရုပ်လုတဲ့ အမှု၊ စကားလုပြောတဲ့ အမှု၊ အမေ မသိအောင် ထွက်ထွက်ဆော့တဲ့ အမှုတွေနဲ့ မောင်နှမတတွေ ခန ခန အရိုက်ခံခဲ့ရဖူးတယ်.. အပေါ်က အကိုအကြီးဆုံး သုံးယောက်၊ နောက်တော့ ကျမတို့ ညီအမ ၂ ယောက်၊ အောက်မှာ မောင်အငယ်ဆုံးလေး ၁ ယောက်နဲ့ အားလုံး စုစုပေါင်း မောင်နှမ ၆ ယောက်ထဲမှာ အကိုအငယ်က ကျမတို့ကို အလိုအလိုက်ဆုံးပါပဲ.. အမေ့ကို ထမင်းဟင်း ကူချက်ပေးပြီး ကျမတို့ စားချင်တဲ့ အသုပ်စုံတွေကို ဘာလေးသုပ်စားမလား၊ နယ်ဖတ်စားမလားနဲ့ လုပ်ကျွေးတတ်တဲ့သူ.. ခရမ်းချဉ်သီးငပိချက် ကြိုက်တဲ့ အကိုအငယ်ဟာ ထမင်းစားတော့မယ်ဆို.. ဟိုလူစားပြီးပလား၊ ဒီလူ စားပြီးပလား မေးပြီး ဟင်းကျန်အိုးကျန်နဲ့ လူးဖတ်ပြီး စားတတ်တဲ့ အကိုအငယ်ဟာ ဟင်းချေးမများပေမဲ့ အမေ့အတွက်တော့ ချစ်လဲ ချစ် ဆိုးလဲ ဆိုးတဲ့ သားမိုက်တယောက်သာ..
အခုတော့ အဲ့ဒီ သားမိုက်တယောက်ဟာ အမှည့်တဝင်းဝင်း အသီးတွေ ဖြစ်တဲ့ အဖေ အမေ မလွန်ခင်မှာတင် အသီးကင်းဖြစ်တဲ့ သူတို့တွေ တဖြုတ်ဖြုတ်နဲ့ ကြွေကျရစ်ခဲ့ပြီ.. ကိုယ်တွင်း အပူရှိန် ၁၀၆ ဒီဂရီမှာ ပူလွန်းလို့ ရင်ဘတ်တွေကို ရေလောင်းစွတ်ခဲ့တဲ့ အကိုအငယ်ဟာ နေအေးသွားတဲ့အချိန် ညနေစောင်း ၆ နာရီအချိန်မှာတော့ နောက်ဆုံး လက်ကျန် ကိုယ်အပူရှိန်နောက်ကို ပေါက်ထွက်သွားတဲ့ ဦးနှောက်သွေးကြောမျှင်တွေနဲ့ အတူ ကမူးရှုးထိုး လိုက်သွားခဲ့ပါပြီ.. နေအေးတဲ့အချိန်မှာမှ အသက်ဓာတ်ပျောက်ခဲ့တယ်ဆိုတော့ အေးချမ်းသွားမှာပါလို့ .. ဒီလိုသာ စိတ်ကို ဖြေသိမ့်ထားခဲ့လဲ အကိုအငယ်ကို မျက်စိရှေ့မှောက်မှာ မြင်နေတုန်းပါပဲ..
ဝတ်ထားစားထားရင် မင်းသားရှုံးတယ်လို့ အဖေက ပြောတတ်တဲ့ အမြဲ ရှိုးစမိုးကျအောင် ဝတ်တတ်တဲ့ အကိုအငယ်တယောက် သေတဲ့အချိန်မှာတော့ သက်ပျောက်အင်္ကျီ စွပ်ကျယ်လေးနဲ့ ပုဆိုးပိုင်းလေးကိုသာ ဝတ်ဆင်ခဲ့ပြီး မရဏမင်းနောက်ကို လိုက်သွားခဲ့ရတာပါပဲ..
ဘာတွေများ ကျမတို့အတွက် အပူတပြင်း လိုအပ်ခဲ့သလဲ.. မသေခင်မှာ လောဘ ဒေါသ မောဟတွေနဲ့ ပူပြင်းလောင်မြိုက်ပြီး ရှာဖွေ စုဆောင်းခဲ့ရသလောက်.. သေပြီး အအေးခန်းထဲ ဝင်ဖို့အတွက် ကိုယ်နဲ့အတူ အသက်ဓာတ်ပျောက်ခဲ့ရတဲ့ သက်ပျောက်အင်္ကျီနဲ့ လုံချည် တစုံသာ ကိုယ့်နောက်ကို ပါသွားခဲ့ရမှာပါပဲ.. အဲ့ဒီလို တွေးမိတဲ့ခနမှာပဲ မျက်ရည်တွေက ဒလဟော ကျဆင်းလာခဲ့ရမိတယ်.. ဘယ်မှာလဲ အေးမြခြင်း.. ဘယ်မှာလဲ အလုံးစုံ ပြီးပြည့်စုံခြင်း.. ဘယ်မှာလဲ ဘဝအတွက် အာမခံချက်..
မီးသဂြိုလ်စက်ထဲ သွင်းဖို့ အခေါင်းဖုံးကို လှပ်ပြတဲ့အချိန်မှာ ငယ်ရုပ်အတိုင်း အိပ်နေတဲ့ အကိုအငယ် မျက်နှာကို မြင်တော့မှ ကျမ လန့်ငိုဖို့ သတိရသွားမိတယ်.. မီးသဂြိုလ်ခါနီးမှပဲ မျက်နှာကို ပြန်မြင်ရတော့တယ်.. မမကြီးနဲ့ မောင်အငယ်လေးရယ်၊ အကိုအကြီးဆုံးရယ်ကို သတိရတယ်.. အကိုအငယ်ရဲ့ နောက်ဆုံးခရီးကို သူတို့ လိုက်ပါ ပို့ဆောင်ခွင့် မရတော့ဘူး.. နောက်တဖန် ပြန်မဆုံနိုင်တော့ပါဘူး.. အေးအေးချမ်းချမ်းသာ ဘဝကူး ကောင်းပါစေလို့ နောက်ဆုံး ဆုတောင်းပေးပြီးတဲ့နောက် ကျန်းမာရေး မကောင်းတဲ့ အဖေ့ကိုပဲ လူအုပ်ကြားက ဆွဲထုတ်ခဲ့တယ်.. မီးသဂြိုလ်စက် ခေါင်းတိုင်က ထွက်လာတဲ့ မီးခိုးငွေ့တွေကြားမှာ ငါတို့ကို စိတ်ချသွားပါလို့ ခပ်တိုးတိုး ကတိစကား ဆိုခဲ့ပါတယ်..
ကျန်ရစ်တဲ့ အကိုအငယ်ရဲ့ သမီးကလေးကတော့ သူ့အဖေက သူ့အတွက် ပီကေ သွားဝယ်နေတယ်လို့ ယုံကြည်နေတယ်.. အသုဘအိမ်ဆိုတော့ လူရှုပ်ရှုပ်ကြားမှာ သူပျော်နေတယ်.. ဘယ်သူမေးမေး အောင်ကြီးက ပီကေ သွားဝယ်တာလို့ ကျမ အမေ ခေါ်တဲ့အတိုင်း သူ့အဖေကို အောင်ကြီးလို့ ခေါ်တယ်.. တခါတလေတော့လဲ သူစဉ်းစားမိမှာပေါ့နော်.. ငါ့အဖေ ဒီတခါ ပီကေသွားဝယ်တာ ကြာလှချည်လားလို့လေ.. သူမလေးရဲ့ အသက် ၂ နှစ်နဲ့ ၇ လ ဆိုတော့ အသက်ကြီးလာတဲ့အချိန် သူ့အဖေကို သူ ပြန်မှတ်မိပါ့မလား.. ဘယ်အရာမှ မကျိန်းသေပါဘူး.. သူ့အဖေရဲ့ အသုဘအခေါင်းထဲကို သူ့ရဲ့ ကိုယ်တိုင်း အပ်ချည်မျှင်လေး ထည့်ပေးလိုက်တော့ သူ့အဖေလဲ သူ့သမီးကလေးကို စွဲလမ်း မသွားပါဘူးလို့ ယုံကြည်မိတယ်.. သူ့မိန်းမထက် စာရင် အမေ့ကိုပဲ စိတ်ချလို့ သူ့သမီးကလေးကို အမေ့ဆီမှာပဲ စိတ်ချ ယုံကြည်စွာ ထားသွားခဲ့ပြီ နေမှာပါ..
ကျမ မောင်လေး ဆယ်တန်းဖြေပြီးစ အချိန် သူတို့ ညီအကိုတွေ ဂစ်တာတီးချင်လို့ သူများဆီက ဂစ်တာကို ခန ခန သွားသွားငှားပြီး တီးရတော့.. အကိုအငယ်က မောင်လေးကို ငါ့ညီလေးကို ငါအလုပ်လုပ်လို့ရတဲ့ ငွေနဲ့ ဂစ်တာ ဝယ်ပေးမယ်လို့ ပြောခဲ့တယ်.. အကိုအငယ် အလုပ်ကနေ ပိုက်ဆံထုတ်လာတော့ သူတို့ ညီအကို နှစ်ယောက် ဂစ်တာ အဟောင်းလေး တလက်ကို သွားဝယ်လာကြတယ်.. အဲ့ဒီ ဂစ်တာလေးကို ဆေးပြန်သုတ်ကြတယ်.. ဂစ်တာကြိုးတွေလဲ အသစ်ပြန်လဲတယ်.. ကြိုးတွေ သေချာညှိတယ်.. ဂစ်တာတီးဖို့ ကနုကမာ လက်ခတ်ကလေးကိုတောင် ကြိုးလေးနဲ့သီလို့.. သေချာ ကျကျနန သူတို့ ဂစ်တာ တလက်ကို အနုစိတ် ခြယ်မှုန်းနေကြတာ.. ကျမကတောင် ကျမ သိမ်းထားတဲ့ သီချင်းစာအုပ်တွေ ထုတ်ပေးထားခဲ့တာ.. အားလုံး ပြင်ဆင်ပြီးချိန်မှာတော့ ဂစ်တာလေးကို ဆေးခြောက်အောင် လှမ်းဖို့ နဂိုကတည်းက ပါလာတဲ့ ဂစ်တာက အထိန်းကြိုးလေးကို နံရံပေါ်က သံငုတ်မှာ ချိတ်လိုက်ကြတယ်..
မှားယွင်းတဲ့ လုပ်ရပ်ဆိုတာကို ခနချင်းတွင်းမှာပဲ သိလိုက်တယ်.. အားလုံး ပြင်ဆင်ပြီးခဲ့ပေမဲ့ ဂစ်တာ အထိန်းကြိုးလေးကို အသစ်ပြန် မပြင်ဆင်မိခဲ့ဖူးလေ.. ဟောင်းနွမ်းနေတဲ့ ဂစ်တာ အထိန်းကြိုးလေး ပြတ်ကျတော့.. ဟိုးအမြင့်ပေါ်က သံငုတ်ကနေ လွတ်ကျလာတဲ့ ဂစ်တာလေးကို ဘယ်သူကမှ လှမ်းမဖမ်းလိုက်နိုင်ဘူး.. နာကျင်စဖွယ် အသံအကျယ်ကြီး မြည်ဟည်းသွားပြီး အောက်ကို နာနာကျင်ကျင် ပြုတ်ကျသွားတဲ့ ဂစ်တာလေးမှာ ကျမတို့တွေရဲ့ မျှော်လင့်ချက်တွေ တသီတသန်းကြီး ပါသွားခဲ့တော့တယ်..
အဲ့ဒီလိုပါပဲ.. ကျမတို့ စဉ်းစားမျှော်လင့်ထားတဲ့ အရာတိုင်းဟာ ပြင်ဆင်မှု အနည်းငယ် လိုအပ်ရုံနဲ့ ပြီးပြည့်စုံတဲ့ အောင်မြင်မှုတွေ မဖြစ်ခဲ့ဘူးဆိုတာကို သိရက်နဲ့ပဲ.. အသက်ဓာတ်လေးတွေ ဘဝနဲ့ အတူ မပျောက်ပျက်သွားအောင်နဲ့ ဘဝမှာ ဖြစ်ချင်တာလေးတွေ လုပ်ဖို့ လုပ်သင့်တာလေးတွေ လက်စသတ်ဖို့ လိုအပ်နေကြောင်း သိရတဲ့အခါ မလိုအပ်တဲ့ ပကာသနတွေကို မုန်းတီးစက်ဆုပ်လာမိတော့တာပါပဲ....
ပြည့်စုံ
၃း၁၁ pm, ၆-၅-၂၀၁၂
Monday, March 19, 2012
အရင်အတိုင်း

ဦးရေပြားကို ခပ်ဖွဖွ ညင်ညင်သာသာ နှိပ်နယ်နေတဲ့ လက်ချောင်းကလေးတွေရဲ့ အားစိုက်ထုတ်မှုကြားမှာ သူ စီးမျောနေမိတာ.. သေးသွယ်ပေမဲ့ အားပါလှတဲ့ နှိပ်နယ်မှုတွေက သူ့ရဲ့ တင်းကျပ်ခဲနေတဲ့ ဦးနှောက် အာရုံကြောတွေကို ဖြေလျော့ပေးနိုင်တာပဲ.. တနေ့ တနေ့ ဒီလက်ချောင်းလေးတွေရဲ့ အားနဲ့ ဦးခေါင်း ဘယ်နှလုံးစာရဲ့ ဦးရေပြားတွေကို နှိပ်နယ်ပေးရမလဲ..
ပက်လက်လှန် လဲလျောင်းနေရာကနေ သူ့ရဲ့ဦးခေါင်းနောက်မှာ ရပ်နေတဲ့ သူမရဲ့မျက်နှာကို ဇောက်ထိုးမြင်နေရတယ်.. နှာတံဖြောင့်ဖြောင့်စင်းစင်းလေးရဲ့ အထက်က မျက်လုံးလေးတွေကို သူ မမြင်လိုက်ရပေမဲ့ နူးညံ့ ညင်သာတဲ့ စကားသံက အလျင်စလို ထွက်လာခဲ့တယ်..
“ဘာဖြစ်လို့လဲ အကို.. နှိပ်တာ အရမ်းပြင်းသွားလို့လား”
သူ ခေါင်းကို အသာရမ်းလိုက်ရင်း မျက်လုံးကို အသာမှိတ်လိုက်တယ်.. ဒီတလော သူ့ခေါင်းထဲမှာ အလုပ်ပြီး အလုပ်.. စိတ်တွေရှုပ်နေခဲ့တယ်.. မနက်မိုးလင်း မျက်စိနှစ်လုံး ပွင့်ကတည်းက သူ့ရင်ထဲက တင်းကျပ်နေတဲ့ အစိုင်အခဲတွေနဲ့ သူ့ခေါင်းကို လာလာဆောင့်တတ်တဲ့ ပြဿနာတွေကြားမှာ သူ ရင်မောနေခဲ့တာ ကြာပြီ.. ဒီနေ့တော့ သူ ဆက်လက် မခံစားနိုင်တော့ဘူး.. တင်းကျပ်နေတဲ့ စိတ်အတွေးတွေနဲ့ အာရုံကြောတွေက တခုခုကို လိုလိုချင်ချင် တောင့်တမိတော့တာ..
ဆိုင်ကယ်ကို အရှိန်ခပ်ပြင်းပြင်း မောင်းထွက်လိုက်တော့မှ ဆိုင်ကယ်စီးဦးထုပ် မဆောင်းထားတဲ့ ဆံပင်တွေက ကျပ်ကျပ်ခဲခဲနဲ့ လေရှိန်နောက်မှာ သူ့မျက်နှာကိုပါ အရှိန်ပြင်းပြင်း ရိုက်ခတ်နေတော့မှ သူခေါင်းလျှော်ဖို့ သတိရမိတယ်.. မျက်လုံး ကြည်ကြည်ဝိုင်းဝိုင်းလေးနဲ့ စကားသံ မပီတပီ့က သူ့ရင်ကို အရင်တုန်းကလိုမျိုး ခံစားချက်မျိုး ပြန်ရနိုင်မလား.. ဆိုင်ကယ်ကို အရှိန်နဲ့ ပြန်ကွေ့လိုက်ပြီး ဆံပင်ညှပ်ဆိုင်လေးဆီ ဦးတည်မိတော့တာပါပဲ..
ဟိုးအရင်က အတိုင်းပင် သူမက သူ့ကို ခရီးဦးကြိုဆိုမှု ပြုခဲ့တယ်.. ကျန်တဲ့သူတွေကို အနားပေးပြီး သူမကိုယ်တိုင် သူ့ကို ခေါင်းလျှော်ပေးတယ်.. ‘အကို အခုတလော မတွေ့ဘူးနော်.. အလုပ်တွေ ရှုပ်နေလို့လား’ “အင်း” သူ့ရဲ့ မပွင့်တပွင့် အသံနောက်မှာ သူမလေးလဲ စကားသံတိတ်သွားပြီး သူ့ခေါင်းကိုသာ ညင်ညင်သာသာ ဖိနှိပ်ပေးနေခဲ့တယ်..
ဆံပင်ကို ဆီလိမ်းပြီးတဲ့ နောက်မှာတော့ သူက ကျသင့်ငွေကို သူမကို လှမ်းပေးလိုက်တယ်.. သူမက ညင်ညင်သာသာ ပြုံးပြလိုက်ပြီး သူ့ကို နောက်လဲ လမ်းကြုံရင် လာပါဦး အကို.. ကျမ မရှိလဲ ဒီက ညီမလေးတွေ ရှိပါတယ် တဲ့.. သူ ခေါင်းကို ခပ်လေးလေး ညိမ့်ပြလိုက်တော့ သူမလေးက အသာ အယာ ရယ်ပြတယ်..
အတော်အသင့် ပေါ့ပါးသွားတဲ့ စိတ်အစဉ်က ချေးညော်ကင်းသွားတဲ့ ဦးရေပြားကြောင့်လား.. သူမလေးရဲ့ အပြုံးကြောင့်လား.. တခါတလေတော့လဲ တနေရာရာမှာ ကိုယ့်စိတ်ကို ကျေနပ်စေတဲ့ တစုံတရာ ရှိမယ်ဆိုရင် အဲ့ဒီနေရာလေးကို အလွမ်းပြေ ပြန်သွားသင့်တယ် မဟုတ်လား.. နောင် ရောက်ဖို့ အချိန်တော်တော်ကြာဦးမှာဖြစ်ပေမဲ့ ရောက်သွားရင်လဲ အရင်လို ခံစားချက်မျိုး အမြဲတမ်း ပြန်ပေးနိုင်မယ့် နေရာလေး တခု ရှိနေဦးမယ်ဆိုလဲ ဘဝကြီးက နေသာနေသားပဲ…
ကွန်ပျူတာနဲ့ တွဲစပ်ထားတဲ့ မောက်စ်ကို ကလစ်တချက်နှိပ်လိုက်ပြီး နောက်မှာတော့ စောနက ရယ်သံစွန်းထင်းနေတဲ့ အသံဖိုင်က ပိတ်သွားတော့တယ်.. ဒီလိုဆိုတော့လဲ အပြုံးတချက်၊ ရယ်သံ တစွန်းတစနဲ့တင် ရှေ့ဆက်ရမယ့် ဘဝကြီးကို ဖြတ်သန်းဖို့ အားအင်တွေ အလိုလို မွေးရတာပါပဲ.. အရာတိုင်းကတော့ မျှော်လင့်သလို ဖြစ်မလာဘူးပေါ့.. မမျှော်လင့်ထားလဲ ဖြစ်လာနိုင်တဲ့ အိပ်မက်တွေထဲမှာ နောက်ပြန်လှည့်ကြည့်လိုက်တိုင်း သူ့အလိုလို ကျန်နေခဲ့မယ့် အရာတွေ ရှိနေတယ် ဆိုတာနဲ့တင် ပျော်မွေ့သင့်နေပါပြီ.. ဘာမှ ထပ်မလိုစတမ်းပေါ့..
ပြည့်စုံ
19-3-2012, 8:17 pm
Subscribe to:
Posts (Atom)